no

Font
Theme

Chapter 29.1

ကလေးများ၏လက်တွင် အားသိပ်မရှိတတ်ချေ။ ထို့ကြောင့် အခြား အကူအညီမပါဘဲနှင့် စပျစ်သီး တစ်ခိုင်လုံးကို မခူးနိုင်ချေ။ ဝေ့လော် (၂)ကြိမ် စမ်းသပ်ကြည့်ပြီး မအောင်မြင်သည့်အခါ ကျောင်းကျယ်ကို ချီခိုင်းပြီးမှ ခူး၍ရလာသော စပျစ်သီးများကိုသာ စားတော့မည်ဟု ဆုံးဖြတ်လိုက်သည်။


စပျစ်သီးခိုင်တွင် ရှိနေသော အဝိုင်းဆုံးနှင့် အကြီးဆုံး စပျစ်သီးကို ဝေ့လော် လှမ်းခူးလိုက်၏။ ချက်ချင်း ပါးစပ်ထဲထည့်တော့မည့်အချိန်တွင် တစ်ချက် ငုံ့ကြည့်လိုက်သည့်အခါ သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းနေသည့် ကျောင်းကျယ်၏ မျက်လုံးတစ်စုံနှင့် အကြည့်ချင်းဆုံလိုက်တော့သည်။ အကြံတစ်ခုရလာပြီး အလိုက်သိတတ်သော ဝေ့လော်က ထိုစပျစ်သီးကို ကျောင်းကျယ်၏ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။


"အစ်ကို။ စပျစ်သီးစားပါဦး။"


ဧကရီမိဖုရားချန် စိုက်ပျိုးထားသည့် သစ်သီးများမှာ အလွန်သန့်ရှင်းပြီး ဥယျာဥ်ကို ဂရုစိုက်သူများမှာလည်း အပြည့်အစုံရှိလေသည်။ ထို့ကြောင့် ထိုသစ်သီးများကို ခူးပြီးသည်နှင့် ချက်ချင်း စားနိုင်ပေသည်။ သို့သော် ကျောင်းကျယ်မှာ ချေးများတတ်သူဖြစ်၏။ သစ်သီးများကို ရေမဆေးဘဲ မစားတတ်ချေ။ ဝေ့လော်ကျွေးသည်ကို မစားသည့်အခါ ဝေ့လော်က ဂရုမစိုက်ဘဲ သူ(မ)ကိုယ်တိုင် မြိန်ရှက်စွာ စားလိုက်တော့သည်။ တစ်ခဏကြာသော် စပျစ်နွယ်၏ တစ်ဝက်လောက် ကုန်သွား၏။ ကျောင်းကျယ် သူ(မ)ကို ပြန်ချပေးသည့်အခါတွင် သူ(မ) ဗိုက်ပြည့်နေပြီး ဗိုက်ပူလေး ဖြစ်နေလေပြီ။ သို့သော်လည်း သူ(မ)ပုံစံက ဆက်စားချင်နေသေးသကဲ့သို့ပင်။


‌ကျောင်းကျယ်က ရယ်မောလျက် သူ(မ)အား


"အများကြီးစားရင် ဗိုက်အောင့်လိမ့်မယ်။"


အစပိုင်းတွင် ဝေ့လော် သူ့စကားကို မယုံခဲ့ချေ။ ကျောင်းကျယ်က သူကိုယ်တိုင် စပျစ်သီးမစားရသောကြောင့် တမင်တကာပြောသည်ဟုသာ ဝေ့လော်ထင်ခဲ့သည်။ သို့သော် ဧကရီမိဖုရားချန် ကိုယ်တိုင်ချက်ပြုတ်ပေးသည့် ပင်လုံးကြိုင်ပန်း ကြက်ဥဟင်းရည်ကို စားလိုက်ပြီး မြို့စားယင်းအိမ်တော်သို့ ပြန်ရန် ရထားလုံးပေါ်သို့ တက်လိုက်သည့်အချိန်တွင် သူ(မ) စတင်၍ ဗိုက်နာလာတော့သည်။ ထိုနာကျင်မှုမှာ ချက်ချင်း ပြင်းထန်လာခြင်းမဟုတ်ဘဲ တဖြည်းဖြည်း နာကျင်လာခြင်းဖြစ်သည်။ အစပိုင်းတွင် ခံနိုင်နေသေးသော်လည်း အိမ်သို့ပြန်ရောက်သည့်အခါ ဝေ့လော် တစ်မျက်နှာလုံး ‌ချွေးများပြန်နေပြီး နာကျင်မှုကြောင့် တုန်ယင်နေပြီဖြစ်သည်။


ထိုအဖြစ်အပျက်က ဝေ့ကွမ်းနှင့် ချောင်ဟုန်ကို ထိတ်လန့်သွား‌စေ၏။ ဝေ့ကွမ်းက ချက်ချင်းပင် အစေခံမိန်းကလေးတစ်ယောက်အား သမားတော်ပင့်စေလိုက်သည်။ သမားတော် ရောက်လာသည့်အခါ ဝေ့လော် အော့အန်နေပြီး ဝမ်းလျှောနေလေပြီ။ သူ(မ)မျက်နှာကလည်း လူမမာရုပ်ပေါက်နေပြီး သူ(မ)ခန္ဓာကိုယ်ကလည်း ချက်ချင်း ပိန်ကျသွားခဲ့သည်။ သူ(မ)၏ လက်ကောက်ဝတ်ကိုကိုင်ကာ စမ်းသပ်လိုက်ပြီးနောက် သမားတော်က စိုးရိမ်စရာမရှိကြောင်း ပြောပြခဲ့၏။ အေးစက်သည့် သစ်သီးစိမ်းကို အလွန်အကျွံစားခဲ့သောကြောင့် အစာချေလမ်းကြောင်းတွင် ပြဿနာဖြစ်ရခြင်းပင်။


ကလေးများ၏ ခန္ဓာကိုယ်မှာ အလွန် နူးညံ့သေး၏။ သာမန်အတိုင်း အမြဲလိုလို တက်ကြွနေသူများ ဖြစ်သည့်တိုင် အသေးစိတ်ကအစ သတိထားကာ ဂရုစိုက်ပေးရန် လိုအပ်သည်။


သမားတော် ရှင်းပြနေချိန်တွင် ဝေ့ကွမ်းက နံဘေးတွင်ရပ်ကာ သေသေချာချာနားထောင်နေ၏။ သမားတော်က ဆေးအညွှန်းတစ်ခု ရေးပေးလိုက်သည့်အခါမှသာ ဝေ့ကွမ်း သက်ပြင်းချနိုင်တော့သည်။


တစ်ခဏကြာသော် ဆေးအညွှန်းအတိုင်း ဆေးပြင်ဆင်ကာ ကျင်းလုရောက်လာ၏။ ထိုဆေးကို ဝေ့လော်အား သေသေချာချာတိုက်လိုက်ပြီးနောက် သူ(မ)က စိုးရိမ်စွာဖြင့်


"မမလေး။ နန်းတော်မှာ ဘာတွေစားခဲ့လို့ ဒီလောက်ထိ ဗိုက်နာသွားရတာလဲ။"


ဝေ့လော်က ခေါင်းအုံးကြီတစ်ခုကို လှမ်းမှီလိုက်၏။ သူ(မ)ပုံစံမှာ နာမကျန်းဖြစ်ပြီး အားနည်းနေလေသည်။


"စပျစ်သီး စားတာ။ အများကြီး စားမိသွားလို့။"


ထိုသို့ပြန်ပြောလိုက်ချိန်တွင် ကျောင်းကျယ်၏ သတိပေးစကားကို ဝေ့လော် ပြန်ကြားယောင်နေမိသည်။ ကျောင်းကျယ်ကို တိတ်တဆိတ် အထင်လွဲမိခဲ့သော်လည်း တကယ်တမ်းတွင်မူ ကျောင်းကျယ်ပြောသည့်အတိုင်း ဖြစ်လာခဲ့လေသည်။ ယခုတွင် သူ(မ)ဗိုက်နာနေပြီဖြစ်ပြီး မနက်ပိုင်း အတန်းများကို တက်နိုင်‌တော့မည် မဟုတ်ချေ။ ထို့ကြောင့် ဝေ့လော် ပြန်ကောင်းသည်အထိ ရက်အနည်းငယ် ခွင့်တိုင်ရန် ဧကရီမိဖုရားအား သတင်းပို့ရပေတော့မည်။


ကံကောင်းစွာဖြင့် ဆေးသောက်ပြီးနောက် ဝေ့လော် အတော်လေးနေပြန်ကောင်းကာ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ မဖြစ်တော့ချေ။ သူ(မ)၏ခန္ဓာကိုယ်တွင် အားအင်အချို့ ပြန်ပြည့်လာပြီး အစကကဲ့သို့ မဆိုးဝါးတော့ချေ။


ဝေ့လော် နေမကောင်းဖြစ်သည့်သတင်းကို ကြားသည့်အခါ မဒမ်များနှင့် အခြားသူများ အပြေးအလွှား ရောက်လာကြ၏။ မကြာသေးမီက ဝေ့လော်မှာ မြို့စားယင်းအိမ်တော် မိသားစုတွင် နာမည်အကြီးဆုံးလူ ဖြစ်ခဲ့သည်။ မင်းသမီးလေး ထျန်းကျီ၏ စာသင်ဘက်အဖြစ် နန်းတော်သို့ ဝင်ခွင့်ရခဲ့ရုံမက ဧကရီမိဖုရား၏ မျက်နှာသာပေးခြင်းကိုလည်း ခံခဲ့ရသောကြောင့်ပင်။ ထိုအချိန်ကတည်းကစ၍ ဧကရီမိဖုရားချန်မှာ ဝေ့လော်တို့၏ ပဥ္စမမိသားစုကို လက်ဆောင်များ မကြာခဏပို့ပေးတတ်သောကြောင့် အခြားမိသားစုများကလည်း အလွန်အားကျနေခြင်းဖြစ်သည်။ဝေ့လော်၏အဖွားဖြစ်သူ မဒမ်ကြီးမှာ ယခင်အတိတ်က သူ့သားနှစ်ယောက်ကြားတွင် ရန်စဖြစ်စေခဲ့သည့် ကျောင်းမြောင်လန်အပေါ် မကျေနပ်ခဲ့ခြင်းကြောင့် ဝေ့လော်ကိုလည်း သဘောမကျခဲ့ချေ။ သူ(မ)၏သားနှစ်ယောက်မှာလည်း ယခုချိန်အထိ အချင်းချင်း မတည့်ကြသေးပေ။ သာမန်အားဖြင့် မဒမ်ကြီးမှာ ဝေ့လော်နှင့် ချောင်ဟုန်တို့အပေါ် အေးစက်စက်လည်း မဆက်ဆံသကဲ့သို့ နွေးနွေးထွေးထွေးလည်း မဆက်ဆံခဲ့ပေ။ တစ်ခါတစ်ရံတွင်တော့ သူတို့ကို ဂရုစိုက်သည့် စကားအချို့ ပြောတတ်လေသည်။ သို့သော်လည်း ၎င်းမှာ အဖွားတစ်ယောက်က မြေးများအပေါ်ထားသည့် ချစ်ခြင်းမေတ္တာနှင့်ယှဥ်လျှင် များစွာ ဝေးကွာနေဆဲပင်။ သို့သော် ယခုတွင် ဧကရီမိဖုရားချန်က ဝေ့လော်ကို မျက်နှာသာပေးနေသည့်အခါ သူ(မ)၏ ဝေ့လော်အပေါ်ထားသည့် သဘောထားများလည်း ပြောင်းလဲလာခဲ့သည်။ ယခင်ကကဲ့သို့ အမြဲလျစ်လျူရှုထားခြင်းမျိုး မဟုတ်တော့ဘဲ ဝေ့လော်ကိုတွေ့တိုင်း ပြုံးပြတတ်လာခဲ့သည်။


ဝေ့လော်မှာ မဒမ်ကြီး သူ(မ)ကိုမကြိုက်ကြောင်း သိထားသောကြောင့် မဒမ်ကြီးနှင့် ရင်းနှီးရန် မကြိုးစားခဲ့ချေ။ ထိုအိမ်တော်ထဲတွင် ဝေ့လော် အရင်းနှီးဆုံးမှာ သူ(မ)၏ စတုတ္ထအဒေါ်ပင်။ စတုတ္ထအဒေါ်မှလွဲ၍ အခြားသူများမှာ ဝေ့လော်အတွက် အရေးမပါလှချေ။


ဝေ့လော်၏ခန္ဓာကိုယ်မှာ အားနည်းနေဆဲဖြစ်သောကြောင့် အိပ်ရာထဲတွင်လှဲနေကာ မျက်နှာကိုသာ ဖော်ထားသည်။ ထို့နောက် သူ(မ)က အိပ်ရာနံဘေးတွင်ရှိနေကြသော လူများကို တစ်ချက်ကြည့်လိုက်ပြီး မဒမ်ချင်းဆီသို့ အကြည့်ရောက်သွားသည်။


"စတုတ္ထအဒေါ်... အားလော်နဲ့ နေပေးပါ..."


မဒမ်ချင်းလည်း ဝေ့လော်အနားသို့ ကပ်လာလိုက်ပြီး အိပ်ရာဘေးတွင်ထိုင်ကာ ဝေ့လော်၏ခေါင်းကို အမြန် ပွတ်သပ်ပေး၍


"အေးပါကွယ်။ အဒေါ် အားလော်အနားမှာ နေပေးပါ့မယ်နော်။"


ဝေ့လော် ဘေးကင်းသွားပြီဖြစ်ကြောင်း သိလိုက်ရသည့်အခါ သတင်းလာမေးသူများ တစ်ယောက်ပြီးတစ်ယောက် ပြန်ထွက်သွားကြ၏။ ထိုအခါ အခန်းထဲတွင် ပို၍ အေးချမ်းသွားခဲ့သည်။ ယခုတွင် ဝေ့လော် ပင်ပန်းနေပြီဖြစ်သောကြောင့် မျက်လုံးကိုမှိတ်ထားလိုက်ရင်း တစ်ခဏကြာသော် ချက်ချင်းပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့သည်။


*


ဝေ့လော် နေမကောင်းဖြစ်နေသည်မှာ (၃)ရက်ရှိလေပြီ။ ထို(၃)ရက်လုံးတွင် သူ(မ) အတန်းမတက်ချေ။ ပထမ (၂)ရက်တွင် ကျောင်းလျူလီ သည်းခံနိုင်ခဲ့သော်လည်း တတိယရက်သို့ရောက်သော် သူ(မ) ပေါက်ကွဲလေ၏။ အကြောင်းမှာ နောက်တစ်ရက်တွင် ဝေ့လော်ရောက်လာပြီး သူ(မ)ဘေးတွင် အဖော်ပြုပေးမည်ဟု အထိန်းတော်ချူက လိမ်ပြောထားသောကြောင့်ပင်။ သို့သော် ယခုတွင် တတိယနေ့သို့ ရောက်သည့်တိုင် ဝေ့လော် အတန်းလာမတက်ခဲ့ချေ။


'ဝေ့လော် ပြန်မလာတော့ရင် ဘယ်လိုလုပ်မလဲ။'


မင်းသမီးလေး ထျန်းကျီတွင် သူငယ်ချင်းဟူ၍ အမြောက်အမြားမရှိသောကြောင့် ဝေ့လော်ကို အလွန် အလေးအနက်ထားခဲ့သည်။ ဝေ့လော် နေမကောင်းဖြစ်နေသဖြင့် နေကောင်းပါက အတန်းသို့ ပြန်လာတက်မည်ဖြစ်ကြောင်း အထိန်းတော်ချူက နားချသည့်အခါ လျူလီ နားမထောင်နိုင်တော့ချေ။ ယနေ့တွင်မူ မည်သို့ပင်ဆိုစေကာမူ ဆေးမသောက်နိုင်ဟု ကျောင်းလျူလီက ဆိုလာခဲ့သည်။ ဆေးတိုက်သည့် အခါတိုင်းလည်း ပြန်ထွေးထုတ်နေ၏။ ဝေ့လော်ရောက်လာမှသာ သူ(မ) ဆေးကို လိမ်လိမ်မာမာသောက်မည်ပင်။


သို့သော်လည်း မြို့စားယင်းအိမ်တော်၏ စတုတ္ထသခင်မလေးမှာ အမှန်တကယ် ဖျားနာနေခြင်းပင်။


အထိန်းတော်ချူလည်း အချိန်ဆွဲမနေတော့ဘဲ ထိုအကြောင်းကို ဧကရီမိဖုရားအား သတင်းပို့ရန် ကျောင်းယန်ခန်းမသို့ အပြေးသွားလိုက်သည်။ ထိုနေရာတွင် ကျောင်းကျယ်နှင့် ကောင်းသန်းယန်တို့လည်း ရှိနေကြ၏။ ကျောင်းကျယ်မှာ ဧကရီမိဖုရားကို အရိုအသေပေးရန် ရောက်လာခြင်းဖြစ်ပြီး ကောင်းသန်းယန်မှာ သူ(မ)၏အဒေါ်ဆီသို့ လာရောက်လည်ပတ်ခြင်း ဖြစ်သောကြောင့် သူတို့နှစ်ယောက် ဆုံသွားခြင်းပင်။


အထိန်းတော်ချူက လာရင်းကိစ္စကို အမြန်လျှောက်တင်လိုက်၏။


'မိဖုရား။ ကျွန်တော်မျိုးမတို့ ဘယ်လိုလုပ်ကြမလဲ။"


ဧကရီမိဖုရားလည်း စိတ်ပူလာသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။


"အားလော်ရော ဘယ်လိုအခြေအနေရှိလဲ။ နန်းတော်ထဲကို ပြန်လာနိုင်ပြီလား။"


အထိန်းတော်ချူက


"စိုးရွံ့မိပါတယ် မိဖုရား။ အားလော် မလာနိုင်သေးပါဘူး။ ဒီမနက်ပဲ မြို့စားယင်းအိမ်တော်က လူတစ်ယောက် သတင်းလာပို့သွားပါတယ်။ ကြည့်ရတာ စတုတ္ထသခင်မလေး အားလော်က အိပ်ရာထဲ လှဲနေရတဲ့ပုံပါပဲ မိဖုရား။"


'အဲ့ဒါမှ ခက်ပြီ။ တစ်ယောက်ကလည်း နန်းတော်ကို မလာနိုင်သေးဘူး။ တစ်ယောက်ကလည်း ဆေးမသောက်ဘူးတဲ့။ ဒီကိစ္စက ငါ့ကို စိတ်ပူပန်အောင် လုပ်နေတာပဲ။'


သူတို့နံဘေးတွင်ရှိသော သစ်သားထိုင်ခုံတွင် ထိုင်နေသည့် ကျောင်းကျယ်မှာ အရာအားလုံးကို ကြားခဲ့လေ၏။ ထို့နောက် သူက


"ဝေ့လော် နေမကောင်းဖြစ်နေတာလား။"


ဧကရီမိဖုရားက ခေါင်းညိတ်ပြလိုက်ပြီး အလွန်စိတ်ရှုပ်နေသော မျက်နှာထားဖြင့်


"မနေ့ ရှေ့ရက်ကအထိတော့ အကောင်းကြီးပါ။ ဒါပေမဲ့ ဘာဖြစ်လို့ ရုတ်တရက်ကြီး နေမကောင်းဖြစ်သွားရလဲ မသိဘူး။ မယ်တော်ကြားတာတော့ သူ(မ)အဖျားက ပေါ့သေးသေးမဟုတ်ဘူးတဲ့။ ရှေ့နှစ်ရက်လုံးလည်း သူ(မ) အတန်းမတက်နိုင်ဘူးလေ။"ကျောင်းကျယ်က သူ့မျက်နှာထားကို ထိန်းထားရင်း "အင်း" ဟု ပြန်ပြောကာ တွေးဆကြည့်လိုက်သည်။ ထို့နောက် သူ မည်သည်ကိုမျှ ထပ်မမေးတော့ချေ။ သူနှင့် မလှမ်းမကမ်းတွင်ရှိနေသော ကောင်းသန်းယန်က ဝေ့လော်၏အမည်ကိုကြားသော် ချက်ချင်း မေးလိုက်လေ၏။


"အဒေါ် မိဖုရား။ အခုပြောနေတာက မြို့စားယင်းအိမ်တော်က စတုတ္ထသခင်မလေး ဝေ့လော်ရဲ့အကြောင်းလား။"


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment