Chapter 31.2
ဝေ့ချောင်က
"မင်းဘာဖြစ်လို့ ဒီလိုတွေ လုပ်ခဲ့ရတာလဲ။"
မဒမ်လျူ မတ်တတ်ရပ်လိုက်သည်။ လဲကျလုနီးပါး အားနည်းနေသည့်အသံဖြင့် သူ(မ) ပြန်မေးလိုက်လေ၏။
"ဘယ်အချိန်ကတည်းက သိနေတာလဲ။"
"ဘယ်တုန်းကသိတယ်ဆိုတာ မင်းသိစရာ မလိုပါဘူး။"
ဝေ့ချောင် သူ(မ)ကို ထပ်မကြည့်ချင်တော့သကဲ့သို့ သူ(မ)ဆီမှ အကြည့်လွှဲလိုက်သည်။ ထို့နောက် သူက မျက်မှောင်ကြုတ်လိုက်ပြီး အချိန်ကြာကြာ စဥ်းစားလိုက်ပြီးနောက်
"ဝေ့ယာက အရမ်းငယ်သေးတယ်။ သူ(မ)အနေနဲ့ မိခင်ကို လိုအပ်သေးတာမို့ ငါမင်းကို မကွာရှင်းဘူး။ ဒါပေမဲ့ ဒီကိစ္စကိုတော့ ပဥ္စမညီလေးကို ငါအသိပေးရလိမ့်မယ်။ ဝေ့လော်က အခုထိ အိပ်ရာထဲ လှဲနေရတုန်းပဲ။ အခုထိ မသက်သာလာသေးဘူး။ အခုဆို သေမင်းတံခါးဝတောင် ရောက်နေပြီ။ မင်းက အတော်လေးကို အကြင်နာတရား ကင်းမဲ့တဲ့မိန်းမပဲ။ မင်းအတွက်တော့ နေ့ရက်တိုင်းက လွယ်ကူပြီး သက်သောင့်သက်သာရှိနေမှာပေါ့။ ဒါပေမဲ့ နောက်ရက်တွေမှာ မင်း ဒီအိမ်ကနေ ဘယ်မှမသွားရဘူး။ အခန်းထဲမှာပဲနေပြီး ကျမ်းစာတွေကို ကူးရေးနေ။ ကြားလား။"
ထိုသို့ပြောလိုက်ပြီးနောက် စားပွဲပေါ်မှ ရွှေနားကပ်တစ်စုံကို သူပြန်ကြည့်လိုက်သည်။ ထို့နောက် ဝေ့ချောင်က ထပ်မံ၍
"ဒီလက်ဝတ်ရတနာတွေကို မင်းမကြိုက်တော့ဘူးဆိုတော့ ဒီအိမ်မှာရှိတဲ့ လက်ဝတ်ရတနာတွေ အားလုံးကိုလည်း သူများကိုပေးလိုက်တော့။ မင်းက ဝေ့လော်အပေါ် စပြီး အမှားလုပ်ခဲ့တာဆိုတော့ ဒီပစ္စည်းတွေကို သူ(မ)ကိုပေးလိုက်။ နောက်ပိုင်းကျရင် သူ(မ)အိမ်ထောင်ပြုတဲ့အခါ အသုံးဝင်သွားလိမ့်မယ်။"
မဒမ်လျူမှာ အလှအပပစ္စည်းများကို လွန်စွာမက်မောနှစ်သက်တတ်သည့် အမျိုးသမီးပင်။ နှစ်ပေါင်းများစွာ စုဆောင်းထားသည့် လက်ဝတ်တန်ဆာအားလုံးကို သူ(မ)မချစ်သော ကလေးတစ်ယောက်အား ပေးလိုက်ရန်မှာ သူ(မ) အသက်သေသွားသည်ထက်ပင် ပို၍ဆိုးနေလေ၏။ သူ(မ)၏နှလုံးသားကို အရှင်လက်လက် လှီးထုတ်သွားသကဲ့သို့ သူ(မ)ခံစားလိုက်ရလေသည်။
ထိုအခါ မဒမ်လျူက
"သခင်ကြီး... ဒါတွေအားလုံးကို ပေးလိုက်ရမယ်ဆိုရင် နောင်မှာ ကျွန်မတို့ရဲ့ အားယာလေးကရော ဘယ်လိုလုပ်မှာလဲ။ အားယာအတွက်လည်း လက်ထပ်တဲ့အခါ ဒီပစ္စည်းတွေ လိုအပ်သေးတယ်လေ။"
ထိုအကြောင်းပြချက်က ဝေ့ချောင်ကို မတုန်လှုပ်သွားစေခဲ့ချေ။ သူက အင်္ကျီလက်ကိုခါထုတ်ကာ သူ(မ)ကို ဖယ်ထုတ်လိုက်ပြီး
"အားယာက ယင်းမိသားစုရဲ့ သမီးတစ်ယောက်ပဲ။ လက်ထပ်တဲ့အခါကျရင် ဘာမှ မျက်နှာငယ်စရာမလိုဘူး။"
ထိုသို့ပြောပြီးနောက် စကားတစ်ခွန်းမျှ ထပ်မပြောတော့ဘဲ ဝေ့ချောင် အခန်းထဲမှ ထွက်သွားလေတော့သည်။ မဒမ်လျူ၏နှလုံးသားတစ်ခုလုံး အေးစက်သွားပြီး ကူကယ်ရာမဲ့စွာဖြင့် ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်သည်။ သူ(မ)စိတ်ထဲတွင် ဝေ့ချောင်၏စကားလုံးများကို ကြားယောင်နေဆဲပင်။ ယခုချိန်အထိ သူ(မ) မယုံနိုင်သေးဘဲ အိပ်မက်မက်နေသည်ဟု ခံစားနေရဆဲ။
'သူ ဘယ်လိုလုပ်ပြီး သိသွားရတာလဲ။ ဘယ်တုန်းက သိသွားတာလဲ။ နောင်မှာ ငါသူနဲ့ ဘယ်လို မျက်နှာချင်းဆိုင်ရတော့မှာလဲ။'
ထို့နောက် နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော လက်ဝတ်တန်ဆာများအကြောင်း သူ(မ) တွေးကြည့်လိုက်သည်။ အပိုင်းအစ တစ်ခုချင်းစီ၊ သေတ္တာတစ်ခုချင်းစီတိုင်း ဝေ့လော်ကို ပေးလိုက်ရတော့ပေမည်။ သူ(မ) နောင်တရလွန်းသဖြင့် ရင်ဘတ်ကိုသာ လက်ဖြင့် နာနာထုရိုက်လိုက်ချင်နေတော့သည်။
—–
ထင်းရှူးဆောင်တွင်။
နောက်တစ်နေ့နံနက်တွင် ဝေ့လော် နိုးလာ၏။ မနေ့ညက သမားတော်ပေးခဲ့သည့် ဆေးညွှန်းအတိုင်း ဖော်စပ်ထားသည့် ဆေးတစ်ခွက်ကို သေသေချာချာသောက်ခဲ့သောကြောင့် ယခုတွင် မူးဝေခြင်းမရှိတော့ဘဲ ပို၍သက်သာလာသည်။ အနီရောင် စောင်များကြားမှ ဝေ့လော် ခေါင်းထောင်လိုက်ပြီး ဖြူဖွေးနေသော မျက်နှာလေးတွင် သိချင်စိတ်များ ပြည့်နှက်နေခဲ့သည်။ ထို့နောက် မျက်ဝန်းနက်လေးကို မျက်တောင်ခတ်လိုက်ရင်း ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်လိုက်မိ၏။
ပြတင်းပေါက်အပြင်ဘက်တွင် မနက်စောကတည်းက တစ်ခုခုကို ရွှေ့နေသကဲ့သို့ အစေခံများ အဝင်အထွက်လုပ်နေသည့်အသံများကို ကြားရသည်။ သူတို့ မည်သည့်ကိစ္စနှင့် အလုပ်များနေသည်ကိုတော့ ဝေ့လော်မသိချေ။
'မနေ့က ငါအဆိပ်မိသွားပြီးတဲ့နောက် ဘာတွေဖြစ်သွားတာပါလိမ့်။'
ထိုအကြောင်းကိုမေးရန် ကျင်းလုကို အခန်းထဲသို့လှမ်းခေါ်လိုက်ချင်ပါသော်လည်း သူ(မ) ပါးစပ်ဖွင့်လိုက်သောအခါ သူ(မ)အသံမှာ အလွန်ညင်သာပြီး အသံတိုးနေခဲ့သည်။ အပြင်ဘက်မှ မည်သူမျှ သူ(မ)အသံကို ကြားလိမ့်မည်မဟုတ်ချေ။
သူ(မ)အိပ်ရာအနီးတွင် ခွက်တစ်လုံးရှိ၏။ ထိုအခါ ရေထည့်ထားသည့် ထိုကြွေခွက်လေးကို ဝေ့လော် တွန်းချလိုက်သည်။ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့်အခါ ကြွေခွက်ကွဲသံ ထွက်ပေါ်လာသဖြင့် လိုက်ကာ၏အပြင်ဘက်တွင် ရှိနေသော ကျင်းလုမှာ အပြေးရောက်လာတော့လေသည်။ ဝေ့လော်နိုးနေသည်ကို မြင်သောအခါ သူ(မ) အလွန်အံ့ဩကာ ဝမ်းသာသွား၏။
"မမလေး။"
ထို့နောက် ခွက်ထဲသို့ ရေနွေးငှဲ့ပေးနေရင်း ကျင်းလုက
"မမလေး။ လည်ချောင်းခြောက်နေပြီလား။ ရေလေး သောက်လိုက်ပါဦး။"
ကျင်းလုမှာ ကျကွဲသွားသည့် ဖန်ခွက်ကို ရှင်းချိန်မရနေခဲ့ချေ။ ဝေ့လော်လည်း ရေခွက်ကိုလှမ်းယူကာ ရေသောက်လိုက်၏။ နောက်ဆုံးတွင် သူ(မ) စကားပြောနိုင်ပြီဖြစ်သော်လည်း သူ(မ)အသံမှာ ချွဲကျိကျိဖြစ်နေလေသည်။ အိပ်ရာထကာစ အသံမျိုးဖြင့် ဝေ့လော်က
"အစ်မကျင်းလု။ အပြင်မှာ ဘာတွေဖြစ်နေတာလဲဟင်။"၎င်းမှာ မနေ့ကတည်းက အစပျိုးခဲ့သည့် ဇာတ်လမ်းရှည်ကြီးပင်။ ဝေ့လော် သက်သောင့်သက်သာရှိစေရန် ကျင်းလုက ရွှေချည်ငွေချည်ထိုးထားသော ခေါင်းအုံးတစ်လုံးကို ဝေ့လော်၏ကျောအနောက်တွင် ထားပေးလိုက်၏။ မနေ့ညက ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ကျင်းလု သေသေချာချာပြောပြချင်သော်လည်း ဝေ့လော်မှာ ကလေးတစ်ယောက်သာဖြစ်ကြောင်း သူ(မ) သတိရသွားခဲ့သည်။ ထို့ပြင် နုနယ်လှသော ကလေးတစ်ယောက်၏နှလုံးသားတွင် ဒဏ်ရာမကျန်စေလိုသောကြောင့် ဝေ့လော်၏ရှေ့တွင် ထိုသို့ မကောင်းသောစကားများမပြောရန်လည်း ဝေ့ကွမ်းက သတိပေးထားသေး၏။
ထို့ကြောင့် ကျင်းလုက ထိုသို့သာပြန်ပြောလိုက်လေသည်။
"မမလေး မနေ့က ဗိုက်နာတယ်ဆိုတာ တတိယမဒမ်က မမလေးစားမဲ့ ဆန်ပြုတ်ထဲကို မတော်တဆ တစ်ခုခုမှားထည့်မိသွားလို့ပါ။ အဲ့ဒါကြောင့် တတိယမဒမ်က တောင်းပန်တဲ့အနေနဲ့ ပစ္စည်းအချို့ ပို့ပေးနေတာပါ။"
သို့သော် တတိယမဒမ် ပို့လိုက်သည့်ပမာဏမှာ များပြားလွန်းသောကြောင့် ကျင်းလု အံ့ဩသွားခဲ့သည်။ ယခုဆိုလျှင် တတိယမိသားစု၏ လက်ဝတ်တန်ဆာများအားလုံး ဝေ့လော်ဆီသို့ ရောက်နေသကဲ့သို့ပင်။ အစောပိုင်းက ကျင်းလုမှာ အပြင်ဘက်တွင်စောင့်နေပြီး အထိန်းတော်ယဲ့နှင့်အတူ ထိုပစ္စည်းများကို ရေတွက်ထားသောကြောင့် မှတ်တမ်းရှိပေလိမ့်မည်။ ထိုရွှေထည်ငွေထည်များမှာ အလွန်စျေးကြီးလှ၏။ ထို့ပြင် မဟူရာ၊ သန္တာကျောက်နှင့် ပုလဲ အစရှိသည့် ကျောက်ထည်များလည်း ပါဝင်သေးသည်။ ထိုပစ္စည်းများကို ကြည့်လိုက်ရုံနှင့်ပင် အလွန်တောက်ပနေသောကြောင့် မူးဝေသွားစေနိုင်၏။ ယခုတစ်ကြိမ်တွင်တော့ တတိယမဒမ်မှာ အတော်လေး ရက်ရောနေလေတော့သည်။
—–
တကယ်တမ်းတွင် မဒမ်လျူက ပေးချင်စိတ်မရှိသော်လည်း ရွေးချယ်စရာ မရှိခဲ့ခြင်းပင်။ သူ(မ)နှလုံးသားတွင် သွေးထွက်လုမတတ် နာကျင်နေသော်လည်း ထိုဖြစ်ရပ်ကို သူ(မ) မတားနိုင်ခဲ့ချေ။ သူ(မ)ပစ္စည်းများ တစ်ခုချင်းကို အပြင်သယ်ထုတ်သွားနေသည့် မြင်ကွင်းကိုသာ သူ(မ) ကြည့်နေရလေသည်။ နောက်ဆုံးတွင် သူ(မ) သည်းမခံနိုင်တော့သဖြင့် ထိုနေရာတွင်သာ မေ့လဲသွားလေတော့သည်။
——
ထိုပစ္စည်းများထဲတွင် မဒမ်လျူ၏မင်္ဂလာပွဲတုန်းက အသုံးပြုခဲ့သည့် လက်ဝတ်ရတနာများလည်း ပါဝင်နေလေသည်။ သို့သော် ယခုတွင် ထိုအရာများအားလုံးကို ဝေ့လော်ပိုင်ဆိုင်တော့မည်ပင်။
ဝေ့လော်က ကျင်းလုကိုခေါ်ပြီး လက်ဝတ်ရတနာများ၏ပမာဏကို စစ်ဆေးကြည့်လိုက်သည်။
'မဒမ်လျူက ဒီလောက်များတဲ့ ပစ္စည်းတွေကို စုထားတာလား။ ဒီလောက်အများကြီးဝတ်ရတာ မလေးဘူးလား မသိဘူး။'
ဖြစ်ပျက်ခဲ့သည့် အခြေအနေကို ကျင်းလုက ပွင့်ပွင့်လင်းလင်းမပြောပြသော်လည်း ဝေ့လော် ခန့်မှန်းကြည့်နိုင်လေသည်။ ယခုကဲ့သို့ ပစ္စည်းများကို ရင်နာနာနှင့်ပို့လာခြင်းကို ကြည့်ရုံဖြင့် မဒမ်လျူ ဝေ့လော်ကို တစ်ခုခုကြံစည်ခဲ့ကြောင်း သိသာနေ၏။ နောက်ဆုံးတွင် တကယ်တမ်း ထိခိုက်ရသူမှာ မဒမ်လျူကိုယ်တိုင်ပင် ဖြစ်နေခဲ့သည်။ ဝေ့လော်မှာ အသက်ရှင်လျက် နေပြန်ကောင်းလာပြီး မဒမ်လျူကမူ သူ(မ)၏ လက်ဝတ်ရတနာများ အားလုံးနှင့် သူ(မ)၏ သတို့သမီးပစ္စည်းများကိုပါ ဆုံးရှုံးခဲ့ရလေသည်။
ဝေ့လော် အိပ်ရာပေါ်တွင်ထိုင်လိုက်ပြီး မနေ့ကကြုံခဲ့ရသည့် အဖြစ်အပျက်အကြောင်း ပြန်စဥ်းစားလိုက်သည်။ ထို့နောက် သူ(မ)၏မျက်ဝန်းနက်များ လေးနက်လာ၏။ တတိယမိသားစုမှ ထိုပစ္စည်းများကို ပို့လာခြင်းမှာ ဝေ့ချောင်က မဒမ်လျူကို ကာကွယ်ပေးလိုက်သောကြောင့်ပင်။
'ဒါဆို ဒီဖြစ်ရပ်ကြီးကို သူတို့ မေ့လိုက်ကြတော့မှာလား။ မဒမ်လျူက ပထမတစ်ခါ အန္တရာယ်ပြုပြီးပြီဆို ဒုတိယတစ်ခါလည်း ထပ်ရှိလာနိုင်တာပဲလေ။'
ကျင်းစီကို လျှာဖြတ်ကာ ရောင်းစားလိုက်သည့်သတင်းကိုလည်း ဝေ့လော် ကြားခဲ့သည်။ ထို့ကြောင့် ဝေ့လော်အနေနှင့် မည်သည်ကိုမျှ ဆက်လုပ်စရာမလိုတော့သောကြောင့် အဆင်ပြေလှသည်။ ကျင်းစီနှင့် ကျင်းကယ် နှစ်ယောက်စလုံးမှာ မဒမ်တု၏ ဘက်တော်သားများဖြစ်ကြသည်။ ယခင်ဘဝက ဝေ့လော် ရောင်းစားခံရသည့်မြင်ကွင်းကို ငေးကြည့်နေသူများလည်း ဖြစ်သည်။ ထိုအချိန်ကတည်းကစ၍ သူတို့နှစ်ယောက်ကို မည်သို့ကိုင်တွယ်သင့်ကြောင်း ဝေ့လော် စိတ်ပူနေမိ၏။ သို့သော် ယခုတွင်မူ သူတို့ကို ဝေ့လော်ကိုယ်တိုင် ရှင်းထုတ်စရာမလိုတော့ဘဲ သူတို့ကိုယ်တိုင်က ထွက်သွားရန် အကြောင်းရှာလာကြလေပြီ။
ဝေ့လော် တစ်ခဏစဥ်းစားလိုက်၏။ ထို့နောက် စာရင်းမှတ်ထားသည့် စာအုပ်ကို လှမ်းကြည့်လိုက်ပြီး
"အစ်မကျင်းလု။ ဒီမှာ ဒီလိုအမျိုးအစား နားကပ်က (၃)ရံတောင် ရှိနေတာ။ အဲ့ဒါ ဘာတွေလဲဟင်။"
ကျင်းလုလည်း စာအုပ်ကိုလှမ်းကြည့်လိုက်၏။ ကျင်းလုမှာ စာအနည်းငယ်ဖတ်တတ်သောကြောင့် ထိုစာလုံးများကို ဖတ်တတ်လေသည်။
"မမလေးရဲ့ မေးခွန်းကို ပြန်ဖြေရမယ်ဆိုရင် ဒါတွေက ရွှေစံပယ်နားကပ်တွေပါ။"
ဝေ့လော်က ဘာမှမသိသည့် ကလေးတစ်ယောက်ကဲ့သို့ မျက်တောင်ခတ်လိုက်ပြီး
"ဒါတွေအကုန်လုံးကို အားလော်ကိုပေးတာလား။"
ကျင်းလုက ခေါင်းညိတ်၍ "ဟုတ်တယ်။ အားလုံး မမလေးကို ပေးတာပါ။"
အတော်များသော ပမာဏပင်။ ထိုနားကပ်များသာမက အခြား နားကပ်အမျိုးအစားများလည်း ပါဝင်သေးလေ၏။ ဝေ့လော်က သူ(မ)၏နားရွက်ကို ကိုင်ကြည့်လိုက်ပြီး စိတ်ပူပန်စွာဖြင့်
"ဒါပေမဲ့ အားလော်မှာ နားပေါက်မှမရှိတာ။ ဒါတွေကို ဝတ်လို့မရတော့ဘူးပေါ့။ ဒါတွေကို အစ်မကျင်းလုကို ပေးတာက ပိုကောင်းမယ်ထင်တယ်။ ဒါတွေဝတ်လိုက်ရင် အစ်မကျင်းလု ပိုလှသွားမှာ..."ထိုအပြောကြောင့် ကျင်းလု အနည်းငယ် တုန်လှုပ်သွားလေ၏။ ထို့နောက် အလျင်အမြန်ဒူးထောက်ကာ ဝေ့လော်ကို ကျေးဇူးတင်လိုက်တော့သည်။
—–
ဝေ့လော်က နောက်ထပ်နားကပ်များကို ကောက်ယူလိုက်ပြီး ထင်းရှူးဆောင်မှ အခြားအစေခံမိန်းကလေးများကိုပေးကာ နေ့တိုင်းဝတ်ဆင်စေခဲ့သည်။ အစေခံမိန်းကလေးများကလည်း ဝေ့လော်ကို ဒူးထောက်၍ အရိုအသေပေးကာ ကျေးဇူးတင်ကြလေ၏။ သူတို့အားလုံး အလွန်တုန်လှုပ်သွားပြီး အလွန်လည်း ကျေးဇူးတင်ကြသည်။ သို့သော် ဝေ့လော်၏ အခြားရည်ရွယ်ချက်တစ်ခုကိုမူ သူတို့ မတွေးမိကြချေ။ ထိုပစ္စည်းများကို အစေခံမိန်းကလေးများ ဝတ်ဆင်ထားသည်ကို မဒမ်လျူမြင်သွားပါက အကောင်းဆုံးပင်။ ထိုမှသာ ဝေ့လော် အဆိပ်မိစဥ်က ခံစားခဲ့ရသည့်နာကျင်မှုကို မဒမ်လျူ ကိုယ်ချင်းစာတတ်မည်ဖြစ်ပေသည်။
ဝေ့လော် ပေးကမ်းပြီးသွားသည့်အခါ အထိန်းတော်ယဲ့က ထိုမှတ်တမ်းစာအုပ်ကို ပြန်သိမ်းထားလိုက်၏။ ဝေ့လော် ပေးကမ်းလိုက်သည့် ပစ္စည်းများမှာ စုစုပေါင်းပမာဏနှင့်ယှဥ်လျှင် အလွန်သေးငယ်သော ပမာဏလေးသာ ရှိနေသေးသည်။ မဒမ်လျူ၏ ရတနာပစ္စည်းများစွာ ဝေ့လော်ထံတွင်ကျန်နေသေးသည်။
အထိန်းတော်ယဲ့ ထွက်သွားပြီးနောက် ဆေးတစ်ခွက်ကိုယူကာ ကျင်းလုဝင်လာခဲ့သည်။ ထို့နောက် ကျင်းလုက အိပ်ရာပေါ်တွင် ထိုင်လိုက်ပြီး
"မမလေးရဲ့ခန္ဓာကိုယ်ထဲက အဆိပ်က အခုထိ အရှင်းမပျောက်သွားသေးဘူး။ အဲ့ဒါကြောင့် နောက်ထပ်ဆေးတစ်ခွက် သောက်လိုက်ပါဦး။ ဆေးသောက်ပြီးရင် မမလေး နေပြန်ကောင်းလာတော့မှာ။"
ဆေးခါးကြီးကို ဝေ့လော်မကြိုက်ချေ။ ထို့ကြောင့် ခေါင်းရင်းတွင်တင်ထားသော သကြားလုံးပုလင်းကို လှမ်းယူတော့မည့်အချိန်တွင် စင်္ကြံလမ်း၌ ဆူညံသံအချို့ကို ရုတ်တရက်ကြားလိုက်ရသည်။ ထိုအခါ ဝေ့လော် အိပ်ရာထဲမှ ထလိုက်ပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။
အခန်းခွဲထားသည့် ကန့်လန့်ကာကိုဖြတ်ကာ ကျင်းဝူရောက်လာပြီး သတင်းပို့လေသည်။
"မမလေး။ မမလေး နေမကောင်းတဲ့ သတင်းကိုကြားလို့ မမလေးကိုတွေ့ဖို့ မင်းသားကျင်း ကြွချီလာပါတယ်။"
ဝေ့လော် မှင်တက်မိသွားလေ၏။
'မင်းသားကျင်းက ဘာဖြစ်လို့ ငါ့ဆီလာလည်တာလဲ။ ငါ အတန်းမတက်တာ အရမ်းကြာသွားပြီမို့ မိဖုရားက လွှတ်လိုက်တာများလား။ ဒါပေမဲ့လည်း မင်းသားကိုယ်တိုင်တော့ မကြွလာသင့်ဘူးလို့ ထင်တာပဲ...'
ဝေ့လော် တွေဝေနေချိန်တွင် နက်ပြာရောင်ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး အခန်းထဲသို့ဝင်လာ၏။ သူ့ခန္ဓာကိုယ်မှာ သေးသွယ်ဖြောင့်မတ်နေပြီး သူ့အပြုအမူများက အထက်တန်းကျလှသည်။
ကျောင်းကျယ် တဖြည်းဖြည်း လမ်းလျှောက်လာ၏။ သူ့အနောက်တွင် ဝေ့ကွမ်းလည်း ပါလာလေသည်။ နာမကျန်းဖြစ်ရာမှ ပြန်လည်ကောင်းမွန်လာသော မိန်းကလေးမှာ အိပ်ရာပေါ်တွင် လှဲလျောင်းနေ၏။ သူ(မ)အသားအရည်မှာ ဖြူဝင်းနေပြီး သူ(မ)မျက်လုံးများတွင် တွေဝေမှုများကို တွေ့နေရသည်။ ထို့ပြင် ယခုမှ သက်သာလာသဖြင့် ဖြူဖျော့နေသော အရိပ်အယောင်များကြောင့် ဝေ့လော်မျက်နှာမှာ အရုပ်မလေးနှင့် ပို၍တူနေခဲ့သည်။
သူ(မ) အိပ်ရာပေါ်တွင် သေသေချာချာထိုင်လိုက်၏။ ထို့နောက် ကျောင်းကျယ်ကို မော့ကြည့်လိုက်ပြီး အားနည်းနေသော အသံလေးဖြင့်
"အစ်ကို။"
'အစ်ကို'ဟူသော စကားလုံးနှစ်လုံးမှာ အလွန်ချိုမြိန်နေ၏။ မူလက ကျောင်းကျယ်မှာ ဝေ့လော် မည်မျှသက်သာပြီဖြစ်ကြောင်း သတင်းမေးရန်သာ ရောက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် သူ(မ)ကို မြင်တွေ့လိုက်ရသည့်အခါ သူ(မ)အတွက် အလွန် စိတ်မကောင်းဖြစ်သွားလေတော့သည်။
*****
Aurora Novel Translation Team