no

Font
Theme

Chapter 8.1

အစောင့်ဆီမှ လှမ်းယူလိုက်သည့်ပစ္စည်းများမှာ အိပ်ဆေးတစ်ထုပ်နှင့် မနည်းလှသည့် ငွေသားအချို့ဖြစ်သည်။ အဖွားတုန့်နှင့် မဒမ်တုတို့၏မျက်နှာများ ချက်ချင်း ဖျော့တော့သွားကြ၏။ ဝူကျိုးနှင့် ဝမ်တို့ကို အစောင့်များ မည်သို့ရှာတွေ့သွားကြောင်း သူတို့စဥ်းစားမရဖြစ်နေကြသည်။ 




‘သူတို့နှစ်ယောက်က ရှန်းမြို့တော်ကနေ ထွက်သွားပြီမဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ အစောင့်တွေနဲ့ တွေ့သွားရတာလဲ။’




ငွေစက္ကူတို့ကို ဝေ့ကွမ်းက လုံးချေလိုက်ပြီး ဒေါသကြောင့်တုန်ယင်နေသည့်လက်ဖြင့် ဆေးမှုန့်များကိုကိုင်ကာ စိုက်ကြည့်နေခဲ့သည်။ ထို့နောက် ထိုပစ္စည်းများကို အဖွားတုန့်နှင့် မဒမ်တုတို့ဆီသို့ လှမ်းပစ်ပေါက်လိုက်ပြီး




“ဒါတွေက ဘာတွေလဲ။ ခင်ဗျားတို့ ဘာတွေများထပ်ပြောစရာ ငြင်းစရာ ရှိသေးလဲ။”




ယင်းအိမ်တော်၏အပြင်ဘက်သို့ သွားလေ့သွားထမရှိသည့်မဒမ်တစ်ယောက်က ထိုသို့သောပစ္စည်းများကို သူ(မ)အနားတွင်သိမ်းထားသည်မှာ သေချာပေါက် ကြံစည်စရာတစ်ခုခုရှိနေသောကြောင့်ပင်။ ဝေ့ကွမ်းမှာ ဒေါသထွက်ရုံမက စိတ်လည်းပျက်မိသည်။ ပိုဆိုးသည်မှာ ဝေ့လော်အတွက် သူအလွန်စိတ်မကောင်းဖြစ်မိလေသည်။ မဒမ်တုက အားလော်လေးကို အချိန်တိုင်း အလိုလိုက်ကာ ချစ်ခင်သည့်ပုံစံရှိသောကြောင့် ကလေးကို ကောင်းမွန်စွာပြုစုစောင့်ရှောက်သည်အထင်နှင့် မဒမ်တုကိုယုံကြည်ကာ လွှတ်ထားခဲ့မိသည်။ သို့သော် ထိုအမျိုးသမီးထံတွင် ကလေးအပေါ်အကောက်ကြံသည့် ယခုကဲ့သို့အစီအစဥ်မျိုးရှိနေလိမ့်မည်ဟု သူလုံးဝမထင်ထားခဲ့ချေ။ သက်တော်စောင့်ကသာ အားလော်ကိုမကယ်တင်ခဲ့ပါက ယနေ့တွင် အားလော်တစ်ယောက် ကျွန်ကုန်သည်လင်မယား၏လက်ထဲသို့ ပါသွားချေရော့မည်။ ယခုနှစ်မှသာ အသက်(၆)နှစ်ပြည့်သည့် ထိုကလေးမလေးမှာ အနေအထိုင်တတ်ပြီး အလိုက်လည်းသိနေသည့်တိုင် မဒမ်တုကမူ အကြင်နာမဲ့သောနှလုံးသားဖြင့် သူ(မ)ကိုမုန်းတီးနေခဲ့သည်။ 




ထိုသို့ အဆင်မပြေသည့်စိတ်အခြေအနေကြောင့် ဝေ့ကွမ်း၏နှလုံးသားက ပို၍လေးလံလာသည်။ ကျောင်းမြောင်လန်ကိုလည်း ပို၍တမ်းတမိ၏။ သူ(မ)သာရှိနေပါက၊ သူ(မ)သာ မထွက်သွားပါက အားလော်လေး ယခုကဲ့သို့အခြေအနေဆိုးနှင့် ကြုံတွေ့ရလိမ့်မည်မဟုတ်ချေ။ 




‘ငါ သူ(မ)ကိုလည်း ကလေးတွေကိုချစ်သလို မျှမျှတတချစ်ခဲ့တာပါပဲ။ ဘယ်သူကမှ သူတို့ကိုအန္တရာယ်မပြုနိုင်အောင် ထားခဲ့တာပါပဲ။ ငါဒီလောက်တောင် သူ(မ)ကိုချစ်ရက်နဲ့ သူ(မ)ကဘာလို့ ထွက်သွားရတာလဲ။’




သူ(မ)ထွက်သွားသည်မှာ အချိန်အတော်ကြာသွားပြီဖြစ်သောကြောင့် ကျောင်းမြောင်လန်ကိုချစ်သည့်အချစ်များ မှေးမှိန်သွားပြီး တမ်းတစိတ်နှင့် ဒဏ်ရာတို့သာကျန်ရစ်တော့သည်ဟု ဝေ့ကွမ်းထင်နေခဲ့သည်။ သို့သော် တကယ်တမ်းတွင် သူ(မ)ကိုချစ်နေသေးသည့်အမှန်တရားက ငြင်းဆန်၍မရခဲ့ပေ။ နေထက်ပင် ပို၍တောက်ပသော သူ(မ)၏အပြုံးများ၊ နူးညံ့၍ နှစ်လိုဖွယ်ကောင်းသည့် မျက်လုံးများနှင့် သဘာဝဆန်သောသူ(မ)ပုံစံကို သူချစ်သည်။ ကျောင်းမြောင်လန်မှာ သူ့နှလုံးသားထဲတွင် အမြစ်တွယ်ဝင်ရောက်ပြီးသားဖြစ်သောကြောင့် သူအသက်ရှင်နေသရွေ့ သူ(မ)ကို နှလုံးသားထဲမှထုတ်ပစ်ရန်မှာ မည်သို့မျှမဖြစ်နိုင်ပေ။ ကျောင်းမြောင်လန်က အသိပေးခြင်းတစ်စုံတစ်ရာမရှိဘဲ သူ့ဘဝထဲသို့ ဝင်ရောက်လာခဲ့သည်။ သို့သော် သူ(မ)ထွက်သွားသည့်အခါတွင်လည်း ထိုအတိုင်း အသိပေးခြင်းမရှိဘဲ ခြေရာမကျန်ဘဲပျောက်သွားခဲ့သည်။ ထိုအချိန်မှစ၍ အားလော်နှင့် ချောင်ဟုန်တို့ကို မြင်တွေ့သည့်အခါတိုင်း ဝေ့ကွမ်းစိတ်ထဲတွင် သူ(မ)ကိုသတိရမိသည်။ ထိုသို့ နာကျင်စွာခံစားလာရင်းနှင့် တဖြည်းဖြည်း အသက်ကြီးလာခဲ့ရသည်။ 




ကျောပြင်တွင် နာကျင်လာသဖြင့် ထိုင်နေရာမှ မတ်တတ်ရပ်လိုက်ပြီး ဝေ့ကွမ်းက စတုတ္ထမဒမ်အား




“စတုတ္ထမရီး။ အဖေနဲ့အမေ ပြန်လာရင် ဒီကိစ္စတွေကိုပြောပြဖို့ ကျွန်တော့်ဘက်ကနေ ကူပြောပေးပါ။ မဒမ်တုက တကယ်ကိုကောက်ကျစ်တယ်။ သူ(မ)နှလုံးသားမှာ အကြင်နာတရားမရှိဘူး။ ရက်စက်လွန်းတယ်။”




ထို့နောက် ဝေ့ကွမ်းက ခံစားချက်များစွာဖြင့် မျက်လုံးမှိတ်လိုက်ပြီး စိတ်ဆုံးဖြတ်ထားသည့်အသံဖြင့်




“ကျွန်တော် သူ(မ)နဲ့ကွာရှင်းချင်တယ်။”




သူ့စကားများက မိုးချုန်းတစ်ခုကဲ့သို့ လူအားလုံးတို့ကိုထိတ်လန့်သွားစေခဲ့ပြီး ထိုကိစ္စထဲတွင် ဝင်စွက်ဖက်နေသည့် တတိယမဒမ်လျူကိုပင် အံ့အားသင့်သွားစေခဲ့သည်။ ထိုနည်းတူ မဒမ်တုလည်း အလွန်အံ့အားသင့်သွားပြီး ခြေလှမ်းများ နောက်ဆုတ်သွားခဲ့သည်။ ထိုနေရာတွင် အဖွားတုန့်သာ သူ(မ)ကိုမထိန်းထားပါက ကြမ်းပြင်ပေါ်သို့ ချက်ချင်းလဲကျသွားနိုင်ပေသည်။ ကွာရှင်းပြတ်ဆဲခြင်းမှာ သေးငယ်သည့်ကိစ္စတစ်ခု မဟုတ်ခဲ့ပေ။ အထူးသဖြင့် ဝေ့ကွမ်း၏စွပ်စွဲချက်များနှင့် ပေါင်းလိုက်သည့်အခါ မဒမ်တုအား ရက်စက်ယုတ်မာသည့် ဇနီးတစ်ယောက်ဟူသော ဂုဏ်သတင်းကိုဖန်တီးစေရန် လုံလောက်နေသည်။ နောက်ပိုင်းတွင် သူ(မ) နောက်အိမ်ထောင်ပြုလိုပါက လွယ်ကူတော့မည်မဟုတ်ချေ။ သူ(မ)၏ အနာဂတ်အိမ်ထောင်ရေးကို ထိခိုက်စေနိုင်ရုံမက သမီးဖြစ်သူ ဝေ့ကျန်း၏ဂုဏ်သတင်းကိုလည်း ငြိစွန်းစေနိုင်ပေသည်။ ထို့ပြင် မဒမ်တုမှာ ဦးလေးကျုံးယီ၏ မိန်းမဘက်မှတူမဖြစ်သောကြောင့် ဦးလေးကျုံးယီ၏အိမ်တွင်သာ သွားရောက်နေထိုင်ရမည်။ ယင်းသခင်ကြီးနှင့် ဦးလေးကျုံးယီတို့မှာ နှစ်ပေါင်းများစွာသိကျွမ်းခဲ့သည့် မိတ်ဆွေများဖြစ်လေရာ ဝေ့ကွမ်းက မဒမ်တုကိုကွာရှင်းလိုလျှင်ပင် လွယ်ကူလိမ့်မည်မဟုတ်ပေ။ 




အဖွားတုန့်က ဒူးထောက်ထားရင်းနှင့် ဝေ့ကွမ်း၏ခြေထောက်ကိုဖက်၍ သက်ညှာပေးရန်တောင်းပန်ကာ ငိုကြွေးနေတော့သည်။




“သခင်ကြီး။ ဒီကိစ္စကို သေသေချာချာ စစ်ဆေးပေးပါ။ မဒမ့်မှာ အပြစ်မရှိပါဘူး။ မဒမ်က ဘာကိုမှမသိခဲ့ပါဘူး။ ဒါတွေအားလုံးက ဒီအစေခံအိုကြီး ကျွန်မတစ်ယောက်တည်း စီစဥ်ခဲ့တာပါ။ မဒမ်က ဒီကိစ္စနဲ့ ဘာမှမပတ်သက်ပါဘူး။ တောင်းပန်ပါတယ် သခင်ကြီး။ သေသေချာချာ စဥ်းစားပေးတော်မူပါ။”




မဒမ်တုက မှင်တက်မိသောမျက်နှာထားဖြင့် အဖွားတုန့်ကိုကြည့်လိုက်မိသည်။ အရေးကြုံလာသည့် ယခုကဲ့သို့ အနေအထားမျိုးတွင် အဖွားတုန့်က သူ(မ)ကိုကယ်တင်ပေးလိမ့်မည်ဟု သူ(မ)မထင်ထားခဲ့ပေ။ ထိုသို့ဆိုလျှင် အဖွားတုန့်က မဒမ်တုအပေါ် အမှန်တကယ် သစ္စာစောင့်သိပေသည်။ သူတို့နှစ်‌ယောက်မှာ သခင်နှင့် အစေခံဖြစ်သော်လည်း အလွန်ရင်းနှီးသည့် ဆက်ဆံရေးတစ်ခုရှိကြသည်။ မဒမ်တု၏မိဘများက မဒမ်တု ငယ်စဥ်ကတည်းက ဆုံးပါးသွားကြသောကြောင့် အဖွားတုန့်ကသာ စောင့်ရှောက်လာရသည်။ ကလေးဘဝကတည်းက ဦး‌လေးကျုံးယီ၏အိမ်တွင် အဖွားတုန့်နှင့်အတူ နေထိုင်ခဲ့သည်။ အဖွားတုန့်မှာ မဒမ်တုကို ပျိုးထောင်ခဲ့ရသည့် အစေခံအထိန်းတော်ဖြစ်သောကြောင့် သူတို့နှစ်ဦးကြားတွင် မိခင်နှင့် သမီးကဲ့သို့ ခံစားချက်များရှိနေလေသည်။ 




ဝေ့ကွမ်းက ဝတ်ရုံကိုမ,လိုက်ပြီး သူ(မ)ရှိနေသည့်ဘက်ကို ခြေထောက်ဖြင့် လှမ်းကန်လိုက်ပြီးနောက် 




“မဒမ်က ဘာမှမသိပါဘူး ဟုတ်လား။ ခင်ဗျားတို့နှစ်ယောက်က အမြဲတမ်း အနီးကပ်အတူရှိနေတာ သူ(မ)မသိဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”




ကန်ချက်မှာ မပေါ့ပါးလှသောကြောင့် အထိန်းတော် အဖွားတုန့်၏ရင်ဘတ်တွင် နာကျင်သွားခဲ့သည်။ ထိုသို့ နာကျင်သွားသည့်တိုင် သူ(မ)က လက်မလျှော့သေးဘဲ




“မဒမ်မသိဘူးဆိုတာ တကယ်ပါ။ ဟူးကော်ဘုရားကျောင်းကို လိမ်ပြီးသွားခိုင်းတာလည်း ကျွန်မပါပဲ။ ပြီးတော့ ဖွက်ထားတဲ့ အိပ်ဆေးတွေကလည်း ကျွန်မဟာတွေပါပဲ။ လျူလင်စီရင်စုမှာ ချစ်စရာကောင်းတဲ့ သမီးတစ်ယောက်ကို မွေးစားချင်နေတဲ့ ချမ်းသာတဲ့မိသားစုတစ်စုရှိတယ်။ ဒီအကြောင်းကို ဝူကျိုးတို့လင်မယားက ကျွန်မကို ဆက်သွယ်ပြီး အကြောင်းကြားခဲ့တာပါ။ အဲ့ဒီ့အချိန်မှာ ဒီအစေခံအိုကြီး ကျွန်မက တစ်ခဏစိတ်လွတ်သွားပြီး သူတို့လိုချင်တဲ့ သမီးလေးပုံစံက စတုတ္ထသခင်မလေးနဲ့ အံကိုက်ပဲလို့တွေးမိသွားရင်းနဲ့ ဒီအစီအစဥ်တွေကို လုပ်မိခဲ့တာပါ။ သခင်ကြီး အပြစ်ပေးမယ်ဆိုရင် ကျွန်မကိုပေးပါ။ ဒီကိစ္စက မဒမ်နဲ့တော့ တကယ်ကိုဘာမှမဆိုင်လို့ပါ။”




ဝေ့ကွမ်း ဒေါသထွက်သွား၏။ 




‘ဒီအဖွားကြီးက ငါသူ(မ)ကို အပြစ်မပေးရက်ဘူးထင်လို့ ဒါတွေပြောနေတာထင်တယ်။’




ဝေ့ကွမ်းက အနားသို့ကပ်ကာ အဖွားတုန့်ကို လည်ပင်းညှစ်လိုက်ပြီး အံကိုကြိတ်၍




“ခင်ဗျား အတော်သတ္တိကောင်းတာပဲ။ ယင်းအိမ်တော်ရဲ့ စတုတ္ထသခင်မလေးက ခင်ဗျားစိတ်တိုင်းကျ ရောင်းလို့ရတဲ့ ပစ္စည်းတစ်ခုမဟုတ်ဘူး။ ခင်ဗျားအ‌နောက်မှာ မဒမ်တုရှိနေတယ်ဆိုရုံနဲ့ပဲ ကျုပ်ကခင်ဗျားကို ချမ်းသာပေးလိမ့်မယ်လို့ ခင်ဗျားထင်နေတာလား။”




ယောက်ျားတစ်ယောက်၏အင်အားက မိန်းမတစ်ယောက်ထက် များစွာသာလွန်ပေ၏။ အဖွားတုန့်၏မျက်နှာမှာ ချက်ချင်းနီရဲလာပြီး မျက်လုံးများလည်း ထိန်းချုပ်မရဖြစ်လာသည်။




“မဒမ်။”




ထိုခေါ်သံကြောင့် မဒမ်တု အသိစိတ်ဝင်လာ၏။ ရေနစ်နေသည့်လူတစ်ယောက် ကောက်ရိုးတစ်မျှင်ကို ရှာတွေ့သွားသကဲ့သို့ အဖွားတုန့်၏ဘေးသို့ အမြန်ပြေးလာကာ သူ(မ)က အံ့အားသင့်စွာဖြင့်




“အထိန်းတော်ကြီး။ ရှင်ဘာလို့ ဒီလောက်ထိ ရက်စက်ရတာလဲ။ ဒီလိုလုပ်ရပ်မျိုးကို ဘာအကြောင်းကြောင့်များ လုပ်ရက်နိုင်ရတာလဲ။ အားလော်က ကျွန်မသမီး။ ကျွန်မမှာ အားလော်လေးနဲ့အတူ အချိန်ဖြုန်းလို့တောင်မဝသေးတာကို ရှင်က ဘယ်လိုလုပ်ပြီး သူ(မ)ကိုရောင်းဖို့ ဆုံးဖြတ်နေရတာလဲ။”




မဒမ်တု၏တုံ့ပြန်မှုက မြန်ဆန်လှသည်။ ထို့ပြင် မျက်နှာအနေအထားကိုလည်း သင့်တော်သလို အမြန်ပြောင်းလိုက်သေး၏။ ထိုပြစ်မှုကြီးမှ ရှောင်ရှားနိုင်ရန်အတွက် အထိန်းတော်ကြီးကို အပြစ်ဖို့လိုက်ခြင်းမှာလည်း မလုပ်သင့်သည့်အရာတစ်ခု မဟုတ်လှဟု သူ(မ)တွေးမိသည်။ နောက်ပိုင်းမှသာ အထိန်းတော်ကြီးအား ပြန်တောင်းပန်၍ လျော်ကြေးပေးလိုက်မည်ပင်။ သို့သော် မည်သည့်အကြောင်းနှင့်မျှ သူ(မ) မကွာရှင်းနိုင်။ သူ(မ)ကိုယ်တိုင်လည်း မကွာရှင်းချင်ပေ။ ထို့ပြင် ဝေ့ကွမ်းထံ၌ သူ(မ)အပေါ်ထားသည့် ခံစားချက်အချို့ ရှိနေလိမ့်ဦးမည်ဟု သူ(မ)ယုံကြည်နေခဲ့သည်။ 




*****




Aurora Novel Translation Team



Report content on this page

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment