Chapter 24.1
ဧကရီမိဖုရားမှာ သမီးဖြစ်သူအတွက် စာသင်ဖက်ရှာရန်ကိစ္စနှင့် ပတ်သက်၍ စဥ်းစားနေခဲ့သော်လည်း သင့်တော်သူတစ်ဦးကို ရှာမတွေ့သေးချေ။ မူလက လျူလီနှင့် အသက်အရွယ်တူသော ကောင်းချင်းယန်ကို သူ(မ)၏ စာသင်ဖက်အဖြစ်သတ်မှတ်ပါက သူတို့နှစ်ယောက် အတူတူလည်း ကစားနိုင်လိမ့်မည်ဟု မိဖုရား တွေးထားခဲ့သည်။ သို့သော် ကောင်းချင်းယန်မှာ အလွန်မာနကြီးပြီး တဇွတ်ထိုးနိုင်သောကြောင့် သူ(မ)ကြောင့် လျူလီ မတော်တဆထိခိုက်မိမည်ကို စိုးရိမ်သဖြင့် ဧကရီမိဖုရားက အလျင်စလို မဆုံးဖြတ်ခဲ့ချေ။
ယခုတွင် အထိန်းတော်ချူ၏ စကားများကိုနားထောင်ပြီးနောက် လျူလီအတွက် စာသင်ဖက်သင့်တော်သူအဖြစ် ဝေ့လော်ကို စဥ်းစားမိသွားသည်။ သို့သော် သူ(မ) တစ်ခဏတုံ့ဆိုင်းနေပြီးနောက် ကျောင်းကျယ်အား
“သားတော်၊ မြို့စားယင်းအိမ်တော်က စတုတ္ထသခင်မလေးကို မင်းရော ဘယ်လိုထင်လဲ။”
ကျောင်းကျယ် ထိုင်ခုံကိုမှီထိုင်လိုက်ရင်း ပြုံးလိုက်ပြီး
“သားတော်အထင်တော့ သူ(မ)က တော်တယ်၊ ဉာဏ်လည်းပြေးတယ်၊ ချစ်စရာကောင်းပြီး အလိုက်လည်းသိတယ်။ ဒါကြောင့် လျူလီရဲ့ စာသင်ဖက်ဖြစ်ဖို့ သင့်တော်တဲ့သူလို့ ထင်ပါတယ်။”
၎င်းမှာ အလွန်အမွှန်းတင်ထားသော တွက်ဆချက်ပင်။ ဧကရီမိဖုရားချန်က အံ့အားသင့်စွာဖြင့် သူ့ကိုလှည့်ကြည့်လိုက်ပြီး စတုတ္ထသခင်မလေးအကြောင်းကိုလည်း ပို၍ စိတ်ဝင်စားသွားခဲ့သည်။ ဝေ့လော်ကို သူ(မ)ကိုယ်တိုင် မတွေ့လိုက်ရသဖြင့် သူ(မ) အနည်းငယ် နောင်တရနေ၏။ ကျောင်းကျယ်၏ သုံးသပ်ချက်မှာ စေ့စပ်လှသောကြောင့် သူ(မ)ကို ခေါ်တွေ့မည်ဟု စဥ်းစားလိုက်သည်။
‘ကျောင်းကျယ်သိတဲ့သူတွေက သာမန်အရည်အချင်းလောက်ပဲ ရှိကြတာပါ။ ဒါပေမဲ့ ဒီမိန်းကလေးကိုတော့ သူကိုယ်တိုင်က မှတ်ချက်ကောင်းတွေပေးနေတယ်ဆိုတော့ ဘယ်လောက်တောင် တော်တဲ့ မိန်းကလေးပါလိမ့်။ လျူလီရော ကျောင်းကျယ်ရောက သူ(မ)ကို ချီးကျူးစကားတွေပဲ ပြောနေကြပါလား။’
ထိုအကြောင်းကို စဥ်းစားလိုက်ပြီးနောက် ဧကရီမိဖုရားက ခေါင်းညိတ်လိုက်ပြီး
“လျူလီကိုယ်တိုင် ဆေးကို သူ(မ)ဘာသာသောက်အောင် လုပ်နိုင်ခဲ့တဲ့မိန်းကလေးဆိုတော့ သူ(မ)ကို နန်းတော်ထဲဖိတ်ပြီး စာသင်ဖော်လုပ်ခိုင်းတာက သင့်တော်တဲ့ အကြောင်းတစ်ခုဖြစ်လိမ့်မယ်။”
ကျောင်းကျယ် စကားပြန်မပြောလိုက်ဘဲ သူ့လက်ကောက်ဝတ်ပေါ်မှ အမာရွတ်ကိုသာ ပွတ်သပ်လိုက်သည်။ ထိုဒဏ်ရာက ပျောက်ကင်းနေပြီဖြစ်ပြီး သွားရာသာကျန်နေခြင်းပင်။ ယခုနောက်ပိုင်းတွင် တစ်ခုခုကို စဥ်းစားသည့်အခါတိုင်း ကျောင်းကျယ် ထိုအမာရွတ်ကို ပွတ်သပ်လေ့ရှိ၏။ ထိုအမာရွတ်ကို ထိတွေ့ကြည့်ရင်း ဝေ့လော်နှင့် ပထမဆုံးတွေ့ခဲ့ရသည့်အချိန်ကို သတိရကာ သူ(မ) သူ့ကိုကိုက်ခဲ့သည့်မြင်ကွင်းကိုလည်း ပြန်မြင်ယောင်လာခဲ့သည်။
ကျောင်းကျယ် တိတ်တဆိတ်ရယ်လိုက်၏။ ထိုသို့ အကြမ်းဖက်နည်းလမ်းကိုသုံး၍ သူ့ဆီမှ အကူအညီတောင်းသည်မှာ ဝေ့လော်က ပထမဆုံးဖြစ်သည်။ ကျောင်းကျယ်ကလည်း ထိုမိန်းကလေးနှင့်ပတ်သက်လျှင် အလွန် အာရုံစိုက်တတ်၏။ ဘာမဟုတ်သည့်အရာလေး ဖြစ်နေသည့်တိုင် ကျောင်းကျယ် လျစ်လျူမရှုဘဲ သိချင်စိတ်ပြင်းပြခဲ့သည်။ ကျောင်းကျယ်အတွက်မူ သူ(မ)က ပုံစံမျိုးစံရှိသည့် စိတ်ဝင်စားစရာမိန်းကလေးတစ်ယောက်ပင်။ ကျောင်းကျယ်ကိုတော့ မည်သည့်အခါမျှ ဒုက္ခပေးမည်မဟုတ်။ ကျောင်းကျယ်က ထိုမိန်းကလေးကို နောက်ကွယ်မှ ပံ့ပိုးကာ ပျိုးထောင်ပေးချင်ခဲ့သည်။
ကျူ့ကုန်းဆီမှ တစ်ဆင့်ကြားခဲ့ရသည့် ယင်းအိမ်တော်နှင့် သူ(မ)အကြောင်းမှာ ပျော်စရာမကောင်းချေ။ မိထွေးဖြစ်သူက ရက်စက်ယုတ်မာပြီး ဖခင်က အေးဆေးသူဖြစ်ရာ အကြီးအကဲများမှာလည်း အားကိုးစရာမရှိခဲ့ပေ။ ထိုသို့သော ပတ်ဝန်းကျင်မျိုးတွင် သူ(မ)က သူ(မ)၏မောင်လေးကို ကာကွယ်ချင်စိတ်ဖြင့် ရှင်သန်နေခဲ့သည်။ သို့သော်လည်း သူ(မ)အသက်အရွယ်နှင့်ယှဥ်လျှင် ထိုအရာများက အလွန်ခက်ခဲလိမ့်ဦးမည်ပင်။
ကျောင်းကျယ် ပြုံးလိုက်၏။ သူ(မ)ကို အကျိုးဆောင်သူတစ်ယောက်အနေနှင့် သူကိုယ်တိုင် သင်ပြပေးချင်ပါသော်လည်း ထိုမိန်းကလေးက သူ၏အာရုံစိုက်မှုကို အသိအမှတ်မပြုခဲ့ချေ။
‘ဒီနေ့လည်း လီစုန့်ကို ပြန်အနိုင်ကျင့်ချင်လားလို့ မေးတာ ငါက သူ(မ)ကို ကူညီမလို့မေးတာကို ငါ့ကို သံသယမျက်လုံးတွေနဲ့ ပြန်ကြည့်သေးတာ။ သူ(မ)ကများ ငါ့ကို မယုံဘူးတဲ့။ ငါ့ကို အကူအညီတောင်းမဲ့အစား သူ(မ)ကိုယ်သူ(မ)ပဲ အားကိုးလိုက်မဲ့ပုံပဲ။ ဘာလို့ပါလိမ့်။ ငါက တကယ်ပဲ မယုံရတဲ့ပုံပေါက်နေလို့လား။’
ကျောင်းကျယ် လက်ကောက်ဝတ်ကို ပွတ်သပ်နေရင်း ထိုအကြောင်းများကို ပြန်တွေးနေမိသည်။ ဧကရီမိဖုရားချန်က သူ့ကို စကားပြောနေပါသော်လည်း ကျောင်းကျယ်မှာ အတွေးကမ္ဘာထဲတွင် နစ်မျောနေသောကြောင့် မည်သည့်စကားကိုမှ မကြားခဲ့ချေ။
“ချောင်ရှန်း”
ဧကရီမိဖုရားက သူ့ကို လှမ်းခေါ်လိုက်၏။ ထိုအခါမှသာ ကျောင်းကျယ် အသိပြန်ဝင်လာပြီး
“အာ... မယ်တော် ဘာပြောလိုက်တာလဲ။”
ကျောင်းကျယ် နားမထောင်နေကြောင်း သေချာသွားသဖြင့် ဧကရီမိဖုရားက ထပ်ပြောပြလိုက်တော့သည်။
“ခုနတုန်းက မယ်တော့်ကိုတိုင်စရာရှိလို့ဆိုပြီး သန်းယန်လာရှာသွားသေးတယ်။ မင်း သူ(မ)ကို ဂရုမစိုက်ဘူးဆို...”
ကျောင်းကျယ်က မလှုပ်မယှက်ပင်။ ကောင်းသန်းယန် သူ့အမေဆီသို့ လာတိုင်လိမ့်မည်ဟု ကျောင်းကျယ် မျှော်လင့်ထားပြီးသားဖြစ်၏။ ဂရုမစိုက်ကြောင်း တိုင်ခံရသည့် အကြောင်းအရင်းကိုမူ ခက်ခက်ခဲခဲ စဥ်းစားစရာမလိုခဲ့ချေ။ သူ(မ)လက်ဆောင်ပေးထားသည့် ကြောင်လေးများကို အခြားသူကိုပေးလိုက်သောကြောင့် မကျေမနပ်ဖြစ်ကာ မိဖုရားဆီသို့ရောက်လာပြီး ကျောင်းကျယ်ကို ဆူငေါက်ပေးစေလိုခြင်းပင်။ ထိုသို့သော ကိစ္စများကို (၂)နှစ်ကျော် ကြုံတွေ့ခဲ့ရပြီးနောက် ကျောင်းကျယ် အလွန်ငြီးငွေ့နေပြီဖြစ်၏။ ထို့ကြောင့် လျစ်လျူရှုကာ သူနားထောင်ချင်သည့် အကြောင်းအရာများကိုသာ ရွေးချယ်နားထောင်လိုက်တော့သည်။
ဧကရီမိဖုရားကမူ ကျောင်းကျယ်နှင့် ကောင်းသန်းယန်ကြားတွင် အောင်သွယ်တော်လုပ်ပေးချင်သူဖြစ်၍ နေ့တိုင်း ကောင်းသန်းယန်၏အမည်ကို ကျောင်းကျယ်ရှေ့တွင် ထုတ်ပြောတတ်သည်။ ကောင်းသန်းယန်မှာ ကျောင်းကျယ်၏ မိခင်ဘက်မှ ညီမလေးတော်စပ်သူဖြစ်သောကြောင့် ကျောင်းကျယ်အနေဖြင့် အဒေါ်ကို ယောက္ခမတော်ရလျှင်လည်း ကိစ္စမရှိဟု မိဖုရားက ယူဆထားသည်။ သူတို့နှစ်ယောက်မှာ တဖြည်းဖြည်း အရွယ်ရောက်လာသည်နှင့် ထိုကိစ္စလည်း အခြေကျသွားပါက သူ(မ)လည်း စိတ်ချနိုင်မည်ဖြစ်သည်။ သို့သော်လည်း ကျောင်းကျယ်ကမူ ထိုအကြောင်းများ ကြားနေရသည်ကို ငြီးငွေ့လာ၏။ သူစိတ်မဝင်စားသည့် လူတစ်ယောက်အကြောင်းကိုသာ အတင်းတိုက်တွန်းပြောဆိုနေခြင်းက သူ့အတွက် ပို၍ ငြီးငွေ့စရာ ဖြစ်ခဲ့ရတော့သည်။
တစ်ခဏကြာသော် ကျောင်းကျယ်က ဧကရီမိဖုရား၏စကားကို ဖြတ်ပြောရင်း မတ်တတ်ရပ်လိုက်၏။
“သားတော်အဆောင်မှာ အာရုံစိုက်စရာ ကိစ္စလေးတွေရှိနေသေးတယ်။ မယ်တော် စကားပြောလို့ပြီးပြီဆိုရင် သားတော် အရင်ပြန်နှင့်တော့မယ်။”
ဧကရီမိဖုရားချန်လည်း စကားရပ်လိုက်ရတော့သည်။ သားဖြစ်သူက ထိုအကြောင်းများကို နားမထောင်ချင်ကြောင်း သိလိုက်သဖြင့် သူ့ကို အမြန်နှုတ်ဆက်လိုက်လေ၏။
“သွား သွား။ မင်းကိစ္စတွေကို သွားပြန်လုပ်လိုက်။ တမင်သက်သက် ဒီအကြောင်းတွေကို မကြားချင်တော့လို့ ဆင်ခြေပေးတယ်ဆိုတာ သိပြီးသား။”
မိခင်၏ထင်မြင်ချက် မှန်ကန်နေသောကြောင့် ကျောင်းကျယ် သူ(မ)ကိုပြုံးပြလိုက်၏။ ထို့နောက် မိဖုရားကိုနှုတ်ဆက်လိုက်ပြီး ကောင်းယန်ခန်းမထဲမှ ထွက်ခဲ့လိုက်တော့သည်။ ကောင်းသန်းယန်မှာ သူ့အတွက် သာမန် ဝမ်းကွဲညီမလေးတစ်ယောက်သာဖြစ်သောကြောင့် သူ(မ)ကို မိန်းကလေးဟု ကျောင်းကျယ်မမြင်ခဲ့ချေ။ မိဘများက ကောင်းသန်းယန်နှင့် အတင်းအကျပ်လက်ထပ်ခိုင်းပါက ထိုလက်ထပ်ပွဲမှာ နှစ်ဦးနှစ်ဖက် အကျိုးယုတ်စရာသာ ဖြစ်လာလိမ့်မည်။ ထို့ပြင် လက်ရှိတွင် ကျောင်းကျယ်လက်မထပ်ချင်သေးချေ။ ထိုအကြောင်းကိုစဥ်းစားရန်လည်း အလွန်စောနေသေး၏။ လက်ထပ်ခြင်းနှင့် အချစ်တို့အပြင် ကျောင်းကျယ်၌ အခြားအရေးကြီးကိစ္စများ ရှိနေသေးလေသည်။ အချစ်နှင့် အာဏာ နှစ်ခုယှဥ်လာပါက အချို့သူများမှာ အာဏာကိုသာ ပို၍သဘောကျကြသည်ပင်။
*
ကျောင်းကျယ်ထွက်သွားပြီးနောက် ဧကရီမိဖုရားက ပြန်ထိုင်လိုက်ပြီး အထိန်းတော်ချူအား ဝေ့လော်အကြောင်းဆက်မေးခဲ့သည်။ ထိုကိစ္စမှာ သမီးဖြစ်သူ လျူလီ၏ စာသင်ဖက်ရွေးချယ်ခြင်းနှင့် သက်ဆိုင်နေသောကြောင့် အရာအားလုံးကို စေ့စေ့စပ်စပ်သိထားရန် လိုအပ်ပေသည်။
အထိန်းတော်ချူက စဥ်းစားလိုက်ပြီးနောက် ဝေ့လော် လီစုန့်ကို ရေထဲတွန်းချလိုက်သည့် ယနေ့အဖြစ်အပျက်ကို ပြောပြခဲ့သည်။ ထိုမြင်ကွင်းကို သူ(မ)ကိုယ်တိုင် မြင်ခဲ့ရခြင်းမဟုတ်သော်လည်း အခြားသူများ၏ ပြောစကားအရ ကြားသိခဲ့ရခြင်းဖြစ်၏။ မောင်လေးဖြစ်သူကို အထိခိုက်မခံနိုင်ပုံမှာ မင်းသားယုရန်၏သားကို ရေထဲပြန်တွန်းချရန် တောင်းဆိုရဲသည်အထိပင်။ ထို့နောက် မည်သူမျှမသိလိုက်သော်လည်း မင်းသားယုရန်၏သားက ရေနစ်လုနီးပါး ဖြစ်သွားခဲ့ရပြီး ရေကန်အောက်ခြေအထိ နစ်မြုပ်သွားခဲ့ရသည်။ ကံကောင်းစွာဖြင့် အချိန်မီကယ်ဆယ်မှုများ ပြုလုပ်ခဲ့သောကြောင့် မည်သည့်အရာမျှ ဆိုးဆိုးဝါးဝါး မဖြစ်ပျက်ခဲ့ချေ။
ဧကရီမိဖုရားတွင်လည်း ထိုသို့ ဖြောင့်မတ်တည်ကြည်ကာ သတ္တိရှိသည့်စိတ်သဘောထားမျိုး ရှိသည်။ နန်းတော်တွင် နေထိုင်ခဲ့သည့်အချိန်များက သူ(မ)ကို နူးညံ့စေရန် ပုံသွင်းပေးခဲ့သော်လည်း သူ(မ)၏ ပင်ကိုစိတ်က မပြောင်းလဲခဲ့ချေ။
အထိန်းတော်ချူ၏ စကားများကိုနားထောင်ရင်း မိဖုရားက အော်ရယ်လိုက်မိပြီး ဝေ့လော်အပေါ်လည်း အမြင်သစ်တစ်ခု ရရှိသွားလေတော့သည်။ ထိုသို့သော စိတ်ဝင်စားစရာကောင်းသည့် ဇာတ်ကြောင်းမျိုး မကြားရသည်မှာ အတော်ကြာပြီပင်။
“ဒီတော့ သူ(မ)က လိုချင်တာကို ရလိုက်တယ်ပေါ့။ ဒါဆို မင်းသားယုရန်ကရော ဘာဖြစ်သွားလဲ။”
လီကျီလျန် (မင်းသားယုရန်)မှာ သားဖြစ်သူလီစုန့်ကို အလွန်ချစ်သည်ကို သူ(မ)သိထားသည်။ အပြင်ဘက်တွင် ကြမ်းတမ်းသည့်ပုံစံ ဖြစ်ပေါ်နေသည့်တိုင် သားဖြစ်သူကို အလွန်ကာကွယ်ပေးတတ်သူဖြစ်သည်။
အထိန်းတော်ချူကလည်း ပြုံးလိုက်ပြီး
“ဘာမှမပြောနိုင်ဘူးပေါ့။ သူကိုယ်တိုင်က ဒီလုပ်ရပ်ကို ခွင့်မပြုချင်ခဲ့ဘူးလေ။ ဒါပေမဲ့ သူ့သားက သဘောတူနေတာဆိုတော့ မင်းသားယုရန်လည်း မကန့်ကွက်နိုင်လိုက်ဘူး။ ပြီးတော့ အရှင့်သားကျင်းကလည်း သက်သေတစ်ယောက်လို ရှိနေခဲ့သေးတာလေ။ အဲ့ဒါကြောင့် မင်းသားယုရန် စိတ်တိုင်းကျမဖြစ်ခဲ့တော့ဘူးပေါ့။ ကျွန်မကြားမိတာတော့ အဲ့ဒီ့အချိန်တုန်းက မင်းသားယုရန် အတော်လေး မျက်နှာပျက်နေတယ်တဲ့။”
ဧကရီမိဖုရားချန်က မျက်လုံးထောင့်မှ မျက်ရည်များကိုသုတ်ရန် လက်ကိုင်ပဝါယူလိုက်သည်။ ယခုကဲ့သို့ မရယ်မောရသည်မှာ အတော်ကြာပြီပင်။ ကျောင်းချင် (ဧကရာဇ်) ဝူးရုံသို့ တိုက်ပွဲဝင်ရန်သွားခဲ့စဥ်က မိဖုရားချန်မှာ လက်ထောက်စစ်သူကြီးဖြစ်ခဲ့ပြီး လီကျီလျန်မှာ တပ်ဦးစီးဖြစ်ခဲ့သည်။ သူတို့နှစ်ယောက်မှာ အမြဲလိုလို သဘောထားကွဲလွဲကြသောကြောင့် တစ်ယောက်နှင့်တစ်ယောက် အဆင်မပြေကြချေ။ ထိုအချိန်ကတည်းက လီကျီလျန်ကို မကျေနပ်စရာကောင်းသူဟု သူ(မ)ယူဆခဲ့သည်။ ကျောင်းချင်ကြောင့်သာမဟုတ်ပါက သူ(မ)အနေနှင့် လီကျီလျန်နှင့် ဆက်ဆံရေးအားလုံးကို ဖြတ်တောက်လိုက်ပြီးဖြစ်ပေလိမ့်မည်။ ယခုတွင် လီကျီလျန်တစ်ယောက် အသက်(၆)နှစ်အရွယ် ကလေးမလေး၏လက်ထဲတွင် ရှုံးနိမ့်နေရသည်ကို မြင်သည့်အခါ သူ(မ) အလွန်ပျော်ရွှင်ကာ ရယ်မောမိခြင်းပင်။
ထိုအခိုက်အတန့်တွင် လူချင်းမတွေ့ရသေးသည့်တိုင် ဝေ့လော်ကို သူ(မ) သဘောကျသွားတော့သည်။
နောက်ဆုံးတွင် ရယ်နေသည်ကို ရပ်တန့်လိုက်ပြီးနောက် ဧကရီမိဖုရားက အထိန်းတော်ချူအား
“ဆရာချောင်ကို သွားတွေ့ပြီးတော့ ပြောလိုက်ပါ။ စာသင်ဘက်တစ်ယောက်နဲ့အတူ လျူလီ အတန်းလာတက်ပါမယ်လို့။ တစ်ယောက်စာနေရာကို ပိုပြီးပြင်ဆင်ထားဖို့လည်း ဆရာ့ကိုပြောလိုက်ပါ။”
တစ်ခုခုကို တွေးကြည့်လိုက်ပြီးနောက် သူ(မ)က ထပ်ဖြည့်ပြောလိုက်သည်။
“မနက်ဖြန်ကျရင် မြို့စားယင်းအိမ်တော်ကိုသွားပြီး ဒီမိဖုရားရဲ့ အမိန့်စာကို သွားပို့လိုက်။ မြို့စားယင်းအိမ်က စတုတ္ထသခင်မလေးကို မင်းသမီးလေးထျန်းကျီရဲ့ စာသင်ဘက်အဖြစ် ရွေးချယ်ဖို့ ဧကရီမိဖုရားက ဆန္ဒရှိကြောင်းကိုလည်း သူတို့ကိုပြောလိုက်ပါ။”
အထိန်းတော်ချူက ဧကရီမိဖုရား၏စကားများကို သေသေချာချာ မှတ်သားထားလိုက်၏။ ဧကရီမိဖုရား အနားယူသည်အထိ စောင့်ဆိုင်းလိုက်ပြီးနောက် သူ(မ)၏ အမိန့်တော်များကိုပြန်ကြားရန်အတွက် ကောင်းယန်ခန်းမမှ အမြန်ဆုံးထွက်ခဲ့တော့သည်။
*****
Aurora Novel Translation Team
Report content on this page