no

Font
Theme

Chapter 26.1

မင်းသားကျင်း၏ အဆောင်အိမ်တော်မှာ အရှေ့ပိုင်းလမ်းမကြီး အဆုံးတွင် တည်ရှိပြီး မြို့စားယင်း အိမ်တော်မှာ အလယ်ပိုင်းတွင်တည်ရှိသည်။ ထို့ကြောင့် လမ်းကြုံသည်ဟုလည်း ပြော၍ရနိုင်ပေသည်။ ထို့ပြင် ဧကရီမိဖုရား၏ အမိန့်ဖြစ်နေသောကြောင့် ငြင်းဆန်၍လည်းမရချေ။ ထို့ကြောင့် ကျောင်းကျယ် မတ်တတ်ရပ်ကာ ဧကရီမိဖုရားကို နှုတ်ဆက်လိုက်၏။


"မယ်တော့်ကို နှုတ်ဆက်ပါတယ်။ အချိန်က နှောင်းနေပြီဆိုတော့ မယ်တော်လည်း အနားယူလိုက်ပါဦး။"


ဧကရီမိဖုရားက ခေါင်းညိတ်လိုက်ပြီး သူတို့ကို ချင်းရှီနန်းတော် ဂိတ်ဝသို့လိုက်ပို့ရန် အထိန်းတော်ချူအား မှာကြားလိုက်သည်။ နန်းတော်၏ အပြင်ဘက်တွင် အစိမ်းရောင်ခေါင်မိုးရှိသော မင်းသား၏ ရထားလုံး ရပ်ထားသည်။ အပြင်ပန်းတွင် အဆင်အယင်နည်းပါးသော်လည်း အတွင်းပိုင်းတွင်မူ အလွန်တင့်တယ်ခမ်းနား၏။ အနက်ရောင် သစ်ဆေးသုတ်ထားသော သစ်မာခြေတင်ခုံပေါ်သို့ လှမ်းလိုက်ပြီးနောက် ရွှေရောင်ကွပ်ထားသည့် တံခါးလက်ကိုင်ကို ဖွင့်ကာ ဝေ့လော် အထဲဝင်လိုက်သည်။ ရထားလုံး၏အလယ်တွင် ထူးခြားသည့် ဒီဇိုင်းတစ်ခုဖြင့် ထွင်းထားသော ခရမ်းရောင် မျဥ်းကြောင်းတစ်ခု ရှိသည်။ ၎င်း၏အပေါ်တွင် ရာသီပေါ်သစ်သီးများဖြစ်သော မက်မန်းသီးနှင့် မက်မွန်သီးများအပြင် အဆာပြေမုန့်မျိုးစုံကိုလည်း စီစဥ်ထားသည်။ မြေပဲ၊ မက်မွန်သီး၊ သစ်ကြားသီး စသည့် အစေ့အဆံများလည်းရှိသည်။ ဝေ့လော်မှာ သူ(မ)အနောက်မှ လိုက်ဝင်လာသော ကျောင်းကျယ်ကို လှမ်းကြည့်လိုက်၏။ ကျောင်းကျယ်က ဘဝကို မည်သို့နေထိုင်ရှင်သန်ရမည်ကို သေချာသိသည်ဟုလည်း ဝေ့လော် တွေးမိလိုက်သည်။ ရထားလုံးအတွင်းမှာပင် ထိုမျှ အသေးစိတ် စီစဥ်ထည့်သွင်းထားသည်ကို ကြည့်ခြင်းအားဖြင့် ကျောင်းကျယ်၏ ဘဝနေထိုင်ပုံနှင့် မည်သို့ဂရုတစိုက်ရှိပုံကို သိမြင်နိုင်ပေသည်။


'ဒီလို သေသေချာချာ တွေးဆတတ်ပြီး တစ်ခါမှ ခံစားချက်ကို ထုတ်မပြတတ်တဲ့ မင်းသားကျင်းလိုလူမျိုးက ဘာဖြစ်လို့ ငါ့ကို ကူညီရတာလဲ။"


ရထားလုံး စတင်ရွေ့လျားလာသဖြင့် နန်း‌တော်ကြီးမှာ အနောက်တွင် ကျန်ခဲ့တော့သည်။


မည်မျှ စဥ်းစားသည်ဖြစ်စေ ဝေ့လော် နားမလည်နိုင်ချေ။ မေးထောက်ထားရင်း သူ(မ)ရှေ့တွင်ရှိသော သစ်ကြားသီးများကို ဝေ့လော်ငေးကြည့်နေမိသည်။ အတွေးများနေသောကြောင့် သူ(မ)ပင် မသိလိုက်ဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ထားမိ၏။ ကျောင်းကျယ်၏ ယနေ့လုပ်ရပ်မှာ သေချာပေါက် မင်းသားယုရန်ကို စိန်ခေါ်လိုက်ခြင်းကဲ့သို့ပင်။ မင်းသားယုရန်တွင် စစ်အင်အားရှိပြီး သူ၏ စစ်ရေးကျွမ်းကျင်မှုမှာလည်း အလွန်ပြောင်မြောက်လှသည်။ မင်းသားယုရန်မှာ အလွန်အဖိုးတန်သည့် စစ်တုရင် အပိုင်းအစတစ်ခုကဲ့သို့ပင်။


'ဘာဖြစ်လို့ မင်းသားကျင်းက သူ့ကို သဘောမကျရတာလဲ။'


စဥ်းစားကြည့်နေရင်း ဝေ့လော်၏ဦးနှောက်တွင် တစ်စုံတစ်ခုကို ရုတ်တရက် ပြန်တွေးမိသွားခဲ့သည်။


'လီစုန့်က ကျောင်းကျန့်ရဲ့ စာသင်ဘက်ဆိုတော့ မင်းသားယုရန်က ကျောင်းကျန့်ကို ထောက်ပံ့ပေးနေတာများလား။'


အနည်းငယ် ထပ်တွေးကြည့်လိုက်သော် အဓိပ္ပာယ်ရှိနေပြန်သည်။ ထို့ကြောင့် ဝေ့လော် ယခင်ဘဝမှ မှတ်ဉာဏ်များကို အနည်းငယ် ထပ်မံတူးဆွကြည့်လိုက်၏။


'မင်းသားယုရန်က ကျောင်းကျန့်ကို ဘယ်လိုကူညီခဲ့တာလဲ။ သူ့ရဲ့ရည်ရွယ်ချက်တွေကိုရော အချိန်မီ ရှင်းလင်းအောင် လုပ်နိုင်ခဲ့ရဲ့လား။'


'မင်းသားကျင်းက လီစုန့်ကို ဒီလိုစလုပ်လိုက်တာ မထူးဆန်းတော့ပါဘူး။ ဒါက မင်းသားယုရန်ကို ရန်စနိုင်မဲ့ အခွင့်အရေးပဲလေ။ စစ်တုရင် အပိုင်းအစကို မကိုင်နိုင်မှတော့ ဖျက်ဆီးလိုက်တာ ကောင်းတယ်။ သေခြင်းတရားက ပြဿနာတွေအားလုံးကို အဆုံးသတ်ပေးမှာပဲ။'


နောက်ဆုံးတွင် ဝေ့လော် အဖြေထုတ်နိုင်သွားခဲ့သည်။ အစပိုင်းကတည်းက ကျောင်းကျယ် သူ(မ)ကို မကူညီခဲ့ခြင်းမှာ မင်းသားယုရန်ကို သတိပေးရန် အခွင့်ကောင်းကို စောင့်နေသောကြောင့်ပင်။


ဝေ့လော် ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်နေသော်လည်း သူ(မ)၏မျက်တောင်များက အောက်သို့စိုက်ကျနေသောကြောင့် သူ(မ)မျက်လုံးထဲမှ အရိပ်အယောင်များမှာ မထင်မရှားဖြစ်နေသည်။ နောက်တစ်ကြိမ် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး တစ်ခုပြီးတစ်ခု အတွေးများနေခဲ့၏။ ထိုအတွေးများတွင် အဖြေကိုရှာတွေ့သွားသည့်အခါ တောက်ပနေသည့် မျက်ဝန်းတစ်စုံက အရောင်လက်လာပြီး သူ(မ)၏မျက်နှာလေးကို ပို၍ အသက်ဝင်သွားစေခဲ့သည်။


ကျောင်းကျယ်ကလည်း အစောပိုင်းက သူ(မ)၏လုပ်ရပ်ကို မြင်ခဲ့ရသည့် မြင်ကွင်းကို ပြန်တွေးနေမိ၏။ သူ(မ) လီစုန့်ပေါ် တက်ဖိထားချိန်တွင် ကျောင်းကျယ်မှာ သူ(မ)၏အနောက်တွင်ရှိနေသောကြောင့် သူ(မ)၏မျက်နှာထားကို သေသေချာချာမမြင်လိုက်ရချေ။ မြားကို ကိုင်မြှောက်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ လီစုန့်၏မျက်လုံးတည့်တည့်သို့ ချိန်ရွယ်လိုက်သည်ကိုသာ ကျောင်းကျယ်တွေ့ခဲ့ရသည်။ သေးငယ်လှသော သူ(မ)၏ခန္ဓာကိုယ်လေးတွင် အားအင်ပြည့်ဝနေပုံရှိသည်။ ထိုအချိန်က ကံမကောင်းစွာဖြင့် လီစုန့် သေသွားလိမ့်မည်ဟု ကျောင်းကျယ်ယုံကြည်ထားခဲ့၏။ သို့သော် နောက်ဆုံးအချိန်တွင် လီစုန့်ကို အလွှတ်ပေးလိုက်မည်ဟု သူ မထင်ထားခဲ့ချေ။ "ကြောက်နေပြီလား"ဟု မေးလိုက်သော သူ(မ)အသံမှာ နူးညံ့နေပြီး သရော်သည့် အရိပ်အယောင်များလည်း ပါဝင်နေသည်။ထိုဖြစ်ရပ်တစ်ခုလုံးကို စိတ်ဝင်စားစရာကောင်းသည်ဟု ကျောင်းကျယ်ထင်မိသည်။ လီစုန့်အား ပစ်မှတ်နေရာတွင် ချည်ခိုင်းလိုက်ခြင်းမှာ မင်းသားယုရန်ကို သတိပေးရန်ပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း တကယ်တမ်းတွင် ဝေ့လော်၏ဒေါသကို ထွက်ပေါက်တစ်ခုပေးရန်လည်းဖြစ်သည်။


'အသက်က (၆)နှစ်ပဲရှိသေးတာကို ဒီလောက်ထိ သတ္တိကောင်းပြီး လုပ်ရဲကိုင်ရဲရှိနေပါလား။ သူ(မ)ကို နောက်ကွယ်ကနေ ပံ့ပိုးပေးမဲ့သူရှိရင် ဘယ်လောက်ထိကြီးမားတဲ့ကိစ္စကြီး ဖြစ်သွားမလဲဆိုတာ မသိနိုင်ဘူး။'


အဖြူရောင်ဗန်းပေါ်တွင် တင်ထားသည့် သစ်ကြားသီးများကို ဝေ့လော်စိုက်ကြည့်နေကြောင်း ကျောင်းကျယ် သတိထားမိလိုက်သည်။ ဝေ့လော် သစ်ကြားသီးစားချင်သည်ဟု ယူဆလိုက်ပြီး ကျောင်းကျယ်က သစ်ကြားသီးနှစ်လုံးကိုလှမ်းယူကာ တစ်လုံးချင်း အခွံခွာပေးလိုက်သည်။ ဝေ့လော်၏မျက်နှာမှာ အလွန်စိတ်ပူနေသည့် ပုံစံဖြစ်နေသောကြောင့် ကျောင်းကျယ် ပြုံးမိလိုက်ပြန်သည်။ ထို့နောက် သစ်ကြားသီးကိုကိုင်ကာ သူ(မ)၏ပါးစပ်နားသို့ မြှောက်ပြလိုက်ပြီး


"ပါးစပ်ဟ။"


ဝေ့လော်ကမူ ယခင်ဘဝမှ မင်းသားယုရန်၏ လုပ်ရပ်များအကြောင်း တွေးနေခြင်းပင်။


'မင်းသားယုရန်က ကျောင်းကျန့်ကို ထီးနန်းရဖို့ ကူညီပေးခဲ့တာလား။'


ကောလာဟလများမှာ မနည်းလှသော်လည်း ကျောင်းကျယ်က မင်းသားယုရန်၏ဘဝကို ဒုက္ခရောက်အောင်လုပ်ခဲ့ကြောင်းသာ ဝေ့လော်မှတ်မိ၏။ မင်းသားယုရန်ကို တပ်မတော်အာဏာမှ ဖြုတ်ချလိုက်ရုံမက ချောင်ပိုင်တောင်သို့ စေလွှတ်ကာ အမှုထမ်းတစ်ယောက်အဖြစ် နေထိုင်စေခဲ့သေးသည်။ ချောင်ပိုင်တောင်ဟူသော နေရာမှာ နှင်းများဖုံးလွှမ်းနေပြီး အလွန်အေး၏။ မင်းသားယုရန်မှာ ထိုနေရာတွင်သာ ဘဝကိုကုန်ဆုံးခဲ့ရသည်။


'စစ်မှန်တဲ့သူတွေကိုပဲ အနားမှာထားဖို့ဆိုတာ တကယ် အရေးကြီးတယ်ထင်တယ်။'


အခြေအနေများကို တစ်ဆင့်ချင်း စဥ်းစားကြည့်နေရင်း ဝေ့လော် အတွေးများထဲတွင် အလုပ်ရှုပ်နေသည်။ အိမ်ပြန်ရောက်ရန် မည်မျှလိုသေးကြောင်း တစ်ချက်ကြည့်လိုက်မည့်အချိန်တွင် သူ(မ)မျက်လုံးရှေ့၌ ကောင်းမွန်စွာ အခွံခွာထားသော သစ်ကြားသီးတစ်လုံး ရုတ်တရက်ပေါ်လာခဲ့သည်။ ၎င်းမှာ လတ်ဆတ်နေသည့် သစ်ကြားသီးပင်။ အခွံခွာလိုက်ပြီးနောက် အထဲတွင် ဖြူဖွေးသန့်ရှင်းသော အသားရှိနေသည်။ အရသာကလည်း ချိုမြိန် မွှေးပျံ့လှ၏။ ထို့ကြောင့် ဝေ့လော် ချက်ချင်း ပါးစပ်ဟကာ ကျောင်းကျယ်ခွံ့ကျွေးသည့် သစ်ကြားသီးကို စားလိုက်လေသည်။ ထို့နောက် ကျောင်းကျယ်ကို မော့ကြည့်ကာ ချိုမြိန်စွာပြုံးပြလိုက်ပြီး


"ကျေးဇူးတင်ပါတယ် အစ်ကို မင်းသားကျင်း။"


ကျောင်းကျယ်က သူ့လက်ကို နောက်ပြန်ဆုတ်လိုက်ပြီး ကျန်ရှိနေသည့် အပိုင်းအစများကို စားပွဲပေါ်တင်လိုက်သည်။ ထို့နောက် ခြေထောက်ကိုချိတ်ထိုင်ကာ မေးထောက်၍ ဝေ့လော်ကိုကြည့်လိုက်၏။


"ခုနက မင်းဘာတွေ တွေးနေတာလဲ။"


သာမန်အားဖြင့်ဆိုလျှင် ကလေးမလေးတစ်ယောက်ကို ထိုသို့မေးခွန်းမျိုး မေးရလိမ့်မည်ဟု ကျောင်းကျယ်မထင်ထားခဲ့ပေ။ (၆)နှစ်အရွယ် ကလေးများမှာ စားရန်နှင့် ကစားရန်မှတစ်ပါး အခြား မတွေးကြသောကြောင့်ပင်။ သို့သော် ဝေ့လော်က ထူးခြားပေ၏။ သူ(မ)ပုံစံမှာ စိတ်ဝင်စားစရာများနှင့် ပြည့်နှက်နေသည်။ သူ(မ)အတွေးထဲတွင် ရှိနေသည့် ပုံမှန်မဟုတ်သော အကြောင်းအရာအားလုံးက ကျောင်းကျယ်ကို စိတ်ဝင်စားစေခဲ့သည်မှာ စတွေ့သည့်အချိန်ကတည်းကပင်။


ဝေ့လော်မှာ ယခင်ဘဝက အကြောင်းအရာများအကြောင်း ပြန်တွေးနေသည်ဟု ကျောင်းကျယ်ကို ပြော၍မရချေ။ လတ်ဆတ်သည့် သစ်ကြားသီးက အရသာရှိသောကြောင့် နောက်ထပ်တစ်လုံးကို ကောက်ယူလိုက်ပြီး အခွံခွာ‌ပေးရန် ကျောင်းကျယ်ကိုလှမ်းပေးလိုက်လေသည်။


"အစ်ကို မင်းသားကျင်းက လီစုန့်ကို မြားနဲ့ပစ်လိုက်တာလေ။ လီစုန့် အိမ်ပြန်သွားရင် ဒီအကြောင်းကို သူ့အဖေကိုပြောမှာပဲ။ အဲ့ဒါဆို သူ့အဖေက စိတ်ဆိုးသွားလောက်တယ် မဟုတ်လား။"


ကျောင်းကျယ် အံ့အားသင့်သွားသဖြင့် မျက်ခုံးပင့်လိုက်မိ၏။ ဝေ့လော် ထိုမျှစဥ်းစားနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။


'ဒီတော့ ဘာဖြစ်လဲ။ ငါ့ရဲ့ ရည်မှန်းချက်က မင်းသားယုရန်ကို ဒေါသထွက်အောင်လုပ်ဖို့ပဲလေ။ သူဒေါသမထွက်ရင်သာ ငါစိတ်ပျက်နေရမှာပေါ့။'


သို့သော် ကျောင်းကျယ်ရယ်လိုက်ပြီး အဝေးသို့ကြည့်ကာ


"ဒီမင်းသားတစ်ယောက်လုံး ရှိနေတာကို သူက ဘာလုပ်နိုင်မှာမို့လို့လဲ။"


ရထားလုံးမှာ တဖြည်းဖြည်းနှင့် မြို့စားယင်းအိမ်တော် ဂိတ်ဝသို့ရောက်လာသည်။ နေဝင်သွားပြီဖြစ်သောကြောင့် အနောက်အရပ်တွင် ခပ်မှိန်မှိန်ကျန်ရှိနေသေးသည့် အလင်းရောင်လေးက လမ်းကို အလင်းပြထားသည်။


ကျောင်းကျယ် ဝေ့လော်ကိုပွေ့ချီလိုက်ပြီး ရထားလုံးထဲမှ ထုတ်ပေးလိုက်သည်။ ထို့နောက် ဝေ့လော်၏ နှုတ်ခမ်းထောင့်တွင် ပေကျံနေသော သစ်ကြားသီးအစအနများကို သုတ်ပေးလိုက်ပြီး သူ(မ)ကို စလိုက်၏။


"သစ်ကြားသီးတွေ အများကြီးမစားနဲ့။ မဟုတ်ရင် နောက်ထပ်ရှေ့သွားတစ်ချောင်းပါ ထပ်မျိုချမိနေလိမ့်မယ်။"


သူ(မ)ကို ရယ်စရာတစ်ခုအဖြစ် နောက်ပြောင်နေကြောင်း ဝေ့လော်သိလိုက်သည်။ ထို့ကြောင့် သူ(မ)ကလည်း တစ်ဖန် ပြန်ပြောလိုက်၏။


"အစ်ကို ငယ်ငယ်တုန်းက ရှေ့သွားမကျိုးဖူးဘူးလား။ ဘာဖြစ်လို့ အားလော်ကိုပဲ အမြဲလှောင်ပြောင်နေရတာလဲ။"


ထို့သို့ပြောလိုက်ပြီး သူ(မ) လှည့်ထွက်သွား၏။ ထိုအခါ ကျောင်းကျယ်က တိတ်တဆိတ် ခိုးရယ်မိသည်။


'အဲ့ဒီ့ကလေးမ စိတ်ဆိုးသွားတာများလား။'ကျောင်းကျယ်မှာ သူ(မ)ကို တမင်တကာလှောင်ပြောင်ရန် ရည်ရွယ်ခြင်းမဟုတ်သော်လည်း သူ(မ)၏ရှေ့သွားကိုမြင်သည့်အခါ မနေနိုင်တော့သဖြင့် စနောက်မိလိုက်ခြင်းဖြစ်သည်။ သူ(မ)၏ တုံ့ပြန်ပုံကလည်း အတော်လေး ချစ်စရာကောင်းနေသောကြောင့် ကျောင်းကျယ် သဘောကျကာ ရယ်မောနေမိ၏။ ရထားပေါ် ပြန်တက်တော့မည့်အချိန်တွင် ဂိတ်ဝ၌ရပ်နေသော မဲနယ်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ကောင်လေးတစ်ယောက်ကို ကျောင်းကျယ်လှမ်းတွေ့လိုက်သည်။ အရပ်မြင့်မြင့်၊ ချောမောသော မျက်နှာနှင့် ထိုကောင်လေးမှာ ငြိမ်သက် ခံ့ညားနေခဲ့သည်။


ဝင်ပေါက်ဆီသို့ လမ်းလျှောက်သွားနေသည့်ဝေ့လော်မှာ တစ်ခဏကြာသော် စုန့်ဟွေ့ကိုလှမ်းတွေ့လိုက်လေ၏။ ထိုအခါ အလွန်အံ့အားသင့်သွားသဖြင့် ပါးစပ်ကိုဟလိုက်မိသည်။


'ဒီလောက်နောက်ကျနေပြီကို သူက ဒီမှာ ဘာလာလုပ်တာပါလိမ့်။'


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment