no

Font
Theme

Chapter 35.1

ဝေ့လော်က ရွှေပန်းလေးများပုံစံ ချည်ထိုးထားသည့် စိမ်းပြာရောင်အင်္ကျီနှင့် အဖြူရောင် ပိုးသားစကတ်ကို ဝတ်ဆင်ထားသည်။ ထိုဝတ်စုံအပေါ်တွင် အဖြူရောင် မြေခွေးအမွေး ခြုံထည်တစ်ခု ခြုံထားလေ၏။ ဆံပင်တွင်လည်း ပန်းအဖူးလေးများ ထိုးထားသည်။ အဝေးမှ လှမ်းကြည့်လိုက်လျှင် သူ(မ)ပုံစံက တောက်ပြောင်နေသောကြောင့် နှင်းလုံးလေးနှင့်ပင် တူလှလေသည်။


ဝေ့လော်တစ်ယောက် ထင်းရှူးဆောင်မှနေ၍ ဧည့်ကြိုဆောင်သို့ လာခဲ့၏။ ဧည့်ကြိုဆောင်တွင် အမျိုးသမီးများနှင့် ပြည့်နှက်နေပြီး ပထမမဒမ်နှင့် စတုတ္ထမဒမ်တို့က ဧည့်သည်များကို အဓိကဧည့်ခံနေကြသည်။ လွန်ခဲ့သော ရက်အနည်းငယ်က မဒမ်ကြီးမှာ ကျန်းမာရေးမကောင်းလှသောကြောင့် ယင်းအိမ်တော်၏ ကိစ္စများကို ပထမမဒမ်အား စီမံခန့်ခွဲပေးရန် တာဝန်ပေးထားခဲ့သည်။ ပထမမဒမ်ကလည်း သူ(မ)အလုပ်ကို အစီအစဥ်တကျ ရှင်းလင်းစွာ ကိုင်တွယ်တတ်၏။ ဆုပေးဒဏ်ပေးစနစ်မှာလည်း သင့်တင့်မျှတလှသောကြောင့် အိမ်တော်မှ အစေခံများအားလုံး သူ(မ)အမိန့်ကို သေသေချာချာ လိုက်နာခဲ့ကြသည်။ ထို့ကြောင့် မဒမ်ကြီးကလည်း ပထမမဒမ်ကို အလွန်စိတ်တိုင်းကျလေ၏။ မကြာသေးမီကပင် အိမ်တော်တစ်ခုလုံး၏ စီမံခန့်ခွဲမှု တာဝန်များကို ပထမမဒမ်အား လွှဲပြောင်းပေးရန် မဒမ်ကြီးက ဆုံးဖြတ်ခဲ့သေးသည်။


လက်ရှိတွင် ဧည့်ခံစံအိမ်ထဲ၌ အမျိုးသမီးငယ်လေးများစွာ ရှိနေ၏။ ပထမမဒမ်က သူတို့တစ်ယောက်ချင်းစီကို ထိုင်စရာနေရာ စီစဥ်ပေးပြီး အစေခံမိန်းကလေးများကိုလည်း မုန့်နှင့် လက်ဖက်ရည်ယူလာပေးရန် ညွှန်ကြားခဲ့သည်။ ငှက်များနှင့် ပန်းပုံများ ပုံဖော်ထားသော သစ်သားကန့်လန်ကာ၏အနောက်တွင် စတုတ္ထမဒမ်ချင်းက ဆဋ္ဌမသခင်လေး ဝေ့ချောင်မိကိုချီကာ လူတိုင်းကို လိုက်နှုတ်ဆက်နေ၏။ တစ်လတိတိ သူ(မ)၏ဂရုစိုက်မှုအောက်တွင် ကြီးပြင်းလာခဲ့ပြီးနောက် ဝေ့ချောင်မိမှာ မွေးကင်းစပုံစံနှင့် မတူတော့ဘဲ ပြည့်ပြည့်ဖြိုးဖြိုးနှင့် ကျန်းမာလာခဲ့လေသည်။ သူ့မျက်နှာလေးကလည်း တဖြည်းဖြည်း ပုံစံပေါ်ကာ ချစ်စရာကောင်းလာ၏။ မျက်လုံးများမှာ မဒမ်တုနှင့် တူပြီး နှာခေါင်းနှင့် ပါးစပ်မှာ ဝေ့ကွမ်းနှင့်တူနေသောကြောင့် အတော်လေး ကြည့်ကောင်းသည်ဟု ဆိုနိုင်ခဲ့သည်။ ယခင်ကကဲ့သို့ နီနီရဲရဲ ရုပ်ဆိုးဆိုးမဟုတ်တော့ဘဲ သူ့စိတ်ထားကလည်း တဖြည်းဖြည်း အသက်ဝင်တက်ကြွကာ သဘောကျချင်စရာ ကောင်းလာခဲ့သည်။ ယခုတွင် သူစိမ်းများနှင့် တွေ့ရသည့်တိုင် သူက မငိုတော့ဘဲ ထိုသူများကို စိတ်ဝင်တစား လိုက်ကြည့်တတ်နေပြီဖြစ်သည်။


သို့သော် ခြွင်းချက်တစ်ခုတော့ ရှိနေသေး၏။ ၎င်းမှာ ဝေ့ကျန်း သူ့အနားရောက်လာသည်နှင့် ကျယ်လောင်စွာ အော်ငိုခြင်းပင်။ မွေးကင်းစ အရွယ်တုန်းက သူ့ကို အဆင်မပြေဖြစ်အောင် ပွေ့ချီခဲ့သဖြင့် ဝေ့ကျန်းကို သူ့အသိစိတ်ထဲတွင် မှတ်ထားလိုက်ခြင်း ဖြစ်ပေမည်။ ထို့ကြောင့် ယခုအချိန်ထိတိုင် ထိုဖြစ်ရပ်ကို မှတ်မိနေသေးသဖြင့် ဝေ့ကျန်းကို တွေ့သည့်အခါတိုင်း သူအလွန်‌ကြောက်လန့်နေခဲ့သည်။


တစ်ဖက်တွင်မူ ဝေ့လော်ကိုတော့ သူနှစ်သက်လေ၏။ ဝေ့ချောင်မိမှာ မည်သို့သော ကလေးမျိုးဖြစ်သည်ကို သူတို့ မပြောတတ်တော့ချေ။ ဝေ့ကျန်းကို ကြောက်ရွံ့သလောက် ဝေ့လော်ကိုမြင်သည့်အခါတွင်မူ မျက်လုံးလေး အရောင်လက်ကာ ပျော်ရွှင်နေတတ်သည်။ ဝေ့လော်ဆီသို့ လက်ဖြင့် လှမ်းကာ ဗလုံးဗထွေးစကားများ ရေရွတ်တတ်ပြီး တစ်ခါတစ်ရံ ဝေ့လော်၏လက်ချောင်းများကိုလည်း သူ့ပါးစပ်ထဲသို့ ထည့်တတ်သေးသည်။ ဝေ့လော်ကမူ ထိုအပြုအမူများကို မကြိုက်ခဲ့ပေ။ သူ(မ)လက်ချောင်းများကို သူ့ပါးစပ်ထဲ ထည့်သည့်အခါတိုင်း အကြိမ်ပေါင်းများစွာ လက်ကိုပြောင်အောင်ဆေးတတ်၏။ သူ(မ) မကြိုက်သည့် အပြုအမူမျိုး ပြသည့်အခါ ဝေ့ချောင်မိကလည်း ငိုပြန်တော့သည်။


'ကလေးတွေအားလုံးက ဒီလိုပဲ ပြဿနာရှာတတ်တာလား။ ဒါမှမဟုတ် မဒမ်တုရဲ့ သားဖြစ်နေလို့ပဲလား။ တော်တော်လေးကို အာရုံနောက်ဖို့ကောင်းတာပဲ။'


ဝေ့လော်၏အတွေးများကို ဝေ့ချောင်မိ မသိနိုင်ခဲ့ပေ။ မဒမ်ချင်း၏ ရင်ခွင်ထဲတွင်နေ၍ ခေါင်းလေးထွက်ကာ ဝေ့လော်ကို လှမ်းကြည့်နေ၏။ ဝေ့လော်ကိုမြင်သော် မျက်လုံးများက ချက်ချင်း အရောင်တောက်သွားပြီး ပါးစပ်ကလည်း ဗလုံးဗထွေးပြောကာ ဝေ့လော်ဆီသို့သာ လက်လှမ်းနေတော့သည်။ ဝေ့လော်ကမူ အနောက်သို့ဆုတ်လိုက်ပြီး သူ(မ)၏ လက်နှစ်ဖက်လုံးကိုလည်း အနောက်သို့ပစ်ကာ ဖွက်ထားလိုက်သည်။ ထိုမြင်ကွင်းကိုမြင်သော် မဒမ်ချင်းက ပြုံးလိုက်မိ၏။ ထို့နောက် ဝေ့လော်ကို လက်ဟန်ပြ၍ လှမ်းခေါ်ကာ အနားသို့လာစေလိုက်သည်။


"အားလော်။ ချောင်မိလေးကို မတွေ့ရတာ အတော်ကြာပြီမဟုတ်လား။ လာပါဦး။ မောင်လေးကို လာကြည့်ပါဦး..."


ဝေ့လော်ကမူ စက်ရုပ်တစ်ရုပ်ကဲ့သို့ ချက်ချင်း ခေါင်းခါလိုက်လေ၏။


"မကြည့်ချင်ပါဘူး။ သူက အားလော်ရဲ့လက်ကို စားတာ။"


မဒမ်ချင်းက ပြုံး၍ ရှင်းပြလိုက်လေ၏။


"အဲ့ဒါက မောင်လေးက အားလော်ကိုချစ်လို့ပါ အားလော်ရဲ့။"


'ဘာလို့ သူက ငါ့ကိုချစ်ရတာလဲ။ ငါကဖြင့် သူ့အပေါ်ကို ကောင်းတဲ့စိတ်လေးတောင် ထားခဲ့တာမဟုတ်ဘူး။'


ဝေ့လော် နှုတ်ခမ်းကိုစေ့ထား၏။ ထိုမေးခွန်းများကို သူ(မ)အဖြေမထုတ်တတ်ချေ။ ထို့ကြောင့် ရှေ့သို့မတိုးတော့ဘဲ ‌ဝေ့ချောင်မိကို အဝေးမှသာ လှမ်းကြည့်လိုက်တော့သည်။ယနေ့မှာ ဝေ့ချောင်မိ၏ တစ်လပြည့်မွေးနေ့ ဖြစ်သောကြောင့် အမျိုးသမီးဧည့်သည်များ၏ အာရုံမှာ ဝေ့ချောင်မိထံတွင်သာ ရှိနေကြသည်။ မြို့စားယင်းစံအိမ်တွင် သခင်လေးတစ်ယောက် ထပ်မံမွေးဖွားလာသည်ကို လူတိုင်း သိထားကြလေ၏။ သို့သော်...


"သခင်လေးက ပဥ္စမမိသားစုရဲ့ ကလေးမဟုတ်လား.. ဘာဖြစ်လို့ စတုတ္ထမဒမ်က သူ့ကိုချီထားရတာလဲ... ပြီးတော့ ပဥ္စမမဒမ်ကိုလည်း မတွေ့ရပါလား..."


မဒမ်ချင်းက အားလုံးကို ရှင်းပြလိုက်သည်။


"ပဥ္စမခဲအိုရဲ့ အမျိုးသမီးက ကလေးမွေးပြီးကတည်းက မကျန်းမာတာမို့ အိပ်ရာထဲက မထနိုင်ဘဲ အနားယူနေရတာပါ။ ဒါကြောင့်လည်း ဒီနေ့ပွဲမှာ သူ(မ)ကို မတွေ့ရတာပါ။"


ထိုစကားကိုကြားမှ သူတို့ နားလည်နိုင်သွားကြ၏။ ယနေ့ပွဲသို့ လာရောက်ကြသော ဧည့်သည်တော်အမျိုးသမီးများမှာလည်း ကလေးမွေးဖူးသူများ ဖြစ်သောကြောင့် ထိုသို့သော အခြေအနေများကို သေသေချာချာ ကြုံတွေ့ဖူးသဖြင့် နားလည်ကြလေသည်။ မဒမ်ချင်းလည်း ခပ်ဖွဖွပြုံးကာ သူတို့၏စကားများကို နားစွင့်နေမိ၏။ သို့သော် သူတို့က မည်သည်ကိုမျှ သံသယမဝင်သောကြောင့် အပိုစကားများ မပြောခဲ့ကြပေ။


——


လျောင်ယူရုန်က အဝါရောင် သစ်မာပင်အနောက်သို့ ဝေ့လော်ကို ဆွဲခေါ်လာပြီး ထူးထူးဆန်းဆန်း မေးလိုက်သည်။


"အဲ့ဒါ နင့်မိထွေးရဲ့ သားလား။"


လျောင်ယူရုန်မှာ ယနေ့ပွဲအခမ်းအနားသို့ မိခင်နှင့်အတူ ရောက်လာခြင်းဖြစ်၏။ လျောင်ယူရုန်၏မိခင်၊ တိုက်နယ်မင်းကြီး ဖင်းယွမ်၏ ဇနီးမှာ ကျောင်းမြောင်လန်၏ သွေးသောက်ညီအစ်မဖြစ်သည်။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာလည်း လွန်စွာရင်းနှီးခဲ့ကြသည်။ ယနေ့ကဲ့သို့ နေ့မျိုးတွင် မြို့စားယင်း၏ အသက်(၆၀)ပြည့် မွေးနေ့ပွဲကို သူ(မ) လာရောက်ရန် တာဝန်ရှိနေခြင်းမဟုတ်ပါက ရောက်လာလိမ့်မည်မဟုတ်ပေ။ သူ(မ)နှင့် ကျောင်းမြောင်လန်၏ ဆက်ဆံရေးမှာ အလွန်ကောင်းမွန်ခဲ့သောကြောင့် မဒမ်တု၏ကလေးကို သူ(မ) မတွေ့ချင်သည်မှာ မထူးဆန်းတော့ချေ။ ယခုတွင်လည်း သူ(မ)က ခပ်လှမ်းလှမ်း တစ်နေရာတွင်သာ ထိုင်နေပြီး ပျော်ရွှင်သည့် အရိပ်အယောင်မျိုး သူ(မ)မျက်နှာတွင် မရှိနေခဲ့ပေ။


"အင်း။"


ဝေ့လော် ခေါင်းညိတ်လိုက်၏။ ထိုအခါ မဒမ်ချင်းချီထားသည့် ကလေးကို လျောင်ယူရုန် လှည့်ကြည့်လိုက်သည်။ တစ်ခဏကြာသော် သူ(မ)က ပြန်လှည့်လာပြီး ထင်မြင်ချက်ကို ပြောပြလိုက်လေ၏။


"ရုပ်ဆိုးတယ်နော်။"


လျောင်ယူရုန်မှာ မဒမ်တု၏ လုပ်ရပ်များအကြောင်း မသိထားခဲ့သော်လည်း ကလေးများ၏ အမြင်တွင်မူ မိထွေးဟူသည် ကောက်ကျစ်ယုတ်မာပြီး ရက်စက်တတ်သူဟုသာ မှတ်ယူထားလေ၏။ ယခုတွင် ထိုစကားကို ပြောလိုက်ခြင်းမှာလည်း မဒမ်တုအပေါ် မကျေနပ်ချက်များကြောင့်ဟု ဆို၍ရနိုင်ပေသည်။ ဝေ့လော်ကလည်း လျောင်ယူရုန်၏အဆိုကို မငြင်းဆန်ဘဲ တိတ်ဆိတ်နေလေ၏။


ဧည့်သည်တော်များထဲမှ အမျိုးသမီးများက တစ်ယောက်ပြီးတစ်ယောက် ဝေ့‌ချောင်မိကို ချီကြည့်ကြသည်။ ဝေ့ချောင်မိကို ချီထားရင်း အခြားတစ်ယောက်လက်ထဲသို့ မထည့်ပေးခင်တွင် နိမိတ်ကောင်းသော စကားများကိုလည်း ပြောပေးခဲ့ကြသေး၏။ ထို့ပြင် သူတို့ပြင်ဆင်လာသော လက်ဆောင်များကိုလည်း ပေးခဲ့ကြသေးသည်။ ထိုကလေးကို မဒမ်ချင်းက ပြုစုစောင့်ရှောက်ရခြင်းဖြစ်သောကြောင့် မဒမ်ချင်းကသာ ထိုလက်ဆောင်များကို ကိုင်တွယ်ရသည်။ ထို့ကြောင့် လက်ဆောင်များကို သေသေချာချာလက်ခံရန် အစေခံမိန်းကလေးများအား မှာကြားလိုက်ပြီးနောက် ဝေ့ချောင်မိကိုလည်း သူ(မ) ပြန်ချီလိုက်လေသည်။


ထို့နောက် မဒမ်ချင်းက ပြုံး၍


"ချောင်မိလေးရဲ့ကိုယ်စား ကျွန်မကပဲ အားလုံးကို ကျေးဇူးတင်ပါတယ်နော်။"


ကြင်နာတတ်သည့် သဘောတရားကို ပြသရန်သာဖြစ်သောကြောင့် ကလေးများအတွက် လက်ဆောင်များမှာ စျေးမကြီးလှချေ။ အများစုမှာ ကလေးနှင့် ကလေး၏မိဘကို ကံကောင်းစေသည့် ကျောက်စိမ်းအဆောင်လက်ဖွဲ့များ သို့မဟုတ် ကလေးများအတွက် သက်စောင့်လည်ဆွဲများသာ ဖြစ်ကြသည်။ ထိုလက်ဆောင်များမှာ ကောင်းမွန်လှသော်လည်း တစ်မျိုးတည်း ဆင်တူဖြစ်သောကြောင့် ပျင်းစရာကောင်းနေပြန်သည်။


တိုက်နယ်မင်းကြီး ဖင်းယွမ်၏ ဇနီးကမူ ဝေ့ချောင်မိကို မချီသလို လက်ဆောင်လည်း မပြင်ဆင်လာခဲ့ချေ။ သူ(မ)အလှည့်သို့ ရောက်လာသည့်အခါ "ဂုဏ်ပြုပါတယ်" ဟူသော စကားတစ်ခွန်းကိုသာ ယဥ်ကျေးစွာ ပြောခဲ့၏။ သို့သော် မဒမ်ကျင်းကမူ သူ(မ)ကို စိတ်ဆိုးရမည့်အစား နားလည်နိုင်သည့် မျက်လုံးများဖြင့်သာ ကြည့်ခဲ့လေသည်။ ထိုနေရာတွင် လူများစွာရှိနေသည့်တိုင် ကံကောင်းစွာဖြင့် ထိုကိစ္စကို အာရုံစိုက်နေသည့်သူ သိပ်မရှိခဲ့ချေ။


တစ်ခဏကြာသော် အစေခံတစ်ယောက် ရောက်လာပြီး စားသောက်ပွဲ စတင်တော့မည်ဖြစ်သောကြောင့် ဧည့်သည်‌တော်များအနေဖြင့် ဧည့်ခံစံအိမ်ထဲသို့ ကြွရောက်ပေးရန် လာရောက်ပြောဆိုခဲ့သည်။ ထိုအခါ အားလုံး မတ်တတ်ရပ်လိုက်ကြပြီး မဒမ်ကြီးနှင့် ပထမမဒမ်၏ ဦးဆောင်မှုအနောက်မှလိုက်ကာ ဧည့်ခံစံအိမ်သို့ သွားခဲ့ကြသည်။ သို့သော် မဒမ်ချင်းနှင့် တိုက်နယ်မင်းကြီး ဖင်းယွမ်၏ ဇနီးတို့က မလိုက်သွားခဲ့ကြချေ။တိုက်နယ်မင်းကြီး ဖင်းယွမ်၏ ဇနီးမှာ သစ်မာထိုင်ခုံပေါ်တွင် အချိန်ကြာကြာ ငြိမ်သက်စွာ ထိုင်နေ၏။ သူ(မ)၏ ပုံပန်းသွင်ပြင်မှာ အလွန် သိက္ခာရှိလှသည်။ သူ(မ)ပုံစံက မဒမ်ချင်းကို တစ်ခုခုပြောချင်နေသကဲ့သို့ ဖြစ်နေ‌သော်လည်း မဒမ်ချင်းတွင်မူ သူ(မ)ကို ဧည့်ခံစကားပြောနေရန် အချိန်မရှိချေ။ သူ(မ) မဒမ်ချင်းကို ချဥ်းကပ်ရန် နည်းလမ်းရှာနေချိန်တွင် ဝင်ပေါက်မှတစ်ဆင့် လူတစ်ယောက်က စိတ်မရှည်သည့်ပုံစံနှင့် အစေခံမိန်းကလေး၏နောက်မှ လိုက်ဝင်လာလေ၏။


မဒမ်တုမှာ ယခုမှ သူ(မ)၏သားလေးကို ပထမဦးဆုံး မြင်တွေ့ရခြင်းဖြစ်သည်။ မိခင်မဟုတ်သည့် အခြားတစ်ယောက်က သားလေးကိုချီထားသည်ကို မြင်ရသည့်အခါ သူ(မ)ရင်ထဲတွင် ဓားတစ်ချောင်းစိုက်ဝင်သွားသကဲ့သို့ ခံစားရလေ၏။ သူ(မ)၏ အသားများကို ဓားနှင့်ခြစ်ထုတ်နေသကဲ့သို့ပင်။ လွန်စွာ နာကျင်လှသောကြောင့် သူ(မ) အသက်ရှူကျပ်လာခဲ့သည်။


'ဒါက ငါ့သားလေးရဲ့ ပုံစံပေါ့။ မျက်ခုံးမွေးက ကျဲကျဲလေးနဲ့ မျက်လုံးတွေကတော့ ကြီးပါတယ်... နှုတ်ခမ်းနဲ့ ပါးစပ်ကတော့ သေးသေးလေး...'


တစ်လဟူသည့်အချိန်ကို သူ(မ) မည်သို့စောင့်ဆိုင်းခဲ့ရသည်ကို သူ(မ) မသိချင်တော့ချေ။ နေ့ရက်တိုင်းတွင် နာကျင်နေခဲ့ရ၏။ သို့သော်လည်း ထိုနာကျင်မှုများထဲတွင် မျှော်လင့်ချက် ရှိနေခဲ့သည်။ မကြာခင်တွင် ချောင်မိကိုတွေ့ခွင့်ရကာ ချီခွင့်ရတော့မည်ဟုသာ သူ(မ)ကိုယ်သူ(မ) နှစ်သိမ့်နေခဲ့သည်။ ထိုအတွေးများ၏ အထောက်အပံ့ကြောင့်သာ သူ(မ) ယခုချိန်အထိ စောင့်နိုင်ခဲ့ခြင်းပင်။ ထို့ကြောင့် ယခု သားလေးနှင့်တွေ့ရသည့်အခါ တစ်လစောင့်ရသည်မှာ တန်သည်ဟု သူ(မ)ယူဆမိလေ၏။


မည်သည့် အသိပေးချက်မှ မပေးပါဘဲနှင့် သူ(မ) မဒမ်ချင်းဆီသို့ ပြေးသွားလိုက်သည်။ မဒမ်ချင်းက တားနေသည်ကိုလည်း ဂရုမစိုက်ဘဲ ကလေးကို သူ(မ)ဆီမှ လုယူကာ ဝေ့ချောင်မိကို ချီထားလိုက်တော့သည်။ ကလေး၏ အနှီးထုပ်ကို ခပ်ဖွဖွဖယ်ကာ မျက်နှာလေးကိုကြည့်ရင်း သူ(မ) မျက်ရည်ကျမိတော့သည်။ ထို့နောက် သူ(မ)တစ်ကိုယ်လုံး တုန်ယင်လာပြီး


"ချောင်မိလေး။ အမေလေ။ အမေ့ကို ကြည့်ပါဦး..."


ဝေ့ချောင်မိမှာ သူ(မ)ကို မမြင်ဖူးခဲ့ချေ။ အစပိုင်းကမူ သိချင်စိတ်များဖြင့် ပြန်ကြည့်မိသော်လည်း မဒမ်တုက သူ့ကို တင်းကျပ်စွာချီထားသည့်အခါ သူနာကျင်လာခဲ့သည်။ နူးညံ့လှသော သူ့မျက်နှာပေါ်သို့ မဒမ်တု၏မျက်ရည်များ ကျနေခြင်းနှင့် မဒမ်တု၏ အရူးတစ်ပိုင်းပုံစံတို့က ချောင်မိကို ထိတ်လန့်သွားစေသဖြင့် ချက်ချင်း အော်ငိုလေတော့သည်။ ဝေ့ချောင်မိ ပိုငိုလေ မဒမ်တုလည်း ပို၍ ထိတ်လန့်လေ ဖြစ်လာ၏။ ထို့ကြောင့် သူ(မ)က ချောင်မိကို ချော့မြှူရန် ကြိုးစားလိုက်သည်။


"မငိုပါနဲ့ သားရယ်။ ချောင်မိလေး... မငိုပါနဲ့။ အမေ ရင်တွေကွဲရတော့မှာပဲ..."


သို့သော် ထိုစကားများမှာ အသုံးမဝင်ခဲ့ဘဲ ဝေ့ချောင်မိက ပို၍ငိုလေ၏။ ထို့ပြင် မဒမ်ချင်းဆီသို့ လက်လှမ်းကာ မဒမ်တုထံမှလည်း လွတ်မြောက်ချင်နေခဲ့သည်။ ထိုအချိန်တွင် မဒမ်ချင်းမှာ တိုက်နယ်မင်းကြီး ဖင်းယွမ်၏ ဇနီးကို ဧည့်ခံချိန်မရတော့ချေ။ မဒမ်တုဆီသို့သာ လျှောက်သွားလိုက်ပြီး


"ပဥ္စမ ယောင်းမ... ချောင်မိလေးက ယောင်းမနဲ့ စိမ်းနေသေးတယ်... အခုတော့ သူ့ကို ကျွန်မပဲ ချီထားလိုက်ပါ့မယ်။"


ထိုစကားများမှာ မဒမ်တုကို ရန်စလိုက်သကဲ့သို့ပင်။ ရုတ်တရက် မဒမ်တုက နောက်သို့ခြေလှမ်းဆုတ်သွားပြီး ကလေးငယ်ကို တင်းကျပ်စွာပွေ့ချီကာ


"ငါက သူ့ရဲ့ အမေရင်းပဲ။ ဘာဖြစ်လို့ ငါ့ကို စိမ်းရမှာလဲ။"


ထို့နောက် သူ(မ)က စကားလမ်းကြောင်းပြောင်းလိုက်ပြီး ပြတ်သားစွာဖြင့်


"ငါ့သားလေးကို နင့်လက်ထဲ လုံးဝမပေးနိုင်ဘူး။ စိတ်ကူးယဥ်မနေနဲ့။"


ထိုသို့ပြောပြီးနောက် မဒမ်တုက တံခါးဆီသို့ ထွက်သွားလေ၏။ သူ(မ)ပုံစံမှာ ဝေ့ချောင်မိကိုခေါ်၍ ထွက်ပြေးရန် အချိန်မရွေး ပြင်ဆင်ထားသကဲ့သို့ပင်။ မူလကမူ သူ(မ)က ဝေ့ချောင်မိကို တစ်ကြိမ်တစ်ခါသာတွေ့ရန် အခွင့်အရေးရလာခြင်းဖြစ်သော်လည်း ယခုတွင် ဝေ့ချောင်မိနှင့် အမှန်တကယ်တွေ့ရသည့်အခါ လောဘစိတ်များ ဖြစ်မိခဲ့သည်။ တစ်ကြိမ်မြင်ရရုံနှင့် မကျေနပ်နိုင်တော့သောကြောင့် ယခင်သဘောတူညီချက်ကို နောင်တရခဲ့ပြီး ဝေ့ချောင်မိကိုလည်း သူ(မ)၏အဆောင်သို့ ပြန်ခေါ်သွားချင်နေခဲ့သည်။ သူ(မ)မဟုတ်သော အခြားတစ်ယောက်၏ လက်ထဲတွင် ဝေ့ချောင်မိကို မထားခဲ့နိုင်ပေ။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment