no

Font
Theme

Chapter 30.1

ဝေ့လော်ကိုယ်တိုင်လည်း အဘယ်ကြောင့် ထိုသို့မသက်သာရသေးသည်ကို နားမလည်နိုင်ချေ။ သေချာပေါက် ပြန်ကောင်းလာပြီဖြစ်သော်လည်း ယခုတွင် တစ်ဖန်ပြန်၍ အားနည်းသွားရသည်။ ထို့ပြင် ယခုအခြေအနေမှာ ယခင်ကထက်ပို၍ များစွာပြင်းထန်နေလေသည်။


ဆန်ပြုတ်သောက်ပြီးနောက် ဝေ့လော် အိပ်ရာထဲတွင် လဲလျောင်းနေ၏။ အနားယူနေရင်း တစ်ခဏကြာသော် စူးဝါးစွာ ခေါင်းကိုက်လာတော့သည်။ ထို့ပြင် ဗိုက်ကလည်း အတော်လေး သက်သောင့်သက်သာမရှိဘဲ ပျို့အန်ချင်လာခဲ့သည်။ အော့အန်ပြီးသည့်အခါတွင်လည်း နေထိုင်မကောင်းသွားဘဲ ခန္ဓာကိုယ်က တုန်ယင်နေလေသည်။ ခန္ဓာကိုယ်တစ်ခုလုံး အထိန်းအချုပ်မဲ့သွားပြီးနောက် ဝေ့လော် အသိစိတ်လည်း မကပ်တော့ချေ။


သူ(မ)ပုံစံမှာ အစာအဆိပ်မိနေသကဲ့သို့ပင်။ သို့သော်လည်း ဝေ့လော်မှာ ကန်းစွန်းဥဆန်ပြုတ်နှင့် ချောင်ဟုန်ပေးသည့် သကြားလုံးသာစားခဲ့ပြီး အခြား မည်သည့်အစားအစာကိုမျှ မစားခဲ့ချေ။


'အဲ့ဒါကို ဘာဖြစ်လို့ အစာအဆိပ်ဖြစ်မှာလဲ။'


ဝေ့လော် သေသေချာချာပင် မတွေးနိုင်လိုက်ဘဲ သူ(မ)မျက်တောင်များ လေးလာပြီး မျက်ဝန်းနက်လေးကို အုပ်မှိုင်းသွားတော့သည်။ နောက်ဆုံးတွင် ဝေ့လော် သတိလစ်သွားလေ၏။


ဝေ့ကွမ်းလည်း ချက်ချင်းထိတ်လန့်သွားသည်။ ကျင်းလုနှင့် အထိန်းတော်ယဲ့အား ဝေ့လော်၏အခန်းထဲတွင် ရှိနေကြသော အစေခံအားလုံးကို ခေါ်သွားစေပြီး သမားတော်ကိုလည်း ချက်ချင်းပင့်ခိုင်းလိုက်သည်။ အစာအဆိပ်သင့်ရသည့် အကြောင်းအရင်းကို သူချက်ချင်း အဖြေထုတ်ချင်နေခဲ့သည်။


'ငါ့သမီးကို ဘယ်သူက ဒီလိုလုပ်ရဲတာလဲ။'


တစ်ခဏကြာသော် သမားတော် ရောက်လာ၏။ ဝေ့လော်၏ သွေးခုန်နှုန်းကို စမ်းသပ်ပြီး မျက်လုံးနှင့် လျှာကို စစ်ဆေးကြည့်လိုက်သည့်အခါ သေချာသောအဖြေတစ်ခုကို ပြောပြလိုက်လေသည်။


"အဆိပ်မိတာပါ။"


ဝေ့ကွမ်း လက်သီးဆုပ်လိုက်မိပြီး


"ဘာအဆိပ်လဲ။ ကုလို့ရနိုင်လား။"


သမားတော်က ခေါင်းခါပြလိုက်ပြီး


"အခုလောလောဆယ်တော့ မသေချာသေးဘူး။"


ထို့နောက် သူက ဝေ့လော်၏လက်ကောက်ဝတ်ကို ပြန်ချပေးလိုက်ပြီး အစေခံနှစ်ယောက်ကို လှမ်းခေါ်လိုက်သည်။ ယခုတွင် ဝေ့လော်၏အဆိပ်ကို ဦးစွာဂရုစိုက်ပေးရန် အရေးကြီးလေ၏။ ကံကောင်းစွာဖြင့် အချိန်မီသိလိုက်သောကြောင့် အဆိပ်မှာ မဆိုးဝါးသေးချေ။ ထိုထက်အနည်းငယ်သာ နောက်ကျသွားပါက လွယ်လွယ်ကူကူ ဖြေရှင်းနိုင်တော့မည် မဟုတ်ပေ။ ထိုအချိန်မှသာ သူ(မ)ကို ကယ်တင်ပါကလည်း သေချာပေါက် ဘေးဘက်ဆိုးကျိုးရှိနေလိမ့်မည်ပင်။


သမားတော်က အစေခံနှစ်ယောက်အား


"စတုတ္ထသခင်မလေးကို အော့အန်အောင်လုပ်နိုင်မဲ့ နည်းလမ်းကိုရှာကြ။ အဲ့ဒါမှ သူ(မ)စားထားသမျှ ပြန်အန်မှာ။ သူ(မ) အန်တဲ့အထိ အပြင်မှာစောင့်နေမယ်။ ပြီးရင် ပြန်လာခေါ်လိုက်ပါ။"


ထိုကိစ္စမှာ အရေးပေါ်ဖြစ်နေသောကြောင့် အစေခံနှစ်ယောက်လည်း အချိန်မဆွဲရဲကြပေ။ သမားတော်၏စကားများကို သေသေချာချာလိုက်နာလိုက်ပြီး ဝေ့လော်ကို အော့အန်စေရန် ကူညီပေးလိုက်သည်။ ယခုရက်ပိုင်းတွင် ဝေ့လော် အစာများများမစားထားသောကြောင့် တစ်ခဏအန်လိုက်ပြီးသည်နှင့် ဗိုက်ဟောင်းလောင်းဖြစ်သွားတော့သည်။ ဝေ့လော်ပုံစံမှာ ယခင်ကထက်ပို၍ အားနည်းသွားလေသည်။


ဝေ့လော် အန်ထုတ်ထားသည့် အစာကြွင်းများကို လေ့လာကြည့်လိုက်ပြီးနောက် သမားတော် မျက်နှာမကောင်းတော့ဘဲ အိပ်ရာနံဘေးမှ အစေခံကို မေးလိုက်သည်။


"စတုတ္ထသခင်မလေး ဒီနေ့ ဘာစားထားလဲ။"


ကျင်းလုက လက်ကိုင်ပုဝါတစ်ထည်နှင့် ဝေ့လော်၏ပါးစပ်ကို သုတ်ပေးလိုက်ရင်း ဝေ့လော်ကို သေသေချာချာဂရုမစိုက်နိုင်ခဲ့ခြင်းကြောင့် သူ(မ)ကိုယ်သူ(မ) အပြစ်တင်နေလေသည်။ သူ(မ) စိတ်ဓာတ်ကျနေသော်လည်း သမားတော်၏အမေးကို သေသေချာချာပြန်ဖြေလိုက်သည်။


"ဒီနေ့ မမလေးက စားချင်စိတ်မရှိတဲ့ပုံပါပဲ။ ကန်စွန်းဥဆန်ပြုတ် တစ်ပန်းကန်ကလွဲပြီး တခြား ဘာမှမစားပါဘူး။"


ထိုအခါ သမားတော်က ဝေ့လော်စားခဲ့သည့် ဆန်ပြုတ်အကျန်ကို မေးလိုက်သဖြင့် ကျင်းလုကလည်း သေချာပြန်ဖြေလိုက်သည်။ ထို့နောက် စားဖိုဆောင်ထဲတွင် ထိုဆန်ပြုတ်ကို အမြန်သွားယူရန် အစေခံတစ်ယောက်ကို စေခိုင်းလိုက်၏။ ဝေ့လော်နိုးလာလျှင် ဗိုက်ဆာနေမည်စိုးသဖြင့် သူ(မ)က ဆန်ပြုတ်ကို နွှေးခိုင်းထားခြင်းပင်။ ထိုမှသာ ဝေ့လော်နိုးလာပါက ဆန်ပြုတ်အဆင်သင့်ဖြစ်နေလိမ့်မည်။ သို့သော်လည်း ယခုကဲ့သို့ ဖြစ်ရပ်များ ဖြစ်လာလိမ့်မည်ဟု သူ(မ)မထင်ထားခဲ့ချေ။ ထိုဆန်ပြုတ်ကို သူ(မ)ကိုယ်တိုင် စားဖိုဆောင်ထဲမှယူလာသည်ဖြစ်ရာ မည်သူမျှလည်း ထိကိုင်ခဲ့ခြင်းမရှိပေ။


'ဘာပြဿနာများ ဖြစ်လို့ပါလိမ့်။'


သမားတော်က ဆန်ပြုတ်ကို ဇွန်းတစ်ချောင်းနှင့် မွှေလိုက်ပြီး အထဲတွင်ရှိနေသော ဂင်ဂိုသီးကို ဆယ်ထုတ်လိုက်သည်။ ထို့နောက် မျက်နှာမကောင်းစွာဖြင့် သမားတော်က


"ဒီဟာကို ဆန်ပြုတ်ထဲ ဘယ်သူထည့်ထားတာလဲ။ ဘယ်တုန်းက ထည့်ထားတာလဲ။"


ကျင်းလု ထိတ်လန့်သွား၏။ ၎င်းမှာ စားဖိုဆောင်ဝန်ထမ်း၏ တာဝန်ဖြစ်သောကြောင့် သူ(မ)ကိုယ်တိုင်လည်း မသိချေ။ ဒေါသထွက်နေသည့်မျက်နှာနှင့် ဝေ့ကွမ်းက အံကိုကြိတ်ကာ


"စားဖိုဆောင်ဝန်ထမ်းကို သွားခေါ်လာခဲ့။"


တစ်ခဏကြာသော် ဆန်ပြုတ်ပြုတ်ခဲ့သည့် စားဖိုဆောင်ဝန်ထမ်း စုန့်စန်း ရောက်လာ၏။ ဝေ့ကွမ်းကိုမြင်သော် သူက ပထမဦးစွာ ဒူးထောက်လိုက်ပြီး ကြမ်းပြင်ကို ခေါင်းနှင့် (၃)ကြိမ်တိတိ ဆောင့်လိုက်လေသည်။"သခင်ကြီး။ စတုတ္ထသခင်မလေးကို အန္တရာယ်ဖြစ်စေဖို့ ရည်ရွယ်ချက်မျိုး ကျွန်တော့်မှာ လုံးဝမရှိပါဘူး သခင်ကြီး။"


ဂင်ဂိုသီးတစ်လုံးကြောင့် ထိုမျှ ပြဿနာဖြစ်လိမ့်မည်ဟု မည်သူမျှလည်း မထင်ထားခဲ့ပေ။ ဂင်ဂိုပင်ကို ဖန်းမျိုးဝင်အပင်ဟုလည်း ခေါ်ကြသေး၏။ သာမန်အားဖြင့် ဂင်ဂိုသီးကို ပြုတ်စားခြင်းမှာ ပြဿနာမရှိဘဲ ခန္ဓာကိုယ်အတွက်ပင် အကျိုးရှိသေးလေသည်။ သို့သော် အစိမ်းစားသည့်အခါတွင်မူ အဆိပ်ဖြစ်စေ၏။ ထိုသို့ အဆိပ်မျိုးမှာ ကလေးများ၏ခန္ဓာကိုယ်တွင် ပို၍ သိသာသွားစေခြင်းဖြစ်သည်။ အဆိပ်ပျော့ပါက မူးဝေခြင်း၊ အော့အန်ခြင်းတို့ ဖြစ်စေနိုင်ပြီး အဆိပ်ပြင်းပါက နှလုံးရပ်သည်အထိ ဖြစ်စေနိုင်လေသည်။ ယခုတွင် ဝေ့လော် အန်ထုတ်ထားသည့် အစာကြွင်းများထဲ၌ အစာမချေနိုင်သည့် ဂင်ဂိုသီးကိုလည်း သမားတော် တွေ့မြင်ခဲ့ရပေသည်။ ၎င်းမှာ ပြုတ်ထားခြင်းမဟုတ်ဘဲ ဂင်ဂိုသီး အစိမ်းဖြစ်နေကြောင်း တစ်ချက်ကြည့်ရုံနှင့် သိနိုင်လေ၏။


သို့သော် ယခု ကျင်းလုယူလာသည့် ဆန်ပြုတ်ထဲမှ ဂင်ဂိုသီးများမှာမူ ပြုတ်ပြီးသားဖြစ်နေလေသည်။ မူလက အစိမ်းအတိုင်းရှိနေသော ဂင်ဂိုသီးမှာ ဆန်ပြုတ်ကို မီးဖို‌ပေါ်အချိန်ကြာကြာတင်၍ ပြန်နွှေးလိုက်သည့်အခါ ကျက်သွားခြင်း ဖြစ်ပေလိမ့်မည်။ အကြောင်းအရင်းကို သိသွားသောအခါ ဝေ့ကွမ်းက စားဖိုမှူးစုန့်စန်းအား ဒေါသကြီးစွာဖြင့်


"မင်း ဒီဆန်ပြုတ်ကို ပြုတ်ခဲ့တာမဟုတ်လား။ ဒါဆို မင်းကလွဲပြီး ဘယ်သူက ဒီလိုလုပ်တာဖြစ်ဦးမှာလဲ။"


စုန့်စန်းလည်း ချက်ချင်းငြင်းလိုက်ပြီး လက်(၃)‌ချောင်းထောင်ကာ သူ့အသက်နှင့်ပင် ကျိန်ဆိုလိုက်လေသည်။


"ကျွန်တော် တကယ်မသိတာပါ သခင်ကြီးရယ်..."


မသိဘူးဟူသော အဖြေများက ဝေ့ကွမ်းအတွက် အသုံးမဝင်ခဲ့ချေ။ စုန့်စန်းကို ကြိမ်ဒဏ် အချက် (၂၀) အပြစ်ပေးရန် အော်လိုက်တော့မည့်အချိန်တွင် စားဖိုမှူးက


"ဆန်ပြုတ်ပြုတ်ပြီးတော့ ကျွန်တော် စားဖိုဆောင်ကနေ ခဏထွက်သွားမိပါတယ်။ အဲ့ဒီ့အချိန်အတွင်းမှာ ဒီဂင်ဂိုသီးကို တစ်ယောက်ယောက်က လာထည့်သွားတာ ဖြစ်နိုင်ပါတယ် သခင်ကြီး။"


ဝေ့ကွမ်း ဒေါသထွက်နေ၏။ တစ်ခဏ စဥ်းစားကြည့်လိုက်သော် စားဖိုမှူး၏ ပြောစကားထဲတွင် အမှန်တရားအချို့ ပါဝင်နေသည်ဟု သူခံစားလိုက်ရသည်။ ထို့ကြောင့် ယနေ့တွင် စားဖိုဆောင်သို့ ရောက်လာသူများနှင့် သူတို့ မည်သို့လာကြောင်း၊ မည်သည့်အလုပ်များ လုပ်ခဲ့ကြောင်းကို လူလွှတ်၍ စစ်ဆေးခိုင်းလိုက်သည်။ သိပ်မကြာခင်တွင် ရလဒ်ကိုသိရလေ၏။ ယနေ့တွင် စားဖိုဆောင်ထဲသို့ အစေခံမိန်းကလေး (၂)ယောက်သာ ဝင်လာခဲ့သည်။ တစ်ဦးမှာ ကျင်းလုဖြစ်ပြီး ကျန်တစ်ဦးမှာ ကျင်းစီဖြစ်သည်။ ကျင်းလုမှာမူ ဝေ့လော်၏ဆန်ပြုတ်ကို သွားယူရန် စားဖိုဆောင်ထဲသို့ ဝင်လာခြင်းဖြစ်၏။ ကျင်းစီကိုမူ ဝေ့လော်ကိုယ်တိုင်လည်း တာဝန်မပေးသည်မှာ ကြာပြီဖြစ်ပြီး သူ(မ) ဝေ့လော်ကို မခစားသည်မှာလည်း အတော်ကြာလေပြီ။


'ဒါဆို ကျင်းစီက စားဖိုဆောင်ကို ဘာသွားလုပ်တာလဲ။'


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment