no

Font
Theme

Chapter 28.1

(၆)နှစ်အရွယ်နှင့် ယှဥ်လျှင် ဝေ့လော်၏လက်ရေးမှာ အတော်လှပနေ၏။ သို့သော် ကျောင်းကျယ်မှာ ပြီးပြည့်စုံမှုကို သဘောကျသူဖြစ်သည်။ သူ့လက်ထဲ ရှိသမျှအရာတိုင်းကို ပြီးပြည့်စုံနေစေချင်သည်။ ဝေ့လော်၏လက်ရေးများမှာ မတည်မငြိမ်နှင့် စိတ်မရှည်သည့်ပုံစံဖြစ်နေသောကြောင့် ကျောင်းကျယ်ကိုယ်တိုင် စုတ်တံကိုလှမ်းယူကာ သူ(မ)၏စာလုံးနံဘေးတွင် စာလုံးနှစ်လုံးကို ရေးပြထားလိုက်သည်။ ထို့နောက် ဝေ့လော်ကိုပြန်ကြည့်ကာ


"ဒီစာလုံးတွေကို ဘယ်လိုရေးရလဲဆိုတာ မြင်ပြီလား။"


စာရွက်၏ အပေါ်ပိုင်းတွင်ရှိသော လှပတင့်တယ်နေသည့် စာလုံးနှစ်လုံးကို ဝေ့လော်လှမ်းကြည့်လိုက်သည်။ ထို့နောက် စာရွက်၏ထိပ်ပိုင်းကို လက်ညှိုးထိုးကာ ကလေးအသံလေးဖြင့်


"ဘာဖြစ်လို့ အစ်ကိုက အားလော်နာမည်ကို ရေးထားရတာလဲ။"


ဝေ့လော်မှာ အက္ခရာအချို့ကို မသင်ရသေးသော်လည်း သူ(မ)နာမည်ကိုတော့ သေသေချာချာသိလေသည်။ ကျောင်းကျယ်ရေးလိုက်သည့် စာလုံးနှစ်လုံးမှာ ဝေ့လော်၏အမည် ဖြစ်နေလေ၏။ ထိုစာလုံးများတွင် စုတ်ချက်များစွာပါဝင်သောကြောင့် ရှုပ်ထွေးပြီး နားလည်ရခက်သည်။ ယခင်ဘဝက လုံရှိုရွာတွင် ပညာတော်သင်တစ်ယောက်ဆီမှ သင်ယူထားခြင်းသာမဟုတ်ပါက ယခုတွင် ထိုစာလုံးများကို ဖတ်တတ်နေမည်မဟုတ်ချေ။


ကျောင်းကျယ်က ခပ်ဖွဖွပြုံး၍


"ဒီစာလုံးတွေကို မင်း ဖတ်တတ်နေပြီလား။"


ဝေ့လော်က ရိုးသားစွာခေါင်းညိတ်ပြလိုက်ပြီး ယုံချင်စရာကောင်းသည့် အဖြေတစ်ခုကို ပေးလိုက်လေသည်။


"အဖေက အားလော်ကို သင်ထားပေးတာပါ။ အဖေကပြောတယ် ကိုယ့်နာမည်ကိုတော့ ကိုယ်သိထားသင့်တယ်တဲ့။"


ဝေ့ကွမ်းမှာ တော်ဝင်ကျောင်းတော်၏ အမှုထမ်းစာမေးပွဲတွင် ကောင်းမွန်စွာအောင်မြင်ထားသူဖြစ်ပြီး လက်ရှိတွင်လည်း တော်ဝင်ကျောင်းတော်၏ ရုံးပိုင်းဆိုင်ရာတွင် တာဝန်ထမ်းဆောင်နေသည်။ ထို့ကြောင့် သမီးဖြစ်သူအား ထိုသို့ စာရေးတတ်ရန် သင်ထားပေးခြင်းမှာ ဖြစ်နိုင်ပေ၏။ ကျောင်းကျယ်လည်း သံသယမဝင်ခဲ့ချေ။ ကျောင်းကျယ်က စာလုံးနှစ်လုံးကို ထပ်ရေးလိုက်ပြီးနောက် စုတ်တံကို သူ့နေရာတွင် ပြန်ထားလိုက်ပြီး ထပ်မေးလိုက်ပြန်၏။


"ဒါဆိုရင် ဒီစာလုံးနှစ်လုံးကရော ဘာရေးထားတာလဲ။"


'ကျောင်းကျယ်။'


မင်းသားကျင်း၏ ရည်ရွယ်ချက်ကို ဝေ့လော်နားမလည်ချေ။


'သူက ဘာလို့ သူ့နာမည်သူ ရေးတာလဲ။ ငါဖတ်တတ်လား မဖတ်တတ်ဘူးလားဆိုတာ စမ်းသပ်နေတာလား။'


တစ်ခဏ စဥ်းစားလိုက်ပြီးနောက် ဝေ့လော် ခေါင်းယမ်းလိုက်ပြီး


"အားလော် အဲ့ဒီ့စာလုံးတွေကိုတော့ မဖတ်တတ်ဘူး။"


'မဖတ်တတ်ရင် ဘာလို့ ချက်ချင်းပြန်မဖြေဘဲ တုံ့ဆိုင်းနေတာလဲ။'


သူ(မ)၏မျက်နှာပေါ်မှ မျက်နှာထားနှင့် ပုံရိပ်များကို ကျောင်းကျယ် သေသေချာချာလေ့လာလိုက်သော်လည်း သာမန်မဟုတ်သည့် အရာတစ်ခုကိုမျှ မတွေ့ခဲ့ရသောကြောင့် သူ့အတွေးများကိုသာ ဘေးဖယ်ထားလိုက်တော့သည်။


ကျောင်းကျယ် မတ်တတ်ပြန်ရပ်လိုက်ပြီး ဝေ့လော်တို့နှစ်ယောက်အား


"မယ်တော်ကပြောတယ်။ မကြာသေးခင်က အနောက်ဘက် ဥယျာဥ်ထဲမှာ ပင်လုံးကြိုင်ပန်းတွေ ပွင့်နေပြီတဲ့။ လျူလီနဲ့ အားလော်တို့ အဲ့ဒီ့မှာ သွားကစားလို့ရတယ်နော်။ ပန်းတွေလည်း ခူးကြပေါ့။ ပြီးတော့ မယ်တော်က မင်းတို့နှစ်ယောက်အတွက် ပင်လုံးကြိုင်ပန်းနဲ့ ကြက်ဥဟင်းရည်ကို ကိုယ်တိုင် ချက်ပြုတ်ပေးချင်တယ်တဲ့။"


ဧကရီမိဖုရားချန်မှာ ဂုဏ်ရှိန်မြင့်မားသည့် မိဖုရားတစ်ပါးဖြစ်သော်လည်း အခြား တော်ဝင်ကြင်ယာတော်များကဲ့သို့ လက်အပေမခံဘဲ ခပ်ကျော့ကျော့နေတတ်သူ မဟုတ်ချေ။ ဝူးရုံတိုက်ပွဲတွင် ဧကရာဇ်ချုံကျန်းအနောက်မှ လိုက်သွားခဲ့စဥ်က သူ(မ)၏လုပ်ဆောင်ချက်များမှာလည်း အတော်များပြားခဲ့သည်။ အမဲလိုက်ခြင်း၊ အရေခွံခွာခြင်း၊ မီးပျိုးခြင်း အစရှိသည့်အရာများအပြင် နေထိုင်ရန် နေရာကိုပင် ပြုလုပ်ဖန်တီးခဲ့သေးသည်။ သူ(မ)ငယ်စဥ်ကတည်းက သူ(မ)၏မိခင်ကိုယ်တိုင် ချက်ပြုတ်ပေးသော ပင်လုံးကြိုင်ပန်းနှင့် ကြက်ဥဟင်းရည်ကို အလွန်နှစ်သက်ခဲ့သောကြောင့် ယခုတွင် ထိုမှတ်ဉာဏ်ကို ပြန်လည်အောက်မေ့မိသဖြင့် လျူလီကိုလည်း ကိုယ်တိုင်ချက်ပြုတ်ပေးလိုခြင်း ဖြစ်သည်။ မိခင်ကိုယ်တိုင် ပြင်ဆင်ပေးသည့်အခါ ဟင်းလျာများမှာ သာမန် စားဖို‌ဆောင်မှဟင်းလျာများထက် ပို၍ အရသာရှိခြင်းပင်။


ထို့ပြင် ကျောင်းလျူလီ၏အခြေအနေမှာ အိမ်ထဲတွင်သာ မအောင်းနေသင့်ပေ။ တစ်ခါတစ်ရံ လမ်းထွက်လျှောက်ရင်း နေ‌ရောင်ခံကာ ပန်းအနံ့များကို ရှူရှိုက်သင့်ပေသည်။ ကောင်းမွန်သော စိတ်အခြေအနေရှိခြင်းက ကျောင်းလျူလီ၏ ကျန်းမာရေးကို ပို၍လျင်မြန်စွာ ကောင်းမွန်လာစေနိုင်သည်ဟုလည်း တော်ဝင်သမားတော်ကြီးက ပြောကြားခဲ့သေးသည်။ ထို့ကြောင့် ဧကရီမိဖုရားမှာ ထိုအကြံဉာဏ်ကိုတွေးမိသွားပြီး ကလေးနှစ်ယောက်ကို ပန်းခြံထဲလိုက်ပို့ရန် ကျောင်းကျယ်ကို ဦးဆောင်စေခဲ့ခြင်းဖြစ်သည်။ ကျောင်းကျယ်ကလည်း ယနေ့တွင် အချိန်ရှိနေသောကြောင့် ထိုကမ်းလှမ်းချက်ကို မငြင်းဆန်ခဲ့ပေ။


ထိုအကြောင်းကိုကြားသော် ကျောင်းလျူလီ အလွန်ပျော်သွားပြီး ပန်းပွင့်ပုံစံများ ထွင်းထုထားသည့်လှေကားပေါ်မှ ပျော်ရွှင်စွာ ပြေးဆင်းကာ ဝေ့လော်၏လက်ကို ဆွဲ၍


"အားလော်။ နင်ရော ပင်လုံးကြိုင်ပန်းနဲ့ ကြက်ဥဟင်းရည် စားမယ်မဟုတ်လား။ ငါတို့မယ်တော်လုပ်ပေးတဲ့ ကြက်ဥဟင်းရည်က အကောင်းဆုံးပဲ သိလား။"သာမန်ထက် ပို၍ထူးကဲသော ဘဝတွင်နေထိုင်ပြီး စားကောင်းသောက်ဖွယ်များကို အမြဲစားခဲ့ရသော မင်းသမီးလေး ထျန်းကျီမှာ တစ်ခါတစ်ရံမှသာ ရိုးရှင်းသောဟင်းတစ်ခွက်ကို စားဖူးခြင်းဖြစ်သောကြောင့် ထိုဟင်းကို အလွန်အရသာရှိသည်ဟု ထင်မှတ်ပေလိမ့်မည်။ ဝေ့လော်ကမူ ထိုဟင်းလျာကို သိပ်စိတ်မဝင်စားခဲ့ချေ။


ဝေ့လော်၏ယခင်ဘဝတွင် မိသားစုခြံဝင်းထဲ၌ ပင်လုံးကြိုင်ပန်းပင်ကြီး တစ်ပင်ရှိ၏။ ဩဂုတ်လသို့ရောက်တိုင်း ထိုပင်လုံးကြိုင်ပန်းပင်ကြီးမှာ ရနံ့များ မွှေးကြိုင်လာတတ်သောကြောင့် လင်း‌ဟွေ့လျန်က သူ(မ)အတွက် ပင်လုံးကြိုင်ပန်းနှင့် ကြက်ဥဟင်းရည်ကို ချက်ပြုတ်ပေးတတ်သည်။ ယခုတွင် ထိုဟင်းလျာအကြောင်း ပြန်ပြောလိုက်သည့်အခါ ယခင်ဘဝ၏ လုံရှိုရွာမှ ခြံဝင်းငယ်လေးအကြောင်းကို ဝေ့လော် ပြန်တွေးမိသွားခြင်းဖြစ်သည်။ သို့သော် ထိုအမှတ်တရများမှာ ပျော်စရာကောင်းသည့် အမှတ်တရများ မဟုတ်တော့ချေ။


ဝေ့လော် ပါးစပ်ကိုဖွင့်၍ ကျောင်းလျူလန်ကို ပြန်ဖြေလိုက်လေသည်။


"မစားတော့ပါဘူး။"


ကျောင်းလျူလီကမူ ဝေ့လော်ကို ငြင်းခွင့်မပေးဘဲ ချန်းဟွာခန်းမထဲသို့ ဆွဲခေါ်သွားတော့သည်။ ဝရန်တာအောက်တွင် ရပ်နေသော ကျောင်းကျယ်ကို အမှီလိုက်သွားပြီး သူ(မ)က


"ဒုတိယအစ်ကို။ မယ်တော်ရဲ့ ပင်လုံးကြိုင် ကြက်ဥဟင်းရည်ကို အားလော်ကိုရော ခေါ်ကျွေးလို့ရမလား။"


ကျောင်းကျယ်က တစ်ခဏစဥ်းစားလိုက်ပြီး ထူးဆန်းသည့် ဝေ့လော်၏မျက်နှာကို လှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။


"အင်း ရတာပေါ့။"


ကျောင်းလျူလီ အလွန်ပျော်သွားပြီး ပင်လုံးကြိုင်ပန်းများကို အတူတူခူးကြရန် ဝေ့လော်အား အနောက်ဘက်ပန်းခြံသို့ ဦးဆောင်သွားခဲ့သည်။ သူ(မ)အနောက်တွင် လိုက်ပါလာသည့်ဝေ့လော်မှာ ကူကယ်ရာမဲ့နေသောကြောင့် နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားလေ၏။


*


အနောက်ဘက် ပန်းခြံမှာ ရေကန်ကြီး၏ အနောက်မြောက်ဘက်တွင် တည်ရှိပြီး အရှေ့မြေကွက်နှင့် အနောက်မြေကွက်ဟူ၍ ပိုင်းခြားထားသည်။ အရှေ့မြေကွက်တွင် ပင်လုံးကြိုင်ပန်းပင်များ၊ သစ်ပင်မြင့်များ၊ တလည်းသီးပင်များနှင့် အခြားအပင်များကို သေသေချာချာစီစဥ်၍ စိုက်ပျိုးထားသည်။ ၎င်းတို့၏အနောက်တွင် သပွတ်သီး၊ ရုံးပတီသီး၊ စပျစ်သီးနှင့် အခြား ဟင်းသီးဟင်းရွက်များ စိုက်ပျိုးသော ခြံတစ်ခြံလည်းရှိသေး၏။ ထိုဥယျာဥ်ခြံများ အားလုံးကို ဧကရီမိဖုရားချန် ပြုလုပ်ထားသည်ဟုလည်း ဆိုကြသည်။ သံချပ်ကာဝတ်စုံကို ချွတ်ကာ အဆောင်တွင်သာ အေးအေးဆေးဆေးနေခဲ့ရပြီးနောက် သူ(မ)တွင် လုပ်စရာမရှိခဲ့ချေ။ နောက်တစ်ကြိမ် သံချပ်ကာဝတ်စုံဝတ်ကာ တိုက်ပွဲဝင်၍လည်း မရတော့သောကြောင့် နန်းတော်ထဲတွင် ဥယျာဥ်စိုက်မည့် အကြံဉာဏ်ကို ရလာခဲ့ခြင်းဖြစ်သည်။ တစ်ခါတစ်ရံ အပင်များနှင့် ထိတွေ့ကာ သူ(မ)၏ပျင်းရိမှုကို ဖြေဖျောက်ခြင်းလည်း ဖြစ်သည်။


ထိုအချိန်က ဧကရာဇ်ချုံကျန်းမှာလည်း ထိုသို့ ဖြစ်နိုင်ခြေမရှိသည့်‌ မိဖုရား၏တောင်းဆိုချက်ကို လိုက်လျောပေးခဲ့သည်။ ထိုမျှသာမက သူ(မ)အတွက် ဥယျာဥ်ကို ပြင်ဆင်ပေးရန် ကျွမ်းကျင်သူများကိုပင် ရှာပေးခဲ့သေး၏။ ထိုအချိန်က သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးမှာ အလွန်ကောင်းမွန်နေခဲ့သည်။ ယခုလက်ရှိကဲ့သို့ အနေအထားမျိုးသို့ မည်သို့ရောက်လာကြောင်းကို မည်သူမျှ မတွေးဆတတ်ချေ။


ဧကရီမိဖုရားချန်မှာ စစ်သူကြီးဟွေ့ဟွား၏ အငယ်ဆုံးသမီးဖြစ်ပြီး သူ(မ)အထက်တွင် အစ်ကိုကြီး (၄)ယောက် ရှိလေသသည်။ သူတို့ (၄)ယောက်မှာလည်း တလျောင်တွင် စစ်သူကြီးများဖြစ်ကြပြီး အရေးပါသော ရာထူးများကို လက်ကိုင်ထားကာ သူတို့၏ လက်အောက်တွင် စစ်အင်အားများစွာရှိလေသည်။ ဧကရီမိဖုရား၏ အစ်ကိုအကြီးဆုံးမှာ စစ်သူကြီးတင်းယွမ်ပင်။ စစ်သူကြီးတင်းယွမ်က နယ်စပ်များကို စောင့်ကြပ်နေသောကြောင့် မြို့တော်သို့ ယခုအချိန်အထိ ပြန်မလာခဲ့ချေ။ ဒုတိယ အစ်ကိုကြီးမှာ ဖူဂျီယန်တပ်မတော်ကို ထိန်းချုပ်နေရသော ရေတပ်မှ တပ်မှူးကြီးဖြစ်၏။ ထိုဒုတိယအစ်ကိုကြီးမှာလည်း အိမ်သို့ ပြန်လာလေ့မရှိချေ။ တတိယ အစ်ကိုကြီးနှင့် စတုတ္ထအစ်ကိုကြီးတို့မှာမူ ရှန်းမြို့တော်၏ စစ်တပ်တွင် တာဝန်ထမ်းဆောင်နေကြလေသည်။ သူတို့နှစ်ယောက်၏ ဂုဏ်သတင်းများမှာ ကောင်းမွန်လှပြီး သူတို့လက်အောက်တွင် လက်ခံထားရသည့် အင်အားစုများလည်း ရှိပေသည်။


ထို့ပြင် မိဖုရား၏ဖခင်ဖြစ်သူ စစ်သူကြီး ဟွေ့ဟွားမှာ ယခင်ဧကရာဇ်နှင့်အတူ တိုက်ပွဲဝင်ခဲ့ပြီး နယ်မြေသစ် ချဲ့ထွင်နိုင်ခဲ့သူဖြစ်သည်။ ရှေ့တန်းမှ တိုက်ပွဲဝင်ခဲ့သော တလျောင်၏ ထူးချွန်သူရဲကောင်းတစ်ဦးလည်း ဖြစ်ပေသည်။ (၁၂)နှစ် ကြာပြီးနောက် သူတို့မိသားစုမှာ ရှန်းမြို့တော်တွင် ကြီးမြတ်လှသောမိသားစုတစ်ခုအဖြစ် ထင်ရှားလာခဲ့ပြီး သူတို့၏လွှမ်းမိုးနိုင်စွမ်းကလည်း အံ့ဩစရာကောင်းလောက်အောင် ကြီးမားလာခဲ့သည်။


'မိဖုရားတို့ရဲ့ ချန်မိသားစုကို ဧကရာဇ်ချုံကျန်းက ဘာလို့ ပိုပြီးကြောက်လာရတာလဲ။'


'အဲ့ဒါကြောင့်ပဲ ဧကရီမိဖုရားချန်အပေါ် သွေးအေးလာပြီး နျဥ်ကွေ့ဖေးအပေါ် စိတ်ယိုင်သွားတာများလား။'


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment