no

Font
Theme

Chapter 23.3

ထိုအခါ ဝေ့ကွမ်းက အော်လိုက်၏။ 




“အားလော်။”




သို့သော် မည်သူကမျှ သူ(မ)ကို မတားခဲ့ချေ။ ၎င်းမှာ ကလေးများကြားမှ ကိစ္စဖြစ်သောကြောင့် တစ်ခါတစ်ရံတွင် လူကြီးများဝင်ပါရန် မသင့်တော်ချေ။ ထို့ပြင် ဝေ့လော်က မိန်းကလေးတစ်ယောက်ဖြစ်ပြီး အသက်လည်းငယ်သေး၏။ သူ(မ) မည်သို့ပင်ဆိုစေကာမူ က‌လေးစကားဟုသာ သတ်မှတ်ထားလေသည်။ 




ဝေ့လော်၏စကားကို ကြားသော် လီစုန့်က လီကျီလျန်ကို လှမ်းကြည့်လိုက်၏။ လီကျီလျန်က မျက်မှောင်ကြုတ်လိုက်ပြီး ဝေ့လော်၏စကားမှာ ဖြစ်နိုင်ခြေရှိနေသည့် မျက်နှာထားမျိုးကို ပြသနေခဲ့သည်။ လီကျီလျန် ဘာမှမပြောရသေးခင်တွင် လီစုန့်က ရယ်လိုက်၏။ သူ့စိတ်ထဲတွင် တစ်ခုခုကိုတွေးလိုက်ပြီးနောက် သူက ဝေ့လော်၏စကားကို သဘောတူလိုက်သည်။




“အဲ့ဒီ့တော့ ဘာလုပ်ချင်တာလဲ။ တစ်ခါမကဘူး နင်ငါ့ကို အခါတစ်ရာ တွန်းချမယ်ဆိုရင်တောင် ကိစ္စမရှိဘူး။”




လီစုန့်က ကိုယ်ခံပညာကို အခြေခံတတ်ထားပြီးဖြစ်၏။ ထို့ပြင် က‌လေးဘဝကတည်းက ရေကူးနည်းကိုလည်း သင်ယူခဲ့သည်။ ထို့ကြောင့် ဝေ့လော်၏စကားကိုကြားသော် သူ မထိတ်လန့်သွားခဲ့ဘဲ စိတ်ဝင်စားစရာကောင်းသည်ဟု ယူဆကာ တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူခဲ့သည်။ ဝေ့လော် တွန်းချသည်ကို ကန်ထဲရေဆင်းချိုးသည်ဟုသာ မှတ်ယူမည်ဖြစ်ပြီး သူ(မ)နှင့်အတူ အပြိုင်ငြင်းဆိုနေမည်မဟုတ်ချေ။




လီကျီလျန်ကမူ သူ၏သား အန္တရာယ်နှင့်ကြုံရမည်ကို စိုးရိမ်သဖြင့် သဘောတူရန် တုံ့ဆိုင်းနေခဲ့သည်။ သို့သော် သူတို့ကို ဘေးမှသာကြည့်နေပြီး ဘာမှဝင်မပြောခဲ့ချေ။ ထိုနည်းလမ်းမှာ သူ၏ရာထူးကို အသုံးပြု၍ အခြားသူကို အနိုင်ကျင့်သည်ဟု မထင်ရတော့ဘဲ ထိုပြဿနာကို ကျေရာကျေကြောင်းဖြစ်စေမည်ဖြစ်သည်။ 




လီစုန့်၏ ယုံကြည်မှုကိုမြင်ရသော် ဝေ့လော် အနည်းငယ်ပြုံးလိုက်မိ၏။ 




‘ရယ်နိုင်တုန်း ရယ်ထားဦးပေါ့ လီစုန့်ရာ။’




*




ထိုအချိန်တွင် ဧကရာဇ်ချုံကျန်းနှင့် ဧကရီမိဖုရားချန်တို့ မရောက်လာကြသေးချေ။ ပွဲသို့ လာရောက်သူတိုင်းမှာလည်း ငန်းရိုင်းစံအိမ်နှင့် မြစ်နံဘေးစံအိမ်တွင် သူတို့ကိုစောင့်ဆိုင်းနေကြသောကြောင့် ဝေ့လော်တို့၏ အခြေအနေကို အများစုက သတိမထားမိကြပေ။ 




ရေကန်၏ ကမ်းစပ်မှာ ချောမွေ့နေပြီး ရေမျက်နှာပြင်နှင့် တစ်ပေကွာသောအမြင့်တွင် ကျောက်တုံးများဖြင့် တည်ဆောက်ထားသည်။ နေရာတိုင်းတွင် ထိုအမြင့်သာဖြစ်၏။ ဝေ့လော်က ကမ်းစပ်တွင်ရပ်ကာ လီစုန့်ကိုလှမ်းကြည့်လိုက်ပြီး 




“ငါနင့်ကို ဒီနေရာကနေ တွန်းလိုက်မယ်။ တကယ်လို့ နင်ပြန်တက်လာရင် ဒီကိစ္စကို ကြေအေးလိုက်ကြတာပေါ့။”




ဝေ့လော်က လီစုန့်ပြောခဲ့သည့်စကားကို ပြန်အတုယူ၍ ပြောလိုက်သည်။ ငယ်ရွယ်သေးသောကြောင့် သူ(မ)အသံတွင် မည်သည်ကိုမျှနားမလည်သည့် ကလေးဆန်မှုများစွာ ပါဝင်နေသော်လည်း သူ(မ)မျက်နှာထားမှာ တောင့်တင်းနေပြီး အေးအေးဆေးဆေးရှိနေခဲ့သည်။ လီစုန့်ကမူ သူ(မ)၏စကားကို ရယ်စရာဟုသာ မှတ်ယူလိုက်ပြီး ဂရုမစိုက်ဘဲ ခေါင်းညိတ်လိုက်သည်။




“ကောင်းပြီလေ။ မြန်မြန်လုပ်။ အချိန်...”




လီစုန့် စကားမဆုံးလိုက်ခင်တွင် ဝေ့လော်က သူ့ရင်ဘတ်ကို အားနှင့်တွန်းထည့်လိုက်သောကြောင့် လီစုန့်မှာ ရုတ်တရက် ကမ်းစပ်မှ နောက်ပြန်ပြုတ်ကျသွားခဲ့ရသည်။ အံ့အားသင့်နေသော မျက်လုံးများဖြင့် “ဗွမ်းခနဲ” ရေထဲသို့ကျသွားပြီးနောက် ကန်ရေများ သူ့ခေါင်းပေါ်သို့ လျင်မြန်စွာ ဖုံးလွှမ်းသွား၏။ ကံကောင်းစွာဖြင့် လီစုန့်ရေကူးတတ်သောကြောင့် တစ်ခဏအချိန်ယူရုံဖြင့် ဟန်ချက်ထိန်းနိုင်ခဲ့သည်။ အသက်ကို သေသေချာချာ ပြန်ရှူလိုက်ရင်း လှည့်ပတ်၍ရေကူးကာ သူ့ကိုယ်သူ ကျေနပ်နေခဲ့သည်။ ရေမျက်နှာပြင်ပေါ်တွင် တစ်ဖန်ပေါ်လာပြီးနောက် ဝေ့လော်ကို ကျေနပ်အားရနေသောမျက်နှာထားနှင့် လှမ်းကြည့်လိုက်သည်။ ထိုအခါ ဘေးမှစောင့်ကြည့်နေသည့် မင်းသားယုရန် (လီကျီလျန်)လည်း သက်ပြင်းချလိုက်မိပြီး သူ့သားကို လှမ်းခေါ်လိုက်တော့သည်။ 




“ဟိတ်ကောင်လေး။ ပြန်မတက်လာသေးဘူးလား။”




သူ ရေကိုအမြန်ကူးကာ ကမ်းစပ်သို့ချဥ်းကပ်လာ၏။ အစောပိုင်းက တွန်းချခံလိုက်ရသည့်နေရာမှ ပြန်တက်မည်ဟု ရည်ရွယ်လိုက်ချိန်တွင် သူ့လက်က ကျောက်တုံးနံရံကို မကိုင်မိသောကြောင့် တစ်ခုခုလွဲနေသည်ဟု သူခံစားလိုက်ရသည်။ ဝေ့လော်က သူ့ရှေ့တွင်ထိုင်ကာ ပြုံး၍ကြည့်နေ၏။ ထိုအပြုံးက အလွန်ထူးဆန်းနေသောကြောင့် သူ့ကို ထိတ်လန့်စေခဲ့သည်။ ဝေ့လော်၏ ထောင်ချောက်ထဲသို့ ကျသွားရသကဲ့သို့ သူခံစားလိုက်ရလေသည်။




လီစုန့် မျက်မှောင်ကြုတ်လိုက်ပြီး 




“ဟေး။ ငါ့ကို ပြန်တက်လို့ရအောင်လုပ်ပေး။”




မူလက ဝေ့လော် ထိုနေရာကိုရွေးခဲ့ခြင်းမှာ ကျောက်တုံးများတွင် ရေညှိတက်နေပြီး ချော်နေသောကြောင့်ပင်။ ထို့ကြောင့် ကန်ထဲမှပြန်တက်ရန် လွယ်ကူလိမ့်မည်မဟုတ်ချေ။ သာမန်အားဖြင့်ဆိုလျှင် လီစုန့်အတွက် ခက်ခဲလိမ့်မည်မဟုတ်သော်လည်း ယခုတွင် ဝေ့လော်က ကမ်းစပ်တွင်ထိုင်ကာ လက်တွင်လည်း သစ်ခက်တစ်ခုကို ကိုင်ထားခဲ့သည်။ လူအုပ်ဘက်ကို ကျောပေးထားရင်း ဝေ့လော်က ထိုသစ်ခက်ဖြင့် လီစုန့်၏လက်ကို ပုတ်ခတ်ကျီစယ်ကာ အထင်သေးစွာပြုံးပြလိုက်ပြီး 




“မတက်လာခဲ့နဲ့။”




လီစုန့်၏မျက်နှာထား ပြောင်းလဲသွားပြီး ဒေါသထွက်သွား၏။ 




“မင်းကများ...”




သူ့ကိုမစောင့်ဘဲနှင့် ဝေ့လော်က လက်ထဲတွင် အားထည့်လိုက်သည်။ သစ်ခက်က သူ့အသားထဲသို့ တိကျစွာ ထိုးဝင်သွား၏။ ထိုအခါ သူ(မ)က အပြစ်ကင်းစွာပြုံးပြလိုက်ပြီး




“ရေထဲဆင်းသွားပါဆို။”




လီစုန့် နာကျင်စွာအော်လိုက်ပြီး လက်ကိုအမြန်ဖယ်လိုက်သည့်အခါ ရေထဲသို့ ပြန်ပြုတ်ကျသွားခဲ့သည်။ ထိုဖြစ်ရပ်များကို ကမ်းပေါ်မှလူတို့ သေသေချာချာမမြင်နိုင်ကြဘဲ လီစုန့်မှာ မိမိကိုယ်ကို ဟန်ချက်မထိန်းနိုင်သောကြောင့် ပြန်ပြုတ်ကျသွားသည်ဟုသာ ယုံကြည်နေကြသည်။ နောက်ဆုံးတွင် လီကျီလျန်က သူ့သားအတွက်စိတ်ပူလာပြီး သက်တော်စောင့်များကို အမြန်ခေါ်လိုက်သည်။




“မင်းသားလေးကို အမြန်ကယ်လိုက်ကြ။ အမြန်။”




သူ့အသံတိတ်သွားချိန်တွင် နောက်ထပ်အသံတစ်ခု ဝင်ရောက်လာခဲ့သည်။




“နေပါဦး။”




ဘေးဘက်တွင် ကျောင်းကျယ်ရပ်နေပြီး ဝေ့လော်ရှိရာဘက်ကို စိတ်ဝင်စားစွာ ငေးကြည့်နေသည်။ ဖြစ်ရပ်များကို မြင်တွေ့လိုက်ပြီးနောက် ကျောင်းကျယ်က လီကျီလျန်အား




“ခုနတုန်းက မင်းသားယုရန်လည်း သဘောတူလိုက်တယ်မဟုတ်လား။ ဒါက သူတို့နှစ်ယောက်ကြားက ကိစ္စဖြစ်သွားပြီလေ။ မင်းသားလေးက သူကိုယ်တိုင် ရေထဲကိုဆင်းသွားချင်တာဆို‌တော့ ပြန်တက်ချင်ရင်လည်း သူကိုယ်တိုင် တက်လာရမှာပေါ့။ ဘာလို့လဲ။ မင်းသားယုရန်က ကိုယ့်သားကို ဒီလောက်လေးတောင် မယုံကြည်ဘူးလား။”




ထိုကိစ္စတွင် မင်းသားကျင်းပါဝင်လာလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် လီကျီလျန် မှင်တက်မိသွားသော်လည်း တုံ့ဆိုင်းစွာဖြင့် ပြန်ပြုံးပြကာ




“အဲ့လိုမဟုတ်ပါဘူး... ဒါက...”




ကျောင်းကျယ်က သူ့ကို စကားပြောခွင့်မပေးလိုက်ဘဲ စကားဖြတ်လိုက်သည်။




“မဟုတ်ဘူးဆိုရင်လည်း သူပြန်တက်လာတာကို စောင့်ပေါ့။”




ကျောင်းကျယ်က လီကျီလျန်ကို အတင်းအကျပ် စောင့်ခိုင်းလိုက်ခြင်းပင်။ 




ရေထဲတွင်။ 




လီစုန့်က အခြားတစ်နေရာမှ အပေါ်သို့တက်လာချင်သော်လည်း ကန်ကို တစ်ပတ်လှည့်ကူးလိုက်ပြီးနောက် သူ(မ)ကို ကျိန်ဆဲလိုက်မိတော့သည်။




‘ဒီကောင်မလေး တမင်လုပ်တာပဲနေမှာ။ ရေကန်ထဲမှာ ရေညှိတွေပြည့်နေတာသိလို့ ငါပြန်တက်လို့မရအောင် တမင်ချောက်ချတာ။’




ရေကန်၏ အခြားနေရာများတွင်လည်း အပေါ်တက်ရန် မဖြစ်နိုင်ခဲ့ချေ။ ဝေ့လော် စောင့်နေသည့် တစ်နေရာတည်းမှသာ အပေါ်တက်နိုင်ခြင်း ဖြစ်ပေလိမ့်မည်။ ထိုအခါ လီစုန့်အလွန်ဒေါသထွက်သွား၏။ ကန်ရေများက သူ့နှာခေါင်းနှင့် ပါးစပ်ထဲသို့ ဝင်လာသောကြောင့် အသက်ရှူမဝဖြစ်နေခဲ့သည်။ ထို့နောက် ပါးစပ်ထဲဝင်လာသည့် ရေများကို မျိုချလိုက်ပြီး ခေါင်းကို ရေပေါ်သို့ဖော်ကာ ဝေ့လော်ကို မကျေမနပ်ကြည့်လိုက်သည်။ 




“မင်း။ တမင်လုပ်တာ မဟုတ်လား။”




ဝေ့လော်က မတ်တတ်ရပ်လိုက်ပြီး ချိုမြိန်စွာရယ်လိုက်လေသည်။




“ဘာကို တမင်လုပ်တာလဲ။ ဘာတွေပြောနေတာလဲ။”




သို့သော် သူ(မ)၏မျက်နှာထားက “အေး ဟုတ်တယ်။ ငါ တမင်လုပ်လိုက်တာ။” ဟု ပြောနေခဲ့သည်။ ဝေ့လော်ကဲ့သို့ အငြှိုးကြီးလှသည့်မိန်းကလေးမျိုးကို လီစုန့် မမြင်ဖူးခဲ့ချေ။ ဝေ့လော်ကို အမှုန့်ချေပစ်လိုက်ရန်သာ သူတွေးမိနေတော့သည်။




“ငါ အပေါ်ပြန်တက်မှရမယ်။”




ဝေ့လော်က ကမ်းပေါ်တွင်ရှိနေပြီး သူက ရေထဲတွင်ရှိနေ‌သောကြောင့် လီစုန့်၏ မာနကြီးသောဟန်ပန်တို့ ကျဆင်းခဲ့ရသည်။ ယခင်ကကဲ့သို့ စိတ်ကြီးဝင်ကာ ဘဝင်မမြင့်တော့သော်လည်း အနည်းငယ် စိတ်ပူပန်မှုကို သူခံစားနေရ၏။ ရေထဲတွင် အချိန်ကြာနေပြီဖြစ်ပြီး သူ၏ အလျင်စလိုကူးခတ်မှုကြောင့် ခြေထောက်နာလာပြီဖြစ်ရာ ကြွက်တက်လာမည်ကို သူစိုးရိမ်နေသည်။ သို့သော်လည်း ဖခင်ဖြစ်သူထံမှ သူအကူအညီမတောင်းချင်ပေ။ မိမိမှာ ယောက်ျားလေးဖြစ်သောကြောင့် ဂုဏ်သိက္ခာကို သေချာပေါက် ထိန်းထားရမည်ပင်။ 




‘မိန်းကလေးတစ်ယောက်ကို ရှုံးသွားတယ်ဆိုတာမျိုး မဖြစ်သင့်ဘူး။ ပြီးတော့ ဒီမိန်းက‌လေးက ငါ့ထက်လည်း (၂)နှစ်တောင်ငယ်တာ။’




ဝေ့လော် ပြုံးနေသော်လည်း မျက်လုံးများက အေးစက်နေလေ၏။




“တက်လာလေ။ ငါနင့်ကို မတားပါဘူး။”




လီစုန့် အံကြိတ်လိုက်၏။ အားလော်မှာ သူ့ကို တားနေခြင်းမဟုတ်ဘဲ သူပြန်တက်လာမည့်လမ်းကို မချန်ထားပေးခြင်းဖြစ်သည်။ 




‘သူ(မ)က တကယ်ပဲ အသက်(၆)နှစ်ပဲရှိသေးတာရော ဟုတ်ရဲ့လား။ ကြံစည်ထားတာက သိပ်ကိုတော်နေတာ။’




သူတို့နှစ်ယောက်လုံး အလျှော့မပေးကြချေ။ တစ်ယောက်ကိုတစ်ယောက် ကြည့်နေရင်း မည်သူက အဆုံးထိတောင့်ခံနိုင်မည်ကို စောင့်ဆိုင်းနေကြသည်။ 




နောက်ဆုံးတွင် မျှော်လင့်ထားသည့်အတိုင်း လီစုန့်ရှုံးနိမ့်သွား၏။ သူ၏ ဘယ်ဘက်ခြေထောက်တွင် ကြွက်တက်သွားသောကြောင့် ခန္ဓာကိုယ်ဟန်ချက်ကို မထိန်းနိုင်တော့ဘဲ ဖြည်းဖြည်းချင်း ရေထဲနစ်သွားရသည်။ ကန်ရေများက သူ့ခေါင်းကို ဖုံးလွှမ်းသွားကြ၏။ ဝေ့လော်က အသံမထွက်ချေ။ တစ်ခဏကြာမှသာ တစ်ခုခုမှားနေကြောင်း ကမ်းပေါ်ကလူတို့ သတိထားမိသွားကြသည်။




မင်းသားယုရန်က သူ၏ အပြင်ကုတ်ကို ချွတ်လိုက်ပြီး သားဖြစ်သူကို ကယ်တင်ရန် သူကိုယ်တိုင် ရေထဲသို့ဆင်းသွားတော့သည်။




“အားစုန့်.... အားစုန့်။”




လီစုန့်ဗိုက်ထဲသို့ ရေများအပြည့်ဝင်သွားသော်လည်း သူ မသေသွားခဲ့ပေ။ သူ့စိတ်ထဲတွင်သာ တွေဝေနေခဲ့၏။ ဝေ့လော်ကို မြင်သော် သူ(မ)ကိုလက်ညှိုးထိုးလိုက်သော်လည်း “မင်း” ဟူသောစကားမှတစ်ပါး မည်သည့်စကားမျှ ထွက်မလာခဲ့ချေ။ တစ်ခဏကြာသော် လီစုန့် သတိလစ်သွား‌တော့သည်။ 




*




ထိုကိစ္စကို သရေပွဲတစ်ခုဟု သတ်မှတ်လိုက်၏။ လီစုန့်က ချောင်ဟုန်ကို ရေထဲတွန်းချလိုက်သောကြောင့် ဝေ့လော်က လီစုန့်ကို ရေထဲပြန်တွန်းချခဲ့သည်။ မည်သူကမျှ မည်သူ့ကို တောင်းပန်စရာမလိုတော့ဘဲ ထိုကိစ္စလည်း ကျေအေးပြီးပြတ်သွားခဲ့သည်။ မင်းသားယုရန်က အလွန်ဒေါသထွက်မိသော်လည်း တစ်ဖက်တွင် မင်းသားကျင်း၏ ကာကွယ်ပေးမှု ရှိနေခဲ့သည်။ ထို့ကြောင့် သူတို့ကို ဘာစကားမျှပြော၍မရတော့ဘဲ ဒေါသများကို မျိုသိပ်လိုက်ရတော့သည်။ 




ယခုနှစ်၏ မွေးနေ့စားသောက်ပွဲကို သာမန်ဓလေ့များအတိုင်း ကျင်းပခဲ့၏။ ဧကရီမိဖုရားချန်ကို ဂုဏ်ပြုပေးလိုက်ပြီးနောက် ပြဇာတ်အတွက် ကန်နံဘေးတွင် စင်တစ်ခုဆောက်လုပ်ရန် ဧကရာဇ်ချုံကျန်းက လူလွှတ်လိုက်၏။ နာမည်ကြီး အနုပညာရှင်များက စင်ပေါ်တွင် “Return of the Phoenix” ကို ဖျော်ဖြေကြ၏။ သူတို့အသံများက အမြင့်သံများဖြစ်သောကြောင့် ကဗျာ၏အဓိပ္ပာယ်မှာ နားလည်ရခက်နေခဲ့သည်။ ဧကရီမိဖုရားကမူ ကဇတ်များကို နားထောင်လေ့မရှိချေ။ ကဇာတ်၏လမ်းတစ်ဝက်ရောက်သော် ထိုနေရာမှထကာ ဧကရာဇ်ချုံကျန်းကိုနှုတ်ဆက်၍ ထွက်သွားခဲ့လေသည်။




ဧကရာဇ်ချုံကျန်း၏ ခေါင်းပေါ်တွင် အဆင်တန်ဆာတစ်ခု ရှိနေ၏။ ထိုသို့ဆင်မြန်းထားသည့်အခါ နှစ်ပေါင်းများစွာကြာသည့်တိုင် သူရဲကောင်းဆန်နေဆဲဖြစ်သော ပုံရိပ်များ သူ့မျက်နှာတွင် ထင်ဟပ်နေခဲ့သည်။ ဧကရီမိဖုရားက စားသောက်ပွဲမှ ပြန်တော့မည့်အကြောင်းကို ကြားလိုက်ပြီးနောက် သူက သူ(မ)ကိုလှမ်းကြည့်ကာ ပြုံးပြလိုက်ပြီးနောက် အလွန်နူးညံ့သောပုံစံအဖြစ် ပြောင်းလဲကာ 




“မိဖုရားက သွားမယ်ဆိုမှတော့ ငါကိုယ်တော်လည်း ဘာဖြစ်လို့ ဒီမှာတစ်ယောက်တည်း နေခဲ့လို့ သင့်တော်‌တော့မှာလဲ။ ကိုယ်တော်တို့ အတူတူသွားသင့်တာပေါ့။”




“မဟုတ်တာ။ ကျွန်တော်မျိုးမက ဒီကို ချောင်ရှန်းနဲ့အတူလာတာပါ။ အခုက သူနဲ့ စကားပြောစရာကိစ္စလေး ရှိသွားလို့။ မင်းကြီးက တိုင်းပြည်ရေးရာကိစ္စတွေနဲ့ အလုပ်များနေတာဆိုတော့ အားလပ်ချိန်ဆိုတာ သိပ်မရှိဘူးလေ။ အရာရှိတွေနဲ့အတူ အချိန်ဖြုန်းရင်း စကားစမြည်ပြောတာက ပိုကောင်းပါလိမ့်မယ်။”




ဧကရီမိဖုရားက ဧကရာဇ်၏မျက်နှာကိုကြည့်ကာ ငြင်းဆန်လိုက်ပြီး သူ့ကို စကားပြန်ပြောခွင့်မပေးခဲ့ချေ။ ထို့နောက် သူ(မ)က အောက်တွင်ထိုင်နေသည့် ကျောင်းကျယ်ကို လှမ်းခေါ်၍




“သားတော်၊ လာဦး။ မယ်တော် ပြန်တော့မလို့။ လိုက်ပို့ဦး။”




ချောင်ရှန်းဟူသည်မှာ ကျောင်းကျယ်၏ ငယ်နာမည်ဖြစ်၏။ “တောင်းဆု”ဟူသည့်အဓိပ္ပာယ်ကို ရည်ညွှန်း၍ ပေးထားသောအမည်ဖြစ်သည်။ ဧကရီမိဖုရား၏ တောင်းဆုမှာ သူ(မ)၏ ကလေးနှစ်ယောက် အသက်ရှည်ရှည်နှင့် ငြိမ်းချမ်းသောဘဝတွင် နေထိုင်ရစေရန်ပင်။ 




ကျောင်းကျယ်က မတ်တတ်ရပ်လိုက်ပြီး ဧကရာဇ်ချုံကျန်းကို နှုတ်ဆက်ကာ ဧကရီမိဖုရားကိုခေါ်၍ ထွက်လာခဲ့သည်။ ဧကရာဇ်မှာ နဂါးထိုင်ခုံတွင်ထိုင်ရင်း အချိန်ကြာသည့်တိုင် ခံစားချက်မဲ့သည့် မျက်နှာမျိုး ဖြစ်နေခဲ့လေသည်။ 




*




ချင်းရှီနန်းတော်၊ ကျောင်းယန်ခန်းမတွင်။ 




သစ်မာထိုင်ခုံပေါ်တွင် ဧကရီမိဖုရား ထိုင်နေပြီး အထိန်းတော်ချူပြောပြသည့် အကြောင်းအရာများကို နားထောင်နေသည်။ အထိန်းတော်ချင်းက မင်းသမီးထျန်းကျီကို ဆေးသောက်ရန်တိုက်တွန်းပေးခဲ့သည့် ဝေ့လော်အကြောင်း ပြောပြနေခြင်းပင်။ 




“... အဲ့ဒါနဲ့ မင်းသမီးက ဆေးကိုချက်ချင်းပဲ သောက်မယ်ဆိုပြီးဖြစ်သွားတာပါပဲ။ မိဖုရား။ မြို့စားယင်းအိမ်တော်ရဲ့ စတုတ္ထသခင်မလေးက တကယ့်ကို ထူးချွန်တဲ့မိန်းကလေးပါ။”




ထိုင်ခုံထွင်ထိုင်ကာ လက်ထဲတွင် ကြွေပုလင်းတစ်လုံးကို ကိုင်ထားရင်း မိဖုရားက သေသေချာချာနားထောင်နေခဲ့သည်။




“အဲ့ဒီ့မိန်းကလေးက အသက်(၆)နှစ်ပဲ ရှိသေးတယ်လို့ အထိန်းတော်ကြီး ပြောလိုက်တာလား။ ဒါဆို သူ(မ)က ဘာဖြစ်လို့ ဒီလောက်ထိသိတတ်နေရာတာလဲ။”




“သူ(မ)က လျူလီကို စကားနည်းနည်းလေးပြောပြီး ထိန်းချုပ်နိုင်ခဲ့တာ။ လျူလီ သူ(မ)ကို အလုံးစုံယုံကြည်သွားအောင် သူ(မ)လုပ်နိုင်ခဲ့တာပဲ။” 




အထိန်းတော်ချူနှင့် အခြားနန်းတွင်းအစေခံများ ပြောပြသည့်စကားကိုသာ မကြားရပါက ဧကရီမိဖုရားလည်း ယုံနိုင်လိမ့်မည်မဟုတ်ချေ။




အထိန်းတော်ချူက ခေါင်းတညိတ်ညိတ်နှင့် ထပ်ပြောလိုက်ပြန်၏။




“ဒါတင်မကသေးပါဘူး။ အဲ့ဒီ့ စတုတ္ထသခင်မလေးက ကြက်တောင်ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ကန်တတ်သေးတယ်...”




သစ်နက်ခုံပေါ်တွင် ထိုင်နေသည့် ကျောင်းကျယ်က အေးဆေးတည်ငြိမ်သောဟန်ပန်ကို ထိန်းထားသော်လည်း သူ့မျက်လုံးများတွင် အပြုံးရိပ်လေး ရှိနေခဲ့သည်။ ဝေ့လော်ကို ချီးကျူးနေသည့် အထိန်းတော်ချူ၏စကားများကို နားထောင်နေရင်း ထိုအချိန်က သူမြင်တွေ့ခဲ့ရသည့်မြင်ကွင်းကို ပြန်မြင်ယောင်နေခဲ့သည်။ ဝေ့လော်၏ဆံပင်ပေါ်မှ အနီရောင်ဖဲကြိုးများမှာ လေတိုက်သဖြင့် သူ(မ)မျက်နှာကို ရိုက်ခတ်လာ၏။ သူ(မ)မျက်လုံးများကမူ လေထဲမှကြက်တောင်ကိုသာ အာရုံစိုက်နေခဲ့သည်။ သူ(မ)ကို လှမ်းကြည့်နေသည့် ကျောင်းကျယ်ကိုပင် သူ(မ) သတိမထားမိခဲ့ချေ။ သူ(မ)မျက်လုံးများမှာ စမ်းရေကြည်ကဲ့သို့ ကြည်လင်တောက်ပနေပြီး အသက်ဝင်နေခဲ့သည်။ စကားလုံးအချို့ဖြင့်လည်း အခြားသူများကို လှည့်စားနိုင်သေး၏။ 




‘အဲ့ဒီ့မျက်လုံးတွေနဲ့ အပြစ်ကင်းချင်ယောင်ဆောင်ပြီး ကြည့်လိုက်ပြီဆိုရင်တော့ သူ(မ)စိတ်ထဲမှာ တစ်ယောက်ယောက်ကိုခံစားရအောင်လုပ်ဖို့ အစီအစဥ်ဆွဲနေပြီဆိုတာ သေချာပြီးသားပဲ။ တကယ့်ကို စိတ်ဝင်စားစရာကောင်းတာ။'




ကျောင်းကျယ် မေးထောက်လိုက်ပြီး ယနေ့မြင်တွေ့ခဲ့ရသော လီစုန့်ကို အနိုင်ကျင့်နေသည့် ဝေ့လော်၏ပုံရိပ်ကို ပြန်တွေးကြည့်နေမိသည်။ 




‘ငါဘယ်လိုလုပ် မေ့နိုင်မှာလဲ။ အဲ့ဒီ့မိန်းကလေးက လူတစ်ယောက်ရဲ့မျက်နှာကို ဆံထိုးနဲ့လှမ်းခြစ်ခဲ့တဲ့ ဒေါသအိုးလေး။ သူ(မ)ကို အနိုင်ကျင့်တဲ့သူကတော့ သေချာပေါက် အဆုံးသတ်လှမှာမဟုတ်ဘူး။’ 




ကျောင်းကျယ်က ဧကရီမိဖုရားကို ကြည့်လိုက်ပြီး 




“မယ်တော်၊ လျူလီရဲ့ စာသင်ဖက်ကို ရွေးချယ်ဖို့ ဆုံးဖြတ်ပြီးသွားပြီလား။”




*****




Aurora Novel Translation Team



Report content on this page

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment