နောက်တစ်နေ့ရောက်သော်။
(၂)ပတ်ကြာ မဆဲဘဲဆက်တိုက်ရွာနေသည့်မိုးမှာ နောက်ဆုံးတွင် ဝေ့လော်ခန့်မှန်းထားသည့်အတိုင်း ရပ်တန့်သွား၏။ ကောင်းကင်တစ်ခုလုံးလည်း ကြည်လင်နေခဲ့သည်။ ယင်းအိမ်တော်၏ ကြွေပြားများပေါ်တွင် နေရောင်ခြည်တို့ကျရောက်နေပြီး ခြံဝင်းထဲသို့အလင်းပြန်နေရာ သစ်ပင်များကလည်း ပန်းချီကားတစ်ချပ်ကဲ့သို့ လှပနေခဲ့သည်။
သခင်ကို ခစားပြီးသွားသည်နှင့် စုန့်ခြံဝန်းမှ မိန်းကလေးအစေခံများမှာ ဥယျာဥ်ထဲတွင် ကြိုးခုန်ကစားရန် မစောင့်နိုင်ကြတော့ချေ။ ကြိုးနှင့်အတူ ပန်းရောင်ကုတ်အင်္ကျီနှင့် အပြာရောင်စကတ်တို့ ရှေ့နောက်ရွေ့လျားနေကြပြီး ဥယျာဥ်တစ်ခုလုံးတွင်လည်း ရယ်မောသံများဖြင့်ပြည့်နှက်နေခဲ့သည်။ သူတို့ထဲမှ မိန်းကလေးအစေခံတစ်ယောက်မှာ အလွန်ကျွမ်းကျင်၏။ ကြိုးခုန်ရင်းနှင့် ကြက်တောင်ကိုလည်းကန်နိုင်သည်။ လေထဲမှ ကြက်တောင်ကိုကန်ရင်း ကြိုးခုန်ရင်းနှင့် ကြက်တောင်ကိုပြန်ဖမ်းနေသည်မှာ အလွန်ကျွမ်းကျင်မှုရှိလှသည်။ လူတို့၏အားပေးသံများကိုလည်း ကြားနေရ၏။
ယင်းအိမ်တော်တွင် အစေခံများကို အလွန်စည်းကမ်းတင်းကျပ်ခြင်းမရှိချေ။ သူတို့လုပ်ရမည့်အလုပ်များကို ပြီးမြောက်အောင်လုပ်ပြီး သခင်ကိုအသိပေးပြီးသည်နှင့် ကစားလိုလျှင်ကစားနိုင်သည်။ သူတို့ကိုယ်ပိုင်ကိစ္စများကို လုပ်လိုလျှင်လည်း လုပ်နိုင်သည်။
မိန်းကလေးအစေခံများ ပျော်ရွှင်စွာကစားနေကြချိန်တွင် ကြောက်စရာကောင်းသည့် အစိမ်းရောင်မျက်နှာဖုံးကိုတပ်ထားသည့်မိန်းကလေးတစ်ယောက်က သစ်ပင်ကြီးများထဲမှခုန်ထွက်လာပြီး လက်နှစ်ဖက်ကိုဆန့်ထုတ်ကာ သူတို့ထံသို့ပြေးသွားခဲ့သည်။
“Boo?—?“
သတိလွတ်သွားသော မိန်းကလေးအစေခံများက သူ(မ)ကြောင့်ထိတ်လန့်သွားကြ၏။ ကြောက်တတ်သည့် မိန်းကလေးအစေခံတစ်ယောက်ဆိုလျှင် မြေကြီးပေါ်သို့ပင်လဲကျကာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့သည်။
မျက်နှာဖုံးအောက်တွင် ကြည်လင်နေသည့်ရယ်သံတစ်ခုကိုကြားလိုက်ရ၏။ လဲကျသွားသည့် မိန်းကလေးအစေခံကိုလက်ညှိုးထိုးကာ ဝေ့လော်ကရယ်မောလျက်
“အစ်မကျင်းကယ်က တကယ့်ငကြောက်ကြီးပဲ။”
ကျင်းကယ် မြေကြီးပေါ်မှပြန်ထလိုက်ပြီး အဝတ်အစားပေါ်မှဖုန်များကိုခါထုတ်ရင်း ရှက်နေသည့်မျက်နှာဖြင့်
“မမလေးက အနိုင်ကျင့်တာကိုး။”
မျက်နှာဖုံးကိုချွတ်လိုက်သောအခါ ပထမဦးဆုံးပေါ်လာသည်မှာ ရွှန်းစိုလှပသည့် မျက်ဝန်းနက်များဖြစ်သည်။ ထို့နောက် အသေးစိတ်လှပသည့်နှာခေါင်း၊ နူးညံ့သော ပန်းရောင်နှုတ်ခမ်းနှင့် ပန်းရောင်ပါးတို့ကို တဖြည်းဖြည်းချင်းမြင်လာရ၏။ သူ(မ)လေးက ရွှေရောင်ချည်များဖြင့်ထိုးထားသည့် အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ကာ သစ်ပင်အောက်တွင်ရပ်နေသည်။ ပန်းပွင့်တစ်ပွင့်က သူ(မ)၏ဆံထုံးပေါ်သို့ လွတ်လပ်စွာပြုတ်ကျလာ၏။
သူ(မ)က ခါးထောက်ကာ
“ဒီမျက်နှာဖုံးတစ်ခုတည်းနဲ့ ခဏခဏခြောက်လည်း အမြဲကြောက်တာပဲနော်။ ပြောစမ်းပါဦး။ သမီးက အနိုင်ကျင့်တာလား၊ အစ်မကျင်းကယ်ကပဲ တုံးအ,တာလားလို့။”
(၆)နှစ်အရွယ် ကလေးမလေး၏စကားလုံးများမှာ နိုင်ထက်စီးနင်းရှိလှပြီး မည်သူ့ကိုမျှ အလျှော့မပေးချေ။ ပြောစရာစကားပျောက်ရှသွားသည့်ကျင်းကယ်က ရှက်ကာ ထွက်ပြေးသွားတော့သည်။
*
တံစက်မြိတ်အောက်တွင်ထိုင်ရင်း ဝေ့လော် အတိတ်ကသူ(မ)၏ပုံစံကို ပြန်စဥ်းစားမိသည်။ အလွန်ကလေးဆန်ပြီး နုံအ,လှ၏။ ယနေ့မြင်ကွင်းကို သူ(မ) သေသေချာချာမှတ်မိသည်။ မျက်နှာဖုံးတပ်၍ အစေခံမိန်းကလေးများကို ခြောက်လှန့်နေရင်း သူ(မ)အဖေနှင့် မဒမ်တုတို့ရောက်လာခဲ့သည်။ မဒမ်တုက သူ(မ)ကို စကားလုံးအချို့ဖြင့် ချော့မြှူခဲ့ပြီး စံအိမ်ကနေ သူ(မ)တစ်ယောက်တည်းကို သီးသန့်ခေါ်ထုတ်လာခဲ့သည်။ သူ(မ)၏သမီးဖြစ်သူ ဝေ့ကျန်းကမူ အိမ်တွင်နေခဲ့၏။ ထိုအချိန်ကတည်းက ဝေ့လော်ရိပ်မိခဲ့သင့်သည်။ မဒမ်တုက ဝေ့ကျန်းကိုအလွန်ချစ်လေရာ အဘယ်ကြောင့် ဝေ့ကျန်းအား ပွဲတော်သို့မခေါ်သွားဘဲ အိမ်တွင်ထားခဲ့ရပါသနည်း။
သူ(မ)၏အကြံအစည်ကို ဝေ့လော်၏အဖေက မသိထားခဲ့ပေ။ မဒမ်တု၏ သတ်ဖြတ်ခြင်းကို ခံရလုနီးပါးဖြစ်ခဲ့သည့်အချိန်တွင် ဖခင်ဖြစ်သူက မည်သို့တုံ့ပြန်ခဲ့ပါသနည်း။
ဝေ့လော်သေချာမသိသော်လည်း ဖခင်ဖြစ်သူဝေ့ကွမ်းကို မုန်းတီးနေခဲ့သည်။ သားသမီးနှစ်ယောက် ငယ်ရွယ်သေးသည့်အချိန်တွင် စောစီးစွာနောက်အိမ်ထောင်ပြုလိုက်ခြင်းကိုလည်း မုန်းတီးသည်၊ မိခင်ရင်းကို အမေဟုမခေါ်ရဘဲ ရက်စက်ယုတ်မာသည့်မိန်းမကို အမေဟုခေါ်ရသည်ကိုလည်း မုန်းတီးသည်။
ဝေ့လော် လက်ကိုမြှောက်ကာ မျက်နှာဖုံးကို လှေကားပေါ်သို့ပစ်ချလိုက်သဖြင့် မျက်နှာဖုံးက နှစ်ခြမ်းကွဲသွား၏။ ထိုအသံကြောင့် ခြံဝန်းထဲမှအစေခံများလည်း သတိဝင်လာကြပြီး သူတို့ကစားနေသည်ကိုရပ်ကာ သူ(မ)ကိုကြည့်လာကြသည်။ ဝေ့လော်ကမူ ပြုံးပျော်နေပြီး ကွဲသွားသည့်မျက်နှာဖုံးပေါ်တွင်ပင် တက်ခုန်နေလေရာ မျက်နှာဖုံး အစိတ်စိတ်အမွှာမွှာကွဲသွားမှသာ ရပ်လိုက်တော့သည်။ ထိုမျက်နှာဖုံးမှာ မီးအိမ်ပွဲတော်မှ သူ(မ)၏အဖေဝယ်ထားပေးခဲ့သည့်လက်ဆောင်လေးဖြစ်ပြီး သူ(မ) တန်ဖိုးထားသည့်အရာတစ်ခုလည်းဖြစ်သည်။ မျက်နှာဖုံးမှာ သူ(မ)စိတ်တိုင်းကျသည့် ကစားစရာတစ်ခုဖြစ်ပြီး လူတို့ကိုခြောက်လှန့်ရန် အမြဲလိုလိုအသုံးချလေ့ရှိသည်။ သို့သော် ယခုတွင်မူ ထိုမျက်နှာဖုံးကို သူ(မ)မလိုချင်တော့ဘဲ ဖျက်ဆီးပစ်ချင်နေလေသည်။
“အားလော်။ ဘာဖြစ်လို့ မျက်နှာဖုံးကိုကွဲအောင်လုပ်ရတာလဲ။”
အနောက်ဘက်မှ မေးခွန်းတစ်ခုကိုကြားလိုက်ရသဖြင့် ဝေ့လော်လှည့်ကြည့်လိုက်သည်။ သူ(မ)နှင့် မလှမ်းမကမ်းတွင် လူနှစ်ယောက်ရပ်နေ၏။ တစ်ယောက်မှာ သူ(မ)၏ဖခင် ဝေ့ကွမ်းဖြစ်ပြီး ကျန်တစ်ယောက်မှာ သူ(မ)၏မိထွေး မဒမ်တုဖြစ်သည်။ မေးခွန်းကိုမေးလိုက်သူမှာ သူ(မ)၏ဖခင်ပင်။
ဝေ့ကွမ်းက ဝါးနက်အရွက်ပုံစံရှိသော မက်မန်းရောင်ဝတ်စုံကိုဝတ်ဆင်ထားသည်။ သူ့မျက်နှာထားက မာကျောနေသော်လည်း မျက်လုံးများတွင်မူ သမီးကိုချစ်သည့်အရိပ်အယောင်များရှိသည်။ သူက ရှေ့သို့တိုးလာပြီး
“ဒီမျက်နှာဖုံးကို သမီးအရမ်းကြိုက်တာမဟုတ်ဘူးလား။”
ထိုမေးခွန်းကို ဝေ့လော်ဂရုမစိုက်ဘဲ ခေါင်းကိုသာငုံ့ကာ မကြားသလိုနေနေ၏။ ဝေ့ကွမ်းက သူ(မ)ကိုဖက်ထားလိုက်ပြီး အပြုံးတစ်ခုဖြင့်
“အဖေ့အားလော်လေးကို ဘယ်သူကစိတ်ဆိုးအောင်လုပ်တာလဲ။ အဖေ့ကိုပြောစမ်းပါဦး။ အဖေက ဆုံးမပေးမှာပေါ့။”
မဒမ်တုက သူတို့နှင့်ခပ်လှမ်းလှမ်းတွင် ရပ်နေ၏။ သူ(မ)က ဝေ့ကွမ်းနှင့်လိုက်ဖက်သော ခရမ်းရောင်ဝတ်စုံနှင့် ကုတ်တစ်ထည်ကိုဝတ်ဆင်ထားပြီး ပုလဲနှင့် ကျောက်စိမ်းအဆင်တန်ဆာများကိုလည်း ဆင်မြန်းထားသည်။ သူ(မ)မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေသော်လည်း ဝေ့ကွမ်းက ဝေ့လော်ကိုအလွန်ချစ်ကြောင်း မြင်လိုက်ရသည့်အခါ ထိုအပြုံးမျက်နှာက ကြောက်စရာမျက်နှာထားတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
ဝေ့ကွမ်း၏ပခုံးပေါ်တွင်မှီထားရင်းနှင့် ဝေ့လော်က မဒမ်တု၏မျက်နှာထားကိုမြင်သွားခဲ့သည်။ ယခင်က သူ(မ)အသက်ငယ်လွန်းသောကြောင့် လူတို့၏မျက်နှာရိပ်ကို မဖတ်တတ်ခဲ့ပေ။ မျက်နှာထားမမှန်သည်ကိုမြင်လိုက်လျှင်ပင် များစွာမတွေးနိုင်ခဲ့ပေ။ သို့သော် ယခုမှာ ယခင်နှင့်မတူတော့ချေ။ မဒမ်တုကိုကြည့်လိုက်သည်နှင့် အပြင်ပန်းဟန်ဆောင်ထားသည့် အတုအယောင်များစွာကို သူ(မ)ခံစားမိနေတော့သည်။
ဝေ့လော်က ဖခင်ဖြစ်သူ၏ပခုံးကိုမှီကာ ပွတ်သပ်ချွဲနေရင်း သနားစရာအသံချိုလေးဖြင့် စောဒကတက်လိုက်၏။
“အားလော် နေမကောင်းတာကို အဖေက လာမကြည့်ဘူးလေ။ အဖေ အားလော်ကိုမချစ်ဘူး။”
စိတ်ဆိုးရသည့်အကြောင်းအရင်းမှာ ထိုကဲ့သို့ပင်။ ဝေ့ကွမ်းက အဘယ်ကြောင့် သူ(မ)ကိုမချစ်ဘဲရှိလိမ့်မည်နည်း။ သူ(မ)ကို အလွန်ချစ်သောကြောင့်ပင် သူ(မ)နေမကောင်းဖြစ်တုန်းက တစ်ညလုံး အိပ်ရာနံဘေးတွင်ထိုင်စောင့်နေပြီး သူ(မ)နိုးမှသာထွက်လာခဲ့သည်။ သူ(မ)နိုးလာသည့်အချိန်တွင် အဖေကိုရှာမတွေ့သည်နှင့် တစ်ကြိမ်မှမလာခဲ့သည့်အတိုင်း စွပ်စွဲပြောဆိုနေသည့် သမီးဖြစ်သူမှာ သူ(မ)အိပ်နေသည့်အချိန်တိုင်း မကြာခဏလာကြည့်ခဲ့သည်ကို မသိဘဲရှိ၏။
ဝေ့ကွမ်းက သက်ပြင်းချလိုက်ပြီး
“အဖေ့အမှားတွေပါ။ အဖေ သမီးကို ပိုပြီးဂရုစိုက်ခဲ့သင့်တာ။ မျက်နှာဖုံးကို လွှင့်ပစ်လိုက်တာ အားလော်မှန်ပါတယ်။ အဖေမှားတာပါ။ နော်။”
ဝေ့လော် မော့ကြည့်လိုက်၏။ ထိုအချိန်တွင် မဒမ်တု၏မျက်နှာ ပို၍အရုပ်ဆိုးသွားသည်ကို သူ(မ)တွေ့လိုက်ရသည်။ ဝေ့ကွမ်း၏ သမီးအပေါ်ချစ်စိတ်က သူ(မ)အတွက် ပြဿနာတစ်ခုဖြစ်နေဟန်ရှိသည်။ ဝေ့ကျန်းရရှိရမည့် အချစ်များကို ဝေ့လော်ကအပိုင်သိမ်းသွားမည်ကို သူ(မ)စိုးရိမ်သောကြောင့် ဝေ့လော်ကိုရောင်းရန် အလျင်လိုနေခြင်းပင်။ ထိုသို့တွေးကြည့်သော် သူ(မ)၏ဖခင်မှာ ဝေ့ကျန်းထက် သူ(မ)ကိုပိုချစ်သည်က မဆန်းလှပေ။ ဝေ့ကျန်းနှင့် ဝေ့လော်နှစ်ယောက်စလုံးက သူ့သမီးများဖြစ်ကြလေရာ ခြားနားမှုဟူ၍ မည်သို့ရှိလိမ့်မည်နည်း။
ပြဿနာ၏ရင်းမြစ်မှာ သူ(မ)၏ မွေးမိခင်ဖြစ်လိမ့်မည်ဟု ဝေ့လော်တွေးမိသည်။ ဝေ့လော် မိခင်ရင်းကို မမြင်ဖူးခဲ့သော်လည်း စတုတ္ထအဒေါ်၏ပြောပုံအရ ချောင်ဟုန်မွေးပြီး သိပ်မကြာခင်တွင် သူတို့၏မွေးမိခင် ပျောက်သွားသည်ဟုသိရသည်။ အပြင်လူများကမူ ကလေးမွေးပြီးပြီးချင်း သူ(မ)သေဆုံးသွားသည်ဟု သိထားကြသော်လည်း တကယ်တမ်းတွင် သူ(မ)က သေဆုံးသွားခြင်းမဟုတ်ဘဲ သူတို့နှင့်မနေချင်သောကြောင့် ပျောက်ကွယ်သွားသည်ဟု စတုတ္ထအဒေါ်ကပြောပြခဲ့သည်။ သူ(မ)ထွက်သွားသည်နှင့် မည်သူကမျှ သူ(မ)ကိုလိုက်မရှာခဲ့ကြပေ။ ဝေ့ကွမ်းကလည်း သူ(မ)ကို အလွန်ချစ်ခင်ခဲ့ကြောင်း စတုတ္ထအဒေါ်က ထပ်ဖြည့်ပြောခဲ့သေးသည်။ သူတို့နှစ်ယောက်ကို လက်ထပ်ပေးမည်ဟု သခင်ကြီးထံမှကတိစကားကိုကြားရရန် ဝေ့ကွမ်းက (၃)ရက် (၃)ညတိတိ ဘိုးဘွားခန်းမရှေ့တွင်ဒူးထောက်ကာ အဆာလွန်၍မေ့လဲသည်အထိဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် နောက်ဆုံးတွင် သခင်ကြီးလည်း သဘောတူလိုက်ရသည်။
လက်ထပ်ပြီးကြသည်နှင့် ဝေ့ကွမ်းက သူ(မ)အမေကိုအလိုလိုက်ခဲ့သောကြောင့် နေ့ရက်တိုင်းတွင် ပြဿနာမရှိဘဲ ဖြတ်သန်းခဲ့ရသည်။ သို့သော် နောက်ပိုင်းတွင် မည်သို့ဖြစ်သွားသည်ကို မည်သူမျှနားမလည်လိုက်ချေ။ ကလေးမွေးပြီး (၂)ရက်အကြာတွင် သူ(မ)ထွက်သွား၏။ သူ(မ)ရှိနိုင်သောနေရာတိုင်းကို သေသေချာချာရှာဖွေရင်းနှင့် ဝေ့ကွမ်းတစ်ယောက် ရူးမတတ်ဖြစ်ခဲ့ရသော်လည်း (၃)လကြာသည့်တိုင် မည်သည့်အဖြေမှရှာမတွေ့ခဲ့ချေ။ သိပ်မကြာခင်တွင် မဒမ်တုနှင့် ဒုတိယအိမ်ထောင်ပြုခဲ့ပြီး (၉)လကြာသည့်အခါ ဝေ့ကျန်းကိုမွေးဖွားခဲ့သည်။
‘အဖေ့နှလုံးသားထဲမှာ အမေရောရှိသေးရဲ့လား။ အမေကဘယ်လိုပုံစံလဲဆိုတာ အဖေ မှတ်မိသေးရဲ့လား။’
ဝေ့ကွမ်း၏ရင်ခွင်ထဲတွင် ဝေ့လော်တစ်ယောက် အတွေးနယ်ချဲ့နေ၏။ မွေးမိခင်ကို တစ်ခါမျှမမြင်ဖူးခဲ့သောကြောင့် သူ(မ)အကြောင်း စိတ်ကူးယဥ်ခြင်းမျိုးလည်း မရှိခဲ့ပေ။ သို့သော် ယခုတွင်မူ သူ(မ)၏မိခင်ရင်းက အဘယ်ကြောင့် ယောက်ျားနှင့် ကလေးနှစ်ယောက်ကိုထားကာ ထွက်သွားရသည်ကို သူ(မ)သိချင်နေမိသည်။
*
“မျက်နှာဖုံးက ပျက်စီးသွားပြီဆိုတော့ ဒီနေ့အပြင်သွားရင်းနဲ့ အားလော်အတွက် မျက်နှာဖုံးအသစ်ဝယ်ကြမလား။”
ဝေ့လော်ငြိမ်ကျသွားသည့်အခါ အချိန်အတော်ကြာ စကားမပြောဘဲတိတ်ဆိတ်နေသည့်မဒမ်တုက အပြုံးတစ်ခုဖြင့် စကားဆိုလာ၏။ ကလေးတစ်ယောက်ထံတွင် ရှိလေ့ရှိထမရှိသော အေးစက်စက်အကြည့်များဖြင့် ဝေ့လော် သူ(မ)ကိုကြည့်လိုက်သည်။ ထိုအကြည့်ကြောင့် မဒမ်တု ထိတ်လန့်ကာ စိတ်ရှုပ်ထွေးသွား၏။ သူ(မ) သေသေချာချာပြန်ကြည့်လိုက်သည့်အခါတွင် အားလော်က ပျော်ရွှင်နေသည့် ကလေးမျက်နှာထားလေး ပြန်ဖြစ်သွားပြီဖြစ်သည်။
“အဖေကော သမီးနဲ့တူတူလိုက်မှာလားဟင်။ အဖေနဲ့ အပြင်မသွားရတာကြာနေပြီ။ အဖေ သမီးနဲ့လိုက်ခဲ့ပါနော်။”
မဒမ်တုက မည်မျှပင်စိုက်ကြည့်နေစေကာမူ ကလေးမလေးထံတွင် အေးစက်စက်မျက်နှာထားကို တစ်ဖန်ထပ်မမြင်ရတော့ချေ။ ထို့ကြောင့် သူ(မ)စိတ်ထဲတွင် တွေဝေနေ၏။
ဝေ့ကွမ်းက စိတ်မကောင်းစွာဖြင့် ဝေ့လော်ကို ခေါင်းပုတ်ပေးလိုက်ပြီး
“အဖေက တော်ဝင်ကျောင်းတော်ကိုသွားရမှာဆိုတော့ သမီးနဲ့အတူ အဖော်မလိုက်ပေးနိုင်ဘူးကွယ်။”
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ဝေ့ကွမ်းမှာ နန်းတွင်းအမှုထမ်းစာမေးပွဲတွင် အောင်နိုင်သူတစ်ဦးဖြစ်ခဲ့၏။ ထို့ကြောင့် လက်ရှိတွင် တော်ဝင်ကျောင်းတော်၌ ပညာသင်ကြားနေရပြီး စာမေးပွဲများနှင့် နေ့တိုင်းအလုပ်များနေသောကြောင့် မကြာခဏ အိမ်ပြန်လာနိုင်ခြင်းမရှိချေ။ ရှေ့ရက်များက ဝေ့လော်ဖျားနေသောကြောင့်သာ အိမ်တွင်အချိန်ကြာကြာနေခဲ့ခြင်းပင်။ ဝေ့လော်ကို အနီးကပ်ဂရုမစိုက်နိုင်ပါက စိတ်မသက်သာသောကြောင့် သူ(မ)ကို သေသေချာချာဂရုစိုက်နိုင်ရန် ခွင့်ယူထားခဲ့ရခြင်းဖြစ်သည်။
ဝေ့ကွမ်း အတူမလိုက်နိုင်သည့်စကားကိုကြားသော် မဒမ်တုက စိတ်အေးသွား၏။ ၎င်းကိုမြင်သော် ဝေ့လော်ကလည်း စိတ်ထဲတွင် ပြုံးလိုက်မိသည်။ ထို့နောက် ဝေ့ကွမ်းကို အတင်းအကျပ်ဖက်ထားလိုက်ပြီး
“ဒါဆိုရင် သမီးကိုလည်း တော်ဝင်ကျောင်းတော်ကို ခေါ်သွားပါလားဟင်။”
သမီးဖြစ်သူက မိမိအား မခွဲနိုင်ဖြစ်နေသည်ကိုမြင်ကာ ဝမ်းသာသကဲ့သို့ တစ်ဖက်တွင်လည်း အကျပ်ရိုက်နေခဲ့သည်။
“အဖေ့မှာ လုပ်စရာကိစ္စတွေအများကြီးမို့ သမီးကိုခေါ်သွားလို့မရဘူး သမီးရဲ့။ သမီးအမေနဲ့ လိမ်လိမ်မာမာလိုက်သွားပြီး ဟူးကော်ဘုရားကျောင်းမှာ အမွှေးတိုင်ထွန်းခဲ့နော်။ သမီးပြန်လာတဲ့အချိန်ကျရင် အဖေအိမ်မှာစောင့်နေမယ် ဟုတ်ပြီလား။”
‘ပြန်လာရမှာလား။ တကယ်ပဲ လိမ်လိမ်မာမာလိုက်သွားရင် အိမ်ပြန်လာဖို့ အခွင့်အရေးရှိနိုင်မှာလား။’
ဝေ့လော်က ခေါင်းကိုမှီထားရင်း နောက်ဆုံးတွင် မဒမ်တုကိုကြည့်လိုက်သည်။
“အစ်မကျင်းလုကပြောတယ်။ သမီးက ဖျားနေတုန်းပဲမို့ လမ်းမှာ ဆေးယူသွားရမယ်တဲ့။ ဆေးအညွှန်းက အထိန်းတော်ဖုဆီမှာရှိတယ်။ မဒမ်၊ အစ်မကျင်းလုနဲ့ အထိန်းတော်ဖုကို သမီးနဲ့တူတူခေါ်သွားလို့ရလားဟင်။”
ကျင်းလုမှာ ဝေ့လော်အယုံကြည်ရဆုံး မိန်းကလေးအစေခံဖြစ်ပြီး အထိန်းတော်ဖုမှာ ဝေ့လော်ကို ယခုအရွယ်ရောက်သည်အထိ ထိန်းကျောင်းလာသူဖြစ်သည်။ သူတို့နှစ်ယောက်စလုံးက ဝေ့လော်အပေါ် အလွန်သစ္စာစောင့်သိကြ၏။ သူတို့နှစ်ယောက် ဘေးမှာရှိနေလျှင် မတော်တဆမှုများ အလွယ်တကူဖြစ်ပွားလိမ့်မည်မဟုတ်ချေ။ ယခင်ဘဝကမူ လူတို့၏အခြေအနေကို မဖတ်ရှုတတ်သောကြောင့် ကျင်းစီနှင့် ကျင်းကယ်ကိုခေါ်လာခဲ့ရသည်။ ထိုမိန်းကလေးအစေခံနှစ်ယောက်မှာ မဒမ်တု၏ဘက်တော်သားများဖြစ်ကြောင်း သူ(မ)မသိခဲ့ပေ။ မဒမ်တု၏ သတ်ဖြတ်ခြင်းကိုခံရသော အရေးပေါ်အခြေအနေတွင် သူတို့နှစ်ယောက်စလုံးက မျက်နှာလွှဲနေခဲ့ကြသည်ကို ဝေ့လော်မှတ်မိလေသည်။
မဒမ်တုက ဝေ့လော်ကိုလှမ်းဆွဲလိုက်ပြီး
“သမီး ဘယ်လိုခေါ်လိုက်တယ်။”
ဝေ့လော်က ထပ်ပြောပြ၏။
“မဒမ်လို့ခေါ်တာလေ။”
မဒမ်တုက ဝေ့ကွမ်းကိုကြည့်လိုက်ပြီး မျက်ခုံးပင့်ကာ
“ဒီကလေးက အရင်တုန်းက ကျွန်မကို အမေလို့ခေါ်နေကျပါ။ ဒီနေ့မှ ထူးထူးဆန်းဆန်း ရုတ်တရက်ကြီး ပြောင်းလဲသွားတာ။ မိန်းကလေးအစေခံတွေက သူ(မ)ကို ဘာမဟုတ်တာတွေလျှောက်ပြောထားလဲမသိဘူး။”
ဝေ့ကွမ်းကလည်း မည်သို့ဖြစ်ရသည့်အကြောင်းကို မေးမြန်း၏။ ပြဿနာတစ်ခုရှိနေသည်ကို နားလည်ထားသော်လည်း ဝေ့လော်က
“စတုတ္ထအဒေါ်ကပြောတယ်။ သမီးမှာ အမေရှိတယ်တဲ့။ မဒမ်က သမီးရဲ့အမေမဟုတ်ဘူးတဲ့။”
ဝေ့ကွမ်း၏အင်္ကျီစကိုဆွဲကာ သူ(မ)က ခပ်နုံနုံပုံစံဖြင့်
“အဖေ။ သမီးအမေက ဘယ်သူလဲဟင်။”
မဒမ်တုမှာ အလွန်ဟန်ပျက်သွားပြီး တည်ငြိမ်သည့်အနေအထားကိုပင် ထိန်းမထားနိုင်တော့ချေ။ သူ(မ)နှင့် လက်မထပ်ခင်က ဝေ့ကွမ်းတွင် မယားကြီးရှိခဲ့ကြောင်း သူ(မ)သိထားသည်။ သူ(မ)၏ မိသားစုနောက်ခံဖြစ်သော ဦးလေးကျုံးယီကြောင့်သာ ပထမမယား ကျောင်းမြောင်လန်အကြောင်းကို သူ(မ)ရှေ့တွင် မည်သူမျှထုတ်မပြောရဲကြခြင်းဖြစ်သည်။ ယနေ့တွင် အားလော်က စကားပြောမဆင်ခြင်ဘဲပြောလိုက်ခြင်းမှာ သူ(မ)ကိုအလွန်စိတ်ပျက်သွားစေခဲ့သည်။
ဝေ့ကွမ်း၏မျက်လုံးထဲတွင် နာကျင်မှုတစ်ခုဖြတ်ပြေးသွားသော်လည်း တစ်ခဏနှင့် သာမန်ပြန်ဖြစ်သွား၏။
“အားလော်လေး။ မဒမ်က သမီးရဲ့အမေပဲလေ။ နောက်ဆို ဒီလိုမေးခွန်းမျိုး ထပ်မမေးရဘူးနော်။ သမီးက လိမ္မာပါတယ်။”
‘သမီးတစ်ယောက်ကို လည်ပင်းညှစ်သတ်တဲ့သူ(မ)လိုမိန်းမမျိုးကို အမေလို့ခေါ်နေရဦးမှာလား အဖေရယ်။’
အားလော်၏မျက်လုံးများက အေးစက်သွား၏။ ထို့နောက် သူ(မ) ဆုံးဖြတ်လိုက်သည်။ မိခင်ရင်းဖြစ်သူက သူ(မ)နှင့် ချောင်ဟုန်ကို မလိုချင်လျှင်ပင် သူ(မ)အနေဖြင့် မဒမ်တုကို မည်သည့်အခါမျှ ‘အမေ’ဟု ခေါ်တော့မည်မဟုတ်ပေ။
*
ဧကရာဇ်ချုံကျန်းက မျှမျှတတအုပ်ချုပ်ရင်း နိုင်ငံတော်၏ဘဏ္ဍာကလည်း ကောင်းမွန်စွာလည်ပတ်သောကြောင့် လမ်းများက အလွန်ကောင်းမွန်လှသည်။ ဆုပေးဒဏ်ပေးစနစ်များကို စီမံခန့်ခွဲရသောကြောင့် မြို့ကြီးသာမက အခြားအရေးပါသောမြို့များတွင်ပင် ကောင်းမွန်စွာ စီမံနိုင်ခဲ့သည်။ နေထိုင်သူအများစုကလည်း အေးအေးချမ်းချမ်းရှိပြီး ပျော်ရွှင်စွာ အလုပ်လုပ်ကိုင်ကြသောကြောင့် လမ်းတစ်လျှောက်လည်း စည်ကားလျက်ရှိသည်။ ရထားလုံးထဲတွင် ထိုင်နေရင်းနှင့်ပင် စျေးရောင်းစျေးဝယ်များ၏ ဆူညံသံနှင့် လမ်းဘေးနှစ်ဖက်ရှိ သေရည်ဆိုင်များမှဆူညံသံတို့ကိုကြားနေရသည်။
မဒမ်တုနှင့်အတူ ဝေ့လော်တစ်ယောက် ရထားလုံးထဲသို့လိုက်လာ၏။ ပြတင်းပေါက်အနီးတွင်ထိုင်ကာ ရွှေရောင်ချည်ထိုးထားသော လိုက်ကာကိုဖယ်၍ လမ်းဘက်သို့ သူ(မ)ငေးကြည့်နေခဲ့သည်။ သာမန်ကလေးတစ်ယောက်၏ စပ်စုချင်စိတ်ဟုယူဆကာ မဒမ်တုကလည်း အားလော်ကို စိတ်ကျေနပ်သည့်အတိုင်း လွှတ်ထားလိုက်၏။ သူ(မ)၏လမ်းတွင် ပိတ်ဆို့နေသော ဆူးခလုတ်တစ်ခုကို ဖယ်ရှားနိုင်တော့မည်ဟုတွေးရုံနှင့်ပင် မဒမ်တု၏နှုတ်ခမ်းထောင့်များ ကွေးတက်သွားခဲ့လေသည်။
ယခုနှစ်များတွင် ဝေ့လော်နှင့် ဝေ့ချောင်ဟုန်တို့မောင်နှမ၏ ကောင်းမွန်လှသောဂုဏ်သတင်းများကြောင့် မဒမ်တုတစ်ယောက် အလွန်စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ ထို့ပြင် သူ(မ) ဟန်ဆောင်ရသည်ကိုလည်း အလွန်ငြီးငွေ့လာသည်။ ထိုကလေးနှစ်ယောက်ကို မြင်သည့်အခါတိုင်း ဒုတိယမယားဖြစ်ကြောင်း သူ(မ)ကိုသူ(မ) သတိပေးနေသလိုဖြစ်ခဲ့ရသည်။ ၎င်းမှာ နှလုံးသားထဲတွင် စိုက်ဝင်နေသည့်အပ်တစ်ချောင်းကဲ့သို့ဖြစ်ခဲ့ပြီး အိပ်ကောင်းခြင်းမအိပ်ခဲ့ရပေ။ အထူးသဖြင့် ဝေ့လော်ကို သူ(မ)မကျေနပ်ပေ။ ဝေ့လော်အပေါ်ထားသည့် ဝေ့ကွမ်း၏ ချစ်ခြင်းတရားတို့ကို သူ(မ) မနာလိုဖြစ်ခဲ့သည်။ ဝေ့လော်ကမူ ထက်မြက်ရုံမက မျက်နှာလေးကလည်း ချစ်စရာကောင်းလှသည်။ သခင်ကြီး၏ရှေ့တွင် ချစ်စရာအမူအရာများပြုလုပ်ကာ ဝေ့ကျန်းရသင့်သည့် အချစ်များအားလုံးကို လုယူသွားခဲ့သည်။ ထိုအခါ မဒမ်တုက အဘယ်ကြောင့် သဝန်မတိုဘဲရှိလိမ့်မည်နည်း။ ဝေ့လော်နှင့်ယှဥ်လျှင် သူ(မ)၏သမီး ဝေ့ကျန်းက သာမန်ရွက်ကြမ်းရေကျိုသာဖြစ်နေလေသည်။
ဝေ့ကျန်းအတွက် ဖြောင့်ဖြူးသောအနာဂတ်နှင့် ချမ်းသာသောမိသားစုတစ်ခုကို မဒမ်တုက ပြင်ဆင်ပေးလိုသည်။ ပထမဦးစွာ ဝေ့လော်ကိုဖယ်ထုတ်ပြီး အဝေးတစ်နေရာသို့ရောင်းစားလိုက်ပါက ဝေ့လော် ဘယ်တော့မှ ပြန်လာနိုင်တော့မည်မဟုတ်ချေ။ ဝေ့ချောင်ဟုန်ကမူ ကလေးငယ်လေးသာဖြစ်သေးသဖြင့် အလျင်မလိုသေးချေ။ သူ(မ)ကိုယ်တိုင် သားတစ်ယောက်မွေးပြီးသည့်အချိန်မှသာ ချောင်ဟုန်ကိုကိုင်တွယ်ရန် စဥ်းစားရပေမည်။
*****
Aurora Novel Translation Team
Report content on this page