no

Font
Theme

Chapter 17.1

မြို့စားယင်းက အိမ်တော်တွင်မရှိနေသောကြောင့် အရေးပိုင်မင်း ကျုံးယီအိမ်၏ အမွေဆက်ခံသူ စုန့်ပိုင်ယဲ့နှင့် ဇနီးတို့ကို ဝေ့ကွမ်းက ဧည့်ခံစံအိမ်တွင် ဧည့်ခံခဲ့သည်။ သူတို့ဇနီးမောင်နှံမှာ မဒမ်တု၏ကိစ္စကို သတိမထားမိသေးချေ။ ဧည့်ခံစံအိမ်သို့ ရောက်သောအခါ ဝေ့ကွမ်းကိုသာတွေ့ပြီး မဒမ်တုကို မတွေ့ရသောကြောင့် သိချင်စိတ်ဖြင့် မေးမြန်းလိုက်လေသည်။




“ဒါနဲ့ မဒမ်တုကိုလည်း မတွေ့ပါလား။”




ဝေ့ကွမ်းက ထိုကိစ္စကို ထုတ်မပြောလိုပေ။ ထို့ပြင် အရေးပိုင်မင်းကျုံးယီ၏ မိသားစုများကို မိမိတို့ မိသားစုကိစ္စတွင် မပါဝင်စေချင်သောကြောင့် အဆင်ပြေအောင်သာ ပြန်ပြောလိုက်သည်။




“သူ(မ) အမှားတစ်ခုလုပ်ထားလို့ သီးသန့်နေပြီး အမှားကိုသုံးသပ်နေပါတယ်။”




ထိုစကားကိုကြားသော် သူတို့ဇနီးမောင်နှံနှစ်ယောက် ထိတ်လန့်သွားကြ၏။ 




‘မဒမ်တုက အမှားလုပ်ထားတယ်ဆိုတော့ ဘယ်လိုအမှားမျိုးမို့လို့ ဒီလိုသုံးသပ်နေရတာလဲ။’




ထိုအကြောင်းကို မည်သူကမျှမပြောပြခဲ့သောကြောင့် ဖြစ်ကြောင်းအစုံအလင်ကို သူတို့ မသိရချေ။ အသေးစိတ်ကို မေးမြန်းကြည့်ချင်ပါသော်လည်း ဝေ့ကွမ်း၏မျက်နှာထားကိုမြင်သော် သူတို့ မမေးတော့ဘဲ အသံတိတ်နေလိုက်တော့သည်။ ယခုတစ်ကြိမ် လာရောက်လည်ပတ်ခြင်းမှာ အကူအညီတောင်းရန်ဖြစ်သောကြောင့် မဒမ်တုအတွက်ကြောင့်နှင့် မိမိတို့ကို စိတ်ခုသွားမည်ကိုလည်း မဖြစ်စေချင်ပေ။ မဒမ်တုမှာလည်း ဝေ့ကွမ်း၏ ဒုတိယဇနီးဖြစ်၏။ ထို့ကြောင့် ထိုကိစ္စကို သူတို့အနေနှင့် ဝင်စွက်ဖက်ရန်မှာ မသင့်တော်လှချေ။




မဒမ်ရှုက တစ်ခဏစဥ်းစားလိုက်ပြီး အကူအညီဖြစ်လိုဖြစ်ငြား မဒမ်တုအတွက် ချီးကျူးစကားအချို့ကို ပြောပေးလိုက်၏။ 




“လက်မထပ်ခင်တုန်းကဆိုရင် ယွယ်ယင်းက ကျင့်ဝတ်အပိုင်းမှာ အရမ်းစိတ်ချရတာ...”




ထိုသို့ပြောလိုက်သော်လည်း ဝေ့ကွမ်းက စိတ်ဝင်စားဟန်မပြသောကြောင့် ချက်ချင်း စကားလမ်းကြောင်းကို ပြောင်းလိုက်ရပြီး ဧကရီမိဖုရား၏မွေးနေ့အကြောင်း ပြောင်း၍ပြောလိုက်တော့သည်။ ဟွိုက်ဟွားမဟာစစ်သူကြီးတစ်ဦး၏ တရားဝင်သမီးဖြစ်သူ ဧကရီမိဖုရားချန်မှာ ယခုနှစ်တွင် အသက်(၃၅)နှစ်ပြည့်မည်ဖြစ်၏။ စစ်သူကြီးမိသားစုတွင် ကြီးပြင်းလာသူဖြစ်သောကြောင့် သူ(မ)၏စိတ်ထားမှာ ဖြောင့်မတ်တည်ကြည်လှသည်။ ဝူးရုံလေ့ကျင့်ရေးကျောင်းကို တိုက်ခိုက်သိမ်းယူနေသည့်ကာလတုန်းက မင်းသားရာထူးတွင်သာရှိသေးသည့် ဧကရာဇ်ချုံကျန်းနှင့်အတူ သူ(မ)က တိုက်ပွဲဝင်ခဲ့သည်။ ရန်သူများကို တိုက်ခိုက်ရင်း သလျောင်၏သဘာဝရှုခင်းများကို ခုခံနိုင်ခဲ့သည်။ ထိုသို့ တဖြည်းဖြည်းနှင့် ဧကရီမိဖုရားချန်နှင့် ဧကရာဇ်ချုံကျန်းတို့၏ နှစ်ဦးမေတ္တာက တစ်စထက်တစ်စ ကြီးထွားလာသည့်အခါ တိုက်ပွဲများတွင် တစ်ယောက်ကိုတစ်‌ယောက် အသက်နှင့်ရင်းကာ ကာကွယ်ခဲ့ကြသည်။ သူတို့နှစ်ယောက်၏ ဇာတ်လမ်းမှာ နိုင်ငံသားများ၏ ပါးစပ်ဖျားတွင် ပြောစမှတ်ပြုကြသော လှပသည့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာခဲ့သည်။ ဧကရီမိဖုရားက သားနှစ်ယောက်နှင့် သမီးတစ်ယောက် ဖွားမြင်ခဲ့သော်လည်း အကြီးဆုံးမင်းသားမှာ အသက်(၁၀)နှစ်မတိုင်ခင်တွင် ကွယ်လွန်သွားခဲ့ရသည်။ ဒုတိယမင်းသားဖြစ်သည့် ကျောင်းကျယ်မှာ ယခုနှစ်တွင် အသက် (၁၅)နှစ်ရှိပြီဖြစ်ပြီး အငယ်ဆုံး အဖိုးတန်မင်းသမီးလေးမှာ အသက် (၇)နှစ်သာရှိသေးသည်။




ဧကရီမိဖုရားချန်မှာ ချမ်းသာပြီး မြင့်မြတ်သောမိသားစုတွင် မွေးဖွားလာခဲ့သည်။ ထို့ကြောင့် သူ(မ)မမြင်တွေ့ဖူးသည့် ရတနာဟူ၍ မည်သို့ရှိလိမ့်မည်နည်း။ သူ(မ)အတွက် လက်ဆောင်ပြင်ဆင်ရခြင်းမှာ အလွန်ခက်ခဲသော အလုပ်တစ်ခုပင်။




လူကြီးများ စကား‌ပြောနေကြချိန်တွင် ကလေးများက ငြိမ်ငြိမ်မနေနိုင်ကြချေ။ စုန့်ဟွေ့က ဣန္ဒြေရရ ထိုင်နေပါသော်လည်း အခြားကလေးများက မငြိမ်တော့ပေ။ စုန့်ယုဝေမှာ ဟိုဟိုသည်သည် လျှောက်ကြည့်နေပြီး ချောင်ဟုန်က ခါးတွင်ချည်ထားသော အဆင်တန်ဆာနှင့် ဆော့ကစားနေသည်။ ဝေ့ကျန်းမှာမူ သူတို့၏စကားကို စိတ်ဝင်စားခြင်းမရှိဘဲ မြေပဲကိုသာခွာနေပြီး ဝေ့လော်မှာမူ...




စုန့်ဟွေ့ မော့ကြည့်လိုက်သောအခါ ဝေ့ကွမ်းထိုင်နေသည့် သစ်မာထိုင်ခုံ၏အနောက်တွင် ခေါင်းလေးထွက်လာသည်ကို လှမ်းမြင်လိုက်သည်။ တောက်ပသော မျက်လုံးဝိုင်းတစ်စုံက လျင်မြန်စွာလှုပ်ရှားနေပြီး ချစ်စရာ အပြုံးမျက်နှာလေးဖြင့် ဝေ့လော်က တံခါးကို လက်ညှိုးထိုးပြလိုက်သည်။ သူ(မ)က စုန့်ဟွေ့ကို အပြင်ထွက်လာစေချင်ခြင်းပင်။ 




ချက်ချင်းနားလည်သွားသည့် စုန့်ဟွေ့က ခပ်ဖွဖွပြုံးလိုက်ပြီး မတ်တတ်ထရပ်လိုက်သည်။ ဝေ့ကွမ်းနှင့် စုန့်ပိုင်ယဲ့ကို အရိုအသေပေးလိုက်ပြီးနောက် သူက




“အဖေ၊ ပဥ္စမဦးလေး။ ကျွန်တော် အားလော်နဲ့ က‌လေးတွေကို နောက်ခြံထဲ ခေါ်သွားလိုက်မယ်နော်။”




စုန့်ဟွေ့၏အပြောအဆိုကို ဝေ့ကွမ်း အလွန်စိတ်ကျေနပ်မိသည်။ သူ၏သားမက်လောင်းလေးမှာ ဉာဏ်ကောင်းရုံသာမက သည်းခံနိုင်စွမ်းလည်းမြင့်မားပြီး အလိုက်လည်းသိပေသည်။ အချိန်နှင့်အမျှ အရွယ်ရောက်လာပြီး တစ်သက်တာအတွက် ယုံကြည်၍ရနိုင်သော အမျိုးကောင်းသားလေးအဖြစ် ပြောင်းလဲလာခဲ့သည်။ သူ့စကားကိုကြားသော် ဝေ့ကွမ်းက ခေါင်းညိတ်ပြလိုက်ပြီး သူ့အနောက်တွင်ရှိနေသော ဝေ့လော်ကို လှမ်းခေါ်လိုက်ပြီး ပြုံး၍ 




“ပုန်းမနေနဲ့ ဝေ့လော်။ အဖေ သမီးကိုမြင်တယ်နော်။”




ဝေ့လော်က အပြစ်ရှိစိတ်ကို မခံစားရချေ။ ချိုမြိန်သောအသံဖြင့် ဖခင်ကိုတုံ့ပြန်လိုက်ပြီး ခုံအနောက်မှထွက်လာကာ စုန့်ဟွေ့နှင့်အတူ အပြင်ထွက်သွားလိုက်သည်။ အနားသို့ရောက်သည်နှင့် စုန့်ဟွေ့က သူ(မ)လက်ကိုလှမ်းကိုင်လိုက်ပြီး ဧည့်ကြိုဆောင်ထဲမှ သူ(မ)ကိုခေါ်ထုတ်သွားလေသည်။ ထို့နောက် ဝေ့လော်၏နှာခေါင်းကို ခပ်ဖွဖွပုတ်လိုက်ပြီး 




“ဉာဏ်များလိုက်တဲ့ ကောင်မလေး။”




ချောင်ဟုန်ကမူ သူတို့အနောက်မှ ခပ်တည်တည်မျက်နှာထားဖြင့်လိုက်လာပြီး စုန့်ဟွေ့နှင့် ဝေ့လော်တို့ တွဲထားသည့်လက်ကို ဝင်ခွဲသွားခဲ့သည်။ ထို့နောက် စုန့်ဟွေ့ကိုစိုက်ကြည့်ရင်း သူ့ခန္ဓာကိုယ်လေးဖြင့် ဝေ့လော်ကို ညီမလေးတစ်ယောက်ကဲ့သို့ ကာကွယ်ထားလေသည်။ ချောင်ဟုန်က စုန့်ဟွေ့အပေါ် အလွန်မကောင်းမြင်နေ၏။ သို့သော် အဘယ်ကြောင့် မကောင်းမြင်ရသည်ကိုလည်း သူကိုယ်တိုင်မသိချေ။ ငယ်ငယ်ကတည်းက ရရှိလာသည့် အကျင့်တစ်ခုဖြစ်ဟန်ရသည်။ စုန့်ဟွေ့ ပေါ်လာသည့်အချိန်တိုင်း သူ့စိတ်ထဲတွင် တစ်ခုခုခံစားရပြီး ထိုသူမှာ ဝေ့လော်ကို သူ့ထံမှလုယူသွားလိမ့်မည်ဟု ယုံကြည်နေခဲ့သည်။ အရွယ်ရောက်လာသောအခါတွင် အားလော်မှာ စုန့်ဟွေ့၏ဇနီး ဖြစ်လာမည်ဖြစ်ကြောင်းနှင့် တစ်နေ့တွင် စုန့်ဟွေ့နှင့်လက်ထပ်ပြီး အရေးပိုင်မင်း ကျုံးယီတို့၏မိသားစုဝင် ဖြစ်သွားတော့မည့်အကြောင်း ဝေ့ကွမ်း၏ပြောစကားများကို ကြားလာရသဖြင့် တဖြည်းဖြည်း စုန့်ဟွေ့ကို ပို၍ အလိုမကျဖြစ်လာခြင်းပင်။




*




ယနေ့ ကောင်းကင်တစ်ခုလုံး ကြည်လင်နေပြီး လေထုကလည်း လတ်ဆတ်သန့်ရှင်းနေသောကြောင့် နောက်ခြံထဲတွင်လမ်းလျှောက်ရန် အသင့်တော်ဆုံး ရာသီဥတုတစ်ခု ဖြစ်နေခဲ့သည်။ အရှေ့ဘက်ခြံဝင်းမှ သူတို့ထွက်လာပြီးနောက် လမ်းတွင် အကြီးဆုံးသခင်လေး ဝေ့ချောင်ယင်နှင့် မတော်တဆ တွေ့ဆုံမိကြသည်။ 




ဝေ့ချောင်ယင်က အကြီးဆုံးမဒမ်၏သားဖြစ်ပြီး အသက် (၁၆)နှစ်ရှိလေပြီ။ မူလက ဝေ့ချောင်ယင်မှာ ကိုယ်လက်အင်္ဂါအစုံအလင် သန်စွမ်းသူတစ်ယောက်ဖြစ်၏။ သို့သော် အသက်(၈)နှစ်အရွယ်တွင် မင်းသားရွေ့၏ သားဖြစ်သူ ကျောင်းကျွယ်ကြောင့် မြင်းပေါ်မှပြုတ်ကျကာ မြင်းခွာများက သူ့ခြေထောက်ကို တက်နင်းသွားခဲ့သဖြင့် ခြေထောက်ကြွက်သားနှင့် အရိုးတွင် ထိခိုက်ဒဏ်ရာရသွားခဲ့သည်။ ထိုအချိန်မှစ၍ ဝေ့ချောင်ယင်မှာ မတ်တတ်ရပ်ကာ လမ်းမလျှောက်နိုင်တော့ဘဲ ဘီးတပ်ကုလားထိုင်ကိုသာ အသုံးပြု၍ သွားလာခဲ့ရလေသည်။ 




ထိုနှစ်က အကြီးဆုံးမဒမ် မျက်ရည်မည်မျှကျခဲ့ရကြောင်း မည်သူမျှသိလိမ့်မည်မဟုတ်ချေ။ ထူးချွန်ကျော်ကြားသည့် သမားတော်များကို ပင့်၍ ကုသခဲ့ပါသော်လည်း ချောင်ယင်၏အခြေအနေက ထူးခြားလာခြင်းမရှိခဲ့ချေ။ ကံကောင်းစွာဖြင့် ဝေ့ချောင်ယင်မှာ အကောင်းမြင်စိတ်ရှိပြီး စိတ်သဘောထားကြီးသူဖြစ်သောကြောင့် စိတ်ဓာတ်ကျသွားခြင်းမရှိဘဲ စိတ်ကောင်းထားတတ်လေသည်။ အသက်(၈)နှစ်အရွယ်မှစ၍ (၁၆)နှစ်ပြည့်သည်အထိ ဂုဏ်သိက္ခာရှိစွာ အေးအေးဆေးဆေးဖြတ်သန်းလာပြီး ပြင်ပလောကမှာ သူနှင့်မသက်ဆိုင်သကဲ့သို့ တစ်ယောက်တည်း သီးသန့် နားနားနေနေ နေခဲ့သည်။ မြို့စားယင်း၏ စံအိမ်တွင် ယခုချိန်အထိ အတူတူနေခဲ့ကြသော်လည်း ဝေ့လော် သူ့မျက်နှာကို သေသေချာချာမမြင်ဖူးခဲ့ချေ။ ထို့ကြောင့် အကြီးဆုံးအစ်ကိုနှင့် မရင်းနှီးဘဲရှိလေသည်။ ယခုတွင် အချင်းချင်းတွေ့ကြသည့်အခါ သူ(မ)က ယဥ်ကျေးစွာ “အစ်ကိုကြီး”ဟု နှုတ်ဆက်လိုက်ပြီး ဘေးနားတွင် ရပ်နေလေသည်။ 




ဝေ့ချောင်ယင်က အလွန်ချောမောလှပြီး သူ့ပုံစံက အကြီးဆုံးသခင်ကြီး ဝေ့မင်နှင့် အတော်လေးဆင်တူသည်။ ဝေ့ချောင်ယင်မှာ တည်ငြိမ်အေးဆေးပြီး‌ ရိုးသားဖြောင့်မတ်၏။ မိမိကိုယ်ကိုယ် သေသေချာချာနားလည်ကာ ကြီးပြင်းလာခဲ့သူဖြစ်သောကြောင့် ပို၍ဆင်ခြင်တတ်သည်။ လမ်းမလျှောက်နိုင်သဖြင့် ဘီးတပ်ကုလားထိုင်တွင် ထိုင်နေရသော်လည်း အခြားသူများကို ရှုံးနိမ့်ရသည်ဟူ၍ မရှိခဲ့။ “ဘာမဟုတ်တဲ့ အသေးအမွှားလူတစ်ယောက် မဟုတ်ဘူး။”ဟူသည့် ဂုဏ်အရှိန်အဝါမျိုး သူ့ထံတွင်ရှိနေသည်။




ဝေ့လော်တို့ကို မြင်သည့်အခါ သူက ခေါင်းညိတ်ပြလိုက်ပြီး ဝေ့လော်၏ဘေးတွင် ရပ်နေသော စုန့်ဟွေ့ကိုကြည့်ကာ ပြုံး၍




“မုရှီ ရောက်နေတာကိုး။”




မုရှီမှာ စုန့်ဟွေ့၏ ငယ်နာမည်ဖြစ်သည်။ စုန့်ဟွေ့ကို မွေးဖွားခဲ့စဥ်က တစ်ခြံလုံးတွင် မုရှီပန်းရနံ့များ မွှေးပျံ့နေခဲ့၏။ ထို့ပြင် စုန့်ဟွေ့၏မိခင် မဒမ်ရှုကလည်း ထိုပင်လုံးကြိုင် မုရှီပန်းကို အလွန်ကြိုက်နှစ်သက်သောကြောင့် မုရှီဟူသည့်အမည်ကို အစွဲပြု၍ စုန့်ဟွေ့ကို ငယ်နာမည်ပေးခဲ့ကြသည်။ ထိုအမည်ကို ကြားရသည်မှာ နားထောင်ကောင်းလှ၏။ စုန့်ဟွေ့ငယ်စဥ်က ထိုအမည် အခေါ်ခံရသည်ကို သဘောကျနှစ်သက်ခဲ့သော်လည်း အရွယ်ရောက်လာသည့်အခါတွင်မူ နာမည်က အနည်းငယ် ကလေးဆန်သွားလေသည်။ ထို့ကြောင့် စုန့်ဟွေ့ အသက်(၁၂)နှစ်ပြည့်ပြီးနောက်ပိုင်း သူ့ကို မုရှီဟုခေါ်သူ မရှိသလောက်ဖြစ်သွားခဲ့သည်။ ယခုတွင် ဝေ့ချောင်ယင်က ထိုအမည်ကိုခေါ်လိုက်သည့်အခါ စုန့်ဟွေ့က ဆန့်ကျင်ခြင်းမရှိဘဲ ပို၍ပင် ဖော်ရွေရွှင်ပြစွာဖြင့်




“အစ်ကိုကြီးဝေ့။”




ဘီးတပ်ကုလားထိုင်ပေါ်တွင် မိမိကိုယ်ကိုယ် ထိန်းချုပ်နေရသည့် ဝေ့ချောင်ယင်မှာ သွားစရာရှိသည့်အရာအတွက် အလျင်မလိုနေဘဲ စုန့်ဟွေ့နှင့် စကားစမြည်ပြောနေတော့သည်။




“မင်းရဲ့ အဖေနဲ့ အမေရော ရောက်နေကြတာလား။ သူတို့ကို မတွေ့ရတာလည်း ကြာပါပြီကွာ။”




စုန့်ဟွေ့က




“ဟုတ်တယ်။ အခု အမေနဲ့အဖေက ရှေ့ဘက်ခြံဝင်းမှာ ရှိနေတယ်လေ။”




ဝေ့ချောင်ယင်၏ပုံစံမှာ နက်နဲတည်ကြည်၏။ ရှေ့ဘက်ခြံဝင်းသို့ သွားကြည့်လိုက်ချင်ပါသော်လည်း ခြေထောက်အခက်အခဲကြောင့် အဆင်မပြေခဲ့ချေ။ နှစ်ပေါင်းများစွာ သီးခြားနေထိုင်ခဲ့ပြီးနောက်မှ သူတို့နှင့်ပြန်တွေ့လျှင်လည်း ပြောစရာစကား မရှိလောက်တော့ပေ။ ထိုသို့တွေးကြည့်လိုက်သော်လည်း ရှေ့ဘက်ခြံသို့ သွားမကြည့်ခြင်းက ပို၍ကောင်းပေတော့မည်။ 




ထို့ကြောင့် ဝေ့ချောင်ယင်က ရယ်မော၍




“မင်းမိဘတွေကို ငါ့အစား နှုတ်ဆက်ပေးပါဦး။”




ထိုသို့ပြောပြီးနောက် သူ စကားဆက်မပြောတော့ချေ။ သူ့ကို ဘီးတပ်ကုလားထိုင်တွန်းပေးသည့် ကလေးတစ်ယောက်ကို လှမ်းအချက်ပြလိုက်ပြီး ထွက်သွားရန်ပြင်ဆင်လိုက်သည်။




“ငါ့မှာလည်း လုပ်စရာလေးတွေရှိနေသေးတာဆိုတော့ သွားနှင့်တော့မယ်နော်။”




စုန့်ဟွေ့က နောက်သို့ခြေလှမ်းဆုတ်ကာ ယဥ်ကျေးစွာဖြင့်




“ဟုတ်ကဲ့ပါ အစ်ကိုကြီးဝေ့။ ဂရုစိုက်သွားပါ။”




တလင်းမြေပေါ်တွင် ဘီးတပ်ကုလားထိုင်လှိမ့်သွားသည့်အသံကို ရှင်းလင်းစွာကြားနေရသည်။ သူထွက်သွားသည်နှင့် ဝေ့လော်က သူ့နောက်ကျောကိုငေးကြည့်ကာ အတွေးနယ်ချဲ့နေမိ၏။ ယခင်ဘဝတုန်းက သူ(မ)၏ အရင်းနှီးဆုံးသူငယ်ချင်း လျောင်ယူရုန်မှာ အစ်ကိုကြီးဝေ့ချောင်ယင်ကို ငယ်ငယ်ကတည်းက သဘောကျခဲ့သည်ကို ဝေ့လော်မှတ်မိသည်။ အစပိုင်းတွင် သူ(မ)၏သ‌ဘောကျမှုကို မည်သူကမျှ အတည်မယူခဲ့ချေ။ ကလေးတစ်ယောက်၏ စိတ်ကစားခြင်းဟုသာထင်မှတ်ပြီး အရွယ်ရောက်လာလျှင် တဖြည်းဖြည်း ဆင်ခြင်နိုင်သွားလိမ့်မည်ဟု လူကြီးများက ယူဆခဲ့ကြသည်။ သို့သော် လျောင်ယူရန် အရွယ်ရောက်လာသည့်အခါ ဝေ့ချောင်ယင်အပေါ်သဘောကျမှုက ပျောက်ကွယ်မသွားဘဲ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်ကြားမှ ချစ်ခြင်းမေတ္တာအသွင်အဖြစ် ပြောင်းလဲကာ အချိန်နှင့်အမျှ ပို၍လေးနက်လာခဲ့သည်။ သို့သော် လျောင်ယူရုန်၏မိဘများက ထိုလက်ထပ်ပွဲကို အပြင်းအထန်ကန့်ကွက်ကြ၏။ ဝေ့ချောင်ယင်နှင့် သူ(မ)ကြားမှ အသက်အရွယ်ကွာခြားမှု (၁၀)နှစ်ကို အပြစ်မဆိုဘဲ ဝေ့ချောင်ယင်၏ ခြေထောက်နှစ်ဖက်က သူတို့နှစ်ယောက်အတွက် မဖြစ်နိုင်စရာ အကြောင်းပြချက်ဖြစ်သွားခဲ့ရသည်။ 




သို့သော်‌ လျောင်ယူရုန်က အစ်ကိုကြီးကို အလွန်သဘောကျသောကြောင့် အတားအဆီးများအားလုံးကို လျစ်လျူရှုထားခဲ့သည်။ သူ(မ)မိသားစုက မည်မျှဆန့်ကျင်နေပါစေ ထိုစကားများကို နားမထောင်ခဲ့ပေ။ အချိန်အတော်ကြာသည်အထိ မိဘများကို ဆန့်ကျင်နေခဲ့ပါသော်လည်း နောက်ဆုံးတွင် မိဘများ၏ လက်ထပ်ပွဲအစီအစဥ်ကို သူ(မ) မခုခံနိုင်ခဲ့ချေ။ ဖခင်ဖြစ်သူ တိုက်နယ်မင်းကြီး ဖင်းယွမ်က သူ(မ)အတွက် လက်တွဲဖော်ကောင်းတစ်ယောက်ကို ရှာဖွေပေးပြီး သူ(မ) အသက်(၁၅)နှစ်ပြည့်သည်အထိ စောင့်ဆိုင်းခဲ့သည်။ သို့သော် ထိုသို့သောလက်ထပ်ပွဲမျိုးမှာ အသက်မဝင်လိုက်ချေ။ အကြောင်းမှာ လက်ထပ်ပြီး ရက်အနည်းငယ်ကြာသည်နှင့် လျောင်ယူရန်က နေအိမ်တွင် ကြိုးဆွဲချကာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသောကြောင့်ပင်။ သူ(မ)ကို လူတွေရှာတွေ့ကြသည့်အချိန်တွင် သူ(မ)၏ခန္ဓာကိုယ်က အေးစက်တောင့်တင်းနေပြီဖြစ်သည်။ 




ထိုကိစ္စမှာလည်း သိုသိုသိပ်သိပ် လျှို့ဝှက်ထားသည့် ကိစ္စတစ်ခုမဟုတ်ခဲ့ချေ။ ဝေ့လော် မြို့ထဲသို့ပြန်ရောက်လာပြီး လျောင်ယူရုန်အကြောင်း လိုက်လံမေးမြန်းရုံနှင့်ပင် အရာအားလုံးသိခဲ့ရလေသည်။ လျောင်ယူရုန်၏သတင်းကိုကြားပြီး‌နောက် ဝေ့ချောင်ယင်ကလည်း အခြားသူများနှင့် အဆက်အဆံမလုပ်တော့ဘဲ တိုက်ပိတ်၍နေထိုင်ခဲ့သောကြောင့် သူ့မျက်နှာကို မည်သူမျှထပ်မတွေ့ရတော့သည့်အကြောင်းကိုလည်း ဝေ့လော်ကြားခဲ့ရသည်။ အစ်ကိုကြီး၏နှလုံးသားမှာ အတော်လေးနာကျင်ခဲ့ပေလိမ့်မည်။




ထွက်သွားသည့် ဝေ့ချောင်ယင်၏နောက်ကျောကို ငေးကြည့်နေရင်း ထိုသူမှာ တဖြည်းဖြည်းနှင့် ဝေ့လော်၏မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်အထိတိုင် ဝေ့လော်က အတွေးထဲတွင်သာရှိနေသေးပြီး အသိစိတ်မကပ်သေးချေ။ ထို့ကြောင့် စုန့်ဟွေ့က သူ(မ)၏နဖူးကိုပုတ်ကာ ပြုံး၍မေးလိုက်၏။




“အားလော်လေး။ ဘာတွေတွေးနေလို့ ဒီလောက်ထိ စိတ်လွတ်သွားတာလဲ။”




ဝေ့လော်က နဖူးကို လက်ဖြင့်အုပ်ကာ သူ့ကို‌မော့ကြည့်လိုက်သည်။ သူ(မ)၏မျက်လုံးလေးများတွင် တွေဝေမှုများရှိ‌နေ၏။ တစ်ခဏကြာသော် ဝေ့လော် ပြုံးပြလိုက်ပြီး




“အစ်ကိုကြီး ဘယ်ကိုသွားတာပါလိမ့်လို့ စဥ်းစားနေတာပါ။ အကြီးဆုံးအဒေါ်ကပြောတယ် အစ်ကိုကြီးရဲ့ ခြေထောက်တွေက မကောင်းတော့ အဝေးကြီးကို သွားလို့မရဘူးတဲ့။”




ထိုအကြောင်းကို စုန့်ဟွေ့လည်း သေသေချာချာမသိချေ။ ပြန်စဥ်းစားကြည့်လိုက်ပြီး သူက




“အစ်ကိုဝေ့ အလုပ်များနေလို့နေမှာပါ။”




တစ်ခဏရပ်လိုက်ပြီး သူက ဝေ့လော်ကိုမေးလိုက်၏။




“မနက်ဖြန်ဆို နဂါးလှေပွဲတော်တောင် ရောက်ပြီနော်။ အားလော် အပြင်သွားချင်လား။ လမ်းမကြီးပေါ်မှာ စိတ်ဝင်စားစရာကောင်းတာတွေ အများကြီးရှိမှာ။ ပွဲတစ်ခုလုံးလျှောက်ကြည့်ဖို့ အစ်ကိုစုန့်ဟွေ့က ဝေ့လော်လေးကို လိုက်ပြနိုင်ပါတယ်နော်။”




ဝေ့လော်က ခေါင်းညိတ်၍




“ဝေ့လော် သွားချင်တယ်။”




*****




Aurora Novel Translation Team



Report content on this page

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment