Chapter 7.1
မဒမ်တုနှင့် ဝေ့ကွမ်းတို့လက်ထပ်ထားသည်မှာ (၅)နှစ်ကျော်၊ (၆)နှစ်ရှိပြီဖြစ်၏။ ထိုမင်္ဂလာသက်တမ်းတစ်လျှောက် ဝေ့ကွမ်း သူ(မ)ကို ယခုကဲ့သို့အသံအနေအထားမျိုးဖြင့် မေးခွန်းမထုတ်ဖူးခဲ့ချေ။ ယင်းအိမ်တော်တွင်ရှိသည့် သခင်ကြီးများထဲတွင် ဝေ့ကွမ်းက အညင်သာဆုံးဖြစ်သည်။ အစ်ကိုဖြစ်သည့် အကြီးဆုံးသခင်ကြီးကဲ့သို့ စိတ်မြန်လက်မြန် ဒေါသထွက်ခြင်းလည်းမရှိ၊ ဒုတိယသခင်ကြီးကဲ့သို့ စိတ်လိုက်မာန်ပါပြုမူတတ်ခြင်းလည်းမရှိဘဲ ဝေ့ကွမ်းက အေးဆေးတည်ငြိမ်ကာ အနေအထိုင်ယဥ်ကျေး၏။ မဒမ်တုက ထိုအချက်ကို သဘောကျသောကြောင့် ကျောင်းမြောင်လန်ကို နှစ်သက်သဘောကျသည့် သူ၏စိတ်ကို မသိချင်ယောင်ဆောင်ပေးပြီး သူနှင့်လက်ထပ်ကာ ယင်းအိမ်တော်ထဲသို့ဝင်လာခဲ့ခြင်းဖြစ်သည်။
သူတို့လက်ထပ်ပြီးနောက် တုယွယ်ယင်းက ဝေ့ကွမ်းစိတ်ကျေနပ်မှုရှိရန် နည်းမျိုးစုံဖြင့် နေ့တိုင်းအကောင်းဆုံး ကြိုးစားခဲ့သည်။ အိပ်ခန်းထဲတွင်ပင် သူ့ကိုပျော်အောင်ထားနိုင်ရန် သေသေချာချာတွေးတောကာ စီစဥ်ခဲ့သည်။ တဖြည်းဖြည်းနှင့် သူ့ရင်ထဲမှကျောင်းမြောင်လန်နေရာကို အစားဝင်နိုင်လိမ့်မည်ဟု သူ(မ)ယုံကြည်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ကျောင်းမြောင်လန်မှာ သူ့အနားကထွက်သွားပြီးသားမိန်းမဖြစ်ပြီး မိမိသာလျှင် သူ့အနားတွင် တစ်သက်လုံးနေထိုင်သွားမည့် မိန်းမတစ်ယောက်ဖြစ်လေသည်။
သို့သော်လည်း ဝေ့ကွမ်း၏နှလုံးသားနေရာလွတ်ထဲသို့ သူ(မ)ဝင်ရောက်နိုင်ခြင်းမရှိသည်ကို တဖြည်းဖြည်း သဘောပေါက်နားလည်လာသည်။ နေ့ဘက်တွင် အချင်းချင်း ရိုသေလေးစားမှုဖြင့်ဆက်ဆံပြုမူပြီး ညဘက်တွင်လည်း တာဝန်တစ်ခုကဲ့သို့သာ ကိစ္စများကိုလုပ်ဆောင်ခဲ့သည်။ ကိစ္စပြီးသည့်အခါများတွင်မူ ဝေ့ကွမ်းက ရင်းရင်းနှီးနှီးစကားတစ်ခွန်းမျှမပြောဘဲ တစ်ဖက်သို့လှည့်၍ အိပ်ပျော်သွားလေ့ရှိသည်။
ထိုသို့ဖြင့် တုယွယ်ယင်း မျိုသိပ်သည်းခံခဲ့လေရာ တစ်နေ့တွင် ဝေ့ကွမ်း၏ခေါင်းအုံးအောက်၌ အမွှေးရနံ့အိတ်လေးအိတ် အဟောင်းလေးတစ်လုံးကို သူ(မ)ရှာတွေ့သွားသည်။ ထိုအမွှေးရနံ့အိတ်ပေါ်တွင် ဘဲလေးများ ရေကစားနေသည့်ပုံကို မသေမသပ်ထိုးထားခြင်းဖြစ်ရာ ချည်ထိုးခြင်းကို စတင်လေ့လာနေသူတစ်ယောက်၏လက်ရာမှန်း သိသာနေသည်။ ဝေ့ကွမ်းက အမွှေးရနံ့အိတ် အဟောင်းလေးကိုသာသုံးနေသည်ဟု တုယွယ်ယင်းတွေးလိုက်ပြီး ခပ်ဝေးဝေးမစဥ်းစားခဲ့ပေ။ ထိုအိတ်မှာ ဟောင်းနေပြီဖြစ်ပြီး ယင်းအိမ်တော်တွင်လည်း ၎င်းထက်ပိုကောင်းသည့်အိတ်များစွာရှိသောကြောင့် သူ(မ)က ထိုအိတ်ကိုလွှင့်ပစ်ရန် အစေခံများကိုစေခိုင်းလိုက်သည်။
သို့သော် ထိုနေ့က ဝေ့ကွမ်းပြန်ရောက်လာပြီး သူ၏အမွှေးရနံ့အိတ်အဟောင်းလေး မရှိတော့သည်ကိုသိသည့်အခါ ဒေါသထွက်ခြင်းမရှိဘဲ တစ်ကိုယ်လုံးဖျော့တော့သွားခဲ့သည်။ သူ့မျက်နှာအနေအထားမှာ စိတ်ဆိုးဒေါသထွက်သည်ထက်ပင် ပိုဆိုးခဲ့၏။ အစေခံများအား ထိုအိတ်ကိုလွှင့်ပစ်ခဲ့သည့်နေရာကို ချက်ချင်းမေးမြန်းခဲ့သည်။ အနောက်ဘက်တရားရုံးအနီးတွင် လွှင့်ပစ်လိုက်ကြောင်းသိရသည့်အခါ မည်သူ့ကိုမျှ သွားမရှာခိုင်းတော့ဘဲ သူကိုယ်တိုင် အပူတပြင်းပြေးလွှားရှာဖွေခဲ့သည်။ ထိုအမွှေးရနံ့အိတ်လေးမှာ သူ့အတွက် အသက်သွေးကြောတစ်ခုဖြစ်နေသကဲ့သို့ ရူးမတတ်ဖြစ်သွားခဲ့သည်။ ထိုအမွှေးရနံ့အိတ်လေးမရှိပါက သူအသက်ဆက်ရှင်နိုင်မည်မဟုတ်တော့သလိုပင်။
ထို့နောက်မှသာ ထိုအိတ်လေးမှာ ကျောင်းမြောင်လန်သူ့ကိုပေးခဲ့သည့်အိတ်လေးဖြစ်ကြောင်း တုယွယ်ယင်းသိလိုက်ရသည်။ ထိုအချိန်တုန်းက ကျောင်းမြောင်လန်ကိုယ်ဝန်ရှိနေသောကြောင့် တစ်ရက်ချင်း တဖြည်းဖြည်းချည်ထိုးခဲ့ပြီး ပုံစံပေါ်လာသည်အထိ ထိုးပြီးချိန်တွင် ကလေးနှစ်ယောက်ကိုဖွားမြင်ခဲ့သည်။ ထို့ကြောင့် ထိုအိတ်လေးမှာ ကျောင်းမြောင်လန်ထွက်မသွားခင် နောက်ဆုံးပေးခဲ့သည့်လက်ဆောင်တစ်ခုလို ဖြစ်နေသောကြောင့် ဝေ့ကွမ်း၏အမြတ်တနိုးထားရသော ရတနာလေးဖြစ်နေခဲ့ခြင်းပင်။
ဝေ့ကွမ်း၏နှလုံးသားထဲတွင် ကျောင်းမြောင်လန်မည်မျှအရေးပါနေသည်ကို ထိုအချိန်တွင် မဒမ်တု ပထမဦးဆုံးအကြိမ် သိရှိလိုက်ရသည်။ ထိုအဖြစ်အပျက်တစ်ခုလုံးက သူ(မ)ရင်ထဲတွင် စူးစိုက်သွားသည့် ဆူးတစ်ချောင်းကဲ့သို့ပင်။ ဝေ့ကွမ်းမှာ တစ်ခါတစ်ရံတွင် ထိုအမွှေးအိတ်လေးကိုငေးကြည့်ရင်း အတွေးကမ္ဘာထဲနစ်မွန်းနေတတ်၏။ ဝေ့လော်နှင့် ဝေ့ချောင်ဟုန်တို့ကိုတွေ့လျှင်လည်း ပျော်ရွှင်တက်ကြွစွာ ရယ်မောတတ်သည်။ ဝေ့လော်နှင့် ဝေ့ချောင်ဟုန် အမြွှာနှစ်ယောက်ထဲတွင်ပင် ဝေ့လော်ကိုပို၍ သဘောကျတတ်၏။ ထိုသို့ တဖြည်းဖြည်းနှင့် မဒမ်တု၏ ဘဝတစ်လျှောက်လုံးတွင် ကျောင်းမြောင်လန်၏ ပုံရိပ်များကိုသာ တွေ့လာရသည်။ အချိန်ကြာလာသည်နှင့် မဒမ်တုလည်း ကျောင်းမြောင်လန်ကိုပို၍မုန်းတီးလာပြီး သူ(မ)ထားခဲ့သည့် သားနှင့်သမီးကို အဝေးသို့ပို့ကာ ရှင်းထုတ်လိုက်ချင်လာခဲ့သည်။ မျက်စိရှေ့တွင် မမြင်ရတော့ပါက စိတ်ထဲကပါပျောက်သွားလိမ့်မည်ဟု သူ(မ)ယူဆခဲ့သည်။ ထို့ကြောင့်လည်း ယခုကဲ့သို့အစီအစဥ်များကို သူ(မ) တိတ်တဆိတ်ပြင်ဆင်ခဲ့ခြင်းပင်။ ဝေ့ကွမ်း၏ဘဝထဲတွင် ကျောင်းမြောင်လန်၏ပုံရိပ်များ အားလုံး ပျောက်ကွယ်သွားမှသာ သူ(မ)နှင့် သမီးလေးကျန်းကို ချစ်ခင်ရန် သူသတိရပေလိမ့်မည်။
သူတို့ကိုရှင်းထုတ်ရန် ပြင်ဆင်ထားသည့်အစီအစဥ်များမှာ အလွန်ပြီးပြည့်စုံသောကြောင့် အမှားတစ်စုံတစ်ရာ ရှိလိမ့်မည်မဟုတ်ဟု သူ(မ)ထင်ထားခဲ့သည်။ ဝေ့လော်ဟူသည့်ကလေးမလေးက လမ်းတစ်ဝက်တွင် ရုတ်တရက်ပြောင်းလဲကာ အခြားတစ်ယောက်ကဲ့သို့ဖြစ်သွားပြီး သူ(မ)၏အစီအစဥ်များကို ဖျက်စီးလိမ့်မည်ဟု မည်သူကထင်ထားလိမ့်မည်နည်း။ မဒမ်တု အံကြိတ်လိုက်သည်။ သူ(မ)၏အပြစ်များကို ဝန်ခံချင်စိတ်မရှိသောကြောင့် ချက်ချင်းပြန်ပြုံးလိုက်ပြီး စိတ်ရှုပ်သွားသည့်ပုံစံဖြင့် မေးခွန်းပြန်မေးလိုက်သည်။
“ကျွန်မကိုဘာလို့ ဒီလိုမေးခွန်းတွေ မေးနေရတာလဲ။ ကျွန်မဒီနေ့ အားလော်ကို ဟူးကော်ဘုရားကျောင်းမှာ အမွှေးတိုင်ထွန်းဖို့ခေါ်သွားတာလေ။ ဒါကို ဒီအိမ်မှာရှိတဲ့လူတိုင်းလည်း သိထားကြတာပဲ။ သခင်ကြီးက မေ့သွားလို့လား။”
ထိုမေးခွန်းကိုမေးနေခြင်းမှာ ဝေ့ကွမ်းမေ့သွားသောကြောင့်မဟုတ်ကြောင်း သေချာနေ၏။ ဝေ့ကွမ်းက ထိုင်ခုံ၏လက်ရန်းကို မြဲမြံစွာကိုင်ထားရင်း ခံစားချက်များကို ထိန်းချုပ်ထားရန်ကြိုးစားလိုက်သည်။
“ဒါဆို ဘာလို့ ဝေ့လော်ကအရင်ပြန်ရောက်လာတာလဲ။ မင်းနဲ့အတူထွက်သွားတာဆိုရင် မင်းက သူ့ကိုသေသေချာချာ ကြည့်မနေဘူးလား။ သူ(မ) အန္တရာယ်တစ်ခုခုနဲ့ ကြုံလာရရင် မင်းငါ့ဘယ်လိုရှင်းပြဖို့ စဥ်းစားနေတာလဲ။”
အစေခံများအားလုံး၏ရှေ့တွင် အပြစ်ဆိုခံနေရသဖြင့် သူ(မ) အနည်းငယ် အရှက်ရမိသည်။ သို့သော်လည်း သူ(မ)က မိမိကိုယ်ကိုခုခံဆဲဖြစ်၏။
“ကိုယ်ခံပညာ အရမ်းကျွမ်းကျင်တဲ့သက်တော်စောင့်တစ်ယောက်က ဝေ့လော်ကိုခေါ်သွားတာ။ ကျွန်မလည်း ဘယ်လိုလုပ်သိမှာလဲ ဒီလူက...”
မဒမ်တု၏စကားကို ပြီးဆုံးသည်အထိမစောင့်နိုင်တော့သည့် ကျင်းလုက ဝင်ပေါက်မှနေ၍ မိန်းကလေးအစေခံနှစ်ယောက်၏ ထိန်းချုပ်ထားမှကြားမှ အတင်းပြေးဝင်လာသည်။ ထို့နောက် ဝေ့ကွမ်း၏ရှေ့တွင် သူ(မ) ဒူးထောက်လိုက်ပြီး
“သခင်ကြီး။ ကျွန်မကိုယ်တိုင် အကြောင်းအရာအလုံးစုံကို ကြားခဲ့ပါတယ်။ ဒါကြောင့် သခင်ကြီးအနေနဲ့ မှန်ကန်ရာကိုဆုံးဖြတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။”
ကျင်းလု၏မျက်လုံးများမှာ နီရဲနေပြီး မဒမ်တုကို စိတ်ဆိုးမာန်ဆိုးလှမ်းကြည့်ကာ
“ဟူးကော်ဘုရားကျောင်းမှာ အမွှေးတိုင်ထွန်းပြီးသွားတော့ မဒမ်တုက ယင်းအိမ်တော်ကို ချက်ချင်းမပြန်ဘဲနဲ့ မမလေးကို တောအုပ်တစ်ခုထဲကို ခေါ်သွားခဲ့တယ်။ အဲ့ဒီ့တောအုပ်ထဲမှာလည်း ကျွန်ကုန်သည်လင်မယားနှစ်ယောက်က အသင့်စောင့်နေတာပါ။ သူတို့နှစ်ယောက်နဲ့ မဒမ်နဲ့ ပြောနေခဲ့တဲ့စကားတွေကို ကျွန်မကိုယ်တိုင် နားနဲ့သေသေချာချာကြားခဲ့တာပါ သခင်ကြီး။ မမလေးကို တတ်နိုင်သလောက် ခပ်ဝေးဝေးနေရာကိုရောင်းစားပစ်ဖို့ မဒမ်တုက သူတို့ကိုပြောနေခဲ့တာပါ။ သခင်ကြီး ကျွန်မကိုမယုံဘူးဆိုရင် အဲ့ဒီ့တောအုပ်ဆီကိုလူလွှတ်ပြီး ရှာခိုင်းကြည့်လို့ရပါတယ်။ သူတို့နှစ်ယောက် အဲ့ဒီ့ဝန်းကျင်မှာပဲရှိနေလောက်ဦးမှာပါ။”
ဝေ့ကွမ်း လက်သီးဆုပ်လိုက်ပြီး မဒမ်တုကို တည့်တည့်စိုက်ကြည့်လိုက်သည်။
“သူ(မ)ပြောနေတာ အမှန်တွေပဲလား။”
မဒမ်တုက အဖွားတုန့်ပေါ်တွင်မှီထားရင်း အံကြိတ်လျက်
“အဓိပ္ပာယ်မရှိတဲ့စကားတွေပါ သခင်ကြီး။ အဲ့ဒီ့လိုလူမျိုးတွေနဲ့ ကျွန်မနဲ့ သိကျွမ်းစရာ ဘာအကြောင်းမှမရှိပါဘူး။”
ထို့နောက် သူ(မ)က ကျင်းလုဘက်သို့လှည့်ကာ
“ငါတို့စကားပြောနေတာကို မင်းကြားခဲ့တယ်ဆိုတော့ မင်းမှာသက်သေရှိလို့လား။ သက်သေကို ထုတ်မပြနိုင်ဘူးဆိုရင်တော့ နောက်ဆက်တွဲဘာဖြစ်မလဲဆိုတာ သေသေချာချာစဥ်းစားပြီး အဆင်သင့်ပြင်ထားလိုက်တော့။”
တောထဲမှာတုန်းက ထိုသူနှစ်ယောက်မှာ အမဲလိုက်သူ မုဆိုးမိသားစုဟု ကျင်းလုတို့ကို သူ(မ)ပြောခဲ့သည်။ ယခု ယင်းအိမ်တော်သို့ပြန်ရောက်သည့်အခါ သူတို့ကို သူ(မ)မသိဘူးဟုပြောပြန်သည်။ သူ(မ)၏ အရှက်မရှိ မျက်နှာပြောင်တိုက်နေမှုကို ကျင်းလု အမှန်တကယ်မုန်းတီးမိသည်။ သခင်နှင့် အစေခံဟူသည့် အဆင့်အတန်းကွာခြားမှုကို တစ်ခဏဘေးဖယ်ကာ မဒမ်တု၏သရုပ်မှန်ကို သူ(မ)ဖော်ထုတ်လိုက်ချင်စိတ်သာရှိတော့သည်။
“အထိန်းတော်ယဲ့နဲ့ ကျွန်မက မျက်မြင်သက်သေတွေပါ။ အဲ့ဒီ့နေရာမှာ စတုတ္ထသခင်မလေးလည်း ရှိနေတာမို့ မမလေးကလည်း သက်သေလို့ပြောလို့ရပါတယ်။ မဒမ်က အခုအချိန်အထိ ကတ်သီးကတ်သတ်နဲ့ ငြင်းချင်နေတာဆိုရင်တော့ မမလေးကို ဒီနေရာကိုခေါ်ပြီး သေချာအောင်မေးတာက ပိုကောင်းပါလိမ့်မယ်။ ကလေးတွေက ဘယ်တော့မှလိမ်မပြောတတ်ဘူးလေ။”
သူတို့ပြန်မရောက်ခင်ကတည်းက ဝေ့လော်ပြောပြပြီးသားဖြစ်သောကြောင့် ဝေ့ကွမ်းလည်း အကြောင်းစုံသိထားပြီးသားဖြစ်သည်။ သမီးဖြစ်သူအတွက် အတော်လေး စိတ်မကောင်းဖြစ်မိသောကြောင့် ထိုကိစ္စထဲတွင် ဝေ့လော်အား စိုးစဥ်းမျှပါဝင်စေလိုခြင်းမရှိပေ။ ထို့ကြောင့် သူကိုယ်တိုင်သာ ထုတ်ပြောလိုက်သည်။
“အားလော်ပြန်ရောက်လာတုန်းက ငိုယိုပြီး ငါ့ကိုပြောတယ်။ မဒမ်က သူ(မ)ကိုမလိုချင်ဘူးတဲ့။ အဲ့ဒါကြောင့် မဒမ်က သူ(မ)ကို ရောင်းစားချင်နေတာတဲ့။ ပြီးတော့ သူ(မ)ကမေးသေးတယ်။ သူ(မ) အမှားတစ်ခုခုများ လုပ်ထားမိလို့လားတဲ့။”
ထိုစကားကို ပြောလိုက်ပြီးနောက် ဝေ့ကွမ်းမျက်လုံးများ ချက်ချင်းနီရဲလာပြီး မဒမ်တုကိုစိုက်ကြည့်ကာ
“ငါလည်း မင်းကိုမေးချင်တယ်။ မင်းသူ(မ)ကို သည်းမခံနိုင်ရလောက်တဲ့အထိ ကလေးက ဘာအမှားများလုပ်ထားလို့လဲ။ အားလော်လေးက အခုမှ (၆)နှစ်ပဲရှိသေးတာပါကွာ။”
သူ့မျက်လုံးထဲတွင် ဒေါသများဖြင့်ပြည့်နှက်နေ၏။ ခပ်စိမ်းစိမ်းအကြည့်မျိုးလည်း ရှိနေသည်။ ထိုမျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည့်အခါ မဒမ်တု၏ ခြေထောက်များ အားလျော့သွားရ၏။ သူ(မ) ပါးစပ်အဟောင်းသားနှင့် စကားတစ်ခွန်းမျှ မပြောနိုင်တော့ချေ။
ဝေ့ကွမ်းပြောသည်မှာ အမှန်ပင်။ သူ(မ) ထိုကလေးနှစ်ယောက်ကို သည်းမခံနိုင်။ ထိုမောင်နှမနှစ်ယောက်ကို မျက်စိရှေ့မှ ချက်ချင်း ပျောက်ကွယ်သွားစေလိုသည်။ သူတို့နှစ်ယောက် မရှိတော့မှသာ သူ(မ)စိတ်ထဲ အေးအေးချမ်းချမ်းရှိနိုင်မည်။ သမီးဖြစ်သူ ဝေ့ကျန်းနှင့်အတူ ဝေ့ကွမ်းနှင့် သူတို့(၃)ယောက် မိသားစုဘဝလေး တည်ဆောက်ချင်သည်။ ထိုအမြွှာကလေးနှစ်ယောက် ဝင်ဆံ့နိုင်မည့်နေရာဟူ၍ မရှိနေချေ။ သူတို့နှစ်ယောက်က မဒမ်တု၏ ပျော်ရွှင်မှုများကို အတားအဆီးဖြစ်နေစေခဲ့သည်။
ဝေ့ကွမ်း၏စကားများကို ကြားလိုက်ပြီးနောက် အဖွားတုန့်က အသက်ကယ်ကြိုးတစ်ခုကို စဥ်းစားမိသွားဟန်ဖြင့် ချက်ချင်း
“သခင်ကြီး။ မမလေးက အရင်ကြိုပြီးပြန်ရောက်နေတယ်လို့ သခင်ကြီးပြောလိုက်တယ်မဟုတ်လား။ တကယ်လို့ မဒမ်က ဒီကလေးကို တကယ်ပဲရောင်းချင်တယ်ဆိုရင် ဘာလို့လွယ်လွယ်နဲ့ လက်လွှတ်ပေးလိုက်ပါ့မလဲ။ သက်တော်စောင့်ဆိုတဲ့လူက သခင်မလေးကို အရမ်းနဲ့လွှမ်းမိုးနိုင်တဲ့သူပဲဖြစ်ရမယ်။ စတုတ္ထသခင်မလေးကလည်း ငယ်ရွယ်ပြီး ဆင်ခြင်ဉာဏ်သိပ်မရှိတော့ ဒီစကားတွေကို သက်တော်စောင့်ဆီကနေ သင်ယူခဲ့တာဖြစ်နိုင်...”
ဝေ့ကွမ်းက အဖွားတုန့်ကို အေးစက်စက်ကြည့်ကာ
“ခင်ဗျားက ဝေ့လော်ကိုအရူးလို့ထင်နေတာလား။ ဒါမှမဟုတ် ကျုပ်ကိုအရူးလို့ထင်နေတာလား။”
ရိုးရှင်းလှသည့်ထိုမေးခွန်းက အဖွားတုန့်ကိုမှင်တက်သွားစေခဲ့သည်။ ထို့နောက် ဝေ့ကွမ်းကထပ်မံ၍
“အဲ့ဒီ့သက်တော်စောင့်နဲ့ ခင်ဗျားနဲ့က ဘယ်လိုသိကျွမ်းတဲ့ဆက်ဆံရေးတွေရှိလို့ ဒီလိုစကားကို တပ်အပ်ပြောနေရတာလဲ။ သူသာ အားလော်ကိုမကယ်ခဲ့ဘူးဆိုရင် အားလော်လည်း ဒီနေ့ အိမ်ပြန်ရောက်လာမှာမဟုတ်ဘူး။”
ပြောစရာစကားမရှိတော့သည့် အဖွားတုန့်က ချက်ချင်းဒူးထောက်လိုက်ပြီး ငိုကြွေး၍
“သခင်ကြီး။ ကျွန်မတို့ကိုမယုံဘူးဆိုရင် ဟူးကော်ဘုရားကျောင်းကို လူလွှတ်ပြီး ကျင်းလုပြောသလို ကျွန်ကုန်သည်လင်မယားကို ရှာခိုင်းလိုက်ပါ။ တကယ်လို့ ရှာမတွေ့ဘူးဆိုရင်တော့ မဒမ်ရဲ့အပြစ်ကင်းမှုကို အသိအမှတ်ပြုပေးဖို့ ကျွန်မတောင်းဆိုပါရစေ။”
ထိုသို့ပြောရသည့်အကြောင်းအရင်းမှာ သူတို့ပြန်မလာခင်ကတည်းက အရာအားလုံးကို စီစဥ်ထားပြီးသားဖြစ်သောကြောင့်ပင်။ မဒမ်တုက သူတို့လင်မယားကို ပိုက်ဆံအလုံအလောက်ပေးခဲ့ပြီး ထိုမြို့မှထွက်ကာ လျုံးလင်စီရင်စုသို့ပြန်၍ မည်သည့်အခါမျှ ပြန်မလာရန်မှာကြားခဲ့ပြီးဖြစ်သည်။ ဝူကျိုးကမူ သူတို့၏အလုပ်ရည်ရွယ်ချက်မှာ ထိုသို့မဟုတ်ကြောင်းနှင့် သူ့မျက်နှာသည်လည်း အားလော်ကြောင့် အလွန်ထိခိုက်သွားပြီဖြစ်သောကြောင့် သူတို့ကို လွယ်လွယ်မလွှတ်ပေးချင်ခဲ့ပေ။ သို့သော် မဒမ်တုပေးခဲ့သည့် ငွေကြေးပမာဏမှာ သူတို့နှစ်ယောက် အလုပ်မလုပ်ဘဲ (၃)နှစ်မှ (၅)နှစ်အထိ ထိုင်စားနေနိုင်လောက်သည့် ပမာဏတစ်ခုဖြစ်နေသောကြောင့်သာ အင်တင်တင်ဖြင့်သဘောတူခဲ့ရသည်။ ထို့ကြောင့် အဖွားတုန့်ကလည်း ထိုစကားကို သတ္တိရှိရှိပြောနိုင်ခြင်းဖြစ်သည်။ အချိန်အားဖြင့်လည်း အတော်ကြာသွားပြီဖြစ်သောကြောင့် ယခုမှသာ ဝေ့ကွမ်းလူလွှတ်၍ရှာခိုင်းလျှင်လည်း သူတို့ကိုတွေ့တော့မည်မဟုတ်ချေ။
“ဒီလိုဆိုတော့လည်း ကောင်းပြီလေ။”
ဝေ့ကွမ်းက ဒေါသဖြင့်ခေါင်းညိတ်လျက် အစောင့်(၈)ယောက်ကိုခေါ်လိုက်သည်။ ထို့နောက် ကျင်းလုကိုလက်ညှိုးထိုး၍
“သူ(မ)ကိုခေါ်ပြီး ဟူးကော်ဘုရားကျောင်းကိုသွား။ ပြီးရင် သူ(မ)ပြောတဲ့ လူနှစ်ယောက်ကိုရှာခဲ့။ ရှာမတွေ့ဘူးဆိုရင် မပြန်လာခဲ့နဲ့။”
ယင်းအိမ်တော်၏အစောင့်များမှာ ကောင်းမွန်စွာ လေ့ကျင့်ရေးဆင်းထားပြီး အလုပ်ကိုလည်း တိတိကျကျလုပ်ဆောင်တတ်ကြသည်။ ဝေ့ကွမ်း၏အမိန့်ကိုကြားလိုက်ပြီးနောက် သူတို့လည်း ကျင်းလုကိုခေါ်၍ ချက်ချင်း အပြင်ထွက်သွားကြတော့သည်။
*****
Aurora Novel Translation Team
Report content on this page