Chapter 36.1
အစောင့်က ဝေ့လော်၏လမ်းကို ဝင်ပိတ်ကာ ရှင်းပြလိုက်၏။
"စတုတ္ထသခင်မလေး။ အရှင့်သားက သခင်မလေးကို ပြောစရာရှိနေလို့ပါ။"
ထိုအစောင့်မှာ ရန်ဟောက်ပင်။ ရန်ဟောက်က မြို့စားယင်းအိမ်တော်တွင် (၃)လနီးပါး ပုန်းကွယ်နေခဲ့သောကြောင့် ထိုအိမ်တော်၏ နေရာအနေအထားကို ရင်းနှီးနေပြီဖြစ်သည်။ ထို့ပြင် ရန်ဟောက်၏ ကိုယ်ခံပညာမှာ ထူးချွန်ရုံသာမက သူ၏ခန္ဓာကိုယ်ကလည်း တောင့်တင်းပြီး ကျန်းမာလှသည်။ ထို(၃)လလုံးတွင် မည်သူကမျှ သူရှိနေကြောင်း မသိခဲ့ကြပေ။ ကိုယ်တိုင် စောင့်ကြည့်ခံနေရသည့် ဝေ့လော်ပင်လျှင် ရန်ဟောက်၏တည်ရှိမှုကို သတိမထားမိခဲ့ချေ။
ထိုအခါ ဝေ့လော်ရပ်လိုက်ပြီး ကျောင်းကျယ်ကို ပြန်လှည့်ကြည့်လိုက်၏။ သူ(မ)မျက်နှာမှာ မပွင့်တပွင့်နှင့်
"အစ်ကို အားလော်ကို ဘာပြောစရာရှိလို့လဲ။ ဘာဖြစ်လို့ ဒီကိုခေါ်လာရတာလဲ။ အားလော်ပျောက်နေတာ အဖေသိရင် စိတ်ပူနေတော့မှာ။"
ကျောင်းကျယ် မတ်တတ်ရပ်လိုက်ပြီး သူ(မ)ဆီသို့ လျှောက်လာလေ၏။
"မင်း သွားအသစ်ပေါက်လာပြီလို့ သတင်းကြားလို့ ငါကမင်းကို ဂုဏ်ပြုလက်ဆောင်ပေးဖို့ လာခဲ့တာ။"
ဝေ့လော် မှင်တက်မိသွားပြီး တွေဝေစွာဖြင့် သူ့ကိုကြည်လိုက်သည်။ မြို့စားယင်းအိမ်တော်တွင် ကျင်းပသော ယနေ့စားသောက်ပွဲတွင် အကြောင်းအရင်း (၂)ခုသာရှိ၏။ တစ်ခုမှာ မြို့စားယင်း၏ အသက်(၆၀)ပြည့် မွေးနေ့ဖြစ်ပြီး ကျန်တစ်ခုမှာ ဝေ့ချောင်မိ၏ အသက်(၁)လပြည့် မွေးနေ့ဖြစ်သည်။ ထိုကိစ္စနှစ်ခုလုံးမှာ ဝေ့လော်နှင့် မည်သို့မျှမသက်ဆိုင်နေချေ။
'အဲ့ဒါကို ဘာလို့သူက ငါ့ကို လက်ဆောင်ပေးနေရတာလဲ။ လက်ဆောင်ပေးရတဲ့ အကြောင်းအရင်းကလည်း သွားအသစ်ပေါက်လို့တဲ့။ အဓိပ္ပာယ်မရှိတာ။ ဒါ သူ့ငါ့ကို သက်သက်စနောက်နေတာပဲ ဖြစ်မှာ။'
သို့သော် မည်သည့်အကြောင်းအရင်း ဖြစ်နေပါစေ လက်ဆောင်ကိုလက်ခံနိုင်သည့် ပျော်စရာအကြောင်းတစ်ခု ဖြစ်ခဲ့သောကြောင့် ဝေ့လော် ခေါင်းမော့လိုက်သည်။ သူ(မ)မျက်နှာလေးတွင် ဝတ်ရုံပေါ်မှ အမွေးဖြူတို့ ဝန်းရံထားလေ၏။ လှပသော မျက်နှာလေးမှာ အဖြူရောင်ကျောက်စိမ်းနှင့် ထွင်းထုထားသကဲ့သို့ပင်။
"ဘာလက်ဆောင်လဲ။"
သူ(မ) အတော်လေး ချစ်စရာကောင်းနေသည်ဟု ထင်လိုက်သောကြောင့် ကျောင်းကျယ်က သူ(မ)နှာခေါင်းကို လှမ်းထိလိုက်လေ၏။
"မင်း ဘာလိုချင်လဲ။"
ဝေ့လော် စိတ်ပျက်မိချင်သွားသော်လည်း သာမန်ကလေးတစ်ယောက်၏ အဖြေအတိုင်း သူ့မေးခွန်းကို ပြန်ဖြေလိုက်သည်။
"အစ်ကိုမင်းသားကျင်း ပေးတဲ့လက်ဆောင်ဆိုရင် အားလော် သဘောကျပါတယ်။"
'တော်တော် ဉာဏ်များတဲ့ကလေးပဲ။'
ကျောင်းကျယ် ရယ်လိုက်မိ၏။ ထို့နောက် သူ့အင်္ကျီလက်ထဲမှ တည်သီး၏ ပင်စည်ပုံစံ ချည်ထိုးထားသည့်အိတ်တစ်လုံးကို ထုတ်ယူကာ ဝေ့လော်ကို လှမ်းပေးလိုက်၏။
"ရော့။ မင်းအတွက်။"
ဝေ့လော် ထိုအိတ်လေးကို လက်ခံလိုက်ပြီးနောက် လက်ချောင်းများဖြင့် ဖိ၍စမ်းကြည့်လိုက်သည်။ အိတ်ထဲတွင် တစ်ခုခုရှိနေသည်မှာ သေချာလေ၏။ သို့သော် မည်သည့်အရာ ရှိနေသည်ကိုတော့ ဖွင့်မကြည့်ဘဲ ခန့်မှန်းရခက်ပေမည်။
ဝေ့လော်က သိချင်စိတ်များဖြင့်
"အားလော် ဖွင့်ကြည့်လို့ရလား။"
ကျောင်းကျယ် ခေါင်းညိတ်ပြကာ သူ(မ)ကိုခွင့်ပြုလိုက်၏။ ထိုအခါ ဝေ့လော် ခေါင်းငုံ့ကာ ကြိုးနီလေးကို သေသေချာချာဖြည်လိုက်၏။ အိတ်ထဲတွင် အလင်းဖောက်မြင်နိုင်သော လိမ္မော်ရောင် ကျောက်စိမ်းဆွဲသီး အဝိုင်းလေးတစ်ခု ရှိနေ၏။ ထိုဆွဲသီးလေးမှာ အရောင်တောက်ပပြီး သစ်လွင်နေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ကျောက်စိမ်းအရည်အသွေးကောင်းကြောင်း သိသာနေ၏။
'သူက ဘာလို့ ငါ့ကို ကျောက်စိမ်းဆွဲသီး လက်ဆောင်ပေးရတာလဲ။'
အားလော် ခေါင်းလေးကိုစောင်းကာ ထိုပစ္စည်းလေးကို လက်ပေါ်တင်၍ ရှေ့နောက်လှည့်ပတ်ကြည့်နေလိုက်သည်။
"အစ်ကို။ ဒါက ဘယ်လိုကျောက်စိမ်း ဆွဲသီးမျိုးလဲ။"
ကျောင်းကျယ်က သူ(မ)လက်ထဲမှ ကျောက်စိမ်းဆွဲသီးကို လှမ်းယူလိုက်ပြီး သူ(မ)ရှေ့တွင် မတ်တတ်ရပ်လိုက်သည်။ ထို့နောက် သူ(မ)ဘက်သို့ ကိုယ်ကိုယ်ကိုင်းညွတ်ကာ ထိုလည်ဆွဲလေးကို သူ(မ)လည်ပင်းတွင် ဝတ်ပေးလိုက်ပြီး
"ဒါကို ဟုန်ယူလို့ ခေါ်တယ်။ ဆောင်းတွင်းမှာဝတ်ရင် ဒီလည်ဆွဲလေးက မင်းကို နွေးထွေးအောင် ကူညီပေးလိမ့်မယ်။ ဒါဆို မင်း လွယ်လွယ်နဲ့ အအေးမမိတော့ဘူးပေါ့။"
ဝေ့လော် မလှုပ်မယှက် ရပ်နေ၏။ ဝတ်ဝတ်ချင်းတွင် ထိုလည်ဆွဲလေးက အေးနေသော်လည်း တဖြည်းဖြည်းနှင့် နွေးလာခဲ့သည်။ ၎င်း၏အပူချိန်က သက်သောင့်သက်သာရှိလှ၏။ ထိုအခါ အလွန်ကျေနပ်ကာ အံ့အားသင့်သည့်ပုံစံဖြင့် ဝေ့လော် သူ့ကိုလှမ်းကြည့်လိုက်သည်။ ထို့နောက် မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးလိုက်ပြီး
"တကယ် နွေးလာတာပဲ။"
ထိုလည်ဆွဲလေးကို ဆွဲပေးလိုက်သည့် အခိုက်အတန့်တွင် ကျောင်းကျယ် သူ(မ)နှင့် အလွန်နီးကပ်သွား၏။ ထိုသို့ ဆွဲပေးလိုက်ပြီးနောက် သူ(မ)၏ ကြည်လင်နေသောမျက်လုံးများကို ကျောင်းကျယ်ကြည့်မိလိုက်သည်။ ထို့နောက် သူ့နှုတ်ခမ်းထောင့်များလည်း ကွေးသွားပြီး ညင်သာသောအသံဖြင့်
"ကြိုက်လား။"
ဝေ့လော်က ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။
"ဟုတ်။ ကြိုက်တယ်။"၎င်းမှာ မှန်ကန်သော အဖြေတစ်ခုပင်။ ကျောက်စိမ်းဆွဲသီးမှာ ရှာရခက်သည့် ရတနာတစ်မျိုးဖြစ်၏။ ဝူးရုံသို့ လေ့ကျင့်ရေး သွားခဲ့ရစဥ်က ထိုဆွဲသီးလေးကသာ ကျောင်းကျယ်ကို နွေးထွေးမှုပေးစွမ်းခဲ့သည်။ ဝူးရုံမှာ အနောက်မြောက်ပိုင်းဖြစ်သောကြောင့် ဆောင်းတွင်းရောက်လျှင် အရိုးစိမ့်အောင်အေးတတ်သဖြင့် တစ်ခါတစ်ရံ လူအချို့တောင် အေးခဲ၍ သေဆုံးတတ်ကြသေးသည်။ ထိုဆွဲကြိုးလေးကို ကျောင်းကျယ် (၃)နှစ်တာ ဝတ်ဆင်ခဲ့သော်လည်း ယခုတွင် သူ(မ)ကိုပေးလိုက်ရသည့်အခါ နောင်တမရခဲ့ချေ။
မကြာသေးခင်က မြို့စားယင်းအိမ်တော်မှ အခြေအနေများကို ရန်ဟောက်၏ တင်ပြချက်များမှတစ်ဆင့် ကျောင်းကျယ် နားစွင့်နေခဲ့ပြီး ကိစ္စအချို့ကိုလည်း နားလည်သွားခဲ့သည်။ ဝေ့လော်၏ မိထွေးမှာ သားတစ်ယောက် ဖွားမြင်ခဲ့ပြီးနောက် စတုတ္ထမဒမ်က ထိုကလေးကို ပြုစုပျိုးထောင်ခဲ့သည်။ ဝေ့ကွမ်းကမူ မည်သည့်ကိစ္စကိုမျှ မစွမ်းဆောင်နိုင်သူ ဖြစ်၏။ ဝေ့လော် ကြီးပြင်းလာစေရန် အေးချမ်းတည်ငြိမ်သည့် ပတ်ဝန်းကျင်တစ်ခုကို ဖခင်ဖြစ်သူ ဝေ့ကွမ်းက မဖန်တီးနိုင်သောကြောင့် ကျောင်းကျယ်က တိတ်တဆိတ် ဝင်ရောက်ကူညီရလေသည်။ ကျောင်းကျယ်၏ မျက်လုံးထဲတွင် မဒမ်တုနှင့် မဒမ်လျူတို့မှာ ပင်လယ်ထဲမှ ရေစက်ရေပေါက်များလောက်သာ ဖြစ်ကြ၏။ မဒမ်လျူ၏ မိဘအိမ်ကို စာရင်းရှင်းပေးပြီးနောက် ကျောင်းကျယ်၏ နောက်ထပ်ပစ်မှတ်မှာ အရေးပိုင်မင်း ကျုံးယီတို့မိသားစု ဖြစ်လာပေမည်။ သို့သော် အရေးပိုင်မင်း ကျုံးယီအိမ်တော်မှ စုန့်ဟွေ့နှင့် ဝေ့လော်တို့၏ လက်ထပ်ပွဲအကြောင်း စဥ်းစားမိလိုက်သောအခါ ကျောင်းကျယ် တစ်ခဏရပ်တန့်လိုက်လေ၏။
'ငါဒီလိုလုပ်လိုက်ရင် တစ်ချိန်ကျ ဝေ့လော် ငါ့ကို အပြစ်တင်နေမလားမသိဘူး။ ဒါပေမဲ့ ထားလိုက်ပါ။ ဒါတွေက အရေးမကြီးပါဘူး။ သူ(မ) အရွယ်ရောက်လာရင် ဒီထက်ကောင်းတဲ့ အိမ်ထောင်ဘက်ကို ရှာတွေ့မှာပဲ။ စုန့်ဟွေ့ကလည်း ပြောရလောက်တဲ့ထိ အရမ်းတော်နေတာမျိုး မဟုတ်ပါဘူး။'
ထိုအစီအစဥ်ကို စိတ်ထဲတွင် ရေးဆွဲခဲ့ပြီးနောက် ကျောင်းကျယ်မှာ သူ့ရှေ့မှ မျက်နှာလှလှလေးကို ငေးကြည့်လိုက်လေ၏။ ထို့နောက် ရုတ်တရက် အတွေးတစ်ခုပေါ်လာသဖြင့်
"အားလော်။ နောက်လထဲမှာ ဒီအစ်ကိုမင်းသားရဲ့ မွေးနေ့ရှိတယ်။"
ဝေ့လော် တွေဝေသွားလေ၏။
'သူက ဘာလို့ ငါ့ကိုလာပြောပြနေတာလဲ။ အခုကတည်းက မွေးနေ့ဆုတောင်းပေးတာကို လိုချင်နေတာများလား။'
ကျောင်းကျယ် သူ(မ)ခေါင်းကို ပွတ်သပ်လိုက်ပြီး
"အဲ့ဒီ့အချိန်ကျရင် ဒီအစ်ကိုမင်းသားက မင်းကို ဖိတ်စာပို့ပေးလိုက်မယ်။ ယဥ်ကျေးပြီး ကောင်းမွန်တဲ့အပြုအမူဆိုတာက အပြန်အလှန်ရှိတဲ့ သဘောထားအပေါ် မူတည်နေတယ်ဆိုတာ မင်းလည်း သိတယ်မဟုတ်လား။"
'ဘာလဲ။ ဒါဆို သူကငါ့ကို လက်ဆောင်ပေးထားလို့ ငါကလည်း သူ့ကို လက်ဆောင်ပြန်ပေးရမယ်လို့ ပြောချင်တာလား။'
လောကကြီးတွင် မည်သည့်အရာမျှ အလကားမရသည်ကို ဝေ့လော် သိထားပြီးဖြစ်၏။ ထိုမျှ ခရီးရောက်လာပြီးနောက် သူ၏ ရည်ရွယ်ချက် ပေါ်လွင်လာခဲ့လေသည်။ ဝေ့လော်မှာလည်း စကားပြောဆိုပြီးသား ဖြစ်နေသောကြောင့် ငြင်းဆန်၍မရတော့ချေ။
"အို။"
"အစ်ကိုက ဘာလက်ဆောင်လိုချင်တာလဲ။ အားလော် ပေးပါ့မယ်။"
ကျောင်းကျယ်ကမူ သူ(မ)ပြောခဲ့သည့် စကားအတိုင်း သူ(မ)ကို ပြန်ပြောလိုက်လေ၏။
"အားလော်ပေးတဲ့ လက်ဆောင်ဆိုရင် အစ်ကိုမင်းသားက သဘောကျပါတယ်။"
ဝေ့လော် မှင်တက်မိသွားလေ၏။
"...."
'အင်း။ ဘာပဲဖြစ်ဖြစ် ငါက ကလေးပဲရှိသေးတာဆိုတော့ လက်ဆောင်ကို အရမ်းစျေးကြီးတဲ့ဟာမျိုး ပေးစရာ မလိုပါဘူး။ ပုံမှန်အတိုင်း လက်ဆောင်တစ်ခု ပြင်သွားရင် ရပြီပေါ့။ ဘာမှမခက်ဘူး။ ဒါပေမဲ့ သူငါ့ကို အခြားပြောစရာတော့ မရှိလောက်တော့ဘူးမဟုတ်လား။'
ကျောင်းကျယ်ကမူ သူ(မ)၏အတွေးများကို ထိုးဖောက်မြင်နေသကဲ့သို့ပင်။ ဝေ့လော် ထိုသို့တွေးလိုက်ပြီးနောက် ကျောင်းကျယ်က ချက်ချင်းထလိုက်ပြီး
"သွားစို့။ စားသောက်ပွဲလည်း စနေလောက်ပြီ။ အရမ်းနောက်ကျနေရင် မကောင်းဘူး။"
ဝေ့လော် သူ့အနောက်မှလိုက်ကာ ခြံထဲမှ ထွက်သွား၏။ လမ်းလျှောက်သွားရင်းနှင့် ဝရန်တာရှိရာဘက်သို့ လှမ်းကြည့်လိုက်သောအခါ ဝေ့ချောင်ယင်နှင့် လျောင်ယူရုန်တို့ မရှိနေကြတော့ချေ။ သူတို့နှစ်ယောက် ဘယ်ရောက်သွားသည်ကို ဝေ့လော် မသိလိုက်ပေ။
နှင်းစကလေးများ အဆက်မပြတ် ကျဆင်းနေ၏။ ထို့ကြောင့် အချိန်တစ်ခဏနှင့်ပင် မြေကြီးပေါ်၌ နှင်းလွှာတစ်ခု ဖြစ်သွားခဲ့သည်။ ထိုမြေကြီးပေါ်သို့ ခြေလှမ်းလှမ်းသည့်အခါ ဝေ့လော်၏ ခြေရာသေးသေးလေးများ ကျန်ရစ်ခဲ့လေ၏။ သူတို့ လမ်းလျှောက်သွားသည်နှင့် ခြေရာကြီးတစ်ခုနှင့် ခြေရာငယ်တစ်ခု ကျန်ရစ်ခဲ့ပြီး နောက်ဆုံးတွင် သူတို့နှစ်ယောက် ဧည့်ခံဆောင်၏ ဝင်ပေါက်တွင် ရပ်လိုက်ကြလေသည်။ တိုက်တိုက်ဆိုင်ဆိုင် ဝေ့ကွမ်းကလည်း အပြင်ဘက်တွင်ရှိနေသောကြောင့် သူတို့နှစ်ယောက်ကို မြင်သည့်အခါမှသာ သူသက်ပြင်းချလိုက်တော့သည်။
"အရှင့်သား။ ဘယ်တွေရောက်နေတာပါလဲ။ အစေခံတွေက အရှင့်သားကို နေရာတိုင်းမှာ လိုက်ရှာနေကြတာပါ။"
ထို့နောက် ဝေ့ကွမ်းက ခေါင်းငုံ့လိုက်ပြီး ဝေ့လော်အား မေးမြန်းပြန်၏။
"အားလော်။ သမီးကရော ဘာဖြစ်လို့ မင်းသားကျင်းနဲ့ အတူရှိနေတာလဲ။"
*****
Aurora Novel Translation Team