Chapter 10.1
ထိုညက ထင်းရှူးဆောင်မှ ပစ္စည်းများအားလုံးကိုသိမ်းကာ ဂင်ဂိုဆောင်သို့ မဒမ်တုပြောင်းရွှေ့ခဲ့သည်။ ထိုအကြောင်းကို မြို့စားယင်းနှင့် မဒမ်ကြီးတို့သိသွားကြသော်လည်း မည်သို့မျှ မတတ်နိုင်ခဲ့ကြပေ။ သူတို့ကိုယ်တိုင်လည်း နားလည်မှုဖြင့် သဘောတူထားခြင်းဖြစ်ပေလိမ့်မည်။ အထိန်းတော် အဖွားတုန့်က အပြစ်များအားလုံးကို ခံယူသွားသော်လည်း သူ(မ)မှာ မဒမ်တု၏ အနီးကပ်အစေခံဖြစ်သောကြောင့် မဒမ်တု၏ ခွင့်ပြုချက်မပါဘဲ သူ(မ)တစ်ယောက်တည်း ထိုကိစ္စများအားလုံးကို လုပ်ဆောင်ရဲလိမ့်မည်မဟုတ်ကြောင်း အားလုံးသိထားကြသည်။ သူ(မ)၏ မိသားစုနောက်ခံတွင် ဦးလေးကျုံးယီတို့ မရှိနေပါက မြို့စားယင်းတို့မိသားစုအနေနှင့် သူ(မ)ကို ပြင်းထန်စွာအပြစ်ပေးရန် တုံ့ဆိုင်းနေလိမ့်မည်မဟုတ်ပေ။ ဂင်ဂိုဆောင်သို့ ပြောင်းရွှေ့ခိုင်းလိုက်ခြင်းမှာ အလွန်ပေါ့ပါးသည့်ပြစ်ဒဏ်ဟုပင် ဆိုနိုင်ပေ၏။ ထို့ကြောင့်လည်း ယခုကိစ္စတွင် သူတို့အားလုံး အသံတိတ်နေကြပြီး ပြစ်ဒဏ်ကိုလျှို့ဝှက်ထားရန်သာ ကြိုးစားနေကြသည်။
အားလုံး အေးဆေးတိတ်ဆိတ်နေချိန်တွင် ကျယ်လောင်စွာ ငိုယိုပြီး ဆူဆူညံညံလုပ်နေသည့် တစ်ဦးတည်းသောသူမှာ ဝေ့ကျန်းပင်။ မဒမ်တု ရွှေ့ပြောင်းသည့်အခါ သူ(မ)က မဒမ်တု၏အဝတ်အစားများကို ဆွဲ၍ ထွက်မသွားရန်တောင်းဆိုပြီး အရာအားလုံးမှာ ဝေ့လော်၏အမှားသာဖြစ်ကြောင်း အော်ဟစ်ပြောဆိုခဲ့သည်။ အားလော်ကိုသာ အပြစ်တင်နေသည်။ ဝေ့လော်က ဝေ့ကွမ်းကိုပြောပြလိုက်သောကြောင့် ဝေ့ကွမ်းက သူ(မ)အမေကိုစိတ်ဆိုးခဲ့သည်။ ထိုသို့စိတ်ဆိုးသဖြင့်လည်း စုတ်ပြတ်နေသည့်အဆောင်သို့ သူ(မ)အမေကို ပြောင်းရွှေ့ခိုင်းခဲ့ခြင်းဖြစ်သည်ဟု ဝေ့ကျန်းယူဆထားသည်။
ဝေ့ကျန်း တဖြည်းဖြည်း စိတ်တိုလာ၏။ မျက်လုံးနီများဖြင့် ဝေ့လော်ကိုကြည့်ကာ ရှိသမျှအင်အားဖြင့် ဝေ့လော်ကို ဆုတ်ဖြဲပစ်ချင်နေသည်။
“အားလုံး နင့်ကြောင့်ဖြစ်ရတာ ဝေ့လော်။”
ဒေါသအလွန်ထွက်နေသည့် ဝေ့ကျန်းက ကောက်မိကောက်ရာကို လှမ်းယူလိုက်ပြီး ဝေ့လော်ဆီသို့ လှမ်းပစ်လိုက်သည်။ သို့သော် သူ(မ)ပစ်လိုက်သည့်အရာမှာ ကြေးနီကတ်ကြေးတစ်လက်ဖြစ်နေ၏။ ဝေ့လော်က ဝေ့ကွမ်း၏အနောက်တွင်ရပ်နေသောကြောင့် ရှောင်တိမ်းစရာမလိုဘဲ လုံခြုံနေခဲ့သည်။ ဝေ့ကျန်း ကတ်ကြေးနှင့်ပစ်လိုက်သည်ကို မြင်သည့်အခါ ဝေ့ကွမ်းက ဝေ့လော်ကို လျင်မြန်စွာကောက်ချီလိုက်ပြီး အန္တရာယ်များသည့် ထိုနေရာမှခေါ်ထုတ်သွားလိုက်သည်။
ဝေ့ကွမ်း အလွန်ဒေါသထွက်သွား၏။ ယခုကဲ့သို့ ငယ်ရွယ်သေးသည့်အရွယ်တွင်ပင် အခြားသူကို အန္တရာယ်ပြုရန် ကတ်ကြေးကိုအသုံးပြုတတ်နေပြီဖြစ်ရာ သူ(မ)အရွယ်ရောက်လာလျှင် မည်သို့ဖြစ်သွားလိမ့်မည်နည်း။ ဝေ့ကွမ်း မဒမ်တုကို ပို၍စိတ်ပျက်သွားမိသည်။ ဝေ့ကျန်း၏ အပြုအမူများအားလုံးကို မဒမ်တုသင်ကြားထားပေးသည်ဟု သတ်မှတ်ပြီး သူ(မ)ကို ဒေါသလည်းထွက်၊ စိတ်လည်းပျက်မိသည်။ ယခင်ကထက်ပို၍ စိတ်ပျက်မိသောကြောင့် အေးစက်နေသောအသံဖြင့် ဝေ့ကွမ်းက
“မင်း ဝေ့ကျန်းကို ဒီလိုပဲသွန်သင်ထားသလား။ ကိုယ့်ထက်ကြီးတဲ့သူကို လေးစားရမယ်ဆိုတာ မင်းကိုယ်တိုင်က နားမလည်ဘူးလား။ အားလော်က ဝေ့ကျန်းထက်ကြီးတဲ့ ဝေ့ကျန်းရဲ့အစ်မပဲ။ အခုတောင်မှ ဒီလိုတွေလုပ်နေတယ်ဆိုရင် နောက်ဆို ဘာတွေဆက်ဖြစ်မလဲ မင်းသိရဲ့လား။”
ယခုကဲ့သို့ ထပ်၍အဆူခံလိုက်ရသောအခါ အစကတည်းက ညှိုးငယ်နေသည့် မဒမ်တု၏ပုံစံက ပို၍ပင် ဖြူဖျော့သွားခဲ့သည်။ သို့သော် ဝေ့ကွမ်း၏ဆုံးမခန်းကို အံကိုကြိတ်၍ အသံမထွက်ဘဲ နာခံနေတော့သည်။
ဝေ့ကွမ်းက ထပ်မံ၍
“နောင်မှာလည်း ဝေ့ကျန်းက ဒီလိုပဲဖြစ်နေဦးမယ်ဆိုရင် သူ(မ)ကို ဆက်ပြီးပျိုးထောင်ဖို့အတွက် မင်းကိုခွင့်မပြုနိုင်ဘူး။ ဝေ့ကျန်းရဲ့ အမူအကျင့်တွေ ကောင်းမွန်ယဥ်ကျေးလာပြီဆိုမှပဲ မင်းကို သူ(မ)နဲ့ပြန်တွေ့ခွင့်ပေးမယ်။”
တစ်ခဏရပ်လိုက်ပြီးနောက် ဝေ့ကွမ်းက
“ပြီးတော့ ဝေ့ကျန်း။ သမီးအစ်မအပေါ် သမီးဆက်ဆံပုံက သိပ်ကိုလွန်လွန်းနေပြီ။ သမီးရဲ့အပြုအမူအတွက် အပြစ်ပေးခံရမယ်။ ဒီည ညစာမစားရဘူး။ ပြီးရင် ဘိုးဘွားဗိမာန်ရှေ့မှာ နာရီဝက်ဒူးထောက်ရမယ်။”
မဒမ်တု၏ အမြင်အာရုံများ ဝေဝါးလာ၏။ ဝေ့ကွမ်း၏အမည်ကို လှမ်းခေါ်ချင်ခဲ့သော်လည်း ဝေ့ကွမ်းက အခွင့်အရေးမပေးခဲ့ပေ။ ဝေ့ကွမ်းက ဝေ့လော်ကိုခေါ်၍ ထွက်သွားပြီဖြစ်သည်။ လမ်းလျှောက်သွားနေရင်း ဝေ့ကွမ်းက ဝေ့လော်အား
“အားလော်လေး။ မကြောက်နဲ့နော် အဖေရှိတယ်။ အဖေ သမီးကိုကာကွယ်မယ်။”
ဝေ့လော်က ဝေ့ကွမ်း၏ပခုံးပေါ်တွင် မှီထားလိုက်ပြီး တောက်ပနေသည့်မျက်လုံးဖြင့် မဒမ်တုကို လှောင်ပြောင်လျက် ကြည့်နေသည်။ ဝေ့ကျန်းကမူ ပြစ်ဒဏ်အကြောင်းကြားပြီးသည်နှင့် တုန်လှုပ်သွားခဲ့သည်။ သူ(မ)ကို မဒမ်တုကယ်တင်ပေးမည့်အချိန်ကို စောင့်ဆိုင်းနေပါသော်လည်း မဒမ်တုမှာ သူ(မ)ကိုယ်တိုင်ပင် အခက်ကြုံနေခဲ့ရသည်။ ဝေ့ကျန်းဒေါသထွက်နေသည်မှာ သွေးပင်အန်လုနီးပါးပင်။ ထို့နောက် ဝေ့ကျန်းက ခြေဆောင့်ကာထွက်သွားရင်း ဝေ့ကွမ်းနှင့် ဝေ့လော်တို့ထွက်သွားသည်ကိုကြည့်ကာ ရင်ထဲတွင်ဆို့နင့်လာတော့သည်။
***
ညနေရောက်သော် ဘိုးဘွားဗိမာန်မှပြန်ရောက်လာပြီး ဝေ့ကျန်းတစ်ယောက် တစ်ညလုံးငိုနေခဲ့သည်။ အားလော်၏အခန်းက ဝေ့ကျန်း၏အခန်းနံဘေးတွင်ရှိနေသောကြောင့် ငိုသံနှင့် လမ်းလျှောက်သံတို့ကိုကြားနေရလေရာ ဝေ့လော်လည်း တစ်ညလုံးအိပ်မရခဲ့ချေ။ နောက်တစ်နေ့မနက်ရောက်သော် သူ(မ)၏အသားအရေက အနည်းငယ်ညှိုးငယ်နေ၏။ နေ့ဘက်သို့ရောက်သော် ဝေ့ကျန်းက အနည်းငယ်အသံတိတ်သွားသည်။ ငိုရသည်မှာ ပင်ပန်းလွန်းသဖြင့် အိပ်ပျော်သွားခြင်းလည်းဖြစ်နိုင်သည်။ ထို့ကြောင့် အားလော်လည်း အိပ်ရာပေါ်တွင်သာတွယ်ကပ်နေပြီး မထချင်သေးပေ။ စိတ်ထဲတွင်လည်း ဝေ့ကျန်းအကြောင်းတွေးကာ ညည်းတွားနေမိသည်။ အချိန်အတော်ကြာမှသာ ထူထဲရှည်လျားသည့် မျက်တောင်တို့ကိုပင့်၍ မျက်လုံးဖွင့်လိုက်တော့သည်။ ထိုမျက်တောင်များ၏အောက်တွင် ကြည်လင်နေသောမျက်လုံးများမှာ ချစ်စရာကောင်းသည့်အသွင်ဖြင့် စူးရှတောက်ပနေ၏။ ဝေ့ကျန်းကြောင့် အားလော်စိတ်ညစ်ရပါသော်လည်း အကြောင်းစုံကိုပြန်တွေးကြည့်လိုက်သည့်အခါ သူ(မ)မျက်နှာပေါ်တွင် ရုတ်တရက် အပြုံးတစ်ခုပေါ်လာခဲ့သည်။
‘ဝေ့ကျန်းက ဘာလို့ငိုနေတာလဲ။ သေချာပေါက် သူ့အမေကို အဆောင်ပြောင်းခိုင်းလိုက်လို့ပဲဖြစ်မှာ။’
မဒမ်တုကို အဆုံးထိပြိုလဲကျအောင် မလုပ်ရသေးသော်လည်း အားလော်စိတ်မပူချေ။ ကောင်းမွန်သည့် အစတစ်ခုကို သူ(မ) စတင်နိုင်ခဲ့ပြီးဖြစ်သည်။ မဒမ်တု၏ရောင်းစားခြင်းကို မခံလိုက်ရသောကြောင့် မဒမ်တုကိုပညာပေးရန် သူ(မ)ကိုယ်တိုင် စီစဥ်နိုင်သည်။ ယခုတွင် ဖခင်ဖြစ်သူဝေ့ကွမ်းက မဒမ်တု၏သရုပ်မှန်ကို သိရှိသွားပြီဖြစ်ပြီး အယုံအကြည်လည်းမရှိတော့ချေ။ ထို့ကြောင့် နောက်ပိုင်းတွင် မဒမ်တုကိုထိုးနှက်လိုပါက ပို၍လွယ်ကူသွားပေလိမ့်မည်။
အားလော်၏ သေးသွယ်သောမျက်နှာလေးတွင် အပြုံးဖြင့်သာဆင်ယင်ထားသော်လည်း ထိုအပြုံး၏နောက်ကွယ်တွင် အတွေးပေါင်းများစွာကို ဖုံးကွယ်ထား၏။ ကျင်းလုဝင်လာသည့်အခါ အားလော်၏ ပြုံးနေသောမျက်နှာထားကို မြင်လိုက်သဖြင့် သူ(မ)လည်းပြုံးမိပြီး မေးလိုက်သည်။
“မမလေး။ ဘာအကြောင်းတွေတွေးပြီး ဒီလောက်ပြုံးနေတာလဲ။”
အားလော်က အိပ်ရာပေါ်တွင် ထိုင်နေ၏။ သေးငယ်သည့်ခန္ဓာကိုယ်လေးကို အဖြူရောင်အတွင်းခံက ဖုံးအုပ်ထားပြီး ပခုံးပေါ်တွင်လည်း နူးညံ့နက်မှောင်နေသောဆံပင်တို့ ကျနေသည်။ တစ်ညလုံး လူးလှိမ့်နေခဲ့ပြီးနောက် သူ(မ)၏ဆံမြိတ်မှာ ဘေးနှစ်ဘက်သို့ကွဲသွားပြီး မျက်ခုံးနှစ်ဖက်ကြားတွင်ရှိသော မွေးရာပါ အမှတ်ကလေးကိုပင် မြင်နေရသည်။ အားလော်၏မျက်ခုံးနှစ်ဖက်ကြားတွင် အနီရင့်ရောင် အမှတ်လှလှတစ်ခုရှိသော်လည်း အမြဲလိုလို ဆံမြိတ်နှင့်ဖုံးထားသောကြောင့် မြင်တွေ့ရခဲသည်။ သူ(မ) နိုးလာသည့်အချိန်မျိုးမှသာ မြင်တွေ့နိုင်ပေသည်။ ထိုအမှတ်ကလေးမှာ အလွန်လှသည့်အမှတ်လေးဟု ကျင်းလုထင်မိသည်။ မျက်ခုံးနှစ်ဖက်၏အလယ်တွင်ရှိနေသောကြောင့် ဝေ့လော်၏လှပသောမျက်နှာကို ပို၍သိသာသွားစေသည်။ ယခုတွင် အသက်ငယ်သေးသောကြောင့် အမှတ်ကထင်းနေသော်လည်း အသက်ကြီးလာသည့်အခါ မည်သို့ တစ်မျိုးတစ်ဖုံပြောင်းလဲကာ လှပနေမည်ကို မပြောနိုင်ချေ။
ဝေ့လော်က ကျင်းလုရှေ့တွင်ရပ်ပြီး လက်နှစ်ဖက်ကိုဖြန့်ကား၍ အဝတ်အစားလဲရန်စောင့်နေသည်။ ထို့နောက် သူ(မ)က ချိုမြိန်သောအပြုံးလေးဖြင့်
“မနက်စာ ဘာစားရင်ကောင်းမလဲလို့ စဥ်းစားနေတာပါ။ အစ်မကျင်းလု။ အားလော် ပဲနီမုန့်စားချင်တယ်။”
ကျင်းလုက ရယ်မောရင်း အားလော်၏အဝတ်အစားကို သေသေချာချာပြင်ဆင်ပေးလိုက်ပြီး
“ပဥ္စမသခင်ကြီးက မမလေးဘာကြိုက်တတ်တယ်ဆိုတာကို သိပြီးသားပါ။ အဲ့ဒါကြောင့် ခုနကပဲ ပဲနီမုန့်လုပ်ပေးဖို့ စားဖိုဆောင်ကိုညွှန်ကြားပြီးသွားပြီ။ မမလေးကို အဝတ်အစား သေချာလဲပေးပြီးတာနဲ့ မုန့်စားဖို့ အပြင်ခေါ်သွားမယ်လေ။”
ဝေ့လော် အံ့ဩသွား၏။ တစ်ခုခု အထင်လွဲနေသည်ဟုလည်း သူ(မ)တွေးနေမိသည်။ ယခင်က ဝေ့ကွမ်းမှာ အလွန်အလုပ်များလှသောကြောင့် ချောင်ဟုန်နှင့် ဝေ့လော်တို့နှင့်အတူ ထမင်းအတူမစားနိုင်ခဲ့ပေ။ ထမင်းလက်ဆုံစားသည့်အခါတွင်လည်း အမြန်စား၍သာ တော်ဝင်ကျောင်းတော်သို့ အပြေးအလွှားသွားခဲ့ရသည်။ ယနေ့ကဲ့သို့ မနက်စာစားရန်စောင့်နေသည့်ဖြစ်ရပ်မျိုး တစ်ခါမျှမဖြစ်ခဲ့ဖူးပေ။
‘ဘာတွေဖြစ်ကုန်တာလဲ။ မဒမ်တုကြောင့် ငါ့အပေါ်မှာ အပြစ်ရှိတယ်လို့ခံစားရပြီး ဒါတွေအားလုံးကို လုပ်ပေးချင်တာလား။’
ဝေ့လော် မခန့်မှန်းတတ်တော့။ ဝေ့ကွမ်းမှာ ထိုကဲ့သို့ပြင်ဆင်မှုမျိုးသာမက နောက်တွင် သူ(မ)ကို သူကိုယ်တိုင်ဂရုစိုက်ပျိုးထောင်ရန်ပါ ပြင်ဆင်နေခဲ့သည်။ ထိုအကြောင်းကိုလည်း သေသေချာချာဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ တော်ဝင်ကျောင်းတော်မှ စာအုပ်များကို အိမ်သို့ယူလာ၍ ဖတ်ရှုနေသောကြောင့် စာမေးပွဲရှိမှသာ ကျောင်းတော်သို့သွားရန်လိုတော့သည်။ ထိုသို့စီစဥ်လိုက်ခြင်းဖြင့် ဝေ့လော်ကို ပြုစုစောင့်ရှောက်ရန်နှင့် ကိုယ်တိုင်ထိန်းကျောင်းရန် အချိန်များစွာပိုလာလေ၏။
သိလိုစိတ်ပြင်းပြစွာဖြင့် ဝေ့လော်က ပန်းပွင့်ပုံစံ ပန်းရောင်ကုတ်နှင့် အဝါနုရောင်စကတ်ကိုဝတ်ဆင်ကာ ပင်မအိမ်တော်သို့သွားခဲ့သည်။ ဆံပင်တွင်ချည်ထားသည့် အနီရောင်ဖဲကြိုးလေးများကလည်း နားရွက်အနီးတွင်ကျနေရာ လေတိုက်သည့်အခါတိုင်း သူ(မ)မျက်နှာသို့ လာရောက်ရိုက်ခတ်တတ်သဖြင့် လခြမ်းကဲ့သို့ကွေးသွားသည့် ချစ်စရာမျက်လုံးလေးများကို တွေ့ရပေသည်။ ပင်မအိမ်တော်၏ ဝင်ပေါက်သို့ရောက်သောအခါ အိမ်တော်ထဲမှ ဝေ့ကျန်း၏အသံကို လှမ်းကြားလိုက်ရသည်။
“မစားဘူး။ အဖေ အမေ့ကို ပြန်မလာခိုင်းဘူးဆိုရင် သမီးဘာမှမစားဘူး။”
လှမ်းကြည့်လိုက်သည့်အခါ ရွှေရောင်သစ်စေးသုတ်ထားသည့် ထည်ဝါသောအနီရောင်စားပွဲဝိုင်းတွင် လူ(၃)ယောက်ထိုင်နေသည်ကို ဝေ့လော်တွေ့ရ၏။ ဘယ်ဘက်တွင် ချောင်ဟုန်၊ ညာဘက်တွင် ဝေ့ကျန်းနှင့် အလယ်တွင် ဝေ့ကွမ်းထိုင်နေသည်။ ဝေ့ကျန်းက မနက်စာကိုမစားဘဲ အစေခံများကို တူများဖြင့်ပစ်ပေါက်ရင်း ဝေ့ကွမ်းကိုလည်း နှုတ်ခမ်းစူ၍ကြည့်နေသည်။ သို့သော် ဝေ့ကွမ်းကမူ သူ(မ)ကိုလျစ်လျူရှုထား၏။ မော့ကြည့်လိုက်သောအခါ ဝေ့လော်ရောက်လာသည်ကိုမြင်သဖြင့် ဝေ့ကွမ်း၏မျက်နှာမှာ လင်းလက်သွားပြီး
“အားလော်လေး။ လာထိုင်။ မနက်စာစားပြီးရင် အဖေသမီးကို ပြောစရာရှိသေးတယ်။”
ဝေ့လော်က ချောင်ဟုန်၏နံဘေး၊ ဝေ့ကျန်း၏မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ မနေ့က သူ(မ)ကိုပေးခဲ့သည့်အပြစ်ကြောင့် ဝေ့ကျန်းက ဝေ့ကွမ်းကိုစိတ်ဆိုးနေဆဲဖြစ်ပြီး ထိုဒေါသများကို ဝေ့လော်ကိုသာပုံချကာ စူးရှစွာစိုက်ကြည့်နေခဲ့၏။ သို့သော် အားလော်ကလည်း သူ(မ)ကိုဂရုမစိုက်သောကြောင့် မနက်စာမစားနိုင်ကြောင်းဆိုကာ မိမိကိုယ်ကိုယ်သာ နာကျင်အောင်လုပ်နေခြင်းဖြစ်သည်။
အားလော်ကမူ အလွန်ဗိုက်ဆာနေလေသည်။ ဗိုက်ဆာသည်ကို ထိန်းမရတော့သောကြောင့် ငါးမန်းဆူးတောင်ပေါက်စီကို တူဖြင့်လှမ်းယူလိုက်ပြီး
“အဖေ အားလော်ကို ဘာပြောမလို့လဲ။ အမ်။ အဖေ။ အားလော် မမှီဘူး။”
၎င်းမှာ ဝေ့ကျန်းအကြိုက်ဆုံး ဟင်းလျာဖြစ်သောကြောင့် အစေခံများကလည်း ဝေ့ကျန်း၏ရှေ့တွင်သာ အမြဲချထားပေးလေ့ရှိသည်။ အစောပိုင်းက မနက်စာမစားဘူးဟုဆိုကာ ဝေ့ကျန်းသောင်းကျန်းနေသောကြောင့် ဝေ့ကွမ်းကလည်း ထိုအကျိုးဆက်ကို ဝေ့ကျန်းအားသိရှိစေရန် ပညာပေးချင်လေ၏။ ထို့ကြောင့် ချက်ချင်းပင် အနီးနားမှ မိန်းကလေးအစေခံတစ်ယောက်အား
“အဲ့ဒီ့ပန်းကန်ကို စတုတ္ထသခင်မလေးရှေ့မှာ ချပေးလိုက်။”
ဝေ့ကျန်းမှာ စိတ်ဆိုးနေသောကြောင့်သာ မနက်စာမစားကြောင်းပြောခဲ့ခြင်းပင်။ တစ်ညလုံး ငိုယိုထားသဖြင့် အားအင်လည်း ကုန်ခမ်းနေပြီဖြစ်သောကြောင့် မနက်ရောက်သော် သူ(မ) သေချာပေါက် ဗိုက်ဆာနေပြီဖြစ်၏။ ဝေ့ကွမ်းက သူ(မ)ကိုချော့ကာ သူ(မ)၏အမေ တုယွယ်ယင်းကိုလည်း မနက်စာအတူစားရန် ခေါ်စေချင်သောကြောင့် အစာငတ်ခံ၍ ဆန္ဒပြခဲ့သည်။ သို့သော်လည်း ဖခင်ဖြစ်သူ ဝေ့ကွမ်းမှာ သူ(မ)ကိုမချော့သည့်အပြင် သူ(မ)၏ အကြိုက်ဆုံးမုန့်ပန်းကန်ကိုပင် ဝေ့လော်ရှေ့သို့ ချခိုင်းနေလေသည်။ အစီအစဥ်များ တစ်ခုမျှဖြစ်မလာသည့်အခါ ဝေ့ကျန်းအော်ငိုလိုက်ချင်သော်လည်း မနေ့က မဒမ်တု သူ(မ)ကိုပြောခဲ့သည့်စကားများကို ပြန်သတိရမိသွားသည်။ မိမိကိုယ်ကို ထိန်းချုပ်ရန်၊ သည်းခံရန်နှင့် မျက်ရည်မလွယ်စေရန်ဖြစ်သည်။ ငိုနေရုံနှင့် မည်သည့်အရာမျှ အကျိုးမရှိနိုင်ကြောင်း မဒမ်တုကပြောထားသဖြင့် သူ(မ)မငိုချေ။ မဒမ်တုကို ကယ်တင်ပြီး သူ(မ)တို့မိသားစု ပြန်လည်ပေါင်းစည်းနိုင်မည့်နည်းလမ်းကို စဥ်းစားရပေတော့မည်။
*****
Aurora Novel Translation Team
Report content on this page