Chapter 22.1
လျောင်ယူရုန်နှင့် ဝေ့လော်တို့ ထွက်လာခဲ့စဥ်က သူတို့နှင့်အတူပါလာသည့် အထိန်းတော်နှစ်ယောက်မှာလည်း နန်းတော်သို့ ယခုမှ ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သည်။ နန်းတော်ခြံဝင်းအတွင်းမှ နေရာအချို့ကို လှည့်လည်သွားလာခဲ့ပြီးနောက် သူတို့ လမ်းပျောက်သွားကြ၏။ ငန်းရိုင်းစံအိမ်မှာ သူတို့၏ရှေ့တွင်ရှိနေသော်လည်း မည်သို့ပင်ရောက်အောင်သွားသည်ဖြစ်စေ ပြန်မရောက်နိုင်ဘဲရှိနေသည်။ ထိုရုပ်တုကိုသာ အကြိမ်ကြိမ်ဖြတ်သွားနေမိပြီး ထိုနေရာသို့သာ ပြန်ပြန်ရောက်နေတော့သည်။ ယခုအချိန်မှာ နန်းတော်အစေခံများနှင့် မိန်းမစိုးတို့လည်း အလုပ်များနေပြီဖြစ်သောကြောင့် မည်သူကမျှ ထိုနေရာသို့မရောက်လာကြချေ။ ထို့ကြောင့် တစ်စုံတစ်ယောက်ကို လမ်းမေးကာ ပြန်သွားချင်လျှင်ပင် ပြန်၍မရနိုင်ဘဲ အခက်တွေ့နေခဲ့သည်။ အထိန်းတော်နှစ်ယောက်ကလည်း တဖြည်းဖြည်း စိတ်ပူပန်လာပြီး နဖူးတွင် ချွေးများပြန်လာသည်။
ထိုအချိန်တွင် ဘရိုကိတ်ဝတ်စုံကို ဝတ်ဆင်ထားသည့် သခင်မလေးတစ်ဦးအား လိုက်လံစောင့်ရှောက်ပေးနေသည့် နန်းတော်အစေခံနှင့် အထိန်းတော်များက သူတို့ရှေ့တွင် ရုတ်တရက်ပေါ်လာခဲ့သည်။ နေရာတိုင်းတွင် လုံခြုံစွာ လမ်းလျှောက်သွား၍ရနိုင်သော်လည်း ထိုသို့ အစောင့်အရှောက်များစွာဖြင့် ရောက်လာသည့် ထိုမိန်းကလေး၏အနေအထားမှာ သေချာပေါက် မသေးငယ်လှပေ။ ကျောင်းလျူလီ မည်သူဖြစ်ကြောင်း တိတ်တဆိတ်လေ့လာကြည့်နေရင်းနှင့် အားလော်တို့နှင့်ပါလာသော အထိန်းတော်များက ခြေလှမ်းနောက်သို့ဆုတ်လိုက်ပြီး တစ်ဖက်လူ၏ မိတ်ဆက်စကားကို စောင့်ဆိုင်းနေကြသည်။ ထိုအချိန်တွင် အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် နန်းတွင်းအထိန်းတော်တစ်ယောက်က
“မင်းတို့က ဘယ်သူတွေမို့လို့ ဘာလို့ မင်းသမီးကို မနှုတ်ဆက်ဘဲနေနေတာလဲ။”
‘ဪ မင်းသမီးကိုး။’
ထိုအချိန်တွင် အထိန်းတော်နှစ်ယောက်က အလျင်စလိုဦးညွတ်လိုက်ပြီး ဝေ့လော်နှင့် လျောင်ယူရုန်တို့ကိုလည်း အသံတိုးတိုးဖြင့် အချက်ပေးလိုက်သည်။
“မမလေးတို့။ ကျွန်မတို့နဲ့အတူ အမြန်ဦးညွတ်ပြီး နှုတ်ဆက်လိုက်ပါ။”
ဝေ့လော်မှာ ဆရာမဟန်ဆီမှ ကျင့်ဝတ်နည်းနာများကို သင်ယူထားသောကြောင့် ချောမွေ့စွာလုပ်ဆောင်နိုင်ခဲ့သည်။ သေသေချာချာ ဦးညွတ်လိုက်ပြီးနောက် သူ(မ)က ကျောင်းလျူလီကို လေ့လာလိုက်၏။ ဧကရာဇ်ချုံကျန်းတွင် သမီး(၈)ယောက်ရှိသည်။ အကြီးဆုံး (၅)ယောက်မှာ (၁၀)နှစ်ကျော်ပြီဖြစ်ပြီး (၆)ယောက်မြောက်နှင့် (၇)ယောက်မြောက် မင်းသမီးတို့မှာ (၇)နှစ်နှင့် (၆)နှစ် အသီးသီးရှိကြသည်။ ဆဋ္ဌမမင်းသမီးမှာ ဧကရီမိဖုရား၏ သမီးဖြစ်ပြီး သတ္တမသမီးမှာ နျဥ်ကွေ့ဖေး၏သမီးဖြစ်သည်။ သို့သော် လက်ရှိသူ(မ)ရှေ့တွင်ရှိနေသူမှာ ဆဋ္ဌမနှင့် သတ္တမမင်းသမီးနှစ်ယောက်ထဲမှ မည်သည့်တစ်ယောက်ဖြစ်ကြောင်းကို ဝေ့လော်မသိချေ။
ဝေ့လော် ကျောင်းလျူလီကို လေ့လာကြည့်ချိန်တွင် ကျောင်းလျူလီကလည်း သိချင်စိတ်ပြင်းပျစွာဖြင့် သူတို့ကိုကြည့်နေခဲ့သည်။ သူ(မ)က တစ်နှစ်ပတ်လုံး နန်းတော်ထဲတွင်သာနေခဲ့ရပြီး သူ(မ)နှင့် အသက်အရွယ်ကွာဟသော နန်းတော်အစေခံများ၊ နန်းတွင်းအထိန်းတော်များနှင့်သာ ထိတွေ့ခဲ့ဖူးသည်။ သူ(မ)နှင့် သက်တူရွယ်တူ သခင်မလေးများနှင့် မတွေ့ခဲ့ဖူးချေ။ ဧကရီမိဖုရားချန်က သတ္တမမင်းသမီး ကျောင်းလင်းလန်ကိုလည်း သူ(မ)အနားသို့ ကပ်ခွင့်မပေးခဲ့ချေ။ ထို့ကြောင့် လျူလီမှာ နန်းတော်ထဲတွင် တစ်ယောက်တည်းနေပြီး အထီးကျန်နေခဲ့ရသည်။ မိခင်နှင့် အစ်ကိုကြီးတို့က သူ(မ)ကို အလွန်ချစ်ခင်ကြပါသော်လည်း သူ(မ) ကစားဖော်လိုချင်မိသည်။ ကျောင်းလင်းလန်တွင်မူ ကစားဖော်များစွာရှိ၏။ နန်းတော်၏အနောက်ဘက်သို့ သွားသည့်အခါတိုင်း ကျောင်းလင်းလန်နှင့် အခြားမိန်းကလေးများ တက်တက်ကြွကြွကစားကာ ပျော်ရွှင်နေကြသည်ကို သူ(မ)မြင်တွေ့ဖူးသည်။ သို့သော် သူ(မ)ကမူ အဝေးမှလှမ်းကြည့်၍သာ သူတို့ကိုအားကျနေရသည်။
တကယ်တမ်းတွင် ကစားဖော်အနေဖြင့် ကောင်းချင်းယန်ရှိသော်လည်း ကောင်းချင်းယန်မှာ နန်းတော်သို့ သိပ်မလာတတ်ချေ။ သူ(မ)ရောက်လာသည့်အခါတွင်လည်း လျူလီနှင့် မကစားချင်ခဲ့ချေ။ ထို့ကြောင့် လျူလီမှာ သူ(မ)နေမကောင်းမဖြစ်ပါက အခြားမိန်းကလေးများကဲ့သို့ ပျော်ရွှင်ရယ်မောကာ ကစားနိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်နေသည်မှာ အချိန်တစ်ခုကြာသွား၏။ လျူလီက သူတို့အနားသို့ ကပ်လာချင်သော်လည်း ရှက်ရွံ့နေသကဲ့သို့ သူတို့ကို စိတ်ဝင်စားစွာကြည့်နေသည်ကိုမြင်သော် ဝေ့လော်လည်း သဘောကျမိသွားသည်။ ဝေ့လော် တစ်ခဏ တွေးကြည့်လိုက်ပြီးနောက် သူ(မ)၏အနောက်တွင်ရှိသော ငန်းရိုင်းစံအိမ်ကို လက်ညှိုးထိုးလိုက်ပြီး
“အဲ့ဒီ့နေရာကို ဘယ်လိုသွားရမလဲ သိလားဟင်။ အားလော်တို့က အဲ့ဒီ့နေရာကို ပြန်သွားချင်လို့ပါ။”
ကျောင်းလျူလီက နှုတ်ခမ်းကိုစေ့ကာ ခေါင်းညိတ်ပြလိုက်၏။ သူ(မ)အနားမှ အထိန်းတော်များကလည်း ဧကရီမိဖုရား၏အမိန့်ကို ကြားသိပြီးသားဖြစ်သည်။ မင်းသမီးထျန်းကျီနှင့် ဝေ့လော်တို့စကားပြောနေသည်ကို မြင်သည့်အခါ သူတို့နှစ်ယောက်ကို မတားလိုက်ဘဲ ပျော်ရွှင်စွာဖြင့် ဘေးမှရပ်ကြည့်နေကြသည်။
ဝေ့လော်မှာ ငန်းရိုင်းစံအိမ်သို့ အမှန်တကယ် ပြန်ချင်နေသည်။ သူ(မ)နှင့် လျောင်ယူရုန်တို့ထွက်လာသည်မှာ အတော်ကြာနေပြီဖြစ်သောကြောင့် ယခုဆိုလျှင် သူတို့ဆီမှ သတင်းမကြားရသည့်အခါ စတုတ္ထအဒေါ် စိတ်ပူနေတော့မည်ဖြစ်သည်။ ထို့ကြောင့် သူ(မ)က
“ဒါဆို အားလော်တို့ကို လမ်းပြပေးလို့ရမလား။”
ကျောင်းလျူလီက အလွန်ဝမ်းသာသွားပြီး အံ့ဩပျော်ရွှင်နေသည့်မျက်နှာလေးဖြင့် ချက်ချင်း ခေါင်းညိတ်လိုက်သည်။ သူ(မ) အပြင်လူများနှင့် တွေ့ဆုံဖူးသည်မှ ယခုမှ ပထမဆုံးဖြစ်၏။ ထို့ပြင် အခြားသူများမှာ သူ(မ)၏အရှိန်အဝါကြောင့် ရင်းရင်းနှီးနှီးစကားမပြောရဲကြသဖြင့် လျူလီမှာ သူတို့ဆီက ဖယ်ကျဥ်ထားခံရသကဲ့သို့ ခံစားရလေသည်။ ယခုတွင် သူ(မ)ကို သာမန်အတိုင်းဆက်ဆံပေးပြီး အကူအညီတောင်းနေသည့်သူကို သူ(မ)တွေ့လိုက်ရပြီဖြစ်သည်။ ထို့ကြောင့် သူ(မ) ပါးများနီရဲလာသည်အထိ ဝမ်းသာသွားပြီး
“လျူလီလည်း အဲ့ဒီ့ကိုသွားမလို့ပါပဲ။”
*
မင်းသမီးထျန်းကျီ၏ခန္ဓာကိုယ်မှာ အားနည်းသော်လည်း ၎င်းမှာ မွေးခါစကတည်းက ဖြစ်တည်လာသည့် ပြဿနာတစ်ခုမဟုတ်ဘဲ နန်းတော်အတွင်းမှ တစ်စုံတစ်ယောက်က လုပ်ကြံလိုက်သောကြောင့်ဖြစ်သည်။
ကျောင်းလျူလီ အသက်(၁)နှစ် အရွယ်တုန်းက ကြင်ယာတော်ရှု၏ အစေခံတစ်ယောက်ထံမှ အဆိပ်ခတ်ခြင်းကို ခံခဲ့ရသည်။ ထိုအချိန်က လျူလီမှာ အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရပြီး တစ်နေ့လုံး တစ်ညလုံး တော်ဝင်သမားတော်များက ကြိုးစားအားထုတ်၍ အသက်ကယ်ခဲ့ရ၏။ ထို့နောက် ကြင်ယာတော်ရှုကို သေမိန့်ပေးခဲ့သော်လည်း ဖြစ်ပြီးခဲ့သည့်ကိစ္စက ပြီးသွားပြီဖြစ်သည်။ ထိုအချိန်ကတည်းက လျူလီအလွန်အားနည်းသွားခဲ့ပြီး နေ့တိုင်း ဆေးသောက်ကာ အသက်ဆက်ခဲ့ရသည်။ ထို့ကြောင့် အန္တရာယ်များလှသည့် မင်းသမီးနေရာကို သူ(မ)အလွန်မုန်းတီးမိသည်။ (၅)နှစ်ကျော် (၆)နှစ်အထိ ဆေးကိုဆက်တိုက်သောက်ခဲ့ရပြီးနောက် ထိုဆေးအနံ့ကိုလည်း သူ(မ) ငြီးငွေ့လာပြီး ဆေးသောက်ခါနီးတိုင်း ပျို့လာခဲ့သည်။ သို့သော်လည်း ထိုဆေးကြောင့်သာ လက်ရှိအချိန်အထိ သူ(မ) အသက်ရှင်နေနိုင်ခြင်းပင်။
ကျောင်းလျူလီမှာ လမ်းလည်းသိပ်မလျှောက်နိုင်သောကြောင့် ရုတ်တရက် မျက်နှာက ဖြူဖျော့သွားပြီး အသက်ကိုပြင်းပြင်းရှူကာ အထိန်းတော်ချူ၏အကူအညီကို ရယူလိုက်ရသည်။
“အထိန်းတော်ကြီး လျူလီနည်းနည်း ပင်ပန်းနေလို့...”
အထိန်းတော်ချူက သူ(မ)ကို အလျင်အမြန်လှမ်းထိန်းလိုက်ပြီး
“ဘာဖြစ်လို့လဲ မင်းသမီး။ အသက်ရှူမဝလို့လား။”
နောက်ဆုံးတွင် သူ(မ)က နားလည်ကာ နောင်တရဟန်ဖြင့်
“ဒါ မနက်တုန်းက ဆေးမသောက်လိုက်လို့ ဖြစ်တာထင်တယ်။ ဒါတွေအားလုံးက ကျွန်မအမှားတွေပါ။ မင်းသမီးကို ကျွန်မ အလိုမလိုက်ခဲ့ဘဲ ဆေးကို သေချာတိုက်ခဲ့သင့်တာ...”
ထိုအချိန်တွင် ကျောင်းလျူလီမှာ စကားမပြောနိုင်တော့သကဲ့သို့ နားလည်းမထောင်နိုင်တော့ချေ။ သူ(မ)ခန္ဓာကိုယ်မှာ နာကျင်လွန်းသဖြင့် ကွေးကောက်နေပြီဖြစ်သည်။ ကံကောင်းစွာဖြင့် သူတို့ရောက်နေသည့်နေရာမှာ ငန်းရိုင်းစံအိမ်နှင့် မဝေးလှသောကြောင့် အထိန်းတော်ချူက သူ(မ)ကိုပွေ့ချီကာ အဆောက်အအုံဆီသို့ ဦးဆောင်သွားရင်း ဘေးနားမှ နန်းတွင်းအစေခံများကိုလည်း မှာကြားလိုက်သည်။
“ဆဋ္ဌမမင်းသမီးရဲ့ ဆေးကို အမြန်ယူခဲ့ကြ။ အမြန်။”
ဝေ့လော်နှင့် လျောင်ယူရုန်တို့လည်း သူတို့အနောက်မှလိုက်သွားလိုက်ကြသည်။ ထိုအခါမှသာ ထိုမိန်းကလေးက ဆဋ္ဌမမင်းသမီး ကျောင်းလျူလီဖြစ်ကြောင်း သူတို့သိလိုက်တော့သည်။
ငန်းရိုင်းစံအိမ်၏ ပထမထပ်တွင် ကောင်းမွန်စွာ ဝတ်စားထားသည့် ဂုဏ်သရေရှိ အမျိုးသမီးများက စကားပြောဆို ရယ်မောနေကြသည်။ ထိုအချိန်တွင် မိန်းကလေးတစ်ယောက်ကို ပွေ့ချီထားသည့် အထိန်းတော်တစ်ယောက်က စိုးရိမ်ပူပန်နေသောမျက်နှာဖြင့် “မင်းသမီး။ ခဏလေး တောင့်ခံထားပါဦး။”ဟုဆိုကာ ပြေးဝင်လာသည်ကိုမြင်သော် သူတို့အားလုံး ထိတ်လန့်သွားကြပြီး ချက်ချင်း အရိုအသေပေးလိုက်ကြသည်။ သို့သော် အထိန်းတော်ချူမှာမူ သူတို့၏ နှုတ်ဆက်ဂါရဝပြုခြင်းကို ပြန်လည်တုံ့ပြန်ရန် အာရုံမစိုက်နိုင်ခဲ့ချေ။ သူ(မ)က ကျောင်းလျူလီကို ခုံပေါ်တွင်တင်လိုက်ပြီး လျူလီ၏နောက်ကျောလေးကို ပွတ်သပ်ပေးလိုက်သည်။
“မင်းသမီး။ သက်သာရဲ့လား။ အခုရော အသက်ရှူလို့ရပြီလား။”
တစ်ခဏကြာသော် ကျောင်းလျူလီ၏အသားအရေ ပြန်လည်စိုပြေလာ၏။ မျက်နှာက အနည်းငယ်ဖြူဖျော့နေသေးသော်လည်း အစောပိုင်းကကဲ့သို့ ကြောက်စရာမကောင်းနေတော့ချေ။ အထိန်းတော်၏မေးခွန်းကို သူ(မ)က ခေါင်းညိတ်၍ပြန်ဖြေလိုက်ပြီးနောက်မှ ဘေးပတ်ဝန်းကျင်တွင် သူ(မ)ကိုဝိုင်းကြည့်နေကြသော လူများစွာရှိနေသည်ကို သတိပြုလိုက်မိတော့သည်။ သူတို့အကြည့်များထဲတွင် သိချင်စိတ်များလည်း ပါဝင်နေပြီး အချို့ကလည်း သနားသည့်မျက်လုံးများဖြင့် ကြည့်နေကြသည်။ ထို့ကြောင့် ကျောင်းလျူလီမှာ အထိန်းတော်ချူ၏ရင်ခွင်ထဲသို့ ပြန်၍ကျုံ့ဝင်သွားတော့သည်။ အထိန်းတော်ချူမှာ သူ(မ)၏ခံစားချက်ကို သတိမထားမိခဲ့ချေ။ တစ်ခဏကြာသော် အဝါရောင်ဝတ်ဆင်ထားသည့် အစေခံတစ်ယောက်ရောက်လာပြီး ဆေးတစ်ခွက်ကို လက်ဖြင့်ကမ်းပေးလိုက်သည်။
“အထိန်းတော်ကြီး။ ဆဋ္ဌမမင်းသမီးရဲ့ ဆေးပန်းကန် ရပါပြီ။”
အထိန်းတော်ချူက လင်ပန်းပေါ်မှ ကြွေပန်းကန်လုံးကို လှမ်းယူလိုက်ပြီး ကျောင်းလျူလီကို ထူကာ ခေါင်းအုံးများဖြင့် ကျောအနောက်တွင်ခုထားပေးလိုက်သည်။ ထို့နောက် ဆေးတစ်ဇွန်းကိုခပ်လိုက်ပြီး သူ(မ)ကိုတိုက်လိုက်၏။
“မင်းသမီး။ လာပါ။ ဒီဆေးလေးတစ်ခွက်ကို ကုန်အောင်သောက်ပြီးသွားရင် နေကောင်းသွားမှာ။”
အနံ့ပြင်းကာ ခါးသက်သည့်ဆေးကို (၅)နှစ်ကျော် (၆)နှစ်နီးပါးကြာသည့်တိုင် အမြဲသောက်ခဲ့ရသည့် ကျောင်းလျူလီမှာ ထိုဆေး၏အရသာကို အားလုံးထက်ပို၍ သေသေချာချာသိနေခဲ့သည်။ ထို့ကြောင့် သူ(မ)က ခေါင်းမာစွာဖြင့် ငြင်းဆန်ကာ
“မသောက်ဘူး။ ခါးတယ်။”
ထိုသို့ပြောလိုက်ပြီးနောက် သူ(မ) ပါးစပ်ကိုပိတ်ထားလိုက်သည်။ အထိန်းတော်ချူ မည်သို့နားချပါစေ သူ(မ) ပြန်မဖွင့်ချင်တော့ချေ။ ထိုအခါ အထိန်းတော်ချူက ပို၍စိတ်ပူပန်လာ၏။
‘မင်းသမီးက ဘာလို့ ဆေးမသောက်ဘူးပြောနေရတာလဲ။ မနက်တုန်းက ဆေးမသောက်လိုက်မိလို့ ခုနတုန်းကလည်း ရုတ်တရက်ကြီး နေမကောင်းဖြစ်သွားတာကို။ အခုလည်း မသောက်ဘူးဆိုရင် ပြဿနာတက်တော့မှာပဲ။ ဘာလုပ်ရမှန်းတောင် မသိတော့ပါလား။ ဒီဆေးကြောင့်ပဲ မင်းသမီးက အခုချိန်အထိ အသက်ရှင်နေတာကို မသောက်ချင်တော့ဘူးဆိုတော့ မင်းသမီးက အသက်ရှင်ဖို့ကို ဂရုမစိုက်တော့ဘူးလား။’
ဧကရီမိဖုရား ရင်ဆိုင်ခဲ့ရသည့် စိတ်ညစ်စရာများကို တွေးကြည့်လိုက်မိပြီး အထိန်းတော်ချူ မျက်ရည်ကျလာတော့သည်။
“မင်းသမီးရယ်။ ကျွန်မ တောင်းပန်ပါတယ်။ ဆေးလေးတော့ သောက်လိုက်ပါနော်။ မင်းသမီး ဆေးမသောက်ရင် မိဖုရားက အရမ်းစိတ်ပူနေလိမ့်မယ်။”
*****
Aurora Novel Translation Team
Report content on this page