no

Font
Theme

Chapter 22.2

အထိန်းတော်ချူမှာ လျူလီကိုနားချနေရင်း ထိုဆေးကို လျူလီအစား သူ(မ)ကိုယ်တိုင်သာ သောက်ပေးလိုက်ချင်နေသည်။ သို့သော် ကံမကောင်းစွာဖြင့် လျူလီက သူ(မ)စကားကိုနားမထောင်ဘဲ ခေါင်းကိုသာယမ်း၍




“မသောက်ဘူး။ မသောက်ဘူး။”




အထိန်းတော်ချူက ဆေးတစ်ဇွန်းကို လျူလီ၏ပါးစပ်နားသို့ ယူသွားပေးလိုက်သော်လည်း လျူလီက ဇွန်းကိုဖယ်ထုတ်လိုက်ပြီး နီရဲနေသောမျက်လုံးများဖြင့် 




“မသောက်ဘူး။ အခြားသူတွေက ဆေးမသောက်ရဘဲ ဘာလို့ လျူလီတစ်ယောက်တည်း ဆေးသောက်နေရတာလဲ။ အထိန်းတော်ကြီး။ လျူလီလည်း အခြားမိန်းကလေးတွေလို ဖြစ်ချင်တယ်။ စွန်လွှတ်ဆော့တာတွေ ကြက်တောင်ကန်တာတွေ ကစားချင်တယ်။ ဒီဆေးကြီးကို နေ့တိုင်းမသောက်ချင်တော့ဘူး။ ဆေးက အရမ်းခါးတယ်။”




သူ(မ) စကားပြောရင်းနှင့် ငိုချလိုက်ပြီး အထိန်းတော်ချူ၏ရင်ခွင်ထဲသို့ တိုးဝင်သွားလိုက်သည်။ သူ(မ)၏စကားလုံးများကို နားထောင်လိုက်ပြီးနောက် အထိန်းတော်ချူလည်း အတော်လေးစိတ်မကောင်းဖြစ်သွားပြီး လျူလီလုပ်ကြံခံခဲ့ရသည့်အချိန်ကိုသာ ထပ်ကာထပ်ကာ ပြန်တွေးမိနေတော့သည်။




“မင်းသမီးလေးရယ်...”




သူတို့နှစ်ယောက်စလုံး အလွန်ဝမ်းနည်းနေကြ၏။ ထိုမြင်ကွင်းကို မြင်ရမှသာ ထိုမိန်းကလေးမှာ ဧကရီမိဖုရား၏ မင်းသမီးလေး ထျန်းကျီဖြစ်ကြောင်း ပတ်ဝန်းကျင်မှအမျိုးသမီးတို့ သိရှိသွားကြသည်။ အတွေးကိုယ်စီနှင့် သူတို့လည်း တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့တိုးကာ မင်းသမီးကိုနားချခဲ့ကြသည်။ ဆေးသောက်ပါက ကျန်းမာမည်ဟု ဆိုသူလည်းရှိသလို မင်းသမီးကို မငိုရန်ချော့မြှူသည့်သူလည်းရှိသည်။ သို့သော် ထိုအရာများမှာ တစ်ခုမျှအသုံးမဝင်ခဲ့ချေ။ ကျောင်းလျူလီမှာ ဝမ်းနည်းနေဆဲဖြစ်ပြီး မည်သူ့စကားကိုမျှလည်း နားမထောင်ခဲ့ချေ။




အမျိုးသမီးများအားလုံး မျှော်လင့်ချက်မဲ့နေချိန်တွင် အပြင်ဘက်မှ ကြည်လင်သောအသံတစ်ခုကို ကြားလိုက်ရသည်။




“တစ်၊ နှစ်၊ သုံး...”




ထိုအသံကိုကြားသော် အားလုံးက အပြင်ဘက်သို့အာရုံစိုက်လိုက်ကြ၏။ ထိုအခါ မိုးမခပင်အောက်တွင် ကြက်တောင်ကို ကန်ဆော့နေသည့် ချယ်ရီရောင်ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်နှင့် နံပါတ်များကို ရေတွက်နေသည့် နောက်ထပ်မိန်းကလေးတစ်ယောက်ကို သူတို့တွေ့လိုက်ရသည်။ ထိုမိန်းကလေးနှစ်ယောက်ကို အလိုက်မသိသူများဟု ကောက်ချက်ချကာ အမျိုးသမီးများက မျက်မှောင်ကြုတ်နေကြ၏။




‘မင်းသမီးက ဝမ်းနည်းပက်လက်နဲ့ငိုနေတာကို သူတို့ မမြင်ကြဘူးလား။ လာမနှစ်သိမ့်ဘဲနဲ့ အပြင်မှာ သွားဆော့နေတယ်။ တကယ့်ကို အလိုက်မသိတဲ့ မိန်းကလေးတွေပဲ။’




သို့‌သော် တဖြည်းဖြည်းနှင့် ကြက်တောင်ဆော့နေသောမိန်းကလေးကို သူတို့ အာရုံစိုက်မိလာသည်။ သူ(မ)၏ခန္ဓာကိုယ်မှာ အလွန်နွဲ့ပျောင်းနေပြီး ဟန်ချက်ညီလှသည်။ ကြက်တောင်ကိုကန်ရန် ခြေထောက်မြှောက်လိုက်သည့်အခါတွင် အနီရောင်ချည်ထိုးထားသည့် ဖိနပ်များက လေထဲမှကြက်တောင်ကို ထိထိမိမိကန်မိသည်။ တစ်ချက်ကန်လိုက်ပြီးနောက် ကြက်တောင်ပြန်ကျလာချိန်ကို စောင့်ဆိုင်းရင်း ညာခြေမှ ဘယ်ခြေပြောင်းကာ နောက်ထပ်ပုံစံတစ်မျိုးဖြင့် ကြက်တောင်ကိုကန်လိုက်ပြန်သည်။ နည်းလမ်းမျိုးစုံဖြင့် ကြက်တောင်ကိုကန်ရာတွင် သူ(မ)၏လှုပ်ရှားမှုများက သွက်လက်ကျွမ်းကျင်လှသောကြောင့် ကြည့်ရှုသူများအနေဖြင့်လည်း သဘောကျကာ ချီးကျူးလက်ခုပ်များ တီးပေးကြသည်။




အစောပိုင်းက သူ(မ)ကိုကြည့်နေကြသည့်မျက်လုံးများမှာ ယခုတွင် ကစားနေသည့်မိန်းကလေးနှစ်ယောက်ကို စိတ်ဝင်တစားကြည့်နေသည့်အခါ မင်းသမီးထျန်းကျီပင် အငိုတိတ်သွားပြီး ထိုမိန်းကလေးများကို အားကျစွာလှမ်းကြည့်လိုက်မိသည်။ 




ဝေ့လော်က ဆံပင်ကို နှစ်ဖက်ခွဲကာ ဆံထုံးထုံးထားပြီး အနီရောင် ပိုးဖဲပြားလေးနှင့် ချည်ထားသည်။ ထိုပိုးဖဲပြားတွင်လည်း အသံမြည်သော ခေါင်းလောင်းလေးတစ်လုံးစီ တပ်ထားသေး၏။ ကြက်တောင်ကို ကန်လိုက်သည့်အချိန်တိုင်း ထိုခေါင်းလောင်းလေးများ အသံမြည်ကြသည်။ ခေါင်းလောင်းသံကလည်း အားပေးနေသောကြောင့် ဝေ့လော် အချက်(၁၀၀)တိတိ ကြက်တောင်ကိုကန်လိုက်နိုင်ခဲ့သည်။ သူ(မ)ခြေထောက်မှာ အနည်းငယ် ကိုက်ခဲနေပြီဖြစ်သောကြောင့် ဆက်မကန်နိုင်တော့ဘဲ ခဏနားလိုက်ခြင်းပင်။ 




ယခင်ဘဝတုန်းက လယ်သမားမိသားစုအိမ်လေးတွင် ဝေ့လော်အားလပ်သည့်အချိန်တိုင်း အိမ်နီးချင်းမိန်းကလေးနှင့်အတူ ကြက်တောင်ကန်သည့် ကစားနည်းကို ကစားခဲ့ဖူးသည်။ ဝေ့လော်မှာ ကြက်တောင်ကန်ခြင်းကို အခြားသူများထက် ပို၍ကောင်းမွန်စွာ ကစားနိုင်ပြီး အချက် (၃၀၀)ထက် ပို၍ကန်နိုင်လေသည်။ ထိုသို့ ထူးချွန်ခဲ့သည့် ကျွမ်းကျင်မှုတစ်ခုက တစ်နေ့တွင် (၇)နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို ပျော်ရွှင်အောင်လုပ်ပေးရန် အသုံးဝင်လာလိမ့်မည်ဟု ဝေ့လော်မထင်ထားခဲ့ဖူးချေ။ 




ဝေ့‌လော် ကြက်တောင်ကိုကောက်ယူလိုက်ပြီး အဆောက်အအုံထဲသို့ဝင်လာသည်။ ထို့နောက် ကျောင်းလျူလီထိုင်နေသည့် ထိုင်ခုံအနီးသို့ ကပ်လာပြီးနောက် သူ(မ)ကို ပြုံးပြလိုက်ပြီး 




“ဆဋ္ဌမ မင်းသမီး။ ကျွန်မ ကြက်တောင်ကန်တာ တော်ရဲ့လား။”




ကျောင်းလျူလီက တွေဝေနေဆဲဖြစ်သော်လည်း ချက်ချင်း ဟန်ပန်ကိုထိန်းလိုက်ပြီး ဝေ့လော်ကို လေးစားသမှုဖြင့် ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။




“တော်တယ်။”




ဝေ့လော်မှာ တော်သည်ထက်ပင် ပို၍ထူးချွန်နေသည်။ ဝေ့လော်ကဲ့သို့ ကျွမ်းကျင်သူမျိုး ကျောင်းလျူလီ မမြင်ဖူးခဲ့ချေ။




ဝေ့လော်က ပြုံးပြလိုက်ပြီးနောက် ချိုသာသောအသံဖြင့် 




“မင်းသမီးရော ကြက်တောင်ကန်နည်း သင်ချင်လား။”




ကျောင်းလျူလီက ပို၍စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်ပြီး အနားသို့တိုးကာ 




“သင်ချင်တယ်။”




ထို့နောက် သူ(မ)က မရေရာမှုများဖြင့် တစ်ခဏရပ်ကာ ထပ်မေးလိုက်သည်။




“လျူလီ့ကို သင်ပေးနိုင်မလား။”




“ဒါပေါ့။ သင်ပေးနိုင်တယ်။”




ဝေ့လော်၏ ပြုံးနေသောမျက်နှာလေးမှာ အလွန်ချစ်စရာကောင်းလှသည်။ အစောပိုင်းက ကစားထားသောကြောင့် သူ(မ)နှာခေါင်းထိပ်တွင် ချွေးစလေးများရှိနေ၏။ နေရောင်အောက်တွင်ရှိနေသည့် သူ(မ)မျက်နှာလေးမှာ ကျောက်ရုပ်ကလေးကဲ့သို့ပင်။ 




သင်ပေးနိုင်ကြောင်း ပြောလိုက်ပြီးနောက် ကျောင်းလျူလီ အလွန်ဝမ်းသာသွားသည်ကို မြင်လိုက်သဖြင့် ဝေ့လော်က ထပ်ဖြည့်ပြောလိုက်သည်။ 




“ဒါပေမဲ့ ကြက်တောင်ကန်ဖို့ဆိုရင် ကျန်းမာတဲ့ခန္ဓာကိုယ် ရှိဖို့တော့လိုတယ်။ မဟုတ်ရင် လွယ်လွယ်လေး ထိခိုက်မိလိမ့်မယ်။ သင်ချင်တယ်ဆိုရင်တော့ အရင်ဆုံး နေကောင်းအောင်လုပ်ရမှာ။ ဒါမှပဲ သင်ပေးလို့ရမှာ။”




ဝေ့လော် အဘယ်ကြောင့် ထိုလုပ်ရပ်များလုပ်နေသည်ကို ဝေ့လော်ကိုယ်တိုင်ပင် မသိတော့ချေ။ ကျောင်းလျူလီ ငိုနေသည်ကိုမြင်ကာ သူ(မ) အနည်းငယ် သနားမိသွားသောကြောင့် ဖြစ်ပေလိမ့်မည်။ 




ဝေ့လော်၏စကားကို ကြားသော် ကျောင်းလျူလီ၏မျက်လုံးများက အရောင်လက်လာပြီး ဝေ့လော်၏အင်္ကျီစကိုဆွဲကာ 




“တကယ်လို့ လျူလီ နေကောင်းလာတယ်ဆိုရင် ကြက်တောင်ကန်နည်းတွေအားလုံး သင်ပေးမှာလားဟင်။”




ဝေ့လော်က ခေါင်းလေးစောင်းကာ သူ(မ)ကိုကြည့်လိုက်ပြီး 




“အင်းပေါ့။”




ထိုသို့ပြောလိုက်ပြီးနောက် ဝေ့လော်က စားပွဲပေါ်တင်ထားသည့် ဆေးပန်းကန်ကို လက်ညှိုးထိုးပြလိုက်ပြီး 




“ဒါပေမဲ့ မင်းသမီး ဒီဆေးကိုတော့ အရင်သောက်မှရမယ်။”




ကျောင်းလျူလီမှာ ဝေ့လော်ကို ယုံကြည်သွားပြီဖြစ်သောကြောင့် သူ(မ)စကားကို နားထောင်လိုက်ပြီး ချက်ချင်းပင်




“သောက်မယ်။ သောက်မယ်။ ကြက်တောင်ကန်နည်း သင်ပေးဖို့ကတိပေးနော်။”




ဝေ့လော် မေးထောက်ထားလိုက်ပြီး ခပ်ဖွဖွရယ်လိုက်သည်။ သို့သော် ကျောင်းလျူလီ၏အမေးကိုတော့ ပြန်မဖြေလိုက်ချေ။ သူ(မ) သေချာပေါက် ကတိဖျက်လိမ့်မည်မဟုတ်ချေ။ အကြောင်းမှာ ကျောင်းလျူလီ၏ခန္ဓာကိုယ်က ပြန်ကောင်းလာရန် ဖြစ်နိုင်ခြေနည်းသောကြောင့်ပင်။ ယခင်ဘဝက မင်းသမီးထျန်းကျီမှာ ရောဂါကြောင့် နှစ်ပေါင်းများစွာ အိပ်ရာမှမထနိုင်ခဲ့ချေ။ သူ(မ)ခန္ဓာကိုယ်မှာ အလွန်အားနည်းနေသောကြောင့် အသက် (၁၆)နှစ်အထိသာ အသက်ရှင်နေထိုင်ခဲ့ရသည်။ ဝေ့လော်ကိုယ်တိုင်ကလည်း အသက် (၁၆)နှစ်တွင် ဆုံးပါးသွားခဲ့သောကြောင့် ကျောင်းလျူလီကိုမြင်လျှင် သူ(မ)ကိုယ်သူ(မ) ပြန်မြင်ယောင်မိခြင်းဖြစ်သည်။ သူတို့နှစ်ယောက်စလုံးမှာ အသက်ကြီးသည်အထိ မနေသွားရသောကြောင့် ထပ်တူထပ်မျှ သနားစရာကောင်းခဲ့ကြသည်။ ထို့ကြောင့်လည်း ဝေ့လော်က သူ(မ)ကိုကူညီရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ 




‘ဒီတစ်ခေါက် ဆေးကိုသေချာသောက်ရင် လျူလီ ဒီထက်ပိုပြီး အသက်ရှည်ရှည်နေလို့ရမလားပဲ။’




အနီးနားမှ အထိန်းတော်ချူမှာ ဝမ်းသာလွန်းသဖြင့် မျက်ရည်ကျမိပြီး ဝေ့လော်ကိုလည်း လေးစားမိလေသည်။ အလွန်ကျေးဇူးတင်သောကြောင့် ဘာလုပ်ရမှန်းပင် မသိတော့ချေ။ 




“ဆေးက အေးသွားပြီ။ ကျွန်မ ဆေးကိုပြန်သွားနွှေးခိုင်းလိုက်ပါ့မယ်။ မင်းသမီး ခဏလေးစောင့်ပါ‌နော်။”




ကျောင်းလျူလီက သဘောတူလိုက်ပြီး နန်းတွင်းအစေခံများ ဆေးပြန်ယူလာပေးသည်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။ သူတို့ ပြန်ရောက်လာသည့်အခါ အထိန်းတော်ချူပင် ဆေးတိုက်ရန်မလိုလိုက်ဘဲ လျူလီက သူ(မ)ကိုယ်တိုင် သေသေချာချာသောက်လိုက်တော့သည်။




နောက်ဆုံးတွင် ငန်းရိုင်းစံအိမ်အတွင်း အရာအားလုံး သာမန်အတိုင်းပြန်ဖြစ်သွား၏။ ခုံနံဘေးတွင်ရှိနေသည့် မိန်းကလေးကို လူတိုင်းက ငေးကြည့်နေရင်း သူတို့၏မျက်နှာထားများမှာလည်း စုံလင်လှသည်။ သို့သော် ၎င်းကိုသတိမထားမိသည့် ဝေ့လော်က အပေါ်ထပ်သို့တက်ကာ စတုတ္ထအဒေါ်ကိုသွားရှာတော့မည့်အချိန်တွင် မဒမ်ချင်းက စိတ်ပူပန်စွာဖြင့် အောက်ထပ်သို့ပြေးဆင်းလာသည်ကို တွေ့လိုက်ရသည်။




ဝေ့လော် ရပ်လိုက်ပြီး သူ(မ)ကိုလှမ်းခေါ်လိုက်သည်။




“စတုတ္ထအဒေါ်။”




မဒမ်ချင်း လှည့်ကြည့်လိုက်ပြီး ဝေ့လော်ကိုတွေ့သည့်အခါ ချက်ချင်းပြန်လှည့်၍ သူ(မ)ကိုပြေးဖက်လိုက်တော့သည်။ ဝေ့လော် ဘယ်ရောက်နေကြောင်း မေးရန်ပင် အချိန်မရတော့ဘဲ သူ(မ)က ဝေ့လော်ကို ကပျာကယာနှင့်




“အားလော်။ အဒေါ်နဲ့ အမြန်လိုက်ခဲ့။ အခုပဲ အဒေါ့်ကို လူတစ်ယောက်လာပြောတယ်။ ချောင်ဟုန်က မင်းသားယုရန်ရဲ့ အမွေဆက်ခံသူနဲ့ ရန်ဖြစ်လို့ ရေကန်ထဲတွန်းချခံလိုက်ရတယ်တဲ့။”




ဝေ့လော်၏အပြုံးတို့ ပျောက်ကွယ်သွားပြီး ချက်ချင်းပင် စိတ်ပူသွားသည်။




‘ချောင်ဟုန်က ဘယ်လိုဖြစ်လို့ သူများနဲ့ ရန်ဖြစ်ရတာလဲ။ စကားတောင် အများကြီးပြောတတ်တဲ့ ကလေးမှမဟုတ်တာ။ အခြားသူက ရန်စတာပဲဖြစ်လိမ့်မယ်။”




မင်းသားယုရန်၏ သားဖြစ်သူ လီစုန့်ကို ဝေ့လော်သေသေချာချာသိသည်။ ယခင်ဘဝတုန်းက ထိုလီစုန့်မှာ ချောင်ဟုန်၏ကံဆိုးမှုနှင့် အဓိကသက်ဆိုင်နေသူဖြစ်ပြီး ဝေ့ကျန်းနှင့် မဒမ်တုတို့ သားအမိနှင့်‌ပေါင်း၍လည်း လျှို့ဝှက်ကြံစည်ဖူးသည်။ ဝေ့လော်၏မျက်လုံးများ အေးစက်လာ၏။ ယခုဘဝတွင်လည်း လီစုန့်က တူညီသော အကျင့်စာရိတ္တမျိုးဖြင့် ပြန်ပေါ်လာခြင်းပင်။




‘သူတို့က ဘာအကြောင်းနဲ့ ရန်ဖြစ်ကြတာလဲ။ သူက ချောင်ဟုန်ကို ရေထဲတောင် တွန်းချရဲတယ်ပေါ့။ တကယ်လို့ ချောင်ဟုန်သာ တစ်ခုခုထိခိုက်မိသွားရင် လီစုန့်ဆိုတဲ့ကောင်ကို အဆတစ်ရာ ပြန်ခံစားရအောင် ငါလုပ်ပြမယ်။’




ဝေ့လော်က မဒမ်ချင်း၏လည်ပင်းကို ဖက်ထားပြီး နှုတ်ခမ်းကိုတင်းတင်းစေ့ကာ မျက်နှာထားလည်း တည်တံ့နေသည်။ သူ(မ) ခေါင်းထောင်လိုက်သော် မထင်မှတ်ထားဘဲနှင့် တစ်စုံတစ်ယောက်၏အကြည့်များကို ရင်ဆိုင်လိုက်ရသည်။ အဆောက်အအုံ၏ မျက်နှာချင်းဆိုင်ကမ်းစပ်တွင် အစောပိုင်းက ဝေ့လော်ကြက်တောင်ကန်နေသည့် မိုးမခပင်အောက်၌ ကျောင်းကျယ် မတ်တတ်ရပ်နေ၏။ သူ့နှုတ်ခမ်းများက ပြုံးနေပြီး ဝေ့လော်ကို လေးနက်စွာကြည့်နေသည်။ မဒမ်ချင်းက သူ(မ)ကို တင်းတင်းကျပ်ကျပ်ဖက်ထားရင်း လမ်းကိုမြန်မြန်လျှောက်နေသောကြောင့် ကျောင်းကျယ်တစ်ယောက် အဝေးတွင်ကျန်ခဲ့လေ၏။ ကျောင်းကျယ်မှာ ထိုနေရာတွင်သာ တစ်ခဏရပ်နေရင်း သူတို့နောက်မှ ဖြည်းဖြည်းချင်းလိုက်သွားလိုက်သည်။ 




*****




Aurora Novel Translation Team



Report content on this page

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment