Chapter 13.2
ဝေ့ကျန်း အအေးမိသွားပြီး နှာခေါင်းလည်း ထိခိုက်သွားသောကြောင့် နာကျင်နေသည်။ သို့သော်လည်း အရေးပိုင်မင်း ကျုံးယီ၏အိမ်တွင် ကြာကြာနေ၍မရ။ နေ့လယ်စာစားပြီးသည်နှင့် မြို့စားယင်း အိမ်တော်သို့ ပြန်ရန် ပြင်ဆင်ကြရတော့သည်။
သူတို့ပြန်ခင်တွင် စုန့်ဟွေ့က ဆီစုပ်စက္ကူနှင့် ပတ်ထားသည့် ခပ်ဖောင်းဖောင်းပစ္စည်းတစ်ခုကို ဝေ့လော်ကိုပေးခဲ့၏။ အနီးနားသို့ရောက်လာသည့်အခါ ၎င်းထံမှ ချိုမြိန်မွှေးပျံ့သည့်အနံ့မှာ အားလုံးဆီသို့ ပျံ့နှံ့သွားခဲ့သည်။
ဝေ့လော်က ထိုပစ္စည်းကိုလက်ခံလိုက်ပြီး သိချင်စိတ်များစွာဖြင့်
“ဒါ ဘာကြီးလဲဟင်။”
စုန့်ဟွေ့က ပြုံး၍
“ဒါက အစ်ကို့အဖေ တောင်ပိုင်းကနေယူလာတဲ့ နှင်းသီးကြော်လေ။ အများကြီး မရှိဘူး။ အားလော်လေးက အချိုစားရတာကြိုက်တယ်ဆိုတော့ အားလော်အတွက် အစ်ကိုက သေချာလေးချန်ထားပေးတာ။”
နှင်းသီးမှာ တောင်ပိုင်း၏ အထင်ကရအသီးတစ်ခုဖြစ်သည်။ သာမန်အားဖြင့် ထိုနှင်းသီးကို မြောက်ပိုင်းသို့ တင်ပို့လေ့မရှိ။ ထိုသို့တင်ပို့လျှင်လည်း လတ်လတ်ဆတ်ဆတ် မရောက်လာကြချေ။ သို့သော်လည်း လူတို့က ဉာဏ်ကိုသုံးကာ ပို၍အဆင်ပြေသောနည်းလမ်းကို ရှာတွေ့ခဲ့ကြသည်။ နှင်းသီး၏ အခွံကိုခွာလိုက်ပြီး ပျားရည်ပုလင်းထဲတွင် စိမ်ကာ နေရောင်ထဲတွင် အခြောက်ခံကြခြင်းဖြင့် ယခုကဲ့သို့ ချိုမြိန်သည့်အသီးကိုရလေသည်။ ထိုနည်းလမ်းကို အသုံးပြုခြင်းဖြင့် သစ်သီးမှာ ကြာရှည်ခံသွားသောကြောင့် နှင်းသီးကို စားချင်ကြသည့် မြောက်ပိုင်းသားများအတွက် အလွန်အဆင်ပြေလှသည်။ ထို့ပြင် နှင်းသီး၏ မူလချိုမြိန်သော အရသာလည်း ပျောက်မသွားချေ။
လုပ်ဆောင်ရသည့်လုပ်ငန်းစဥ်က အနည်းငယ်ရှုပ်ထွေးပြီး ခရီးရှည်မှ တင်ပို့လာရခြင်းဖြစ်သောကြောင့် ထိုနှင်းသီးကြော်မှာ စျေးမပေါလှချေ။ စုန့်ဟွေ့ ဝေ့လော်ကိုပေးသည့်ပမာဏမှာ သူ(မ)၏လည်ပင်းတွင်ရှိသော သက်စောင့်လောကတ်သီးကို ဝယ်နိုင်လောက်သည်အထိ စျေးကြီးသည်။ သို့သော်လည်း မြို့တော်ထဲမှ အမျိုးသမီးငယ်လေးများက နှင်းသီးကိုနှစ်ခြိုက်ကြသည်။ ထိုသို့နှစ်ခြိုက်ကြခြင်းမှာလည်း နှင်းသီး၏ ချိုမြိန်သောအရသာတစ်ခုတည်းကြောင့် မဟုတ်ဘဲ အသက်ဝိညာဥ်ချီအတွက်လည်း ကောင်းမွန်ပြီး သွေးအားကောင်းစေသောကြောင့် အာဟာရအဖြစ် စားသုံးကြသည်။
နှင်းသီးတစ်လုံးကို ဝေ့လော် ပါးစပ်ထဲထည့်လိုက်၏။ ချိုမြိန်လှသည့် အရသာက လျှာပေါ်မှတစ်ဆင့် ခံတွင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ထို့ပြင် နှင်းသီးထဲတွင် အရည်လည်းရှိနေ၏။ သွားဖြင့်ကိုက်လိုက်သည့်အခါ ထိုသစ်သီးရည်က ပေါက်ထွက်လာပြီး ချိုမြိန်လွန်းသောကြောင့် ဝေ့လော် မျက်လုံးများပင်မှိတ်သွားတော့သည်။ နှင်းသီးကြော်ကိုစားရာတွင် အားသာချက်နှစ်ခုမှာ အခွံကိုခွာစရာမလိုခြင်းနှင့် အစေ့ကို ထွေးထုတ်စရာမလိုခြင်းပင်။ သေသေချာချာဝါးစားပြီး မြိုချလိုက်ပြီးနောက် ဝေ့လော်၏အသံက အနည်းငယ်ပင် ပို၍ချိုသွားလေသည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုစုန့်ဟွေ့။ အားလော် ကြိုက်တယ်။”
စုန့်ဟွေ့၏နှုတ်ခမ်းထောင့်များ ကွေးသွား၏။
“အားလော်ကြိုက်လို့ တော်သေးတာပေါ့။ ဒါပေမဲ့ အများကြီးတော့ စားလို့မရဘူးနော်။ အများကြီးစားရင် အပူများလိမ့်မယ်။”
ဘေးဘက်တွင် ဝေ့ကျန်းက အခြေအနေကို အားကျစွာလေ့လာနေ၏။ ထို့နောက် သူ(မ)က နှုတ်ခမ်းစူကာ သူ(မ)ကိုယ်သူ(မ)ပြန်ပြောဟန်ဖြင့်
“ဝမ်းကွဲအစ်ကိုက အားလော်ကိုမုန့်ကျွေးပြီး သမီးကိုကျ မကျွေးဘူး။ သမီးလည်း နှင်းသီးကြော် ကြိုက်ပါတယ်နော်။ ဝမ်းကွဲအစ်ကိုက အရမ်းမျက်နှာလိုက်တာပဲ။”
စုန့်ဟွေ့က ဝေ့ကျန်း၏ခေါင်းကို ခပ်ဖွဖွပုတ်ကာ ရှင်းပြလိုက်၏။
“အားကျန်းက ခုနကလေးတင် နှာခေါင်းသွေးယိုထားတာလေ။ အဲ့ဒါကြောင့် နှင်းသီးစားလို့မရသေးဘူး။ စားလိုက်ရင် နှာခေါင်းသွေးယိုတာက ပိုဆိုးလာမှာပေါ့။”
ဝေ့လော်၏လက်ထဲမှ နှင်းသီးထုပ်ကိုကြည့်ရင်း စုန့်ဟွေ့၏စကားများကို သူ(မ) ယုံရခက်ခက်ဖြစ်နေသည်။ ထို့နောက် သေချာစဥ်းစားလိုက်ပြီးသောအခါ ဝေ့ကျန်း ထိုအကြောင်းကို စိတ်မဝင်စားတော့ချေ။ ဝေ့လော်ကမူ နောက်ထပ်နှင်းသီးတစ်လုံးကို ဝါးလိုက်ရင်း စဥ်းစားနေ၏။ စုန့်ဟွေ့မှာ မည်သူ့ကိုမဆို ကြင်နာသည့်ပုံစံပြနိုင်သော်လည်း မည်သို့ငြင်းဆန်ရသည့်အကြောင်း သူ မသိချေ။ ၎င်းမှာ စုန့်ဟွေ့၏အရည်အချင်းဖြစ်ပြီး အားနည်းချက်လည်းဖြစ်သည်။ ကလေးဘဝတွင် ထိုအချက်က ပြဿနာမရှိသော်လည်း အရွယ်ရောက်လာသည့်အခါ နားလည်မှုလွဲခြင်းများ ဖြစ်လာနိုင်သည်။ သူ၏စိတ်ရင်းကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သူ့ပုံစံမှာ လူတိုင်းကိုကြင်နာတတ်သည့် လူရှုပ်လူပွေနှင့်တူနေတော့သည်။ အနီးနားတွင် စိတ်ရှုပ်စရာရှိလာလျှင်လည်း ခပ်ဖွဖွသာဆူငေါက်ပြီး အလွန်နားလည်ခွင့်လွှတ်ပေးတတ်သောကြောင့် ဝေ့ကျန်းကလည်း သူ့အနားတွင် ပို၍ဆူဆူညံညံလုပ်တတ်သည်။ သို့သော်လည်း ၎င်းမှာ သူ၏စိတ်ရင်းသာဖြစ်ပြီး အခြားမိန်းကလေးများကို ကြိုက်နှစ်သက်သောကြောင့် အထူးအခွင့်အရေးပေးခြင်းမျိုး မဟုတ်ခဲ့ချေ။ အားလော်ကလည်း အလွန်သဝန်တိုတတ်သောကြောင့် သူ၏စိတ်ရင်းက ရေရှည်တွင် အဆင်ပြေလိမ့်မည်မဟုတ်။ သူတို့နှစ်ယောက် လက်ထပ်လိုက်ပြီးနောက် သူက အခြားမိန်းကလေးများအပေါ် နူးညံ့ညင်သာနေပါက ဝေ့လော်က သူ့ကို အခန်းထဲတွင်သော့ခတ်ကာ ခြေထောက်ကိုရိုက်ချိုးမိလိမ့်မည်ပင်။ ထိုမှသာ အခြားမိန်းကလေးများကို သွားမတွေ့နိုင်တော့ဘဲ သူ(မ)တစ်ယောက်တည်းအပေါ်သာ ကြင်နာဂရုစိုက်တတ်သွားတော့မည်။
***
မြို့စားယင်းအိမ်တော်သို့ ပြန်ရောက်သော်။
ဝေ့လော်နှင့် ဝေ့ချောင်ဟုန်တို့က ထင်းရှူးဆောင်ထဲသို့ ချက်ချင်းပြန်သွားကြ၏။ သို့သော် ဝေ့ကျန်းမှာ ထင်းရှူးဆောင်သို့သွားပြီး လမ်းတစ်ဝက်ရောက်သော် ဂင်ဂိုဆောင်ရှိရာသို့သွားကာ စောဒကတက်ရန် မဒမ်တုကိုလိုက်ရှာလေတော့သည်။ ယနေ့တွင် သူ(မ) အလွန်အထိနာခဲ့၏။ ရေထဲသို့ ပြုတ်ကျရုံမက နှာခေါင်းတွင်လည်း ထိခိုက်သွားသေးသည်။ သူ(မ)ကိုမြင်လိုက်ပါက မိခင်ဖြစ်သူ တုယွယ်ယင်း မည်မျှစိတ်မကောင်းဖြစ်သွားမည်ကို မခန့်မှန်းတတ်ချေ။
ဝေ့လော် လက်နှစ်ဖက်ဖြင့် မေးထောက်ထားရင်း မဒမ်တု၏ ပျာယာခတ်နေမည့်ပုံစံကို မြင်ယောင်ကာ ပြုံးမိလေသည်။ ထို့နောက် သူ(မ)က ကျင်းလုကိုလှမ်းခေါ်၍
“အစ်မကျင်းလု။ အဖေ ဘယ်မှာရှိလဲ အခု။”
ကျင်းလုက အဝတ်စိုတစ်ခုဖြင့် အားလော်၏လက်များကို သုတ်ပေးနေရင်း
“ပဥ္စမသခင်ကြီး အခုပဲ အပြင်ကပြန်ရောက်လာတာ။ ဧည့်သည့်တွေလည်း ပါလာတယ်။ အခုလောလောဆယ်တော့ ဧည့်သည်တွေကိုဧည့်ခံရင်း ရှေ့ခြံမှာပဲရှိဦးမယ်ထင်တယ်။ သခင်ကြီးနဲ့တွေ့ချင်လို့လား မမလေး။”
ဝေ့လော်က ခေါင်းခါလိုက်ပြီး ရိုးသားစွာဖြင့်
“ဝေ့လော်တို့ ဒီနေ့ အရေးပိုင်မင်း ကျုံးယီအိမ်တော်ကို သွားကြတာလေ။ ဝေ့ကျန်းပေါ့။ သတိလက်လွတ်နဲ့ လျှောက်ဆော့ပြီး ရေထဲပြုတ်ကျတာ။ အခုတော့ အဲ့ဒီ့အကြောင်းတွေကိုတိုင်ပြောဖို့ မဒမ်တုဆီသွားတယ်လေ။ မဒမ်က အဖေနဲ့သွားတွေ့ချင်နေမှာ ကျိန်းသေတယ်။ ဟိုရက်တုန်းကလည်း မဒမ့်အကြောင်းပြောလိုက်တာ အဖေ အရမ်းစိတ်ဆိုးသွားတယ်သိလား။ အစ်မကျင်းလု။ အားလော် အဖေ့ကို မဒမ်နဲ့မတွေ့စေချင်ဘူး။ ပြီးတော့ အရေးပိုင်မင်း ကျုံးယီအိမ်မှာ ဝေ့ကျန်းထိခိုက်မိတာကလည်း ကြီးကြီးမားမားမှမဟုတ်တာ။ အဖေက မဒမ်နဲ့မတွေ့ရလို့ ခုရက်ပိုင်းမှာ စိတ်ရွှင်နေတာ။ အဲဒါကြောင့် မဒမ့်ကြောင့်နဲ့ အဖေ့ကို ထပ်ပြီးစိတ်ရှုပ်အောင် မလုပ်လို့ရမလားဟင်။”
အားလော်က ကျိုးကြောင်းသင့်တော်စွာပြောတတ်သောကြောင့် ကျင်းလုလည်း ချက်ချင်းခေါင်းညိတ်လိုက်၏။
“မမလေးက သခင်ကြီးအတွက် တွေးပေးနေတာပဲ။ ဒီအကြောင်းကိုသာ သခင်ကြီးသိရင် သိပ်ကိုဝမ်းသာနေမှာ။ ကဲ အခုတော့ မမလေးလည်း နားလိုက်ဦး။ ကျွန်မပဲ ဂင်ဂိုဆောင်ကို လိုက်သွားလိုက်မယ်နော်။ မဒမ်တုက သခင်ကြီးနဲ့တွေ့ချင်နေတယ်ဆိုရင်လည်း သခင်ကြီးမအားကြောင်း၊ ဧည့်သည်တွေကို ဧည့်ခံနေကြောင်း ကျွန်မကပဲပြောလိုက်ပါ့မယ်။ သခင်ကြီးလည်း သူ(မ)နဲ့တွေ့ဖို့ အဆင်မပြေဘူးလေ။”
ဝေ့လော် မျက်လုံးလေးမှေးကာ ပြုံးလိုက်မိ၏။ ကျင်းလုက လွယ်လွယ်သဘောပေါက်သောကြောင့် အပိုပြောစရာမလိုဘဲ လိုရင်းသို့ရောက်သွားလေသည်။ ထို့ပြင် လက်ရှိတွင် ဝေ့ကွမ်းကလည်း အမှန်တကယ် ဧည့်သည်များကိုဧည့်ခံနေလေရာ သူတို့၏အစီအစဥ်မှာ မုသားမပါခဲ့ချေ။
ဝေ့ကျန်း၏ တိုင်တောမှုများကိုကြားပြီးနောက် ဝေ့လော်ထင်ထားသည့်အတိုင်း မဒမ်တု စိတ်ပျက်မိကာ ချက်ချင်း ဝေ့ကွမ်းနှင့်တွေ့လိုကြောင်းပြောခဲ့သည်။ လက်ရှိတွင် သူ(မ)က ဝေ့ကျန်းကို စောင့်ရှောက်ခွင့်မရှိသောကြောင့် မည်သည့်အခွင့်မျှမရှိချေ။ သူ(မ)၏ အုပ်ထိန်းမှုအောက်တွင် မရှိတော့သည်နှင့် ဝေ့ကျန်းမှာ ချက်ချင်းထိခိုက်မိလာလေရာ မိခင်တစ်ယောက်အနေဖြင့် နောင်တွင် မည်သို့စိတ်ချနိုင်လိမ့်မည်နည်း။
လက်ရှိအခြေအနေကို အခွင့်အရေးတစ်ခုအဖြစ် အသုံးချကာ သူ(မ)အား ထင်းရှူးဆောင်သို့ ပြန်လည်ပြောင်းရွှေ့ခွင့်ပေးရန် ဝေ့ကွမ်းကို သူ(မ)တောင်းဆိုချင်ခဲ့သည်။ သို့သော် ကျင်းလုက ဝေ့ကွမ်းတွင် သူ(မ)နှင့်တွေ့ရန် အချိန်မရှိကြောင်း၊ ဧည့်သည်များကို ဧည့်ခံနေရကြောင်း ပြောပြလိုက်သည်။ ဒေါသလည်းထွက်ပြီး ကူကယ်ရာမဲ့သွားသည့် သူ(မ)က အပြင်ဘက်သို့ပြေးထွက်သွားရန် ကြိုးစားခဲ့သော်လည်း ဂင်ဂိုဆောင်၏ အပြင်ဘက်တွင် သက်တော်စောင့်နှစ်ယောက်က စောင့်ကြည့်နေသေးပြန်သည်။ သူ(မ) တံခါးပေါက်နားသို့ ကပ်လာသည်နှင့် ထိုသက်တော်စောင့်များက သူ(မ)၏လမ်းကို ပိတ်ထားကြသည်။ ထိုသက်တော်စောင့်နှစ်ယောက်မှာ သူ(မ)ပြောသမျှ လျစ်လျူရှုထားပြီး အလွန်အသည်းမာသူများဖြစ်ကြသည်။ အလွန်စိတ်ဆိုးနေသော်လည်း မဒမ်တုက ကိုယ်ဝန်အကြောင်းပြန်တွေးမိသွား၏။ ထို့ကြောင့် ပြဿနာရှာရန် အချိန်ကောင်းတစ်ခုမဟုတ်သဖြင့် သူ(မ)စိတ်ကို ပြန်ထိန်းထားလိုက်သည်။ ကံမကောင်းစွာဖြင့် သူ(မ) စိတ်အေးအေးမထားနိုင်ခဲ့ပေ။ ရှေ့ပြန်နောက်ပြန်လမ်းလျှောက်ရင်းနှင့် သူ(မ)က ပို၍သာ စိတ်တိုလာတော့သည်။
ထင်းရှူးဆောင်တွင်။
ဆရာရွှယ်နှင့် စာသင်ရတော့မည်ဖြစ်သောကြောင့် မနက်ဖြန်အတန်းအတွက် ဝေ့လော်ပြင်ဆင်နေရင်း အပြင်ဘက်မှ မိန်းကလေးအစေခံတစ်ယောက်၏ ဆော်ဩသံကိုကြားလိုက်သည်။
“စတုတ္ထသခင်မလေး။ ပဥ္စမသခင်ကြီးက မမလေးကို ရှေ့ခြံထဲကိုလာခဲ့ဖို့ ခေါ်ခိုင်းလိုက်ပါတယ်။”
ဝေ့လော်က ထိုင်ခုံပေါ်မှခုန်ချကာ စာအုပ်အဖုံးပေါ်မှ ဖုန်ကိုသုတ်၍
“အဖေက အားလော်ကိုခေါ်တာလား။ ဘာလို့တဲ့လဲ။”
အစေခံကျင်းဝူက ခေါင်းခါ၍
“ကျွန်မလည်း မသိပါဘူး မမလေး။ ကြည့်ရတာ မမလေးကို ဧည့်သည်နဲ့ မိတ်ဆက်ပေးမလို့ထင်ပါတယ်။”
‘ဧည့်သည်နဲ့ တွေ့ခိုင်းမလို့လား။ ဘယ်သူတွေပါလိမ့်။’
သူ(မ)ကို လာခေါ်သည့်အကြောင်းအရင်းကို ဝေ့လော်သေချာမသိချေ။ စာအုပ်စင်မှ ဆွဲထုတ်လိုက်သည့် ‘လူငယ်ယဥ်ကျေးမှု မြှင့်တင်ရေး’စာအုပ်ကို အနီရောင်စားပွဲပေါ်တွင် တင်လိုက်ပြီး ဝေ့လော်က
“ဟုတ်ပါပြီ။ ဒါဆိုလည်း လိုက်ခဲ့ပါ့မယ်။”
ကျင်းလုက ရှေ့မှဦးဆောင်၍ ဝရံတာကိုဖြတ်သွားသည်။ ထို့နောက် ပင်မဆောင်ကိုဖြတ်ကာ ဝင်ပေါက်အနီးမှ အဆောင်သို့ရောက်ပြီး ရှေ့ခြံအပြင်ဘက်မှ နေရာလွတ်တွင်ရပ်လိုက်သည်။ လမ်းတစ်လျှောက်တွင် ဝေ့ကွမ်း သူ(မ)ကို မည်သူနှင့်တွေ့ခိုင်းမည့်အကြောင်း အားလော်ကြိုးစားခန့်မှန်းနေ၏။ နေရာလွတ်တွင် ရပ်လိုက်သည့်အခါ ရှေ့ခြံ၏ဂိတ်ဝတွင်ရပ်နေသော လူတစ်ယောက်ကို ဝေ့လော်တွေ့လိုက်ရသည်။
‘အဲ့ဒါ ဟိုရက်တုန်းက ငါ့ကိုအိမ်ပြန်ပို့ပေးတဲ့ သက်တော်စောင့်ကျူ့ကုန်း မဟုတ်လား။’
ထိုအခါ အထဲတွင်ရှိနေမည့်လူကို ဝေ့လော်သိလိုက်တော့သည်။ သူ(မ) လမ်းလျှောက်ဝင်သွားသည်နှင့် သစ်မာသားထိုင်ခုံပေါ်တွင်ထိုင်နေသော လူငယ်လေးတစ်ယောက်ကို ဝေ့လော်သတိထားမိလိုက်သည်။ ထိုသူက ရွှေရောင်ဘရိုကိတ်သား မိုးပြာရောင်အစင်းကြောင်းများပါသည့် ဝတ်ရုံကိုဝတ်ဆင်ကာ ခေါက်ယပ်တောင်တစ်ခုကို ကိုင်၍ ခါးတွင်မူ နဂါးနှင့် ကျားပုံစံထွင်းထားသည့် ကျောက်စိမ်းအဆင်တန်ဆာတစ်ခုကို ဝတ်ဆင်ထားသည်။ သူ့တစ်ကိုယ်လုံး ဝတ်စားထားသမျှတွင် မခမ်းနားသည့်နေရာဟူ၍ မရှိ။ ကြီးမားမြင့်မြတ်သော ကိုယ်ရောင်ကိုယ်ဝါနှင့်အတူ ခမ်းနားတင့်တယ်နေသည့်သွင်ပြင်ရှိနေသည်။ ထိုသူတွင် စုန့်ဟွေ့၌ရှိသော နူးညံ့သည့်သဘောတရားမျိုး မရှိပေ။ စုန့်ဟွေ့၏ရုပ်ရည်နှင့်ယှဥ်လိုက်သော် သူ့ပုံစံ၏ (၃) ပုံ (၂) ပုံက မျက်နှာထား တင်းမာပြီး မောက်မာသည့်ဟန်ရှိသည်။ သို့သော် သူ၏ပြောဆိုပြုမူပုံက ပို၍ သဘောကျချင်စဖွယ်ကောင်းသည်။ သူက မေးစေ့ကို လက်ဖြင့်ထောက်ထား၏။ ဝေ့လော် ဂိတ်ကိုဖြတ်လာသည်ကိုမြင်သော် တည်ငြိမ်သည့် ဖီးနစ်မျက်လုံးများက သူ(မ)ကိုကြည့်နေရင်း စိတ်ထဲတွင် ထူးထူးဆန်းဆန်း ရယ်ချင်နေခဲ့သည်။
အခန်းထဲတွင် ထိုင်နေသူအရေအတွက်မှာ အနည်းငယ်များနေ၏။ မြို့စားယင်းနှင့် အားလော်၏ ဦးလေးများစွာ ရှိနေကြသည်။ ထူးဆန်းသည်မှာ ဝေ့ကျောင်းချွမ်က ခုံအနိမ့်တွင်ထိုင်နေပြီး လူငယ်လေးကို ခုံအမြင့်တွင် ပေးထိုင်ထားခြင်းပင်။ ထို့ကြောင့် ထိုလူငယ်လေး၏အဆင့်အတန်းက ရိုးရိုးရှင်းရှင်းမဟုတ်လောက်ချေ။
ဝေ့လော် စိတ်ထဲမှနေ၍ တိတ်တဆိတ် ကျိန်ဆဲလိုက်ပြီး ဝေ့ကွမ်းပေါ်သို့ ခုန်တက်လိုက်သည်။
“အဖေ....”
ဝေ့ကွမ်းက ရယ်မော၍ သူ(မ)ခန္ဓာကိုယ်လေးကို ချီလိုက်ပြီး
“အားလော်လေး။ ကျင်းမင်းသားကို အမြန်နှုတ်ဆက်လိုက်ဦး။ ဟိုရက်တုန်းက အားလော်ကို ကယ်ခဲ့တယ်ဆိုတာ ကျင်းမင်းသားရဲ့ သက်တော်စောင့်ပဲ။ အဲ့ဒါကြောင့် အဖေက ဒီနေ့ ကျင်းမင်းသားကို အထူးဖိတ်ကြားပြီး ကျေးဇူးတရားကို ပြသတာပေါ့။”
ဝေ့လော် အံ့အားသင့်စွာဖြင့် ကျောင်းကျယ်ကို လှမ်းကြည့်လိုက်သည်။ ကျောင်းကျယ်၏မျိုးရိုး မနိမ့်လှသည်ကို သူ(မ) ခန့်မှန်းမိခဲ့သော်လည်း ယခုလောက်အထိ မြင့်မားလိမ့်မည်ဟုတော့ သူ(မ) မထင်မှတ်ထားခဲ့ပေ။ အားလော် ယခင်ကလည်း ကျင်းမင်းသားအကြောင်း သတင်းများသာကြားခဲ့ဖူးပြီး လူကိုယ်တိုင် မတွေ့ဖူးခဲ့ချေ။
ကျင်းမင်းသားက နောင်တွင် အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်လာလိမ့်မည်။ ဧကရာဇ်ချုံကျန်း နန်းစွန့်သွားပါက ထီးနန်းကို ကျောင်းကျယ်၏ညီဖြစ်သူ ကျောင်းကျန့်အား ပေးမည်ဖြစ်သည်။ သို့သော်လည်း ကျောင်းကျန့်မှာ အသက် (၇)နှစ်သာရှိသေး၏။ အုပ်ချုပ်ရေးပိုင်းတွင် လုပ်ဆောင်နိုင်စွမ်းမရှိသေးသောကြောင့် ကျောင်းကျန့်က နိုင်ငံတော်၏ ပထမဦးဆုံး ရုပ်သေးဧကရာဇ် ဖြစ်လာလိမ့်မည်။ ကျောင်းကျယ်ကသာ အမှန်တကယ် အုပ်ချုပ်သူဖြစ်လာပြီး မှူးမတ်များအားလုံးက သူ့အမိန့်အောက်တွင် လုပ်ဆောင်ကြရပေမည်။ ကျောင်းကျယ်မှာ အကြင်နာတရားမရှိ၊ ခေါင်းမာပြီး မိမိကိုယ်ကိုယုံကြည်မှုအပြည့်ရှိသည်။ အနည်းငယ်မကျေနပ်ရုံဖြင့်လည်း လက်စားချေမည်ဖြစ်ပြီး သူ၏အစီအစဥ်များကလည်း အသေးစိတ်ကျကျ ထိထိမိမိဖြစ်လိမ့်မည်။
သူ့အင်္ကျီ ညာလက်ပေါ်တွင်ထိုးထားသည့် ရွှေရောင်ပုံစံကို အားလော် လှမ်းကြည့်လိုက်သည်။ အင်္ကျီလက်၏အောက်ဘက်တွင် နက်ရှိုင်းသော သွားရာတစ်ခုရှိနေ၏။ ထိုသွားရာမှာ ယခုအချိန်အထိ မှိန်မသွားသေးဘဲ ပို၍ပင် ထင်ရှားလာသည်မှာ သေချာနေတော့သည်။
*****
Aurora Novel Translation Team
Report content on this page