Chapter 26.2
"အစ်ကိုစုန့်ဟွေ့။"
စုန့်ဟွေ့မှာ ဂိတ်ဝတွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ပြီးဖြစ်သော်လည် ဝေ့လော်ကိုမြင်သည့်အခါ ပြုံးပြပြီး သူ(မ)ကို ချီလိုက်သေးသည်။
"အားလော်လေး။ ဘာဖြစ်လို့ အိမ်ပြန်နောက်ကျနေတာလဲ။"
မင်းသမီးလေး ထျန်းကျီ၏ စာသင်ဘက်အဖြစ် ဝေ့လော် နန်းတော်သို့သွားရသည့်သတင်းကို ကြားသိပြီးသောကြောင့် စုန့်ဟွေ့က ဝေ့လော်ကို အပြေးလာတွေ့ခြင်းဖြစ်သည်။ သို့သော် နန်းတော်က ပြန်လာရန် ထိုမျှအချိန်ကြာနေလိမ့်မည်ဟု သူ မမျှော်လင့်ထားချေ။ ယနေ့တွင် အိမ်ပြန်ပြီး နောက်တစ်နေ့မှသာ တစ်ဖန်ထပ်လာတွေ့တော့မည်ဟု စဥ်းစားနေသည့်အချိန်တွင် နန်းတော်မှရထားလုံးကို မြင်လိုက်ရခြင်းဖြစ်သည်။ ၎င်းမှာလည်း မင်းသားကျင်းကိုယ်တိုင် ဝေ့လော်ကို အိမ်ပြန်လိုက်ပို့ခြင်းပင်။
စုန့်ဟွေ့မှာ ကျောင်းကျယ်ကို နှုတ်ဆက်လိုက်ပြီး ဝေ့လော်ကိုချီကာ အိမ်တော်ထဲသို့ဝင်သွားသည်။ ဝေ့လော်၏အရိုးများမှာ ပေါ့ပါးနေပြီး အလေးချိန်လည်း သိပ်မရှိချေ။ ထို့ကြောင့် ဝေ့လော်ကိုချီရသည်မှာ ခက်ခဲသည့်အလုပ် မဟုတ်ခဲ့ပေ။ စုန့်ဟွေ့က ဝေ့လော်ကိုချီကာ အေးအေးဆေးဆေး လမ်းလျှောက်ရင်း တစ်ခဏကြာသော် ထင်းရှူးဆောင်သို့ရောက်လာလေသည်။ ထို့နောက် ပင်မခန်းထဲမှ ထိုင်ခုံပေါ်တွင် သူ(မ)ကိုချလိုက်ပြီး ဂရုစိုက်မှုများစွာဖြင့် ဝေ့လော်ကိုမေးမြန်းလိုက်သည်။
"နန်းတော်မှာ ညစာစားခဲ့တာလား အားလော်။"
ဝေ့လော်က ပြုံးပြကာ ခေါင်းညိတ်လိုက်ပြီး လိမ္မာသည့်ဟန်ပန်ဖြင့်
"ဟုတ်။ ဧကရီမိဖုရားက ဝေ့လော်ကို ညစာစားသွားဖို့ ပြောလို့လေ။ အဲ့ဒါကြောင့် ဒီလောက်ထိ နောက်ကျသွားတာ။"
တစ်ခဏကြာသော် ဝေ့ကွမ်းနှင့် ချောင်ဟုန်တို့လည်း ရောက်လာကြ၏။ စုန့်ဟွေ့ကို နှုတ်ဆက်လိုက်ပြီးနောက် ဝေ့လော်ကို ကိုယ်လက်ဆေးကြော၍ အဝတ်အစားလဲရန် ခေါ်သွားလိုက်သည်။ ဝေ့လော်ကို တွေ့ပြီးသွားသောကြောင့် စုန့်ဟွေ့လည်း ကြာကြာဆက်မနေတော့ဘဲ ဝေ့ကွမ်းကို ဂါရဝပြု နှုတ်ဆက်ပြီး အိမ်သို့ပြန်ခဲ့လေသည်။
ထိုအချိန်မှစ၍ ဝေ့လော် နေ့တိုင်းအတန်းတက်ရသည်။ နန်းတော်ထဲမှ အတန်းများတွင် ပုံမှန်အချိန်ဇယားရှိ၏။ (၅)ရက် စာသင်ပြီး (၂)ရက်နားရသည်။ ထိုအချိန်တွင် ဆရာ၊ဆရာမများ ပေးထားသည့် အိမ်စာများကိုလည်း ပြီးမြောက်အောင် လုပ်ရသည်။ ထိုအတန်းများကြောင့် ဝေ့လော် ဗဟုသုတအသစ်များ ရရှိရုံမက ကျောင်းလျူလီနှင့် ဆက်ဆံရေးလည်း ပို၍ကောင်းမွန်လာခဲ့သည်။ အတန်းပြီးသွားသည့်အချိန်တိုင်း ကျောင်းလျူလီက ဝေ့လော်နှင့်အတူ စာရေးလေ့ကျင့်လေ့ရှိသည်။ လေ့ကျင့်ပြီးသွားပါက ဆရာမပေးထားသည့် အိမ်စာကို အတူတူလုပ်ကြပြီးမှ ဝေ့လော်ကို အိမ်ပြန်လွှတ်လေသည်။
စာသင်ခန်းထဲမှ နေ့ရက်များမှာ မြစ်ရေစီးစင်းနေသကဲ့သို့ အလွန်အေးချမ်းလှ၏။ အကြောင်းမှာ လီစုန့်ကို ကျောင်းကျယ် ပစ်မှတ်ထားပြီး စမ်းသပ်ခဲ့သည့်နေ့ကတည်းက လီစုန့်တစ်ယောက် အတန်းတစ်ချိန်မှ မလာတော့သောကြောင့်ပင်။ လီစုန့်မလာသည့်အခါ မင်းသားကျောင်းကျန့်လည်း ရောက်မလာတော့ချေ။ သူတို့နှစ်ယောက်လုံး မရှိတော့သဖြင့် အတန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ကာ အေးချမ်းနေခြင်းပင်။
*
ဩဂုတ်လ၏ (၇)ရက်မြောက်နေ့မှာ ကျောင်းမြောင်လန်၏ သေဆုံးခြင်း နှစ်ပတ်လည်နေ့ဖြစ်သည်။ ထို့ကြောင့် ဝေ့လော်က ဧကရီမိဖုရားနှင့် ဆရာချောင်ကို ခွင့်တောင်းကာ တစ်ရက်ခွင့်ယူလိုက်ပြီး ချောင်ဟုန်နှင့်အတူ မြို့ထဲထွက်သွားခဲ့သည်။ ချင်းရွှေတောင်ပေါ်တွင်ရှိသော ကျောင်းမြောင်လန်ကို ပစ္စည်းလက်ဆောင်များ ဆက်သရန်နှင့် အုတ်ဂူကို တံမြက်စည်းလှည်းကျင်းပေးရန် သူတို့သွားကြခြင်းဖြစ်သည်။
ဝေ့လော်ကမူ ကျောင်းမြောင်လန်အပေါ် အထူးတလည် ခံစားချက်မရှိတော့သောကြောင့် ထိုသို့မသွားချင်ပါသော်လည်း ဝေ့ကွမ်းက သွားစေချင်ခြင်းပင်။ ထို့ပြင် ဝေ့ကွမ်းက ဝေ့လော်နှင့် ချောင်ဟုန်တို့ မောင်နှမနှစ်ယောက်ကို ဦးဆောင်ခေါ်သွားပေးရန် စုန့်ဟွေ့ကိုလည်း အကူအညီတောင်းခဲ့သေး၏။ သို့သော် ဝေ့ကွမ်းကိုယ်တိုင်တော့ မသွားခဲ့ချေ။ နှစ်ပေါင်းများစွာကတည်းက ကျောင်းမြောင်လန်၏ အုတ်ဂူကို သူကိုယ်တိုင် သွားမကြည့်ခဲ့ခြင်းဖြစ်သည်။ ထိုအမှန်တရားကို လက်မခံနိုင်ခြင်းလည်း ဖြစ်နိုင်ပေမည်။
မြို့စားယင်းအိမ်တော်၏ ရထားလုံးက သူတို့ကို တောင်တန်းဆီသို့ ခေါ်ဆောင်သွားပေး၏။ ဝေ့လော်မှာ ငယ်ငယ်ကတည်းက ထိုနေရာကိုရောက်ဖူးပြီးသားဖြစ်သောကြောင့် အထူးမအံ့ဩတော့ချေ။ ထို့ကြောင့် ချောင်ဟုန်၏လက်ကို ကိုင်ဆွဲရင်း ဂူရှေ့သို့ သွားလိုက်သည်။ မည်သည့်စကားကိုမျှ မပြောလိုက်ဘဲ သူ(မ)အုတ်ဂူကိုအရိုအသေပေးကာ ငွေစက္ကူအချို့ကိုလည်း မီးရှို့ခဲ့သည်။ သူ(မ)မျက်လုံးတွင်လည်း မျက်ရည်တစ်စက်မျှ မကျလာခဲ့ချေ။
အိမ်အပြန်လမ်းတွင် ကလေးနှစ်ယောက်၏ စိတ်အခြေအနေ မကောင်းခဲ့ချေ။ ဝေ့လော်နှင့် ချောင်ဟုန် နှစ်ယောက်စလုံး သူတို့၏မိခင်အတွက် စိတ်မကောင်းဖြစ်နေသည်ဟုထင်ကာ စုန့်ဟွေ့လည်း စိတ်မကောင်းဖြစ်နေပြီး အခြေအနေကိုထိန်းကာ မေးလိုက်သည်။
"မြို့ထဲပြန်ရောက်ရင် အစ်ကိုစုန့်ဟွေ့က မင်းတို့ကို အရုပ်ဝယ်ပေးမယ်နော်။ ဟုတ်ပြီလား။"
ချောင်ဟုန်က စိတ်မဝင်စားဘဲ စုန့်ဟွေ့ကိုပင် မကြည့်ချေ။
"မလိုချင်ပါဘူး။"
စုန့်ဟွေ့က စိတ်မဆိုးဘဲ ပြုံးကာ ထပ်မေးလိုက်သည်။
"ဒါဆို ချောင်ဟုန်က ဘာလိုချင်တာလဲ။"
ချောင်ဟုန်က သူ့ကို လျစ်လျူရှုထားလိုက်ပြီး ဝေ့လော်၏လက်ကိုဆွဲကာ
"အားလော်။ ငါမုန့်စားချင်တယ်။"ဝေ့လော်က သူ(မ)၏ သုန်မှုန်နေသောမျက်နှာထားကို ပြင်ဆင်လိုက်ပြီး အပြုံးတစ်ခုဖြင့်
"အင်းပါ။ စားချင်တာစား နော်။"
သူတို့၏ရထားလုံးမှာ မကြာခင် မြို့ထဲသို့ရောက်လာပြီး ကျုံးကိုဖြတ်ကာ ဂိတ်များကို ဖြတ်သန်းရသည်။ ထိုအခါ သက်ဝင်လှုပ်ရှားနေသည့် မြင်ကွင်းကို မြင်လာရ၏။ မြို့လယ်သို့ရောက်သော် စုန့်ဟွေ့က ရထားလုံးကို လမ်းဘေးတစ်နေရာတွင် ရပ်စေလိုက်သည်။ ထို့နောက် ဝေ့လော်နှင့် ချောင်ဟုန်ကို ရထားလုံးပေါ်မှချပေးလိုက်ပြီး ကိတ်မုန့်စားနိုင်ရန် လက်ဖက်ရည်ဆိုင်သို့ ခေါ်သွားလိုက်သည်။ ထိုနေရာက အထင်ကရနေရာတစ်ခု မဟုတ်သော်လည်း ထိုဆိုင်မှ ကိတ်မုန့်မှာ အလွန်စားကောင်းလှသည်။ အရသာမှာ ချိုသော်လည်း အီစိမ့်ခြင်းမဟုတ်ဘဲ လတ်ဆတ်သောကြောင့်ပင်။ ထိုမုန့်ကို လာစားသူများမှာလည်း တစ်နေ့ထက်တစ်နေ့ များပြားလျက်ရှိသည်။
စုန့်ဟွေ့မှာ ကလေးများကို စိတ်ပျော်အောင်လုပ်ပေးချင်သေးသောကြောင့် အိမ်ပြန်ရန် အလျင်မလိုနေခဲ့ချေ။ ကိတ်မုန့်စားပြီးနောက် စုန့်ဟွေ့က သူတို့ကို အနီးနားမှ ဆိုင်တစ်ဆိုင်သို့ ခေါ်သွားခဲ့သည်။ ကျင်းလုနှင့် ကျင်းဝူတို့လည်း အနောက်မှလိုက်လာ၏။ သူတို့အနောက်တွင် အရေးပိုင်မင်း ကျုံးယီအိမ်မှ အစောင့်များ လိုက်ပါလာပြီး သူတို့၏ လုံခြုံရေးကို စောင့်ရှောက်ပေးနေကြသည်။
ဝေ့လော်၏ပုံစံကိုကြည့်ကာ ဂျုံအရုပ်လုပ်သူက လိပ်ပြာပုံများပါသည့် မိန်းကလေးအရုပ်လေး ပြုလုပ်ပေးလိုက်သည်။ ထိုအရုပ်လေးမှာ ဝေ့လော်နှင့် အလွန်ဆင်တူကာ အသက်ဝင်လှ၏။ ထို့ပြင် အရုပ်တွင်ပါသော ပါးချိုင့်လေးများက ဝေ့လော်ပြုံးလိုက်လျှင် ပေါ်လာတတ်သည့် ပါးချိုင့်လေးများကဲ့သို့ပင်။ ဂျုံရုပ်လေးကိုယူကာ သေသေချာချာ လေ့လာကြည့်လိုက်ပြီးနောက် ဝေ့လော် အလွန်သဘောကျသွားသည်။ ချောင်ဟုန်ကိုပြရန် တစ်ဖက်သို့လှည့်လိုက်ချိန်တွင် ရင်းနှီးနေသောပုံရိပ်တစ်ခုကို မထင်မှတ်ထားဘဲ တွေ့လိုက်ရသည်။
ထိုသူမှာ ယခင်တစ်ခေါက်က သူ(မ)နှင့် လမ်းပေါ်တွင်တွေ့ခဲ့သော ယခင်ဘဝမှ မွေးစားမိခင်ဖြစ်သူ လင်းဟွေ့လျန်ပင်။ သူ(မ)မှာ ယခင်ကအတိုင်း တူညီသောအဝတ်အစားကို ဝတ်ဆင်ကာ ဆံပင်တွင် ငွေရောင်ဆံထုံးကို ထိုးထားပြီး အဝါရောင် အပေါ်ထပ်ကို ဝတ်ဆင်ထားသည်။ ယနေ့တွင် သူ(မ)လက်ထဲ၌ ကြိမ်ခြင်းကိုမတွေ့ရချေ။ ထို့ကြောင့် သူ(မ)က မြို့ထဲတွင် ပန်းရောင်းရန် ရောက်လာခြင်းမဟုတ်နိုင်ပေ။ သို့သော် ဝေ့လော်ကို အံ့အားသင့်သွားစေခဲ့သည်မှာ သူ(မ)နှင့်အတူပါလာသည့် အမျိုးသမီးငယ်လေးပင်။ ထိုအမျိုးသမီးမှာ ယခင်ဘဝက လုံရှိုရွာမှ လွတ်မြောက်ရန် ဝေ့လော်ကို ကူညီပေးခဲ့သည့် အမျိုးသမီးပင်။
ထိုအချိန်က ဝေ့လော်မှာ မွေးစားမိဘများကြောင့် မြေထဲတွင် အရှင်လတ်လတ် မြေမြှုပ်ခံရလုနီးပါး ဖြစ်သွားခဲ့သည်။ ညအချိန်ကို အခွင့်ကောင်းယူကာ ဝေ့လော်ထွက်ပြေးခဲ့ရပြီး လမ်းတွင် အားတိုင်ဟူသော မိဘမဲ့မိန်းကလေးတစ်ယောက်နှင့် ဆုံခဲ့သည်။ အားတိုင်တွင် မျိုးရိုးအမည်မရှိချေ။ သူ(မ)မှာ ရွာအပြင်တွင် တစ်ယောက်တည်း နေထိုင်ခြင်းဖြစ်ပြီး မည်သူကမျှ သူ(မ)ကို အာရုံမစိုက်ကြချေ။ အားတိုင်၏ ကူညီမှုကြောင့်သာ မဟုတ်ပါက ဝေ့လော်မှာ ထိုလင်မယား၏လက်ထဲမှ လွတ်မြောက်လာနိုင်မည် မဟုတ်ပေ။
'အားတိုင်က ဘာလို့ လင်းဟွေ့လျန်နဲ့ အတူရှိနေရတာလဲ။ အတူရှိရုံတင်မကဘူး သူတို့ကိုကြည့်ရတာ အမေနဲ့သမီးလို ရင်းနှီးနေကြတာ..."
'အမေနဲ့သမီး...'
ဝေ့လော် သူ(မ)အတွေးနှင့်သူ(မ) ပြန်လန့်သွား၏။
'ဒီဘဝမှာ ငါ့ကို မမွေးစားလိုက်ရဘူးဆိုတော့ အားတိုင်ကို မွေးစားလိုက်တာများလား။ အားတိုင်က ငါ့ထက် (၇)နှစ်ကြီးတာဆိုတော့ အခုဆို အသက် (၁၃)နှစ် ရှိနေလောက်ပြီ။ ငါ့တုန်းက အသက် (၁၅)နှစ်မှာ သူတို့သားနဲ့ လက်ထပ်ခဲ့ရတာဆိုတော့ အခု အားတိုင်ကို သူတို့က ပစ်မှတ်ထားလိုက်ရင် အားတိုင်မှာ အချိန် (၂)နှစ်ပဲ ကျန်တော့တာပေါ့။'
ထိုအတွေးများကို ဝေ့လော် မကိုင်တွယ်နိုင်တော့ချေ။ သူ(မ) အနီးနားသို့ကပ်ကာ သေသေချာချာ အတည်ပြုကြည့်ချင်ခဲ့သည်။ လင်းဟွေ့လျန်မှာလည်း ခပ်လှမ်းလှမ်းတွင်သာ ရှိနေသောကြောင့် ဝေ့လော် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရင် ရောက်သွားနိုင်သည်။ သို့သော် ဝေ့လော် မသွားခင်တွင် ရုတ်တရက် လူတစ်ယောက်က သူ(မ)၏လမ်းကို အလျင်စလိုပိတ်ရပ်လိုက်လေ၏။
ဝေ့လော် မော့ကြည့်လိုက်သည်။ သူ(မ)လမ်းကို ပိတ်လိုက်သူမှာ စိတ်ကြီးဝင်နေသော မျက်နှာထားနှင့် ကျိုးကြောင်းဆီလျော်မှုမရှိသည့် အရိပ်အယောင်တို့ ရှိနေသည်။ ထိုသူမှာ လီစုန့်ပင်။
*****
Aurora Novel Translation Team