no

Font
Theme

Chapter 16.1

ထိုညက ဝေ့ကျန်း နေမကောင်းဖြစ်ပြီး သူ(မ)အမေကိုသာ တမ်းတနေခဲ့သည်။ ဝေ့ကျန်းကို စောင့်ရှောက်ပေးသည့် အထိန်းတော်ကျင်းလည်း ပျာယာခတ်နေပြီး ဝေ့ကွမ်းဆီသို့ ရောက်လာကာ ဝေ့ကျန်း အဖျားကြီးနေကြောင်း ပြောပြခဲ့သည်။ ဝေ့ကွမ်းက အစိမ်းရောင် ဝတ်ရုံတစ်ခုကိုခြုံလိုက်ပြီး ဝေ့ကျန်း၏အခန်းသို့သွားကာ ညတွင်းချင်း သမားတော်ပင့်ရန် အစေခံတစ်ယောက်ကို စေလွှတ်လိုက်၏။ သမားတော်က ဝေ့ကျန်း၏အဖျားမှာ သာမန်အအေးမိသည့် အဖျားမျိုးဖြစ်ပြီး စောင်ထူထူခြုံ၍ နွေးနွေးထွေးထွေးထားရန်မှာကြားပြီး ဆေးအညွှန်းရေးပေးခဲ့သည်။ ဆေးတစ်ခွက်သောက်ပြီးသည့် နောက်တစ်ရက်တွင် ဝေ့ကျန်းပြန်ကောင်းလာမည်ပင်။ 




သမားတော်ပြန်သွားပြီးနောက် ဝေ့ကွမ်းက ဝေ့ကျန်းအနားတွင်ရှိသော ယင်ဖိန်နှင့် ယင်လျုံဟူသည့် အစေခံနှစ်ယောက်အား ဆေးညွှန်းအတိုင်း ဆေးကိုပြင်ဆင်ခိုင်းခဲ့သည်။ ထို့နောက် သူတို့နှစ်ယောက် ဆေးစပ်လာသည်အထိ စောင့်ဆိုင်းပြီး သူကိုယ်တိုင် ဝေ့ကျန်းကိုဆေးတိုက်ခဲ့ပြီးမှ အခန်းထဲသို့ပြန်သွားလေသည်။ နောက်တစ်နေ့ နံနက်ရောက်သော် သမားတော်ပြောခဲ့သည့်အတိုင်း ဝေ့ကျန်း အဖျားပျောက်သွားပြီး ခေါင်းလည်းပိုကြည်နေတော့သည်။ 




ယနေ့မှာ သင်ခန်းစာစမည့် ပထမဆုံးနေ့ဖြစ်၏။ မူလက ဆရာရွှယ်၏အတန်းကို သွားတက်ရန်ပြင်ဆင်ထားသော်လည်း တကယ်တမ်းတွင် စောင်အထပ်ထပ်ကြားထဲ၌ ဝေ့ကျန်းမလှုပ်နိုင်ခဲ့ပေ။ ယင်လျုံက သူ(မ)အိပ်ရာနံဘေးမှနေ၍ အကြိမ်များစွာလှမ်းခေါ်နေပါသော်လည်း ဝေ့ကျန်းဘက်မှ တုံ့ပြန်သံကိုမကြားရချေ။ ထို့ကြောင့် ဝေ့ကျန်း မသက်သာသေးဟု ယူဆကာ ယင်လျုံက ဝေ့ကွမ်းဆီသို့ အပြေးအလွှားသွား၍ ခွင့်တစ်ရက်တိုင်ပေးရန် ဝေ့ကျန်းအစား တောင်းဆိုပေးခဲ့သည်။ ထိုအကြောင်းကိုကြားသည့်အခါ ဝေ့ကွမ်းကလည်း ဝေ့ကျန်းကို မနက်ဖြန်မှစ၍သာ အတန်းတက်စေရန် ခွင့်ပြုပေးလိုက်လေသည်။




ယင်လျုံပြန်ရောက်သည့်အချိန်တွင် ဝေ့ကျန်းမှာ မလှုပ်မယှက်ဘဲ အိပ်ရာပေါ်တွင်လှဲနေဆဲဖြစ်၏။ အနားသို့ ထပ်တိုးကြည့်လိုက်သောအခါ စောင်အထူကြီးအောက်တွင် တိတ်တဆိတ် မျက်ရည်သုတ်နေသည့် ဝေ့ကျန်းကို တွေ့ရလိမ့်မည်ဟု သူ(မ)မထင်ထားခဲ့ပေ။ ဝေ့ကျန်းမှာ ဝမ်းနည်းကြီးစွာငိုနေပြီး ခေါင်းအုံးပေါ်တွင် မျက်ရည်များလည်း ရွှဲစိုနေလေပြီ။ ထိတ်လန့်သွားသည့် ယင်လျုံက ဝေ့ကျန်းအနားသို့တိုးကာ ညင်သာစွာဖြင့်




“ပဥ္စမသခင်မလေး။ ဘာဖြစ်...”




ဝေ့ကျန်းက ရှုံ့မဲ့မဲ့နှင့် စောင်ကိုလှမ်းယူကာ ခေါင်းမြီးခြုံလိုက်၏။ မည်သူမျှ မမြင်နိုင်စေရန် စောင်ထဲတွင် ဝင်ပုန်းလိုက်ခြင်းပင်။ ယင်လျုံကလည်း စိတ်ပူပန်စွာဖြင့် အိပ်ရာဘေးသို့သွားကာ ဝေ့ကျန်းအဘယ်ကြောင့် ငိုနေသည်ကြောင်း စဥ်းစားနေမိသည်။ ထို့နောက် သူ(မ)က အထိန်းတော်ကျင်းနှင့် ယင်ဖိန်တို့ကို အပြေးအလွှားသွားခေါ်ပြီး လက်ရှိအခြေအနေကို မည်သို့ကိုင်တွယ်သင့်ကြောင်း တိုင်ပင်လေ၏။ 


အဘယ်ကြောင့် ငိုနေသည်ကို ဝေ့ကျန်းကိုယ်တိုင်လည်း မသိချေ။ နှလုံးသားတစ်ခုလုံး နာကျင်နေပြီး ထိုခံစားချက်ကို သည်းခံထားရန် ခက်ခဲနေသည်ကိုသာ သူ(မ)သိသည်။ ခံစားချက်ကို မည်သို့ကိုင်တွယ်ရမည်ဖြစ်ကြောင်း သေသေချာချာမသိသော (၅)နှစ်အရွယ် ကလေးတစ်ယောက်အတွက် ငိုနေရုံမှတစ်ပါး ရွေးချယ်စရာမရှိခဲ့ချေ။




မနေ့က ဝေ့ကျန်း ဂင်ဂိုဆောင်သို့သွားခဲ့ပြီး သူ(မ)၏ဝမ်းနည်းမှုများကို မဒမ်တုအားပြောပြခဲ့သဖြင့် မဒမ်တုက ဝေ့လော်ကို ‘ကောင်မစုတ်လေး’ဟု ကျိန်ဆဲခဲ့သည်။ အစောပိုင်းကတည်းက ဝေ့ကျန်းမှာ ရေကန်အစွန်းတွင် ရပ်နေခြင်းဖြစ်ပြီး ဝေ့လော်သာ သူ(မ)ကိုမတွန်းလိုက်ပါက ရေကန်ထဲသို့ပြုတ်ကျမည်မဟုတ်ချေ။ ထိုအကြောင်းကြောင့် မဒမ်တုက ဝေ့ကွမ်းနှင့်တွေ့ပြီး တရားမျှတမှုကိုရှာဖွေကာ ဝေ့လော်ကို ဆူငေါက်စေလိုပါသော်လည်း သူ(မ)ကိုယ်တိုင်ပင် ‌ဝေ့ကွမ်းနှင့်တွေ့နိုင်ရန် မစွမ်းဆောင်နိုင်ခဲ့ချေ။ ထိုအခါ သူ(မ)၏ဘေးမှ ဝေ့ကျန်းလည်း ကူကယ်ရာမဲ့ရပြီး မိခင်ဖြစ်သည့် သူ(မ)လည်း အရှက်ရခဲ့ရသည်။ အမြဲတမ်း အမြင့်နေရာတွင် ရှိခဲ့သည့် မိခင်က ရုတ်တရက် ရွှံ့နွံထဲသို့ကျရပြီး ခင်ပွန်းဖြစ်သူနှင့်တွေ့ခွင့်ရရန်ကိုပင် အစေခံများအား တောင်းဆိုမေးမြန်းနေရတော့သည်။ 




ထိုအဖြစ်အပျက်တို့ကို မြင်နေရသည့်ဝေ့ကျန်းက စိတ်မကောင်းဖြစ်သွားပြီး သူ(မ)အတွက်ကြောင့်နှင့် မိခင်ဖြစ်သူကို မနိမ့်ကျစေလိုတော့ချေ။ ထိုအခါ မဒမ်တု၏ခြေထောက်ကို ပြေးဖက်ပြီး သူ(မ)က




“အမေ။ အဖေ့ကို ရှာမနေပါနဲ့တော့။ သမီး အဖေ့ကိုမတွေ့ချင်ဘူး။ ပြီးတော့ သမီးထိခိုက်တာကလည်း မနာတော့ပါဘူး...”




ထို့နောက်တွင် မဒမ်တုက ဝေ့ကျန်းကိုဖက်ထားပြီး အချိန်အတော်ကြာ ငိုကြွေးနေခဲ့သည်။ ဝေ့ကျန်းကိုယ်တိုင်လည်း မဒမ်တု၏ ကြေကွဲဝမ်းနည်းမှုနှင့် ကူကယ်ရာမဲ့မှုတို့ကို ခံစားမိလေ၏။ မဒမ်တု၏မျက်ရည်များက ပါးပြင်ပေါ်မှတစ်ဆင့် လည်ပင်းပေါ်အထိ တလှိမ့်လှိမ့်ဆင်းသွားခဲ့သည်။ ဝေ့ကျန်းမှာ အလွန်ငယ်သေးပြီး မဒမ်တု၏ခံစားချက်များကို သေသေချာချာနားမလည်သေးသော်လည်း မိခင်ငိုသဖြင့် သူ(မ)ပါ လိုက်ငိုတော့သည်။




ထို့နောက် မဒမ်တုက ဝေ့ကျန်း၏နားအနီးသို့ ကပ်၍




“အဲ့ဒါ ဝေ့လော်ကြောင့်ဖြစ်ရတာ။ ဝေ့လော်နဲ့ ဝေ့လော်ရဲ့အမေက အမေတို့နှစ်ယောက်ကို ဒုက္ခတွေပေးနေတာ။”




သူ(မ)၏အသံမှာ စိတ်ညှို့နေသကဲ့သို့ ဝေ့ကျန်းနားထဲသို့ ဝင်ရောက်သွားသည်။ ထို့နောက် ဝေ့ကျန်းက တဖြည်းဖြည်းအငိုတိတ်သွားပြီး မဒမ်တု၏စကားလုံးများကို နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း မှတ်သားထားလိုက်တော့သည်။




‘ဝေ့လော်က အခြေအနေတွေကို ဆိုးအောင်လုပ်နေတာ။ ဝေ့လော်ကြောင့် အဖေက အမေ့ကိုမလိုချင်တော့တာ။’




‘အမေကပြောတယ်။ အရာရာတိုင်းကို တဇွတ်ထိုးမလုပ်ရဘူးတဲ့။ စာကိုသေချာသင်ယူပြီး ဝေ့လော်လိုမျိုး ပါးနပ်လာအောင် ကြိုးစားရမယ်။ ဒါမှအဖေက ငါ့ကိုပိုချစ်လာပြီး အမေ့ကိုလည်း ဂင်ဂိုဆောင်ကနေ ပြန်လွှတ်ပေးမှာ။”




ဝေ့ကျန်းတစ်ယောက် တစ်နေ့လုံး အိပ်ရာထဲမှမထွက်ဘဲ ထမင်းလည်းမစား၊ စကားလည်းမပြောသည်မှာ အခြားလူတစ်ယောက်ဖြစ်သွားသကဲ့သို့ပင်။ ဝေ့ကျန်း၏အခန်းထဲတွင် ဖြစ်ပျက်နေသည့်ကိစ္စများကို ကျင်းလုက ဝေ့လော်ကိုပြောပြ၏။ ဝေ့လော်က ဆရာရွှယ်၏စာသင်ခန်းထဲမှ ပြန်လာပြီး နေ့လယ်စာစားရန် ပြင်ဆင်နေရင်း ကျင်းလုပြောသမျှကို နား‌ထောင်နေခဲ့သည်။ သို့သော် သူ(မ)က ဝတ်ကျေတန်းကျေသာ တုံ့ပြန်လိုက်ပြီး မည်သည်ကိုမျှ စိတ်ထဲမရှိချေ။ စားပွဲပေါ်မှ ကြက်မွမှိုဆန်ပြုတ်ကို လက်ညှိုးထိုးကာ သူ(မ)က




“အစ်မကျင်းလု။ အားလော်လည်း ဆန်ပြုတ်သောက်ချင်တယ်။”




ယနေ့မနက် အစောပိုင်းကတည်းက ယခုအချိန်အထိ နေ့တစ်ဝက်တိတိ သူ(မ)နှင့် ချောင်ဟုန်တို့ စာသင်နေခဲ့ရသောကြောင့် ဗိုက်ဆာနေပြီဖြစ်သည်။ ဆရာရွှယ်က သူတို့ကို စာလုံးများကို ရေးသားနည်းသင်ပေးခဲ့ပြီး သင်ကြားရာတွင်လည်း အာရုံအပြည့်စိုက်ကာ လေးနက်မှုရှိသည်။ ထို့ကြောင့် သူ(မ)နှင့် ချောင်ဟုန်တို့မှာ ပျင်းရိခိုကပ်နေချိန်မရှိခဲ့ဘဲ တစ်ကြောင်းပြီးတစ်ကြောင်း လိုက်ရေးခဲ့ရသည်။ တစ်မနက်လုံး စာရေးနေရသောကြောင့် ဝေ့လော်၏လက်များပင် ကိုက်ခဲနေလေသည်။ ထမင်းစားရမည့်အချိန်မှာ အရေးကြီးလှသောကြောင့် အရေးမပါသောအကြောင်းအရာများအတွက် အချိန်ဖြုန်းနေရန် အချိန်မရှိနေချေ။ 




‘ဒီလောက်ဆို ဝေ့ကျန်းလည်း ပါးနပ်သင့်ပါပြီ။’




အားလော်ကလည်း ဝေ့ကျန်း ယခုထက်ပို၍ ပါးနပ်လာစေရန် အရိုးသားဆုံး မျှော်လင့်မိသည်။ ဝေ့ကျန်းသာ ဆက်၍ တုံးအ,နေဦးမည်ဆိုပါက ကစားပွဲတွင် ဝေ့လော်အနိုင်ရလျှင်ပင် စစ်မှန်သောအောင်မြင်မှုဟု ခံစားရလိမ့်မည်မဟုတ်ချေ။ ယခုကဲ့သို့ စိတ်ကိုဆွပေးလိုက်ခြင်းက ပို၍ကောင်းပေသည်။ အမြင့်မှ ပြုတ်ကျပြီး အကြိမ်ပေါင်းများစွာ ရိုက်ခတ်ခံရမှသာ နာကျင်မှုကိုနားလည်လာမည်ဖြစ်သည်။




*




ရက်အနည်းငယ်ကြာသော်။




ဝေ့ကျန်းက အလွန်အေးဆေးသွား၏။ လက်ရှိဘဝကို ပြန်လည်သုံးသပ်လိုက်သည့် လူတစ်ယောက်ကဲ့သို့ အလွန်အေးချမ်းနေခဲ့သည်။ သူ(မ)အသက်အရွယ်တွင် အကြောင်းအရာများစွာကို တွေးခဲ့ရခြင်းမှာ သေချာပေါက် ခက်ခဲပေလိမ့်မည်။ တစ်ခါတစ်ရံ ဆရာ၊ ဆရာမများ၏ သင်ကြားမှုကို အာရုံမစိုက်နိုင်ခဲ့သောကြောင့် ဆရာ(၂)ယောက်လည်း သူ(မ)ကို စိတ်ပျက်ခဲ့ရသည်။ 




သူ(မ)နှင့်ယှဥ်သော် ဝေ့လော်က အဆပေါင်းများစွာ ပို၍လိမ္မာပြီး အလိုက်သိတတ်၏။ ဆရာ၏သင်ကြားမှုကိုလည်း အလေးအနက်ထားကာ အာရုံစိုက်နားထောင်သည်။ ယခင်ဘဝမှ အသိဉာဏ်အချို့နှင့်ပေါင်းလိုက်သော် ဝေ့လော်၏ စာရေးသားနည်းက ပို၍သပ်ရပ်နေခဲ့သည်။ တစ်ခါတစ်ရံတွင် ဆရာရွှယ်က ဝေ့ကွမ်း၏ရှေ့တွင် ဝေ့လော်ကိုချီးကျူးတတ်ပြီး ဝေ့လော်မှာ ဉာဏ်ကောင်းကြောင်း၊ ပါးနပ်ကြောင်း၊ ချစ်စရာကောင်းကြောင်းနှင့် အလိုက်သိကြောင်းတို့ကိုပင် ချီးမွမ်းခန်းဖွင့်တတ်သေးသည်။ 




ထိုစကားများကို ကြားရသည့်အခါ ဖခင်ဖြစ်သူဝေ့ကွမ်းကလည်း ဂုဏ်ယူမဆုံးဖြစ်ရပေသည်။ ဝေ့လော် တစ်နေ့တာသင်ခန်းစာများကို သင်ယူပြီးချိန်တိုင်း ဝေ့ကွမ်းက သူ(မ)ကိုခေါ်ပြီး တစ်နေ့တာတွင် သင်ယူခဲ့ရသမျှအကြောင်းကို ပြန်လည်မေးမြန်းကာ ဝေ့လော် နားမလည်သည့်အရာများကိုလည်း ရှင်းပြပေးခဲ့သည်။ ချောင်ဟုန်ပင်လျှင် ထိုသို့သော အခွင့်ထူးမျိုးမရနိုင်လေရာ ဝေ့လော်အပေါ်ထားသည့် ဝေ့ကွမ်း၏ဂရုစိုက်မှုကို သိသိသာသာမြင်ရပေသည်။ တစ်ခါတစ်ရံတွင် ဝေ့လော်က အလွန်ပင်ပန်းပြီး ဖခင်နှင့်အတူ စာပြန်မလုပ်ချင်တော့သောကြောင့် ဝေ့ကွမ်း၏ခြေထောက်နားတွင် ကပ်ချွဲကာ ကလေးတစ်ယောက်ကဲ့သို့ ပြုမူတတ်သေးသည်။




“အားလော်က မနက်ရော နေ့လယ်ရော စာလုပ်ရတာ အရမ်းပင်ပန်းနေပြီ။ အဖေ ကြည့်ပါဦး။ ဒီနေ့ဆိုရင် စာရေးရလွန်းလို့ အားလော်လက်တွေတောင် ရောင်နေပြီ။”




ထိုသို့ပြောလိုက်ပြီး ဝေ့လော်က ဝေ့ကွမ်း၏ရှေ့တွင် သူ(မ)လက်ကိုမြှောက်ပြလိုက်သည်။ ဝေ့ကွမ်းက နေအလင်းရောင်ဝင်နေသည့် ပြတင်းပေါက်ဘေးတွင်ရှိနေ၏။ အားလော်၏လက်ချောင်းထိပ်လေးများ အမှန်တကယ် နီရဲနေသည်ကိုမြင်သော် ရုတ်တရက် သူ(မ)အတွက် စိတ်မကောင်းဖြစ်မိသွားပြန်သည်။ ထို့ကြောင့် သူ(မ)လက်ကလေးကို လှမ်းကိုင်ကာ နှိပ်ပေးလိုက်ပြီး




“ဟုတ်ပါပြီ ဟုတ်ပါပြီ။ ဒါဆိုလည်း ဒီနေ့တော့ စာမမေးတော့ပါဘူး။ အားလော်လေးက ဉာဏ်ကောင်းပြီးသားဆိုတော့ အဖေလည်း စိတ်ချလို့ရတာပေါ့။”




*****




Aurora Novel Translation Team



Report content on this page

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment