Chapter 12
အရေးပိုင်မင်း ဦးလေးကျုံးယီ၏အိမ်မှာ မြို့စားယင်းအိမ်တော်၏ ခမ်းနားကြီးကျယ်သောပုံစံနှင့် မယှဥ်နိုင်သော်လည်း နေရာကျယ်ပြောပြီး အဆင်တန်ဆာများစွာဖြင့် တစ်မျိုးတစ်ဖုံ ခမ်းနားနေပေသည်။ ဝင်ပေါက်ရှေ့တွင် အစောင့်အရှောက် ခြင်္သေ့ရုပ်တုကြီး (၂)ခုရှိ၏။ အနီရောင် ယွန်းတံခါးကြီးကိုလည်း ကျယ်ကျယ်ဖွင့်ထားသည်။ မြို့စားယင်းအိမ်တော်မှ သခင်လေး၊ သခင်မလေးများ လာရောက်လည်ပတ်မည့်အကြောင်း သိထားသောကြာင့် ဂိတ်အစောင့်ကလည်း ပြုံးရွှင်လျက် သူတို့ကို အပြေးအလွှားကြိုဆိုခဲ့သည်။
ဝေ့ချောင်ရှန်းက သူ၏အမဲလိုက်ခွေးကြီးကိုခေါ်ကာ ရထားလုံးထဲမှခုန်ဆင်း၍ ယုံကြည်ချက်အပြည့်ဖြင့် ရှေ့မှဦးဆောင်သွားသည်။ ထိုခွေးကြီးကို အချိန်ယူလေ့ကျင့်ပေးထားသောကြောင့် သည်တစ်ကြိမ်တွင်တော့ စုန့်ဟွေ့ကို အနိုင်ရလိမ့်မည်ဟု သူတစ်ထစ်ချယုံကြည်ထားလေသည်။
ဝင်ပေါက်ရှေ့တွင် မြို့စားယင်းအိမ်တော်မှ ရထားလုံးနံဘေး၌ အပြာရောင်ခေါင်မိုး၊ အနီရောင်ပန်းဖွားများဖြင့် ဇိမ်ခံရထားလုံးတစ်စီးလည်း ရပ်ထားသည်။ သိချင်စိတ်ပြင်းထန်လှသော ဝေ့လော်က တစ်ချက်လှမ်းကြည့်လိုက်သေး၏။ ဝေ့လော်၏ စိတ်ဝင်စားမှုကို သိလိုက်သည့်ဂိတ်အစောင့်က သူ(မ)ကို အားတက်သရော ရှင်းပြပေးခဲ့သည်။
“အဲ့ဒါ တိုက်နယ်မင်းကြီးအိမ်က ရထားလုံးလေ။ တိုက်နယ်မင်းကြီး ဖင်းယွမ်တို့မိသားစုရဲ့ ဆက်ခံသူနဲ့ မမလေးလည်း ဒီပွဲကိုလာတာဆိုတော့ အခုဆို ဥယျာဥ်ထဲမှာ ရှိနေကြပြီထင်တယ်။”
အားလော်မျက်လုံးများ အရောင်လက်သွား၏။ တိုက်နယ်မင်းကြီး ဖင်းယွမ် (လျောင်စုန့်နျန်)မှာ ရုပ်ရည်ချောမောသည့် အသက်အလတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်သည်။ သူက ရိုးသားသန့်ရှင်းသည့် ဘဝတွင်သာ ရှင်သန်ခဲ့ပြီး မည်သည့် နိုင်ငံရေးရာကိစ္စမျိုးတွင်မျှ ပါဝင်ပတ်သက်ခြင်းမရှိချေ။ ဧကရာဇ်ချုံကျန်း၏ သဘောကျမှုကိုလည်း ခံရသူတစ်ဦးဖြစ်၏။ သို့သော် ဝေ့လော်ဝမ်းသာသွားသည်မှာ ထိုအချက်ကြောင့် မဟုတ်ပေ။ တိုက်နယ်မင်းကြီး ဖင်းယွမ်၏အိမ်တော်မှ အမွေဆက်ခံသူနှင့် မမလေးတို့ပါ ထိုပွဲသို့လာရောက်သည်ဟူသောအချက်ကြောင့် ဝေ့လော် ဝမ်းသာသွားခြင်းဖြစ်သည်။
တိုက်နယ်မင်းကြီး ဖင်းယွမ်၏ ဇနီးနှင့် ကျောင်းမြောင်လန်တို့မှာ သစ္စာတိုင်တည်ထားသော ညီအစ်မများဖြစ်ကြသည်။ ကျောင်းမြောင်လန် ထွက်သွားပြီးနောက် တိုက်နယ်မင်းကြီး ဖင်းယွမ်၏ ဇနီးမှာ ကျောင်းမြောင်လန်၏ သားသမီးများဖြစ်သည့် ဝေ့လော်နှင့် ချောင်ဟုန်တို့မောင်နှမကိုလည်း စောင့်ရှောက်ခဲ့သည်။ တိုက်နယ်မင်းကြီး ဖင်းယွမ်မိသားစုတွင် သားတစ်ယောက်၊ သမီးတစ်ယောက်ရှိ၏။ ဂိတ်စောင့်၏ အဆိုအရ သူတို့နှစ်ယောက်မှာ အမွေဆက်ခံသူ လျောင်ယုနှင့် သခင်မလေး လျောင်ယူရုန်တို့ ဖြစ်ကြလိမ့်မည်။ လျောင်ယူရုန်နှင့် ဝေ့လော်မှာ သက်တူရွယ်တူဖြစ်၏။ သူတို့နှစ်ယောက်မှာ ငယ်ငယ်လေးကတည်းက အချင်းချင်း အဆင်ပြေခဲ့ကြပြီး ပင်ကိုစိတ်ရင်းများလည်း ကိုက်ညီမှုရှိကြသောကြောင့် ရင်းနှီးသောသူငယ်ချင်းများ ဖြစ်ခဲ့ကြသည်။ သို့သော် ဝေ့လော် လျောင်ယူရုန်းနှင့် မတွေ့ရသည်မှာ အလွန်ကြာပြီဖြစ်သောကြောင့် ကလေးဘဝတုန်းက သူ(မ)၏မျက်နှာမည်သို့ရှိကြောင်းကိုပင် ဝေ့လော် မေ့တေ့တေ့ဖြစ်နေလေပြီ။
ဝေ့ချောင်ရှန်းက ဝေ့လော်၏စပ်စုချင်စိတ်ကို သတိမပြုမိခဲ့ပေ။ စုန့်ဟွေ့ ခြံဝင်းထဲတွင်ရောက်နေပြီဟု သိလိုက်ရသည်နှင့် အမဲလိုက်ခွေးကြီးကိုဆွဲကာ စုန့်ဟွေ့ဆီသို့ ထွက်သွားလေတော့သည်။ ဝေ့ယာနှင့် ဝေ့ကျန်းတို့လည်း သူ့အနောက်မှလိုက်လာပြီး ဝေ့လော်နှင့် ချောင်ဟုန်တို့က နောက်ဆုံးမှလိုက်လာသည်။ အားလော်ကမူ အခြားအရာကို အာရုံစိုက်နေမိသောကြောင့် အချိန်ကုန်သွားသည်ကိုပင် မသိလိုက်။ ချောင်ဟုန်က သူ(မ)ကိုလှမ်းခေါ်မှသာ ဟန်ပန်ကို ချက်ချင်းပြန်ထိန်းလိုက်မိတော့သည်။
“နင် ဘာတွေစဥ်းစားနေတာလဲ။”
အားလော်က မျက်တောင်ခတ်လိုက်ပြီး မျက်နှာထားကို အနည်းငယ်ပြောင်းလဲကာ လိမ်ညာပြောလိုက်၏။
“တတိယအစ်ကိုရဲ့ခွေးနဲ့ အစ်ကိုစုန့်ဟွေ့ရဲ့ခွေး ဘယ်သူ့ခွေးက နိုင်လောက်လဲဆိုတာ စဥ်းစားနေတာပါ။”
ချောင်ဟုန်က စုန့်ဟွေ့ကို သဘောမကျသောကြောင့် ထိုခွေးပြိုင်ပွဲကို စိတ်ဝင်စားမှုမရှိသော်လည်း ဝေ့လော်၏စကားကို ပြန်လည်တုံ့ပြန်လိုက်၏။
“ငါ့အထင်တော့ တတိယအစ်ကိုက နိုင်လောက်တယ်။”
အားလော်ကမူ မည်သည့်ထင်မြင်ချက်ကိုမျှ ထုတ်မပြောလိုက်ပေ။ ချောင်ဟုန်၏လက်ကိုတွဲကာ လမ်းလျှောက်သွားရင်း ကြာကန်သို့ရောက်ကြသည်။ နွေဦးရာသီအစဖြစ်သောကြောင့် ရေကန်ထဲ၌ အစိမ်းရင့်ရောင်အရွက်များပေါ်တွင် ကြာပန်းများဖွေးနေလေပြီ။ သို့သော် အဖူးအဆင့်သာရှိပြီး မပွင့်ကြသေးချေ။ တစ်ဖက်တွင်လည်း ကမ်းစပ်တွင်ရှိနေသည့် ဝောာင်ဝှေးပင် တွဲလောင်းများက ပန်းရောင်၊ အဖြူရောင် ပွင့်ဖတ်များဖြင့် တင့်တယ်လှပစွာ ပွင့်လန်းနေကြပြီး အချို့ပွင့်ဖတ်များမှာ ကမ်းပေါ်သို့ ကြွေကျနေသေး၏။
သစ်ပင်အောက်မှ လမ်းလျှောက်သွားသည်နှင့် အားလော်၏မျက်ခွံပေါ်သို့ ပွင့်ဖတ်လေးတစ်ခု ကျလာခဲ့သည်။ ခပ်ဖွဖွ မျက်တောင်ခတ်လိုက်သည့်အခါ ထိုပွင့်ဖတ်လေးမှာ ဖြူဖွေးချောမွေ့သော အားလော်၏ပါးပြင်မှ လျှောဆင်းသွားခဲ့သည်။ မော့ကြည့်လိုက်သောအခါ မလှမ်းမကမ်းတွင်ရှိသော အရပ်(၈)မျက်နှာမြင်ရသည့် ရှုခင်းကြည့်အဆောက်အအုံမှ သူ(မ)ကိုလှမ်းကြည့်နေသည့် လူငယ်လေးတစ်ယောက်နှင့် အကြည့်ချင်းဆုံသွားတော့သည်။
ယခုနှစ်တွင် အသက် (၁၂)နှစ် ပြည့်မည်ဖြစ်သောကြောင့် သူ့အသက်မှာ သိပ်မကြီးသေးချေ။ သူ့ပုံစံက အရပ်အတော်မြင့်၏။ ရွှေရောင်ဝါးရွက်ပုံစံထိုးထားသည့် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့ခါးတွင် ကျောက်စိမ်းအဆင်တန်ဆာတစ်ခုကို ဆင်မြန်းထားသည်။ သူ့ပုံစံမှာ ချောမောကာ တောက်ပနေတော့၏။ ထိုသူမှာ စုန့်ဟွေ့ပင်။
စုန့်ဟွေ့က အမှန်တကယ် အလွန်ကြည့်ကောင်းလှသည်။ အားလော်မြင်ခဲ့ဖူးသော ယောက်ျားများထဲ၌ စုန့်ဟွေ့မှာ ပြစ်ချက်တစ်ခုမျှမရှိသည့် ကျောက်စိမ်းတုံးလေးတစ်ခုကဲ့သို့ပင်။ ထို့ပြင် အပြုအမူနှင့် စိတ်ရင်းစိတ်ထားကလည်း အသိအမှတ်ပြုစရာကောင်းနေပြန်သည်။ ယခုတွင်လည်း ထိုနေရာတွင် သာမန်အတိုင်းရပ်နေခြင်းဖြင့် ဝေ့ယာနှင့် ဝေ့ကျန်းတို့၏အာရုံစိုက်မှုကို အလွယ်တကူခံရပေသည်။
ယခင်ဘဝတုန်းက ဝေ့လော် သူ့မျက်နှာလေးကို သဘောကျမိသည်။ ယောက်ျားနှင့် မိန်းမကြားမှ စိတ်ကူးယဥ်ဇာတ်လမ်းများကို နားမလည်သေးသော်လည်း ချောမောခြင်းနှင့် ရုပ်ဆိုးခြင်းကို သူ(မ) သေသေချာချာခွဲတတ်ခဲ့သည်။ ကျောင်းမြောင်လန်က သူ(မ)အတွက် ကောင်းမွန်သောလက်ထပ်ပွဲတစ်ခု စီစဥ်ပေးခဲ့သည်ဟုပင် ဆိုနိုင်လေသည်။ သို့သော်လည်း ယခင်ဘဝက ဝေ့ကျန်းနှင့် စုန့်ဟွေ့တို့၏စေ့စပ်ပွဲအကြောင်းကို တွေးနေမိသဖြင့် အားလော်၏နှလုံးသားက စုန့်ဟွေ့နှင့်လက်ထပ်ရန် သဘောမတူနိုင်ဘဲရှိနေခဲ့သည်။ စုန့်ဟွေ့အပေါ် စိတ်ဝင်စားမိသည့် စိတ်ကလေးအနည်းငယ်ပင် ပျောက်သွားခဲ့ပြီဖြစ်သည်။
***
အရပ်(၈)မျက်နှာကို ကြည့်နိုင်သည့် ထိုရှုခင်းကြည့်အဆောက်အအုံတွင် စုန့်ဟွေ့အပြင် စုန့်ယုဝေ၊ လျောင်ယုနှင့် လျောင်ယူရုန်တို့လည်း ရှိနေကြသည်။ စုန့်ယုဝေမှာ ယခုနှစ်တွင် အသက် (၈)နှစ် ပြည့်တော့မည်။ သူ(မ)၏ရုပ်ရည်မှာ အစ်ကိုဖြစ်သူ စုန့်ဟွေ့နှင့်မယှဥ်နိုင်သော်လည်း နူးညံ့သည့်သွင်ပြင်တစ်မျိုးရှိသည်။ သူ(မ)မှာ ဝေ့ကျန်းနှင့် ဝမ်းကွဲညီအစ်မတော်စပ်သောကြောင့် ဝေ့ကျန်းနှင့် ပိုရင်းနှီး၏။ ဝေ့ကျန်းလာသည်ကို မြင်သည့်အခါ သူ(မ)က အဝေးကနေ၍
“ညီမလေး အားကျန်း။”
သူ(မ)၏အော်သံကြောင့် အားလုံးက သူတို့ကိုလှည့်ကြည့်လိုက်ကြသည်။ ဝေ့ကျန်းကလည်း သူ(မ)၏ဝမ်းကွဲအစ်မကို ပြန်နှုတ်ဆက်လိုက်ပြီး ပျော်ရွှင်စွာပြေးသွားတော့သည်။ အရေးပိုင်မင်းကျုံးယီ၏အိမ်တော်သို့ ပြန်လာခြင်းမှာ ဝေ့ကျန်းအတွက် ပို၍ သက်သောင့်သက်သာရှိ၏။ ထိုအိမ်တွင် အိမ်သားများက သူ(မ)အပေါ် ကောင်းမွန်စွာဆက်ဆံကြသောကြောင့် ဖခင်အိမ်မှာနေရသည်ထက် ပိုပျော်လေသည်။
စုန့်ယုဝေ၏ အသိအမှတ်မပြုမှုကို ဝေ့လော်ကလည်း စိတ်ထဲမထားချေ။ အင်္ကျီလက်ပေါ်တွင် တင်နေသည့် ပွင့်ဖတ်များကို ခါထုတ်ရင်း ဝေ့လော်က ထိုအဆောက်အအုံထဲသို့ အေးအေးဆေးဆေးဝင်သွားခဲ့သည်။
စုန့်ဟွေ့က အဆောက်အအုံ၏ လှေကားပေါ်တွင် ရပ်နေသည်။ ဝေ့ကျန်းကို နှုတ်ဆက်ပြီးသွားသည်နှင့် သူ့အကြည့်များက ဝေ့လော်ထံသို့ ကျရောက်သွား၏။ ဝေ့လော် အနားရောက်လာသည့်အခါ သူ(မ)ခေါင်းပေါ်မှ ပွင့်ဖတ်လေးတစ်ခုကို လှမ်းဖယ်ပေးလိုက်ပြီး အပြုံးတစ်ခုဖြင့်
“အခြားသူတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ပွင့်ဖတ်တွေမကျပါဘူး။ ပွင့်ဖတ်တွေက ညီမလေးအားလော်ပေါ်ကိုပဲ ကျတယ်နော်။ ကြည့်ရတာ အစ်ကို့မိသားစုရဲ့ တောင်ဝှေးပင်တွေက ညီမလေးနဲ့ ကံကြမ္မာတစ်ခုခုရှိလို့ထင်တယ်။”
စုန့်ဟွေ့ အသက် (၆)နှစ်ကတည်းက စေ့စပ်ပွဲကိုစီစဥ်ခဲ့ကြသောကြောင့် စုန့်ဟွေ့က ထိုအကြောင်းကို သေသေချာချာသိနေခဲ့သည်။ ထိုအချိန်တုန်းက မိန်းမယူခြင်းနှင့် ကလေးမွေးခြင်းအကြောင်း စုန့်ဟွေ့လည်း ရှင်းရှင်းလင်းလင်းမသိသေးချေ။ အားလော် အနှီးထုပ်ထဲတွင်ရှိနေခဲ့စဥ်က သူကိုယ်တိုင်လည်း အားလော်ကို ပွေ့ချီခဲ့ဖူးသည်။ သူ(မ)က အလွန်သေးငယ်ပြီး မျက်နှာလေးက ဝိုင်းစက်နူးညံ့နေခဲ့၏။ ပါးစပ်ထဲကို လက်ထည့်ထားရင်းနှင့် တဖြည်းဖြည်း သူ့ကို ‘အစ်ကိုကြီး’ဟု ခေါ်တတ်လာသည်အထိ ဝေ့လော်ကြီးပြင်းပုံကို သူမြင်တွေ့ခဲ့ရသည်။
အရွယ်ရောက်လာသည့်အခါ စုန့်ဟွေ့လည်း လက်ထပ်ခြင်းသဘောတရားကို တဖြည်းဖြည်းနားလည်လာပြီး ထိုမိန်းကလေးမှာ သူ၏အိမ်သူဖြစ်လာမည့်အကြောင်းနှင့် သူ၏ ဘဝသက်တမ်းတစ်ခုလုံးကို သူ(မ)နှင့် ကုန်ဆုံးရမည်ဖြစ်ကြောင်း သဘောပေါက်လာခဲ့သည်။ ထို့ကြောင့် အားလော်အပေါ် သူ၏ဆက်ဆံမှုများက အခြားသူများကိုဆက်ဆံသည်ထက် ပို၍ ထူးခြားလာပြီး အခြားမိန်းကလေးများနှင့်ယှဥ်လျှင်လည်း အားလော်ကို ပထမနေရာတွင်ထားတတ်လာခဲ့သည်။
ဝေ့လော်က မျက်ဝန်းနက်များဖြင့် သူ့ကိုကြည့်လိုက်ပြီး သူ့ဆီမှ ပန်းပွင့်ဖတ်လေးကိုလှမ်းယူကာ သူ့လက်ထဲသို့ ညင်ညင်သာသာပြန်ထည့်ပေးလိုက်ပြီး ချိုသာသောအသံဖြင့်
“ဒီပန်းလေးကို အစ်ကိုစုန့်ဟွေ့ကိုပေးပါတယ်။”
စုန့်ဟွေ့မျက်နှာတွင် ပြုံးရိပ်တစ်ခုသန်းသွား၏။ ထို့နောက် ထိုပန်းပွင့်လေးကို အဝတ်နှင့်ထုပ်လိုက်ပြီး သူ့အင်္ကျီထဲသို့ ထည့်သိမ်းထားလိုက်တော့သည်။ ထိုအချိန်တွင် သူတို့အနောက်တွင်ရှိသော ကျောက်စားပွဲ၌ လျောင်ယုက တစ်ခုခုကို သတိရသွားဟန်ဖြင့် မတ်တတ်ရပ်ကာ မေးမြန်းလိုက်သည်။
“ဒါတွေထားစမ်းပါ။ ဒီနေ့ ပြိုင်ပွဲရှိတယ်မဟုတ်ဘူးလား။ ငါက ဒီကိုလာဖို့အတွက် ဆရာ့ဆီကနေတောင် တစ်ရက်ပိတ်ပေးဖို့ ခွင့်ပြုချက်တောင်းထားရတာနော်။ မင်းတို့တွေက ဘယ်လောက်ကြာကြာ ဒီလိုကြည်နူးနေကြဦးမှာလဲ။ စုန့်ဟွေ့။ မင်းရဲ့ခွေးရော ဘယ်မှာလဲ။ မြန်မြန်သွားခေါ်တော့လေ။ ငါတို့ကြည့်ချင်နေပြီ။”
လျောင်ယုက ယခုနှစ်တွင် အသက်(၁၁)နှစ် ပြည့်ထားသည်။ နီလာရောင် ဝတ်ရုံကိုဝတ်ဆင်ထားပြီး စူးရှသည့်မျက်လုံးနှင့် မျက်ခုံးထူထူတို့ကြောင့် သူ့ရုပ်ရည်က ချောမောနေသည်။ ဖခင်ဖြစ်သူ တိုက်နယ်မင်းကြီး ဖင်းယွမ်နှင့်လည်း (၇၀)၊ (၈၀) ရာခိုင်နှုန်းလောက် ဆင်တူ၏။ ငယ်စဥ်ကတည်းက ကိုယ်ခံပညာကို လေ့ကျင့်ခဲ့သောကြောင့် စုန့်ဟွေ့ထက်အသက်ငယ်သော်လည်း လက်ရှိတွင် သူက စုန့်ဟွေ့ထက်ပို၍ အရပ်မြင့်ပြီး ခန္ဓာကိုယ်လည်း တောင့်တင်းနေသည်။ လျောင်ယု၏ ဘယ်ဘက်တွင် လိပ်ပြာပုံစံများထိုးထားသည့် ဂါဝန်ကိုဝတ်ထားသော လျောင်ယူရုန်ရှိနေသည်။ လျောင်ယူရုန်က ဝေ့လော်ကို အချက်ပြလိုက်ပြီး လာထိုင်ရန်ခေါ်ခဲ့သောကြောင့် ဝေ့လော်လည်း သူ(မ)ဘေးတွင်ထိုင်လိုက်သည်။ သူတို့နှစ်ယောက် နောက်ဆုံးတွေ့ခဲ့သည်မှာ ရှန်းယွမ်နန်းတော်၏ စားသောက်ပွဲတွင်ဖြစ်သည်။ အချိန်အားဖြင့် တစ်လကျော်ကြာသွားပြီဖြစ်သောကြောင့် အချင်းချင်း ပြောစရာစကားများရှိနေလေ၏။ လျောင်ယူရုန်က ဝေ့လော်၏ နားနားသို့ကပ်၍
“အဖေက သူ့ခွေးကို အစေခံတွေကိုချက်စားခိုင်းလိုက်တာမို့လို့ စိတ်ဆိုးနေတာလေ ငါ့အစ်ကိုက။”
အားလော် မထိန်းနိုင်ဘဲ တခစ်ခစ်ရယ်မိ၏။ ကံကောင်းစွာဖြင့် ထိုစကားသံက လျောင်ယုဆီသို့မရောက်သွားသောကြောင့် သူအရှက်မကွဲလိုက်ချေ။ စုန့်ဟွေ့က သူ့ခွေးကြီးကိုခေါ်လာရန် အစေခံများအား အမိန့်ပေးလိုက်သည်။ ထိုခွေးမှာ သခင်၏ဂရုစိုက်ပျိုးထောင်မှုကို ခံရသောကြောင့် ဂုဏ်ယူနေသည့်ဟန်ပန်ရှိပြီး အခြားခွေးများထက် ပို၍အထင်ကြီးစရာကောင်းနေသည်။
တကယ်တမ်းတွင် ခွေးတိုက်ပွဲက ခမ်းနားကြီးကျယ်သော ပွဲအခမ်းအနားတစ်ခုမဟုတ်ချေ။ အဆင့်အတန်းရှိသည့် မိသားစုတစ်စုတွင် မိသားစုအကြီးအကဲများက သူတို့၏သားသမီးများကို ခွေးပေးမမွေးတတ်ချေ။ သူတို့၏ သက်ဆိုင်ရာ အလုပ်တာဝန်များကိုဆောင်ရွက်ရာ၌ စိတ်အာရုံထွေပြားမည်ကို မလိုလားသဖြင့် ခွေးမွေးခြင်းကို တားမြစ်ထားကြသည်။ ထို့ကြောင့် တိုက်နယ်မင်းကြီး ဖင်းယွမ်က လျောင်ယု၏ခွေးကို ချက်စားခိုင်းလိုက်သည်ဟူသောအချက်မှာ အတော်လေး ကျိုးကြောင်းသင့်လျော်နေခဲ့သည်။ ဝေ့ချောင်ရှန်းကမူ မိသားစုထဲတွင် အနည်းငယ် အာဏာရှင်ဆန်သူဖြစ်ပြီး စုန့်ဟွေ့ကမူ သူ့မိသားစုထဲတွင် အလွန်လိမ္မာသူဖြစ်သောကြောင့် သူတို့နှစ်ယောက်၏မိသားစုများက သူတို့အပေါ် စည်းကမ်းတင်းကျပ်ခြင်း မရှိခဲ့ပေ။ သူတို့၏စာသင်ကြားမှုအပေါ် အနှောင့်အယှက်မဖြစ်ပါက ခွေးမွေးခြင်းကို ခွင့်ပြုထားကြသည်။
မကြာခင် ခွေးနှစ်ကောင် စတင် ပုတ်သတ်ကြ၏။ ဝေ့လော်နှင့် လျောင်ယူရုန်တို့ စိတ်ပူပန်ထားကြသည့်အတိုင်း ထိုပွဲမှာ နှစ်သက်စဖွယ်မရှိချေ။ သို့သော် လျောင်ယုအတွက်တော့ အလွန် စိတ်ဝင်စားစရာကောင်းနေ၏။ သူကိုယ်တိုင် ပြိုင်ပွဲတွင် မပါဝင်နိုင်သော်လည်း သူက ချောင်ဟုန်၊ အားလော်နှင့် အခြားသူများအား လောင်းကြေးစားကြေး ပါဝင်ကြရန် တိုက်တွန်း၏။ သူကိုယ်တိုင်လည်း ငွေ(၁၀၀) လောင်းကြေးထည့်ခဲ့သည်။
အားလော်၏ပိုက်ဆံအိတ်မှာ အထိန်းတော်ဖုနှင့် ကျင်းလုတို့ထံတွင်ကျန်ခဲ့သောကြောင့် အားလော်တွင် ပိုက်ဆံမပါလာချေ။ ထို့ကြောင့် လည်ပင်းတွင်ဝတ်ဆင်ထားသည့် အပြာရောင်လိပ်ပြာများနှင့် ငွေရောင်လောကတ်သီးလေးကို ချွတ်ကာ လျောင်ယုကို လှမ်းပေးလိုက်သည်။
“ဒါက အားလော်ရဲ့ အသက်ရှည်လောကတ်သီးလေးပါ။ ဒါလေး ထည့်လိုက်မယ်နော်။”
လျောင်ယူရုန်က ကျောက်စိမ်းခါးပတ် အဆင်တန်ဆာတစ်ခု၊ စုန့်ယုဝေက ငွေ(၁၀)နှင့် ငွေမပါလာကြသော ဝေ့ယာနှင့် ဝေ့ကျန်းတို့ကလည်း ကျောက်စိမ်းလက်ကောက်နှင့် ငွေကြိုး၊ ရွှေကြိုးဖြင့်ထိုးထားသော အမွှေးနံ့အိတ်တို့ကို အသီးသီးထည့်ပေးလိုက်ကြသည်။ ချောင်ဟုန်ကမူ ထိုသို့သောကိစ္စမျိုးတွင် မပါဝင်တတ်သောကြောင့် လောင်းကြေးလည်းမထည့်ခဲ့ပေ။ လူ (၆)ယောက် လောင်းကြရာတွင် ဝေ့ချောင်ရှန်းဘက်မှလောင်းသူဟူ၍ ဝေ့လော်တစ်ယောက်တည်းသာရှိ၏။ ယခင်ဘဝက ဝေ့လော်သာဖြစ်ပါက သေချာပေါက် စုန့်ဟွေ့ဘက်ကလောင်းမည်ဖြစ်သော်လည်း ယခုလက်ရှိတွင်မူ ဝေ့လော် စိတ်ပြောင်းသွားပြီဖြစ်သည်။ ဝေ့ချောင်ရှန်းဘက်မှ ဝေ့လော်လောင်းသည်ကိုသိရသည့်အခါ စုန့်ဟွေ့က ဝေ့လော်ကို သိပ်မကျေနပ်သည့်အကြည့်မျိုးဖြင့် လှည့်ကြည့်လိုက်၏။ သို့သော် ဝေ့လော်ကမူ သူ့အကြည့်ကို မမြင်ခဲ့ဘဲ ဝေ့ချောင်ရှန်းကိုသာ အားပေးနေခဲ့လေသည်။
“တတိယအစ်ကို။ သေချာပေါက် နိုင်မှရမယ်နော်။”
ဝေ့ချောင်ရှန်း စိတ်ထဲတွင် အလွန်ပျော်ရွှင်နေသော်လည်း အပြင်ပန်းတွင် မသိသာအောင်ထိန်း၍
“တတိယအစ်ကို နိုင်ရမှာမဟုတ်ပါဘူး။ တတိယအစ်ကိုရဲ့ခွေး နိုင်ရမယ်လုပ်ပါ။ အားလော်လေး။ သေချာကြည့်ထားနော်။ တတိယအစ်ကိုက အနိုင်ရဖို့စိတ်ဆုံးဖြတ်ထားပြီးပြီ။"
***
ခွေးနှစ်ကောင်က အချင်းချင်းတိုက်ခိုက်နေကြပြီး တိုက်ချက်တိုင်းတွင်လည်း ဒဏ်ရာကိုယ်စီရကြလေရာ ဟောင်သံများကိုလည်း ခြံဝင်းတစ်ခုလုံးအပြည့် ကြားနေရသည်။ တိုက်ပွဲမှာ အလွန်ကြမ်းလာသောကြောင့် လျောင်ယူရုန်နှင့် စုန့်ယုဝေတို့ တဖြည်းဖြည်းကြောက်လန့်လာပြီး နောက်ဆုတ်သွားကြသည်။ အားလော်လည်း သူတို့အနောက်မှလိုက်ဆုတ်လေရာ ကြာကန်နားမှ တောင်ဝှေးပင်အောက်သို့ ရောက်သွားခဲ့သည်။
စုန့်ယုဝေက တူတူပုန်းတမ်းကစားရန်အတွက် မျက်လုံးကိုအုပ်ရန် ချည်ထိုးထားသည့် အဝတ်စတစ်ခုကို ထုတ်လိုက်သည်။ လိုက်ဖမ်းရင်း ဖမ်းခံရသူက အရှုံးဖြစ်၏။ အစက အားလော် မကစားချင်ခဲ့သော်လည်း (၆)နှစ်အရွယ် ကလေးတစ်ယောက်က သာမန်နှင့်မတူဘဲ ပြောင်းလဲနေပါက အခြားသူများအတွက် သံသယဝင်စရာဖြစ်မည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် လျောင်ယူရုန်၏ ဖိတ်ခေါ်မှုကို ခေါင်းညိတ်သဘောတူခဲ့လေသည်။ ထိုသို့ဖြင့် ပထမဦးစွာ မျက်လုံးကို အဝတ်အုပ်၍ လိုက်ဖမ်းရမည့်လူကို မဲနှိုက်ရွေးချယ်ခဲ့ကြသည်။ အရှည်ဆုံးတုတ်ချောင်းကို ရွေးမိသည့် အားလော်က ပထမတစ်ချီအတွက် မျက်လုံးကိုအုပ်လိုက်ရသည်။
အဝတ်အုပ်လိုက်သဖြင့် သူ(မ)၏အမြင်အာရုံတို့ ပိတ်ဆို့သွားပြီး မည်သည်ကိုမျှ မမြင်ရတော့ချေ။ ပတ်ဝန်းကျင်မှ ခွေးဟောင်သံများ၊ ခြေသံများနှင့် အချို့ဆူညံသံများကိုသာ သူ(မ)ကြားရသည်။ လက်နှစ်ဖက်ကို ဆန့်ထုတ်ထားပြီး ရှေ့သို့တိုးလာနေသော်လည်း မည်သူ့ကိုမျှ မဖမ်းမိဘဲ တောင်ဝှေးပင်ကိုသာ စမ်းမိခဲ့သည်။
ထိုအခါ လျောင်ယုရုန်က အနောက်မှနေ၍ ရယ်မောကာ
“မှားတယ် မှားတယ်။ အဲ့ဒါ သစ်ပင်ကြီး။”
အားလော်မှာ တစ်ဖက်သို့ပြန်လှည့်လိုက်ပြီး စမ်းတဝါးဝါး လိုက်ရှာပြန်၏။ ဤနေရာနှင့် မလှမ်းမကမ်းတွင် ခွေးတို့၏တိုက်ခိုက်သံများက ပိုမိုကျယ်လောင်နေ၏။ နံဘေးမှအသံများနှင့် ရောယှက်လာသောအခါ အားလော် မည်သည့်ဘက်ကိုလိုက်ရှာရမည်မသိတော့ဘဲ တွေဝေလာခဲ့သည်။ တောင်ဝှေးပင်နားတွင် သူ(မ)ပခုံးကို တစ်စုံတစ်ယောက်က လက်ဖြင့်ပုတ်လိုက်သည်။ အားလော် ရှေ့သို့ ခြေနှစ်လမ်းတိုးကာ ရပ်လိုက်၏။ ဝောာင်ဝှေးပင်များကို ကြာကန်အနီးတွင်စိုက်ထားကြောင်း အားလော် မှတ်မိသည်။ ရှေ့သို့ အနည်းငယ်ဆက်လျှောက်လိုက်ပါက သူ(မ) ရေထဲသို့ကျသွားနိုင်သည်။ လွန်ခဲ့သောတစ်ခဏက လျောင်ယူရုန်၏အသံမှာ အနောက်ဘက်မှလာခဲ့သည်။ အနောက်ဘက်တွင် ကြာကန်မရှိပါက သူ(မ) အရှေ့သို့ဆက်လျှောက်မည့်ဘက်တွင် ကြာကန်ရှိလိမ့်မည်။ သူ(မ)က နှုတ်ခမ်းလေးကွေးကာ ပြုံးလိုက်၏။ ထိုနေရာတွင် မည်သူရှိနေကြောင်း အားလော် အကြမ်းဖျင်းခန့်မှန်းမိသည်။ ဟိုဟိုသည်သည် ပြေးစနေပြီး စကားမပြောသည့် တစ်စုံတစ်ယောက်ရှိနေသည်။ ထို့ကြောင့် အားလော်က တမင်တကာ ရှေ့သို့ဆက်တိုးလိုက်လေသည်။
ဝေ့ကျန်းက ဝေ့လော်ရှေ့တွင်ရပ်လိုက်ပြီး တောင်ဝှေးပင်ကိုလှမ်းပစ်ကာ ရန်စ၏။
“ဝေ့လော်။ ငါ့ကိုလာဖမ်းလေ။”
အားလော်က အံ့အားသင့်စွာဖြင့်
“ဝေ့ကျန်းလား။”
ထိုသို့ပြောလိုက်ပြီး ရှေ့သို့ဆက်တိုးကာ ဝေ့ကျန်းနှင့်အတူ ကြာကန်အစွန်းတွင်ရပ်လိုက်သည်။ သူ(မ)သာ ရှေ့သို့ခြေလှမ်းအနည်းငယ် ထပ်တိုးလိုက်ပါက ရေထဲပြုတ်ကျတော့မည်။ နွေဦးတွင် ကန်ရေမှာ အေးစက်နေဆဲဖြစ်ပြီး ရေကန်ထဲပြုတ်ကျပါက သေချာပေါက် အအေးမိမည်ပင်။ ဝေ့ကျန်းက အသက်ငယ်သော်လည်း အကြံမသေးလှ။ ဝေ့လော်ကို တမင်တကာ ရေကန်အစွန်းသို့မျှားခေါ်ပြီး ရေကန်ထဲပြုတ်ကျသွားသည်ကို စောင့်ကြည့်လိုခြင်းဖြစ်သည်။ သို့သော် ဝေ့လော်ကလည်း အရူးမဟုတ်ချေ။ ဝေ့လော်က လက်ကိုဆန့်ထုတ်ကာ ဝေ့ကျန်း၏အင်္ကျီကိုဆွဲကာ တိတ်တဆိတ်အားထည့်၍ ဝေ့ကျန်းကိုတွန်းလိုက်တော့သည်။
“မိပြီ။”
ဝေ့ကျန်းက သေသေချာချာရပ်နေခြင်း မဟုတ်သောကြောင့် တွန်းခံလိုက်ရသည့်အခါ နောက်သို့ပြုတ်ကျသွား၏။ ထိတ်လန့်သွားသည့်သူ(မ)က ဝေ့လော်၏လက်ကို ခပ်မြန်မြန်လှမ်းဆွဲကာ ဝေ့လော်ကိုလည်း ရေထဲသို့ဆွဲခေါ်သွားရန် ကြိုးစားလိုက်သည်။
တစ်ဖက်တွင်လည်း အမဲလိုက်ခွေးတိုက်ပွဲ၏ ရလဒ်များလည်း ထွက်လာပြီဖြစ်သည်။ ဝေ့ချောင်ရှန်းက စုန့်ဟွေ့ကိုရှုံးသွား၏။ ပြိုင်ပွဲပြီးသဖြင့် သူတို့နှစ်ယောက်လည်း မိန်းကလေးများရှိရာသို့ လျှောက်လာကြသည်။ ထိုအခါ ဝေ့လော်နှင့် ဝေ့ကျန်းတို့နှစ်ယောက် ရေကန်နှင့် အနီးကပ်တွင်ရှိနေကြသည်ကို စုန့်ဟွေ့က အဝေးမှလမ်းမြင်လိုက်သည်။ သူတို့နှစ်ယောက်ကို သတိထားရန် လှမ်းအော်လိုက်ချိန်တွင် ဝေ့ကျန်းရေထဲကျတော့မည့်မြင်ကွင်းကို သူလှမ်းမြင်လိုက်ရသည်။
ဝေ့လော်က မျက်လုံးကိုအဝတ်ဖြင့်အုပ်ထားသဖြင့် အခြေအနေကို မမြင်ရချေ။ သူ(မ)က လက်များကိုဆန့်ထုတ်ကာ ဝေ့ကျန်းကိုဖမ်းလိုက်ခြင်းဖြစ်၏။ သူတို့နှစ်ယောက်လုံးမှာ ရေကန်ထဲသို့ပြုတ်ကျတော့မည့်ပုံပင်။ ထို့ကြောင့် စုန့်ဟွေ့ အမြန်ပြေးသွားပြီး ဝေ့လော်၏ခါးကို အချိန်မီလှမ်းဖက်ကာ သူ(မ)ကို မ,ချီလိုက်သည်။ စုန့်ဟွေ့မှာ သူတို့နှစ်ယောက်ထဲမှ တစ်ယောက်ကိုသာကယ်နိုင်သဖြင့် ဝေ့လော်ကို ကယ်လိုက်လေသည်။ ထိုအခါ ဝေ့ကျန်းက ရေကန်ထဲသို့ပြုတ်ကျသွားပြီး တစ်ခဏကြာသော် သူ(မ)တစ်ကိုယ်လုံး ရေအောက်နစ်မြုပ်သွားတော့သည်။
*****
Aurora Novel Translation Team
Report content on this page