no

Font
Theme

Chapter 32.1

ဝေ့လော်မှာ အသီးစိမ်းကို သာမန်ပမာဏထက် ပို၍များများ စားမိသွားသောကြောင့် ဗိုက်နာသည်ဟုသာ ကျူ့ကုန်းက ပြောပြခဲ့သည်။ သို့သော် ယခု ကျောင်းကျယ်မြင်နေရသည့်မြင်ကွင်းအရ ဝေ့လော်၏အခြေအနေမှာ မရိုးရှင်းနေခဲ့ပေ။ သာမန် ဗိုက်နာခြင်းသာဖြစ်ပါက (၃)ရက်အတွင်း နေပြန်ကောင်းလာရမည်ဖြစ်သော်လည်း ဝေ့လော်မှာ ယခုအချိန်အထိ အားနည်းနေဆဲပင်။ ဝေ့လော် နေမကောင်းဖြစ်နေသေးရုံမက ယခင်ကထက် ပိုဆိုးလာသကဲ့သို့ပင်။ သူ(မ)၏အိပ်ရာရှေ့မှ စားပွဲပေါ်တွင် တရုတ်ပြက္ခဒိန်တစ်ခုနှင့် သူ(မ)သောက်ရမည့် ဆေးတစ်ခွက်ရှိနေသည်။


ကျောင်းကျယ် မည်သည့်စကားမျှ မပြောလိုက်ချေ။ သူ့နံဘေးမှ ဝေ့ကွမ်းက


"အားလော်။ မင်းသားကျင်းက ဧကရီမိဖုရားရဲ့အမိန့်နဲ့ သမီးကိုလာတွေ့တာ။ ဘယ်လိုနေသေးလဲ အားလော်။ သက်သာရဲ့လား။ ဆေးရော သေသေချာချာ သောက်နေရဲ့လား။"


ဝေ့လော် ဆေးကိုလှမ်းကြည့်လိုက်၏။ ထို့နောက် နှစ်ကြိမ်ခေါင်းခါပြလိုက်ပြီး


"အားလော် ဆေးသောက်တော့မဲ့အချိန်မှာ အဖေတို့ ဝင်လာတာ။"


ဧကရီမိဖုရားချန်မှာ ဝေ့လော်၏ကျန်းမာရေးအခြေအနေကို စိတ်ပူပန်နေခဲ့သော်လည်း မည်သည့်အမိန့်ကိုမျှ မချမှတ်ပေးခဲ့ချေ။ ကျောင်းကျယ်အနေနှင့် ဝေ့လော်ကို ကောင်းမွန်စွာဆက်ဆံသည့် အပြုအမူတစ်ခုရှိရန်သာ သူ(မ) မျှော်လင့်ခဲ့သည်။ သို့သော် ဝေ့လော်ဆီသို့ ကျောင်းကျယ်ကိုယ်တိုင် သွားရောက်သတင်းမေးလိမ့်မည်ဟု မိဖုရားလည်း မထင်ထားခဲ့ချေ။


နူးညံ့လှသော မျက်နှာသေးသေးလေးကို ကျောင်းကျယ်ကြည့်လိုက်သည်။ ထို့နောက် ဝေ့လော်၏အိပ်ရာပေါ်တွင် ထိုင်လိုက်ပြီး လီလီပန်းပုံများပါဝင်သော ကြွေပန်းကန်လုံးအဖြူကို လှမ်းယူလိုက်၏။ ထိုပန်းကန်ထဲမှ ဆေးတစ်ဇွန်းကို ခပ်လိုက်ပြီး ဝေ့လော်၏နှုတ်ခမ်းဆီသို့ သေသေချာချာ ယူလာပေးလိုက်လေသည်။


"ညီမလေးအားလော် နန်းတော်ကို မရောက်လာတော့ လျူလီက ပျင်းနေတာ။ သူ(မ)က ညီမလေးကို လွမ်းနေပါတယ်ဆိုတဲ့အကြောင်းလည်း ပြောခိုင်းလိုက်သေးတယ်။"


ထို့နောက် ကျောင်းကျယ်ပြုံးလိုက်ပြီး စကားဆက်လေ၏။


"ဘယ်လိုဖြစ်ပြီးတော့ အကောင်းကြီးကနေ ရုတ်တရက် နေမကောင်းဖြစ်သွားရတာလဲ။ ဟိုရက်တုန်းက စပျစ်သီးတွေ အများကြီးစားလိုက်မိလို့များလား။"


ထိုအကြောင်းကို ကျောင်းကျယ်မပြောခင်က အဆင်ပြေနေသေး၏။ သို့သော် ထိုစကားများကို ကြားသည့်အခါ ဝေ့လော် ဒေါသထွက်သွားလေတော့သည်။ ဝေ့လော် နှုတ်ခမ်းစူကာ သူ့ကိုကြည့်လိုက်သည့်မျက်နှာလေးမှာ အတော်လည်း ချစ်စရာကောင်းနေခဲ့သည်။


"အဲ့ဒီ့အကြောင်း ထပ်မပြောပါနဲ့တော့ အစ်ကို။"


မင်းသားကျင်း မထိန်းနိုင်တော့ဘဲ ရယ်လိုက်မိ၏။


'အင်းပါ။ ထပ်မပြောတော့ပါဘူး။ သူ(မ)လည်း နေသိပ်ကောင်းတာမဟုတ်တော့ ဆက်မစတော့ပါဘူးလေ။'


"လာပါဦး။ ဆေးသောက်ရမယ်လေ။"


ဝေ့လော် ပါးစပ်ကိုဖွင့်ကာ ဆေးသောက်လိုက်၏။ ခါးသက်လှသော ဆေးအနံ့နှင့် အရသာက သူ(မ)ခံတွင်းထဲ ပြည့်နှက်သွား၏။ ထို့ကြောင့် ချက်ချင်း နှုတ်ခမ်းကိုစေ့ထားလိုက်ပြီး ဝေ့လော်တစ်မျက်နှာလုံး ရှုံ့မဲ့သွားတော့သည်။ ဆေးက ခါးနေသည့်တိုင် ဝေ့လော် ထိုဆေးကို သောက်နေရလေသည်။ ကျောင်းကျယ်ကလည်း သူ(မ)ကို ဆေးတစ်ဇွန်းပြီးတစ်ဇွန်း တိုက်နေ၏။ ဆေးသောက်ပြီးသွားသည့်အခါ ဝေ့လော်၏မျက်လုံးတွင် မျက်ရည်စများပင် ကျန်ရစ်လာသည်။ ထိုအခါ ကျောင်းကျယ်က သူ(မ)မျက်ရည်များကို လက်နှင့်လှမ်းသုတ်ပေးလိုက်ပြီး ပြုံးရယ်လျက်


"ဒီဆေးက သောက်လို့မကောင်းဘူးဆိုတာ သိနေရင်လည်း နောက်ထပ် ထပ်သောက်စရာမလိုတော့အောင် မြန်မြန်ပြန်ကောင်းလာတော့လေ။"


ထိုစကားကိုကြားပြီးသည်နှင့် ဝေ့လော်မှာ သူ(မ)ခေါင်းအုံးအောက်မှ ပုလင်းလေးတစ်လုံးကို ထုတ်လိုက်လေ၏။ ထို့နောက် ထိုပုလင်းလေးကိုဖွင့်ကာ ခရမ်းရောင် သကြားလုံးလေးတစ်လုံးကို ထုတ်၍စားလိုက်သည်။ ထိုအခါ သူ(မ)မျက်နှာတွင် ရှုံ့မဲ့နေခြင်းတို့မရှိတော့ဘဲ စိတ်ကျေနပ်မှုများသာ ကျန်ရစ်တော့လေသည်။


ကျောင်းကျယ်က စဥ်းစားကြည့်လိုက်ပြီးနောက်


"အဲ့ဒါ ဘာလဲ။"


ထိုသို့မေးလိုက်သည့် သူ့အသံမှာ အလွန်လည်း မနှေးသကဲ့သို့ အလွန်လည်း မမြန်နေခဲ့ချေ။ အားလော်မှာ ထိုပုလင်းလေးကို ရတနာတစ်ခုကဲ့သို့ သေသေချာချာကိုင်ထားလေသည်။ ထို့နောက် ဂုဏ်ယူနေသော မျက်နှာထားမျိုးဖြင့် သူ(မ)က


"ဒါက ချောင်ဟုန် အားလော်ကို လက်ဆောင်ပေးထားတာလေ။ အထဲမှာ အရသာမတူတဲ့ သကြားလုံးတွေ အများကြီးပါတယ်။ အားလုံးကလည်း ချိုပြီး စားလို့အရမ်းကောင်းတာ။"


ထိုအခါ ကျောင်းကျယ်က "အိုး" ဟု ပြောလိုက်လေ၏။ သို့သော်လည်း သူ့မျက်နှာထားမှာ ပြောင်းလဲမသွားဘဲ သူ(မ)ကိုသာ ကြည့်နေဆဲဖြစ်သည်။ ထိုအခါ ဝေ့လော်စိတ်ထဲတွင် အတွေးတချို့ဝင်သွားလေ၏။


'ငါ ဒီသကြားလုံးပုလင်းကို ထုတ်လိုက်ပြီဆိုတော့ သူ့ကိုလည်း သကြားလုံးကျွေးမှ ကောင်းမယ်ထင်တယ်။ မဟုတ်ရင် ငါ့ကို ကပ်စီးနည်းတယ်လို့ ထင်နေတော့မှာ။'


၎င်းမှာ အကြံကောင်းတစ်ခုဖြစ်သောကြောင့် ပုလင်းထဲမှ လိမ္မော်ရောင်သကြားလုံးတစ်လုံးကိုယူကာ ဝေ့လော် သူ့ကိုကျွေးလိုက်သည်။


"အစ်ကိုလည်း တစ်ခုလောက် စားကြည့်ပါလား။"


ကျောင်းကျယ် ပြုံးမိသွား၏။ သာမန်အားဖြင့် ကျောင်းကျယ်မှာ အချိုမကြိုက်တတ်သောသူ ဖြစ်သည်။ သို့သော် ယခုတွင် ဝေ့လော်က ခွံ့ကျွေးနေသောကြောင့် သူလည်း မငြင်းဆန်လိုက်ချေ။ သူ(မ)လက်ထဲတွင် ကိုင်ထားသော သကြားလုံးလေးကို ကျောင်းကျယ် စားလိုက်လေ၏။ထိုသကြားလုံးမှာ အမှန်တကယ် ချိုမြိန်၍ အရသာရှိပေသည်။ ပထမ သကြားလွှာ၏အောက်တွင် လိမ္မော်အရသာ ဖြည့်ထားသည့် အလွှာတစ်ခုရှိနေခဲ့သည်။ ဝါးစားလိုက်သည့်အခါ ခံတွင်းတစ်ခုလုံးတွင် သကြားလုံးအရသာ ပြည့်နှက်သွားသောကြောင့် ကျောင်းကျယ် ဟန်မဆောင်နိုင်တော့ချေ။ မျှော်လင့်ချက်များစွာဖြင့် ကြည့်နေသော ဝေ့လော်၏မျက်နှာကို မြင်လိုက်သောအခါ ကျောင်းကျယ်က သူ(မ)၏မျက်ခုံးနှစ်ဖက်ကြားမှ နေရာလွတ်လေးကို ပွတ်သပ်ပေးလိုက်လေတော့သည်။


"အင်း။ အတော်ချိုတာပဲ။"


ဝေ့လော် ပြုံးလိုက်သည့်အခါ မျက်လုံးများမှာ လခြမ်းကဲ့သို့ ကွေးသွားသဖြင့် ဖြူဖျော့နေသောမျက်နှာလေးက အသက်ဝင်လာခဲ့သည်။ သူ(မ)တစ်ကိုယ်လုံး အားအင်ပြည့်ဝသွားသကဲ့သို့ပင်။ ထိုကဲ့သို့ အသက်ဝင်နေသည့် သူ(မ)ပုံစံကို ကျောင်းကျယ်မမြင်ရသည်မှာ ကြာလေပြီ။ ယခင်က သူမြင်တွေ့ခဲ့ဖူးသည်မှာ ‌ဒေါသအိုး ဝေ့လော်ပုံစံသာ ဖြစ်သည်။


ကုန်သွားသည့် ဆေးပန်းကန်လုံးကို အိပ်ရာနံဘေးမှ စားပွဲပေါ်တွင် ပြန်တင်ထားလိုက်ပြီး ကျောင်းကျယ် မတ်တတ်ရပ်ကာ


"ဒီမင်းသားရဲ့ နေအိမ်တော်မှာ ရှားပါးပြီး အဖိုးတန်တဲ့ ဆေးဝါးတွေရှိတယ်။ စတုတ္ထသခင်မလေးအတွက် လိုအပ်မယ်ထင်ရင် တုံ့ဆိုင်းမနေဘဲ ချက်ချင်း လူလွှတ်ပြီး ယူခိုင်းလိုက်ပါ။ ဒါက ဒီမင်းသားရဲ့ ကောင်းမွန်တဲ့ သဘောထားလို့ပဲ ဆိုပါတော့ဗျာ။"


ကျောင်းကျယ်၏သဘောထားကို သိရသောအခါ ဝေ့ကွမ်း အနည်းငယ် တုန်လှုပ်သွားပြီး ကျောင်းကျယ်ကို သေသေချာချာ ကျေးဇူးတင်လိုက်လေသည်။ တကယ်တမ်းတွင် သမားတော်က ‌ဆေးညွှန်းများပေးခဲ့သောကြောင့် ဝေ့လော် အတော်လေး သက်သာလာပြီဖြစ်၏။ သို့သော်လည်း မင်းသားကျင်းထံမှ ထိုသို့ အကူအညီနှင့် စဥ်းစားပေးမှုကို လက်ခံရရှိသည်မှာ ရှားပါးအခွင့်အရေးပင်။ နောက်ပိုင်း ဆေးဝါးအကူအညီ မယူခဲ့လျှင်ပင် အရှင့်သားအား ကျေးဇူးတင်ရမည်ဖြစ်သည်။


(၁၅)နှစ်အရွယ် မင်းသားကျင်းမှာ မတရားမှုအတွက် ကောင်းမွန်စွာ လက်စားချေတတ်သူဖြစ်ကြောင်း တစ်မြို့လုံး သိထားလေ၏။ တစ်စုံတစ်ယောက်က သူ့ကိုရန်စမိပါက ထိုသူ၏အဆုံးသတ်မှာ လှပကောင်းမွန်တော့မည် မဟုတ်ချေ။ မင်းသားကျင်း၏နည်းလမ်းများမှာ အလွန်ရက်စက်လှ၏။ သို့သော် တစ်ဖက်တွင်လည်း မင်းသား၏အကောင်းမြင်မှုကို ခံထားရပါက ထိုသူမှာ တစ်မြို့လုံးတွင် မည်သည့်အတွက်မျှ စိုးရိမ်စရာမလိုတော့ချေ။ ယခင်တစ်ခေါက် ဟူးကော်ဘုရားကျောင်းတွင် ဝေ့လော် ရောင်းစားခံရလုနီးပါး ဖြစ်ခဲ့စဥ်က ကျောင်းကျယ် သူ(မ)ကို ကယ်တင်ခဲ့သည်။ ယခုတွင်လည်း ဝေ့လော် နေမကောင်းဖြစ်နေသည့်အခါ သတင်းလာမေးခဲ့သည်။ ထို့ကြောင့် ကျောင်းကျယ်နှင့် ဝေ့‌လော်တို့နှစ်ယောက်မှာ ကံပါလာသည်ဟု ဆိုရပေလိမ့်မည်။ မင်းသားကျင်း အခြားသူများကို ဆက်ဆံပုံနှင့်ယှဥ်လျှင် ဝေ့လော်ကို ဆက်ဆံသည့်ပုံမှာ ပို၍ဂရုတစိုက်ရှိနေသည်မှာလည်း မထူးဆန်းတော့ချေ။


ဝေ့လော်မှာ သူ၏သမီးတစ်ယောက် မဟုတ်သောကြောင့် ကျောင်းကျယ်အနေနှင့် သူ(မ)အခန်းထဲတွင် ကြာကြာနေရန် မသင့်တော်လှချေ။ ထို့ကြောင့် ဝေ့ကွမ်းနှင့်အတူ အခန်းထဲမှ ထွက်လာခဲ့ပြီး အပြင်ဘက်စင်္ကြံလမ်းတွင် ရပ်ကာ


"နောက်ရက်တွေမှာ အားလော် နေပြန်ကောင်းဖို့ပဲ အာရုံစိုက်ပါစေ။ နန်းတော်ကို အရေးတကြီး ပြန်လာစရာ မလိုပါဘူး။ သူ(မ) နေပြန်ကောင်းသွားပြီဆိုမှ နန်းတော်ကို ပြန်လာလို့ရပါတယ်။"


ဝေ့ကွမ်း ခေါင်းညိတ်လိုက်၏။ ထို့နောက် ရိုသေကျိုးနွံစွာဖြင့် မင်းသားကျင်းကို ဝင်ပေါက်အထိ လိုက်ပို့ပေးလိုက်သည်။ တော်ဝင်ရထားလုံးထဲသို့ မင်းသားကျင်း ဝင်သွားသည့်အခါမှသာ ဝေ့ကွမ်း အိမ်ထဲပြန်ဝင်လာတော့သည်။


ရထားလုံးထဲတွင် ကျောင်းကျယ်က လိုက်ကာကိုဖွင့်ကာ လက်ကိုင်ပုဝါတစ်ထည်ကို ကျူ့ကုန်းအား ပေးလိုက်၏။ ထို့နောက် သူက အေးအေးဆေးဆေးဖြင့်


"ဒီထဲမှာ ဘာတွေပါလဲ တစ်ချက်စစ်ဆေးလိုက်။ ပြီးတော့ အဲ့ဒီ့ဆေးရဲ့ ရည်ရွယ်ချက်က ဘာလဲ။"


ကျူ့ကုန်း လက်ကိုင်ပုဝါကို ဖွင့်ကြည့်လိုက်သောအခါ အထဲတွင် ဆေးအကြွင်းအကျန်အချို့ကို တွေ့ရ၏။ ကျူ့ကုန်း တစ်ခဏ အံ့ဩသွားပြီးနောက် ကျောင်းကျယ်ကို မော့ကြည့်လိုက်လေသည်။


"အရှင့်သား။ ဒါက..."


ကျောင်းကျယ် စကားထပ်မပြောချင်တော့သောကြောင့် လိုက်ကာကို ပြန်ချလိုက်ပြီး


"ပြောတဲ့အတိုင်းသာ လုပ်စမ်းပါ။"


ယခုလေးတင် မြို့စားယင်းအိမ်တော်ကို အလည်သွားခဲ့သောကြောင့် ထိုဆေးမှာလည်း မင်းသားကိုယ်တိုင် ဝေ့လော်ကိုတိုက်ခဲ့သည့် ဆေးများဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အဖြေမှာ ရှင်းလင်းနေသော်လည်း ကျူ့ကုန်း နားမလည်နိုင်ခဲ့ချေ။


'မင်းသားက ဘာဖြစ်လို့ မိန်းကလေးတစ်ယောက်အတွက်နဲ့ ဒုက္ခခံနေရတာလဲ။'


ကျူ့ကုန်း အဖြေမထုတ်နိုင်သောကြောင့် ကျောင်းကျယ်၏အမိန့်ကို နာခံရန်သာ တတ်နိုင်တော့လေသည်။ တစ်ခဏကြာသော် အချက်အလက်ကို လျင်မြန်စွာ သိလာရ၏။ မူလကမူ ထိုဆေးအား ဗိုက်နာခြင်းကို ကုသနိုင်သည့် သာမန်ဆေးတစ်ခွက်ဟု ကျူ့ကုန်းထင်ထားခဲ့သည်။ သို့သော် တကယ်တမ်းတွင် ၎င်းမှာ အဆိပ်ကို ကုသပေးသည့်ဆေးတစ်မျိုး ဖြစ်နေသည်ပင်။ ထို့ကြောင့် ကျူ့ကုန်းလည်း အံ့အားသင့်သွားပြီး ကျောင်းကျယ်ဆီသို့ အလျင်အမြန် သတင်းပို့လိုက်သည်။ ထိုသတင်းကို ကြားသောအခါ ကျောင်းကျယ် တစ်ခဏတိတ်ဆိတ်နေ၏။ ထို့နောက်မှ သူက


"ဂင်ဂိုသီးအဆိပ်လား။"


ကျူ့ကုန်း ခေါင်းညိတ်လိုက်ပြီး သမားတော်၏စကားလုံးများကို ကျောင်းကျယ်အား ပြန်ရွတ်ပြလိုက်လေသည်။"ဂင်ဂိုသီးတွေက ချက်စားလို့ရနိုင်ပေမဲ့ အစိမ်းစားတဲ့အခါ အဆိပ်ဖြစ်ပါတယ်။ အထူးသဖြင့် ကလေးတွေဆိုရင် ပိုပြီးထိခိုက်တတ်တယ်လို့ သမားတော်က ပြောလိုက်ပါတယ် အရှင့်သား။ မြို့စားယင်းအိမ်တော်က စတုတ္ထသခင်မလေးလည်း ဂင်ဂိုသီးအစိမ်းကြောင့် အဆိပ်မိတာ ဖြစ်ပါလိမ့်မယ်။"


နေအိမ်တွင် အဆိပ်ခတ်ခံရသည့် စတုတ္ထသခင်မလေးအတွက် ကျောင်းကျယ် စိတ်မကောင်းဖြစ်မိသွားသည်။ သူ(မ)ကို အဆိပ်ခတ်သူမှာ မည်သူဖြစ်ကြောင်း သေသေချာချာမသိသည့်တိုင် ထိုသူကို ကျောင်းကျယ် သတ်ပစ်ချင်နေ၏။ ထိုအကြောင်းကို စဥ်းစားလိုက်သည့်အခါ ယနေ့မြင်တွေ့ခဲ့ရသည့် ဝေ့လော်အခြေအနေ ဆိုးဝါးနေကြောင်းကိုလည်း သူပြန်တွေးမိသွားသည်။ ထို့ကြောင့် တစ်ခဏအချိန်ယူကာ သူစဥ်းစားလိုက်၏။ ယနေ့ လည်ပတ်ခဲ့စဥ်က အစေခံများ အလုပ်များကာ ရတနာပစ္စည်းများကို သိုလှောင်ရုံတစ်ခုအတွင်း သိမ်းဆည်းနေကြသည်ကို သူမှတ်မိလိုက်သည်။ အဆိပ်ခတ်သည့်ကိစ္စနှင့် ထိုရတနာပစ္စည်းကိစ္စတို့မှာ အချိတ်အဆက်ရှိနိုင်ပေသည်။


ထို့နောက် ကျောင်းကျယ်က မြို့စားယင်းအိမ်တော်ကို စုံစမ်းစစ်ဆေးပြီး တစ်ခုပြီးတစ်ခု သတင်းပို့ရန် ကျူ့ကုန်းနှင့် ရန်ဟောက်ကို အမိန့်ပေးလိုက်သည်။ ယခင်ရက်အနည်းငယ်က ထူးဆန်းစွာ လုပ်ဆောင်ခဲ့သူများနှင့် ထူးဆန်းသော လုပ်ရပ်များအတွက် အကြောင်းပြချက်များကို ကျောင်းကျယ် သူတို့အား စုံစမ်းစေခဲ့သည်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment