Chapter 19.1
လင်းဟွေ့လျန်က သူ(မ)ကိုယ်တိုင်လုပ်ထားသည့် ပိုးသားပန်းပွင့်များကို မြို့တော်တွင်လာရောင်းကာ လစဥ်လတိုင်း မိသားစုကို ထောက်ပံ့ပေးသည်။ ပိုင်ရန်က ခြေထောက်မကောင်းတော့သဖြင့် ခက်ခဲပင်ပန်းသော လယ်အလုပ်ကိုမလုပ်နိုင်သောကြောင့် သူတို့မိသားစု၏ စားဝတ်နေရေးမှာ လင်းဟွေ့လျန်၏ ပန်းရောင်းခြင်းပေါ်တွင်သာ မှီခိုနေရသည်။ သို့သော် ထိုသို့သောဘဝမျိုးမှာ ခက်ခဲပင်ပန်းလှသော်လည်း ပျော်စရာကောင်းသည်ဟု ယခင်ဘဝက ဝေ့လော်ထင်မှတ်ခဲ့ဖူးသည်။ လင်းဟွေ့လျန်ဆီမှ ပိုးသားပန်းပွင့်ပြုလုပ်နည်းကို သင်ယူကာ သူ(မ)ထက်ပို၍ သေသပ်လှပသည့်ပန်းများကိုပင် ဝေ့လော်ပြုလုပ်ခဲ့ဖူးသည်။ သို့သော် နောက်ဆုံးတွင် သူတို့၏အဆုံးသတ်က မထင်မှတ်ထားစရာ ဆိုးဆိုးဝါးဝါးဖြစ်လာမည်ဟု ဝေ့လော် မတွေးကြည့်မိခဲ့ဖူးချေ။
ယခု သူ(မ)မျက်နှာကို တစ်ဖန်ပြန်တွေ့ရချိန်တွင် ယခင်ဘဝမှ ခံစားချက်များနှင့် စိတ်ပျက်မှုများကို ဝေ့လော်ပြန်တွေးမိလာသည်။ လင်းဟွေ့လျန်ကို ကြည့်လိုက်ပြီးနောက် ဝေ့လော်စိတ်ထဲတွင် ပထမဦးဆုံးပေါ်လာသည့် အတွေးမှာ သူတို့လင်မယားနှစ်ယောက် သူ(မ)ကို အခေါင်းထဲသို့တွန်းချခဲ့သည့် မြင်ကွင်းပင်။ (၁၀)နှစ်ကျော်ကြာသည်အထိ နေ့တိုင်းတွေ့မြင်နေခဲ့ရသော သူ(မ)၏ နှုတ်ခမ်းထောင့်မှ မှည့်နက်ကိုလည်း ဝေ့လော် မုန်းတီးမိနေသည်။
သူ(မ) လှမ်းပေးလိုက်သည့် ပိုးသားပန်းပွင့် အပန်းရောင်ကို ဝေ့လော်လက်ခံလိုက်သည်။ ထို့နောက် အတွေးထဲတွင် ပျောက်ဆုံးနေရင်း အချိန်ကြာကြာ ထိုပန်းကိုကိုင်ထားခဲ့သည်။ စုန့်ဟွေ့နှင့် လင်းဟွေ့လျန်တို့က ဝေ့လော် ထိုပန်းကို သဘောကျသည်ဟု ထင်လိုက်ပြီး စုန့်ဟွေ့ကမူ ထိုပန်းကိုဝယ်ပေးရန်ပင် ပြင်ဆင်နေခဲ့သည်။ ထိုအချိန်တွင် ဝေ့လော်က အေးနေသကဲ့သို့ တစ်ကိုယ်လုံးတုန်ယင်လာပြီး လင်းဟွေ့လျန်ကို ထိုပန်းနှင့်ပစ်ပေါက်လိုက်သည်။ ထို့နောက် စုန့်ဟွေ့၏လည်ပင်းကို တင်းကျပ်စွာဖက်ထားလိုက်ပြီး
“မလိုချင်ပါဘူး။ အစ်ကိုစုန့်ဟွေ့။ ဒီပန်းရဲ့အနံ့က အရမ်းထူးဆန်းနေတယ်။”
ဝေ့လော်၏ စကားလုံးများမှာ လင်းဟွေ့လျန်ကို မှားယွင်းစွပ်စွဲခြင်းမျိုးမဟုတ်ဘဲ သက်သေနှင့်တကွ ပြောဆိုခြင်းဖြစ်သည်။ မြို့တော်တွင် ပိုးသားပန်းပွင့်လာရောင်းသူတို့ များပြားနေသည့်အနက် လင်းဟွေ့လျန်၏လက်ရာက မသေသပ်လှသောကြောင့် အခြားသူများနှင့်ယှဥ်လျှင် သူ(မ)ပန်းများက လိုချင်စရာမကောင်းခဲ့ပေ။ ထို့ကြောင့် သူ(မ)၏စီးပွားရေးကလည်း အဆင်မပြေခဲ့ချေ။ သူ(မ)က ထိုပိုးသားပန်းများကို သစ်ခွာရနံ့နှင့် စိမ်ထားလိုက်သည်။ သစ်ခွရနံ့မှာ ထူးကဲလှသောကြောင့် မိန်းကလေးအများစု နှစ်သက်ကြ၏။ သို့သော် ထိုအနံ့က လူတို့ကို အလွယ်တကူစွဲလမ်းသွားစေသည်။ ထိုအနံ့ကို တစ်ရက်လောက်မရှူရလျှင်ပင် သက်သောင့်သက်သာမရှိသည်အထိ ဖြစ်လာကြသည်။
လင်းဟွေ့လျန်က သူ(မ)၏စီးပွားရေးကို ထိုနည်းလမ်းဖြင့်အသုံးပြုကာ ဦးဆောင်နေခဲ့ကြောင်း အားလော် အသက်(၁၅)နှစ်အရွယ်ရောက်မှ သိခဲ့ရသည်။ လင်းဟွေ့လျန်မှာ ထိုပိုးသားပန်းကို သူ(မ)ကိုယ်တိုင် မည်သည့်အခါမျှ မပန်ဆင်ချေ။ ဝေးလံသော ရွာများနှင့် မြို့တော်များမှ ချမ်းသာသောမိသားစု၏ မိန်းကလေးများကိုသာ ရောင်းချသည်။ အကြောင်းမှာ ဝေးလံသောနေရာများတွင် ရောင်းချမှသာ သူ(မ)အကြောင်းကို လူမသိမည်ဖြစ်သောကြောင့်ပင်။
အားလော်၏စကားကိုကြားသော် လင်းဟွေ့လျန် ထိတ်လန့်ကာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွား၏။ ကလေးမလေးတစ်ယောက်က သူ(မ)၏ပန်းတွင် တစ်ခုခုလွဲနေသည်ကို သိသွားသည်ထက် အခြားသူများလည်း ရိပ်မိသွားမည်ကို သူ(မ)ပို၍စိုးရိမ်ခဲ့သည်။ သူ(မ)၏ပန်းတွင် ပြဿနာတစ်ခုခုရှိနေသည်ကို အခြားသူများရိပ်မိသွားပါက သူ(မ) နောက်တစ်ကြိမ် ထိုမြို့တော်တွင် စီးပွားရှာ၍မရတော့ချေ။ ထို့ကြောင့် ပြုတ်ကျသွားသည့်ပန်းကို အမြန်ပြန်ကောက်လိုက်ပြီး ဝေ့လော်ကိုမရောင်းတော့ဘဲ လှည့်ထွက်သွားတော့သည်။
သူ(မ)ထွက်သွားသည်ကို ဝေ့လော် မျက်နှာထားတင်းတင်းနှင့် ကြည့်နေသည်မှာ စိတ်အလိုမကျကြောင်း ပေါ်လွင်နေခဲ့သည်။ ထိုမျက်နှာထားကို စုန့်ဟွေ့ပင် အလွန်အံ့အားသင့်ခဲ့ရ၏။ သူ(မ)ကို ရထားလုံးပေါ် တင်ပေးလိုက်ပြီးနောက် စုန့်ဟွေ့က သူ(မ)၏ပါးလေးကိုကို ခပ်ဖွဖွကိုင်ကာ
“အဲ့ဒီ့ပန်းရဲ့ အနံ့က ဘယ်လိုထူးဆန်းတာလဲ အားလော်။ အားလော်ရဲ့ နှာခေါင်းထဲမှာ ဆိုးဝါးနေလို့လား။”
ဝေ့လော်က သူ(မ)မျက်နှာကို အခြားသူလာကိုင်သည်ကို မကြိုက်ချေ။ သူ(မ)၏ရှေ့သွားကိုလည်း အခြားသူများကို မမြင်စေချင်ပေ။ ထို့ကြောင့် စုန့်ဟွေ့၏လက်ကို ဖယ်ထုတ်လိုက်ပြီး
“နာတယ်။ အားလော်ရဲ့ပါးကို မဆွဲပါနဲ့ အစ်ကိုစုန့်ဟွေ့။”
အားလော်၏ အသားအရေမှာ အလွန်နူးညံ့လှပြီး ဖြူဖွေးနေသောကြောင့် မြင်တွေ့သူတိုင်းက ထိကြည့် ကိုင်ကြည့်ချင်ကြသည်။ စုန့်ဟွေ့ လက်ကိုလွှတ်ပေးလိုက်သည့်အခါ သူ(မ)ပါးပေါ်တွင် နီရဲနေသည့်အရာတစ်ခု ကျန်ရစ်ခဲ့သည်။ စုန့်ဟွေ့ကိုယ်တိုင်ကလည်း အားထည့်၍ ဆွဲညှစ်ခဲ့ခြင်းမဟုတ်သော်လည်း ဝေ့လော်၏ပါးက အလွန်နူးညံ့နေခြင်းသာဖြစ်သည်။ သို့သော်လည်း စုန့်ဟွေ့က အမှန်တကယ် စိတ်မကောင်းဖြစ်သွား၏။ တစ်ခဏ ငြိမ်နေပြီးနောက်တွင် သူ မနေနိုင်တော့ဘဲ ရယ်လိုက်မိသည်။
“အားလော်ရဲ့အသားက အရမ်းနူးညံ့နေတာကိုး။”
ဝေ့လော် ပြန်မဖြေလိုက်ချေ။ သူ(မ)၏အတွေးထဲတွင် အစောပိုင်းက ဆုံတွေ့ခဲ့သည့် လင်းဟွေ့လျန်အကြောင်းသာ ရှိနေခဲ့သည်။ ယခင်ဘဝက အဖြစ်အပျက်နှင့် တွေးဆကြည့်သော် လက်ရှိအချိန်မှာ သူတို့သား ကွယ်လွန်ပြီး သိပ်မကြာသေးသည့်အချိန်၊ သူတို့လင်မယားနှစ်ယောက် အလွန်ဝမ်းနည်းပူဆွေးနေသည့်အချိန် ဖြစ်နေသည်။ မိသားစု၏ စားဝတ်နေရေး အလွန်ခက်ခဲနေခြင်းသာမဟုတ်ပါက လင်းဟွေ့လျန်မှာ ပိုးသားပန်းပွင့်များရောင်းရန် မြို့သို့လာလိမ့်မည်မဟုတ်ချေ။ သို့သော် ထိုအချက်ကို ဝေ့လော်စိတ်ပူနေခြင်းမဟုတ်။ ဝေ့လော် စိတ်ပူသည်မှာ...
‘ငါ့ကို မမွေးစားဖြစ်ဘူးဆိုတော့ သူတို့တွေ အခြားမိန်းကလေးတစ်ယောက်ကို မွေးစားလိုက်ပြီလား။ သူတို့သားနဲ့ ဝိညာဥ်ချင်းလက်ထပ်ပေးဖို့ ရည်ရွယ်ထားတဲ့ မိန်းကလေးတစ်ယောက် သူတို့အိမ်မှာများ ရောက်နေပြီလား။’
အရှင်လတ်လတ်မြေမြှုပ်ခြင်းမှာ အသေးအဖွဲ အပြစ်တစ်ခု မဟုတ်ချေ။ အာဏာရှိသူများကို တိုင်ကြားလိုက်ပါက ချက်ချင်းအရေးယူကာ စီရင်ချက်ချနိုင်လောက်သည်အထိ လုံလောက်သောပြစ်မှုတစ်ခုပင်။ လင်းဟွေ့လျန်တို့ လင်မယားနှစ်ယောက်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေရုံမက ဥပဒေကိုလည်း နားမလည်ကြချေ။ ထို့ပြင် အားလော်ကို ပို၍စိတ်ပျက်စေသည်မှာ လုံရှိုရွာမှလူများမှာ သူတို့လင်မယား၏ အကြံအစည်ကို သေသေချာချာသိထားပါလျက်နှင့် မည်သူတစ်ဦးတစ်ယောက်ကမျှ သူ(မ)ကို သတိမပေးခဲ့ကြခြင်းကိုပင်။
‘ဒီကိစ္စကြီးက အပြန်အလှန်နားလည်မှုနဲ့ လုပ်လို့ရတဲ့အထိ သေးငယ်နေလို့လား။ ငါ့ရဲ့ဘဝတစ်ခုလုံးကို ရင်းရတဲ့ကိစ္စက သူတို့မျက်လုံးထဲမှာ တန်ဖိုးမဲ့တဲ့ကိစ္စတစ်ခုပဲ ဖြစ်နေတာလား။’
ဝေ့လော် နှုတ်ခမ်းကို တင်းတင်းစေ့ထား၏။ စုန့်ဟွေ့က သူ(မ)ကို အကြိမ်များစွာခေါ်နေပါသော်လည်း ဝေ့လော်မှာ အတွေးထဲတွင်နစ်မျောနေပြီး ပြန်မထူးနိုင်ခဲ့ချေ။ ဝေ့လော် နေမကောင်းသည်ဟုထင်ကာ စုန့်ဟွေ့က စိတ်ပူသွားပြီး သူ(မ)၏ လက်ဖမိုးလေးကို ခပ်ဖွဖွဆွဲဆိတ်လိုက်သည်။
“အားလော်။”
ထိုအခါမှသာ ဝေ့လော် အသိစိတ်ပြန်ဝင်လာ၏။ ‘အား’ဟု အော်လိုက်မိပြီး သူ(မ)မျက်လုံးများကို မော့ကြည့်လာခဲ့သည်။ ထို့နောက် စုန့်ဟွေ့တစ်မျက်နှာလုံး ချွေးပြန်နေသည်ကိုသတိပြုမိသဖြင့် အင်္ကျီလက်ကို ကိုင်မြောက်ကာ ချွေးများကိုသုတ်ပေးလိုက်ရင်း
“ဘာဖြစ်လို့လဲ အစ်ကိုစုန့်ဟွေ့။ နဖူးပေါ်မှာလည်း ချွေးတွေနဲ့။”
အစောပိုင်းမှ ရှိနေခဲ့သော ညှိုးမှိုင်သည့်ပုံရိပ်တို့ပျောက်ကွယ်သွားပြီး သူ(မ)မျက်လုံးတစ်စုံမှာ ပြန်လည်ကြည်လင်ကာ အရောင်တောက်ပလာခဲ့သည်။ စုန့်ဟွေ့က သက်ပြင်းချလိုက်ပြီး သူ(မ)၏လက်လေးကို လှမ်းကိုင်ကာ
“ခုနက ဘာတွေတွေးနေတာလဲ အားလော်။ အစ်ကို အားလော်ကိုခေါ်နေတာ အကြာကြီးပဲ။ ပြန်လည်းမထူးဘူး။”
ဝေ့လော်က ခေါင်းလေးစောင်းကာ ဟန်လုပ်၍
“ခုနက အားလော် အိပ်ငိုက်နေလို့ပါ။ ဒါနဲ့ အားလော်တို့ ဘယ်တော့ပြန်ကြမှာလဲ အစ်ကိုစုန့်ဟွေ့။”
ပင်ပန်းသောကြောင့် သူ(မ)မျက်လုံးများ ဝေဝါးလာသည်ဟု စုန့်ဟွေ့ယူဆလိုက်သည်။ ၎င်းကို ထိတ်လန့်သွားမိသည့် သူ့ကိုယ်သူလည်း စုန့်ဟွေ့ ရယ်ချင်မိလေသည်။ အားလော်တွင် စိုးရိမ်စရာ အခြေအနေမရှိခဲ့ချေ။
အားလော် ပင်ပန်းသည်ဟုဆိုသဖြင့် စုန့်ဟွေ့က သူ(မ)ကို အနီရောင်ထိုင်ခုံကျယ်ပေါ်တွင် လဲလျောင်းစေလိုက်ပြီး ရွှေချည်ငွေချည်များ ထိုးထားသည့် စောင်တစ်ထည်ဖြင့် ခြုံထားပေးလိုက်သည်။ ထို့နောက် သူက
“အားလော်လေး ခဏလောက်နားလိုက်နော်။ မျက်လုံးပြန်ပွင့်ပြီဆိုတာနဲ့ အစ်ကိုတို့ အိမ်ပြန်ရောက်ပြီ။ ဟုတ်ပြီလား။”
အားလော်က သူ့စကားကိုနားထောင်ကာ ခေါင်းညိတ်လိုက်ပြီး နံရံဘက်ကိုကျောပေး၍ မျက်လုံးမှိတ်ထားလိုက်သည်။ အားလော် အမှန်တကယ် ပင်ပန်းသွားသည်ပင်။ တစ်ခဏ လဲလျောင်းပြီးသည်နှင့် ချက်ချင်း အိပ်မောကျသွားလေတော့သည်။
*
မြို့စားယင်း အိမ်တော်သို့ ပြန်ရောက်သော်။
စုန့်ဟွေ့က ဝေ့လော်ကိုချီပြီး အထိန်းတော်ကြီးထံတွင် သေသေချာချာအပ်နှံလိုက်၏။ ရင်ခွင်တစ်ခုမှ အခြားရင်ခွင်တစ်ခုသို့ ရုတ်တရက် ကူးပြောင်းရာတွင် ဝေ့လော် သက်သောင့်သက်သာမရှိဘဲ အိပ်နေရင်း အသံပြုမိ၏။ သို့သော် အထိန်းတော်ကြီးက သူ(မ)နောက်ကျောကို ပြန်ပုတ်ပေးလိုက်သည့်အခါ ချက်ချင်းပြန်အိပ်ပျော်သွားပြန်သည်။ အထိန်းတော်ကြီးက ဝေ့လော်ကိုခေါ်၍ အိမ်ထဲဝင်သွားချိန်တွင် စုန့်ဟွေ့က အပြင်ဘက်တံခါးဝမှ အချိန်ကြာကြာ ငေးကြည့်နေခဲ့သည်။ သူ့မြင်ကွင်းထဲမှ ဝေ့လော်ပျောက်သွားသည့်အခါမှသာ တစ်ဖက်သို့ပြန်လှည့်၍ ရထားလုံးပေါ်သို့တက်လိုက်လေသည်။
တစ်ခဏကြာသော် ရထားလုံးမှာ အရေးပိုင်မင်း ကျုံးယီအိမ်တော်သို့ ပြန်ရောက်လာ၏။ အဖိုးဖြစ်သူ အရေးပိုင်မင်းကျုံးယီကလည်း အသက်ကြီးပြီဖြစ်ပြီး မိဘနှစ်ပါးဖြစ်သော စုန့်ပိုင်ယဲ့နှင့် မဒမ်ရှုတို့ကလည်း ခရီးထွက်သွားကြသောကြောင့် အိမ်တော်ကြီး၏ အရေးကိစ္စများကို စုန့်ဟွေ့တစ်ယောက်တည်း စီမံနေရသည်။ ယနေ့ အပြင်သွားခဲ့စဥ်က စားသောက်ဆိုင်တွင် ဝေ့လော်ပြောပြခဲ့သည့် စကားလုံးများကို သူပြန်တွေးကြည့်မိသည်။ တစ်ခဏ စဥ်းစားချင့်ချိန်လိုက်ပြီးနောက် ယနေ့ကိစ္စများကို စုံစမ်းစစ်ဆေးရန် တစ်စုံတစ်ယောက်ကိုစေခိုင်းသင့်သည်ဟု စုန့်ဟွေ့ ဆုံးဖြတ်လိုက်သည်။
အရေးပိုင်မင်း ကျုံးယီအိမ်မှ အစောင့်များမှာ မြို့စားယင်းအိမ်တော်မှ အစောင့်များကဲ့သို့ ကောင်းမွန်စွာ လေ့ကျင့်ပေးထားခြင်းမရှိသော်လည်း တစ်စုံတစ်ခုကို စုံစမ်းစစ်ဆေးခြင်းမှာ သူတို့အတွက် မခက်ခဲလှပေ။ တစ်ခဏကြာသော် လူတစ်ယောက်က သတင်းပြန်လာပို့သည်ကို ကြားလိုက်ရ၏။
“သခင်လေး။ အားလုံးက အမှန်တွေပါပဲ။”
စုန့်ဟွေ့က လက်ထဲမှ ကြွေလက်ဖက်ရည်ခွက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားရင်း အသံဩဩဖြင့်
“ဒါဆိုရင် အစအဆုံး အသေးစိတ်တင်ပြပေးပါ။”
ထိုအခါ အစောင့်က ထိုနေ့တွင်ဖြစ်ပျက်ခဲ့သမျှ ဇာတ်လမ်းတစ်ခုလုံးကို ပြောပြလိုက်၏။ မဒမ်တုက ကျွန်ကုန်သည်များကို ဆက်သွယ်ခဲ့ကြောင်း၊ အထိန်းတော်အိုကြီးက မဒမ်တုအတွက် အပြစ်များကို ကိုယ်စားခံယူပေးခဲ့ကြောင်းနှင့် သေသည်အထိ ကြိမ်ဒဏ်ပေးခံခဲ့ရကြောင်းတို့ အပါအဝင် မဒမ်တု၏ ကိုယ်ဝန်အကြောင်း သိရှိသွားသဖြင့် ပြစ်ဒဏ်လျှော့ပေါ့သည့်အနေဖြင့် ခြံဝင်းငယ်တစ်ခုတွင် ပြောင်းရွှေ့နေထိုင်စေခဲ့ကြောင်း အသေးစိတ်ကို စုန့်ဟွေ့သိလိုက်ရသည်။ ဝေ့လော်၏ ပြောစကားများမှာ အလုံးစုံမှန်ကန်နေပြီး မဒမ်တုက အမှန်တကယ်ပင် သူ(မ)ကိုရောင်းရန် ကြိုးစားခဲ့ခြင်းပင်။ ထိုလုပ်ရပ်မှာ သေချာပေါက် ခွင့်မလွှတ်ပေးသင့်သည့် အပြစ်တစ်ခု ဖြစ်လေသည်။
အစောင့်၏တင်ပြချက်ကို နားထောင်ပြီးနောက် စုန့်ဟွေ့မှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် သူကိုင်ထားသည့် လက်ဖက်ရည်ခွက်ကို အဝေးသို့ ပစ်ပေါက်လိုက်သဖြင့် ဖန်ကွဲစများ ကြမ်းပြင်တွင် ပြန့်ကျဲသွားတော့သည်။ အစောင့်ကလည်း မှင်တက်မိသွားသဖြင့် စကားမပြောရဲတော့ချေ။ တစ်ခဏကြာသော် စုန့်ဟွေ့က မတ်တတ်ရပ်လိုက်ပြီး
“ဒီအကြောင်းတွေကို ကျွန်တော့်မိဘတွေ မသိပါစေနဲ့ဦး။ သူတို့ ခရီးကပြန်ရောက်ရင် ကျွန်တော်ကိုယ်တိုင်ပဲ သူတို့ကိုပြောပြလိုက်မယ်။”
အစောင့်လည်း သဘောပေါက်နားလည်သွားပြီး မည်သည့်ခိုင်းစရာမျှ ထပ်မရှိတော့သည့်အခါ အခန်းထဲမှပြန်ထွက်သွားခဲ့သည်။
စုန့်ဟွေ့မှာ ခန်းမကြီးထဲတွင် အချိန်အတော်ကြာသည်အထိ တစ်ယောက်တည်းထိုင်နေခဲ့သည်။ မည်သူ့ကိုမျှလည်း မခေါ်ခိုင်းသဖြင့် အစေခံများကလည်း သူတို့သဘောနှင့်သူတို့ မခစားရဲကြပေ။ သခင်လေးစုန့်ဟွေ့၏ပုံစံမှာ ညင်သာအေးဆေးလှပြီး မည်သည့်အခါမျှ ဒေါသမထွက်တတ်ပေ။ သို့သော် ယနေ့တွင်မူ လက်ဖက်ရည်ခွက်ကိုပင် ပစ်ပေါက်လိုက်ရသည်အထိ ဒေါသထွက်သွားလေရာ ထိုကိစ္စမှာ သေးငယ်နေလိမ့်မည်မဟုတ်ချေ။ ခန်းမကြီးထဲတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို မသိရသဖြင့် အစေခံများက တိတ်တဆိတ်မှန်းဆကြည့်နေကြသော်လည်း အဖြေမှန်မရခဲ့ချေ။ အနောက်အရပ်သို့ နေဝင်သွားသည့်အချိန်တွင် တိမ်များကလည်း နီဝါရောင်သန်းလာသဖြင့် ခန်းမထဲတွင် အလင်းရောင်မရှိတော့သောကြောင့် မှောင်ကျသွားခဲ့သည်။ ထိုအခါမှသာ စုန့်ဟွေ့တစ်ယောက် ထိုခန်းမထဲမှ ထွက်လာလေတော့သည်။
*****
Aurora Novel Translation Team
Report content on this page