Chapter 30.2
ထိုသို့တွေးကြည့်လိုက်သည့်အခါ ကျင်းလု ရုတ်တရက် တစ်ခုခုကို ပြန်တွေးမိသွား၏။ သူ(မ)ကို ဆန်ပြုတ်ပန်းကန် လှမ်းပေးလိုက်သူမှာ ကျင်းစီပင်။
ကျင်းလုက ထိုသို့ပြောပြလိုက်သည့်အခါ ဝေ့ကွမ်း အလွန်ဒေါသထွက်သွားပြီး စားပွဲကို ရိုက်ခွဲလိုက်မိသည်။ ထို့နောက် ကျင်းစီကို ချက်ချင်းခေါ်လာစေပြီး မေးမြန်းလိုက်၏။
"ပြောစမ်း။ သခင်မလေးကို အဆိပ်ခတ်တာ မင်းလား။"
ဝေ့ကွမ်းမှာ အလွန်သဘောကောင်းပြီး အနေအေးသောလူတစ်ယောက်ပင်။ အခြားသူများအပေါ်လည်း အလွန် ညင်ညင်သာသာဆက်ဆံတတ်ပြီး သဘောထားပြည့်ဝကာ သည်းခံတတ်လေသည်။ သို့သော် လူတိုင်းတွင် အတိုင်းအတာတစ်ခု ရှိလေ၏။ သူ့ကလေးများကို အန္တရာယ်ပြုခြင်းနှင့် ပတ်သက်လာလျှင်တော့ ဝေ့ကွမ်းမှာ ဒေါသကြီးကာ စိတ်မရှည်တတ်သည့်လူတစ်ယောက် ဖြစ်သွားလေတော့သည်။
ကျင်းစီက ခေါင်းခါပြလိုက်ပြီး ခက်ခက်ခဲခဲ ငြင်းဆန်လေ၏။
"ကျွန်မ... ကျွန်မ... မှားယွင်းပြီး စွပ်စွဲခံရတာပါ သခင်ကြီး။"
လက်ရှိအခြေအနေတွင် စားဖိုဆောင်ဝင်ခဲ့သည့် အစေခံနှစ်ယောက်အနက် ကျင်းလုမှာ ဝေ့လော်ကို သစ္စာရှိသူဖြစ်ပြီး ဝေ့လော်ကို အလွန်ချစ်ခင်သူလည်း ဖြစ်သောကြောင့် ကျင်းလုအနေနှင့် ဝေ့လော်ကို အန္တရာယ်ပြုရန်မှာ မည်သို့မျှ မဖြစ်နိုင်ခဲ့ချေ။ သံသယရှိသူမှာ ကျင်းစီတစ်ယောက်တည်း ဖြစ်လေသည်။
'ကျင်းစီအပြင် ဘယ်သူရှိသေးလို့လဲ။'
ဝေ့ကွမ်း ထပ်မမေးတော့ဘဲ ဒေါသကြီးစွာဖြင့် ကျင်းစီကို မြေပြင်ပေါ်သို့ တွန်းထုတ်လိုက်သည်။
"အမှန်ကို မပြောနိုင်မှတော့ မင်းရဲ့လျှာက ဘာအသုံးဝင်တော့မှာလဲ။ ခုချက်ချင်း ဖြတ်ထုတ်ပေးမှ ရမယ်။"
ထိုအခါ ကျင်းစီ၏မျက်နှာမှာ ချက်ချင်းဖြူဖျော့သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးလည်း ခွေကျသွားလေသည်။ သို့သော် ထိုမျှနှင့် မလုံလောက်သေးသည့် ဝေ့ကွမ်းက ထပ်မံ၍
"ကိုယ့်ရဲ့ ကျေးဇူးရှင်ကို သတ်ဖြတ်ဖို့ တမင်တကာလုပ်ကြံတာဟာ ရက်စက်လွန်းပြီး လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်ပဲ။ ဒီလိုအစေခံမျိုး ဘယ်သူကမှ မလိုချင်ဘူး။ လျှာကိုဖြတ်ပြီးရင်လည်း သူ(မ)ကို ဒီမှာဆက်ထားစရာ အကြောင်းမရှိတော့ဘူး။ မြို့အပြင်ဘက်မှာ သွားလွှင့်ပစ်လိုက်။ ဝံပုလွေတွေ၊ သားရိုင်းတွေကို အစာကျွေးလိုက်။"
ဝံပုလွေနှင့် သားရိုင်းများကို အစာကျွေးခိုင်းသည့်ဖြစ်ရပ်မှာ တွေးကြည့်ရုံနှင့်တင် အလွန်ကြောက်စရာကောင်းနေ၏။ သူ(မ)၏အသားကို ထိုသားရဲများ ကိုက်ဖြတ်စားသောက်ကြမည်ဖြစ်ပြီး သူ(မ)ကိုယ်တိုင်ကလည်း ထိုသားရဲများကို ပြန်လည်တိုက်ခိုက်ရန် အင်အားရှိမည်မဟုတ်ချေ။ နောက်ဆုံးတွင် အရိုးပုံသာ ကျန်ရစ်မည်ဖြစ်သည်။
ထိုအခါ ကျင်းစီ အလွန်ကြောက်သွားပြီး ဒူးထောက်ကာ သက်ညှာပေးရန် တောင်းဆိုလိုက်လေ၏။ သူ(မ)မျက်နှာတွင်လည်း မျက်ရည်များ စီးဆင်းလာခဲ့သည်။
"သခင်ကြီး။ ကျွန်မအသက်ကို ချမ်းသာပေးပါ သခင်ကြီး။ ဒီကိစ္စကို ကျွန်မစိတ်တိုင်းကျ လုပ်ခဲ့တာမဟုတ်ပါဘူး။ ဒါ... ဒါက တတိယမဒမ်က ကျွန်မကို အတင်းလုပ်ခိုင်းလို့ လုပ်ခဲ့ရတာပါ..."
ထိုစကားကိုကြားသော် ဝေ့ကွမ်းတစ်ကိုယ်လုံး တောင့်တင်းသွားပြီး ကျင်းစီဘက်သို့ လှည့်ကာ
"ဘာ။ မင်း ဘာပြောလိုက်တယ်။"
သေးငယ်လှသည့် သူ(မ)၏အသက်ကို ကယ်တင်နိုင်ရန်အတွက် ကျင်းစီမှာ မဒမ်လျူ သူ(မ)ကိုခိုင်းစေခဲ့သည့် အကြောင်းအရာအားလုံးကို ဝေ့ကွမ်းအား ပြောပြလိုက်လေသည်။ မဒမ်လျူက ဝေ့လော်မှာ ဂင်ဂိုသီးကို အလွန်ကြိုက်ကြောင်းနှင့် ဂင်ဂိုဆောင်ရှေ့တွင် ဂင်ဂိုပင်များစွာရှိကြောင်း ကျင်းလုကို ပြောခဲ့သည်။ ထို့နောက် ဂင်ဂိုသီးကို ဆန်ပြုတ်ထဲ ထည့်ကျွေးလိုက်ပါက ဝေ့လော် လျင်မြန်စွာ နေကောင်းလာမည်ဟုလည်း သူ(မ)က ပြောခဲ့သေး၏။ ထိုသို့ အလုံးစုံကို ရှင်းပြကာ နောက်ဆုံးတွင် ကျင်းစီတစ်ယောက် အသက်အန္တရာယ်မှ ရှောင်တိမ်းခဲ့လေသည်။
"သခင်ကြီး။ ဒီကိစ္စမှာ ကျွန်မ တကယ်ပဲ ဘာမှမသိပါဘူး။ ဂင်ဂိုသီးအစိမ်းဟာ အဆိပ်ဖြစ်စေတယ်ဆိုတာ ကျွန်မတကယ်ပဲ မသိခဲ့တာပါ သခင်ကြီး။"
ဝေ့ကွမ်း သူ(မ)ကို ဘေးသို့ကန်လိုက်၏။ ထိုအသီးတွင် အဆိပ်ရှိကြောင်း မသိနေသည့်တိုင် စတုတ္ထသခင်မလေးအတွက် ပြင်ဆင်ထားသည့် ဆန်ပြုတ်ထဲသို့ အပိုပါဝင်ပစ္စည်းများ ထည့်သွင်းခြင်းမှာ သူ(မ)၏အပြစ် ဖြစ်လေသည်။
ဝေ့ကွမ်း ပြန်ထိုင်လိုက်ပြီး လေကိုဝဝရှူလိုက်ပြီးနောက် သူ့နဖူးကိုသူ ပြန်ကိုင်ထားမိလိုက်သည်။ ထိုသို့ အခြေအနေများ ဖြစ်လာလိမ့်မည်ဟု သူလည်း မမျှော်လင့်ထားချေ။
'တတိယမဒမ်က ဘာဖြစ်လို့ ဝေ့လော်ကို အန္တရာယ်ပြုချင်ရတာလဲ။
မဒမ်တု၏စိတ်ယုတ်မာများ မပျောက်သွားသေးသောကြောင့် ဝေ့လော်ကို ထိုသို့ထပ်လုပ်သည်ဟု မူလက ဝေ့ကွမ်းထင်ခဲ့သည်။ ဝေ့လော်ကို ပထမတစ်ကြိမ် အန္တရာယ်ပေးရခြင်းကို မလုံလောက်သောကြောင့် ဒုတိယတစ်ကြိမ် ထပ်မံ၍ အန္တရာယ်ပြုခြင်းဟုသာ ဝေ့ကွမ်းထင်ထားခဲ့သည်။ သို့သော် ယခုတွင် ထိုသို့ကြံစည်သူမှာ မဒမ်လျူဖြစ်နေခြင်းပင်။အချိန်အတော်ကြာပြီးနောက် ဝေ့ကွမ်းလည်း မတတ်နိုင်တော့ဘဲ တတိယသခင်ကြီး ဝေ့ချောင်ကို သူ့နေရာသို့ ဆင့်ခေါ်လိုက်ရသည်။ သူတို့ညီအစ်ကိုနှစ်ယောက် အတူတူထိုင်၍ စကားမပြောရသည်မှာ အတော်ကြာလေပြီ။ ထိုနှစ်များတွင် သူတို့နှစ်ယောက်စလုံး သူစိမ်းများကဲ့သို့သာ နေထိုင်ခဲ့ကြသည်။ မြို့စားယင်း အိမ်တော်ထဲတွင် အတူတူနေခဲ့ကြသော်လည်း အချင်းချင်း စကားမပြောခဲ့ကြပေ။ ဝေ့ချောင်ရောက်လာသည့်အခါတွင်လည်း မျက်နှာမကောင်းလှချေ။ သစ်မာထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီးနောက် တတိယသခင်ကြီးက
"ဘာလို့ ငါ့ကိုတွေ့ချင်တာလဲ။"
ဝေ့ကွမ်းလည်း စကားကိုလှည့်ပတ်မနေတော့ဘဲ ကျင်းစီကိုသာ လှမ်းခေါ်လိုက်ပြီး အစောပိုင်းမှစကားများကို ပြန်ပြောစေသလိုက်သည်။ ကျင်းစီမှာလည်း မဒမ်လျူထံမှ အကျိုးအမြတ်တချို့ ရရှိခဲ့လေ၏။ ထိုတာဝန်ကို ပြီးမြောက်အောင်လုပ်ပေးပါက ကျင်းစီ ထိုအိမ်တော်မှထွက်သွားသည့်အခါတွင် သူ(မ)အတွက် ကောင်းမွန်သော အိမ်ထောင်ဖက်တစ်ယောက် စီစဥ်ပေးမည်ဟု မဒမ်လျူက သူ(မ)ကိုပြောခဲ့သည်။ သို့သော် ယခုတွင်မူ သူ(မ)အတွက် ထိုအိမ်ထောင်ဖက်ကို မျှော်လင့်ရမည့် အခြေအနေမဟုတ်တော့ဘဲ အသက်အန္တရာယ်က ပို၍အရေးကြီးလာသောကြောင့် အခြားမတွေးတော့ဘဲ အလုံးစုံကို အသေးစိတ်ပြောပြလိုက်ခြင်းပင်။
သူ(မ) ပြောပြပြီးသွားသည့်အခါ ဝေ့ချောင်မှာ အလွန်မျက်နှာပျက်သွားလေ၏။
"မင်းမှာ သက်သေရှိလား။"
ကျင်းစီက သူ(မ)အင်္ကျီလက်ထဲမှ တစ်ခုခုကို ထုတ်လိုက်ပြီး ဝေ့ချောင်ရှေ့တွင် ချပြလိုက်သည်။
"ဒါက မဒမ် ကျွန်မကို ကြိုပြီးပေးထားတဲ့ ပစ္စည်းလေးပါ။ သခင်ကြီး။ ကြည့်ကြည့်လို့ ရပါတယ်။"
၎င်းမှာ ကျောက်စိမ်းတုံးလေးများပါသော ရွှေနားကပ်တစ်ရံပင်။ နားကပ်၏ ပုံစံအနေအထားမှာ မထူးခြားလှသော်လည်း ထိုပစ္စည်းများကို မဒမ်လျူ တစ်ခါဝတ်ဆင်ဖူးသောကြောင့် ဝေ့ချောင်က သေချာမှတ်မိလေသည်။ ထိုပစ္စည်းမှာ မဒမ်လျူဝတ်ဆင်လောက်ရသည်အထိ မတင့်တယ်နေသောကြောင့် သူ(မ)၏ အဝတ်အစားများနှင့်လည်း မလိုက်မဖက် ဖြစ်နေခဲ့ဖူးသည်။ သို့သော် ယခုတွင် ထိုပစ္စည်းလေးမှာ ကျင်းစီ၏လက်ထဲသို့ ရောက်နေလေပြီ။ ဝေ့ချောင် မျက်လုံးမှိတ်လိုက်ပြီး ထိုင်ခုံလက်ရန်းကို တင်းကျပ်စွာ ကိုင်ထားလိုက်၏။ ထို့နောက် အချိန်အတော်ကြာသည်အထိ စကားမပြောချေ။ ဝေ့ကွမ်းက အစေခံများအား ကျင်းစီကို အပြင်ခေါ်ထုတ်သွားရန် အေးစက်စက် အမိန့်ပေးလိုက်လေ၏။
"သူ(မ)ကို လျှာဖြတ်ပြီး ဒီအိမ်တော်ရဲ့ အဝေးကို ရောင်းစားလိုက်။ သူ(မ)လုပ်ခဲ့တဲ့အတိုင်း သူ(မ) ပြန်ပေးဆပ်ရမှာပဲ။"
လျှာမရှိပါက စကားမပြောနိုင်တော့ချေ။ ယခု ဝေ့ကွမ်း၏လုပ်ရပ်မှာ မိသားစုအတွက် စဥ်းစားမှု အပြည့်အဝရှိသည်ဟုလည်း ပြော၍ရနိုင်သည်။ သေခြင်းတရားမှ လွတ်မြောက်သွားသော်လည်း အပြစ်အတွက် ပေးဆပ်ရဦးမည်ဟု ကျင်းစီမထင်ထားခဲ့ချေ။ သူ(မ) ချက်ချင်းထိတ်လန့်သွားပြီး ဝေ့ကွမ်းအား ခွင့်လွှတ်ပေးရန် တောင်းပန်လေ၏။
"သခင်ကြီး။ သက်ညှာပေးပါ သခင်ကြီး..."
ဝေ့ကွမ်းမှာ သူ(မ)၏စကားများကို လျစ်လျူရှုထားလိုက်၏။ ထို့နောက် အစောင့်က သူ(မ)ကို အပြင်ခေါ်ထုတ်သွားပြီး မေးစေ့ကို သေသေချာချာကိုင်၍ ဓားကိုထုတ်လိုက်လေသည်။ ဓားတစ်ချက် ရွေ့လျားလိုက်ပြီး တစ်ခဏကြာသော် ကျင်းစီ၏ပါးစပ်ထဲမှ သွေးများစီးကျလာပြီး သူ(မ)ရှေ့မှ မြေကြီးတွင် သွေးရောင်များ စွန်းထင်သွားတော့သည်။ နာကျင်လွန်းသဖြင့် သူ(မ)တစ်ကိုယ်လုံးတွင် ချွေးများပြန်နေသော်လည်း သူ(မ) စကားတစ်ခွန်းမျှ မပြောနိုင်တော့ချေ။ မြေပေါ်သို့ လဲကျသွားပြီးနောက် သူ(မ)တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။
အခန်းထဲတွင် ဝေ့ချောင်က တစ်ခဏ ငြိမ်သက်စွာ ထိုင်နေလိုက်ပြီးနောက် ခံစားချက်မဲ့နေသည့် မျက်နှာထားဖြင့် နားကပ်ကိုကောက်ယူကာ ထင်းရှူးဆောင်မှ ထွက်လာခဲ့သည်။ ထို့နောက် သစ်တော်ဆောင်မှ တတိယမိသားစု အိမ်တော်သို့ ဦးတည်သွားလိုက်သည်။ ဝေ့ချောင်မှာ ယခုမှ အပြင်ကပြန်ရောက်လာခြင်းဖြစ်ပြီး သစ်တော်ဆောင်သို့ မရောက်ခင်တွင် ဝေ့ကွမ်းကခေါ်သောကြောင့် ထင်းရှူးဆောင်သို့ ရောက်လာရခြင်းဖြစ်သည်။ ယခုတွင် ပင်မဆောင်ထဲသို့ ဝင်သွားသည်နှင့် မဒမ်လျူက သူ့ကိုထွက်ကြိုနေလေ၏။ ထို့နောက် သူ(မ)က စိတ်ပူပန်မှုများဖြင့်
"သခင်ကြီး။ ဘာလို့ ဒီနေ့ အိမ်ပြန်နောက်ကျနေတာလဲ။ ကိစ္စတစ်ခုခု မပြီးပြတ်လို့လား။ ညစာရော စားမယ်မဟုတ်လား။ ညစာဟင်းလျာတွေကို နွှေးပြီးယူလာဖို့ တစ်ယောက်ယောက်ကို ပြောလိုက်မယ်လေ။"
သူ(မ) ထိုမျှစကားပြောပြီးသည့်တိုင် ဝေ့ချောင်ဘက်က စကားပြန်မပြောသည်ကို မဒမ်လျူ သတိထားလိုက်မိသည်။ ဝေ့ချောင်၏မျက်နှာတွင်လည်း မည်သည့်ခံစားချက်မျှ မရှိနေဘဲ သူ(မ)ကိုသာ စူးစိုက်စွာ ကြည့်နေခဲ့သည်။ ထို့ကြောင့် သူ(မ)စိတ်ထဲတွင် ထိတ်လန့်သွားခဲ့သော်လည်း အပြင်ပန်းတွင် တည်ငြိမ်သယောင် ဟန်လုပ်လိုက်ပြီး
"ဘာဖြစ်လို့ ကျွန်မကို ဒီလိုကြည့်နေရတာလဲ။ ကျွန်မမျက်နှာမှာ တစ်ခုခု ပေနေလို့လား။"(၇)နှစ်ကျော် (၈)နှစ်ကြာအောင် သူနှင့်လက်ထပ်ထားသော သူ(မ)ကို ဝေ့ချောင် လေ့လာကြည့်နေ၏။ သူ(မ)၏ပုံစံ တစ်မျိုးဖြစ်နေသည်ဟု ခံစားရသည်မှာ ယခုပထမဆုံးပင်။ သူကိုယ်တိုင်လည်း သူ(မ)အပေါ် မမျှမတ ဆက်ဆံခဲ့ဖူးသောကြောင့် သူ(မ)ကို လွတ်လပ်ခွင့် အပြည့်အဝပေးထားခဲ့သည်။ သူ(မ) စိတ်ကြီးဝင်ပြီး ရိုင်းစိုင်းကာ တဇွတ်ထိုးဆန်နေသည့်တိုင် သူ(မ)ကို စိတ်ရှည်ရှည်ဆက်ဆံပေးလေသည်။ ချောင်ဟုန်နှင့် ဝေ့လော်အပေါ် အမြင်မကြည်ဖြစ်သည်ကိုလည်း သူနားလည်ပေးနိုင်ခဲ့၏။ သို့သော် ယနေ့ကဲ့သို့ အသက်အန္တရာယ်ပြုသည့်လုပ်ရပ်မျိုး သူ(မ)လုပ်ရက်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
'ကလေးက အခုမှ (၆)နှစ်ပဲရှိသေးတာကို သူ(မ) ဘာတွေတွေးနေတာလဲ။'
တဖြည်းဖြည်းနှင့် မဒမ်လျူလည်း နေရခက်လာ၏။ ထို့နောက် သူ(မ)က ဝေ့ချောင်ကို စားပွဲဝိုင်းဆီသို့ ဆွဲခေါ်သွားလိုက်တော့သည်။
"ဒီနေ့ သခင်ကြီးကြိုက်တတ်တဲ့ ဟင်းလျာတွေပဲ ပြင်ဆင်ထားတာလေ။ ကြည့်ပါဦး..."
ဝေ့ချောင်က ခံစားချက်မဲ့စွာ ရပ်နေဆဲပင်။ ထို့နောက် သူယူလာသော နားကပ်တစ်ရံကို ထုတ်လိုက်ပြီး စားပွဲပေါ်သို့ ချလိုက်သည်။ နေဝင်ဆည်းဆာ၏ အလင်းရောင်ကြောင့် ထိုနားကပ်တွင် အလင်းရောင်ဟပ်နေ၏။ ထိုနားကပ်များကို မြင်သည့်အခါ မဒမ်လျူ၏မျက်နှာမှာ ကြက်သေသေသွားတော့သည်။
*
T/N : မြို့စားယင်းအိမ်တော်ထဲမှာ အိမ်ခွဲတွေ အများကြီးရှိပါတယ်။ သူ့မိသားစုနဲ့သူ ပထမမိသားစု၊ ဒုတိယမိသားစု၊ အစရှိသဖြင့် အိမ်ခွဲနဲ့ပါ။ ဝေ့လော်တို့က ပဥ္စမသခင်ကြီးမိသားစုမို့ ပဥ္စမမိသားစုပါ။ အိမ်ခွဲ တစ်ခုချင်းဆီမှာလည်း အဆောင်နာမည်တွေနဲ့ ဧည့်ခန်း၊ စာသင်ခန်း၊ ပင်မဆောင်၊ အိပ်ရာနဲ့ မယားကြီးအခန်း၊ ကိုယ်လုပ်တော်အခန်းဆိုပြီး အဆောင်တိုင်းမှာရှိပါတယ်နော်။
*****
Aurora Novel Translation Team