Chapter 34
အမည်နာမ သဘောတရားအရ မောင်လေးတော်စပ်သော ချောင်မိကို ဝေ့လော်နှင့် ချောင်ဟုန်တို့ ကြည့်ရှုရန် ရောက်လာကြ၏။ တကယ်တမ်းတွင် ဝေ့လော်မှာ ထိုကလေးနှင့်ပတ်သက်၍ ခံစားချက်ကောင်းကောင်း ထားမရခဲ့ချေ။ ယခင်ဘဝထဲက ဝေ့ချောင်မိ၏ ဆိုးဝါးသောလုပ်ရပ်များနှင့် ဆိုးသွမ်းလှသောပုံစံကြောင့် မဟုတ်သည့်တိုင် မဒမ်တု၏ သားဖြစ်နေသော အချက်ကပင် သူ့ကိုမကြိုက်ရန် အကြောင်းပြချက်ခိုင်လုံနေ၏။
သို့သော် ထိုသို့လာတွေ့ရခြင်းမှာ သူ(မ)မတတ်နိုင်ခဲ့သောကြောင့်ပင်။ ဝေ့ကွမ်းက တွေ့စေလိုသောကြောင့် သူတို့ လာတွေ့ရလေသည်။ ဝေ့ချောင်မိမှာ အရွယ်အစား သေးငယ်နေသေးပြီး ခန္ဓာကိုယ်ကလည်း အားနည်းနေ၏။ မဒမ်ချင်းက သူ(မ)အခန်းထဲတွင် ဝေ့ချောင်မိအတွက် ယာယီနေရာလေးတစ်ခု စီစဥ်ထားပေးခဲ့သည်။
စင်္ကြံလမ်းကို ဖြတ်သွားလိုက်ပြီးနောက် ပင်မဆောင်ထဲတွင် သစ်မာပုခက်တစ်လုံးကို သူတို့တွေ့ရ၏။ မဒမ်ချင်းမှာ ထိုပုခက်၏ဘေးတွင် ရှိနေပြီး ဝေ့ချောင်မိကို အဝတ်အစားဝတ်ပေးနေသည်။ သူ(မ)နံဘေးတွင် မက်မန်းရောင် ဝတ်စုံဝတ်ဆင်ထားသော အထိန်းတော်(၂)ယောက် ရှိနေ၏။
ဝေ့လော် ရှေ့သို့တိုးကာ ပုခက်ထဲသို့ ငုံ့ကြည့်လိုက်သည်။ ထိုအခါ သေးငယ်၍ ပိန်ပါးပြီး နီရဲရဲမျက်နှာနှင့် ကလေးငယ်တစ်ယောက်ကိုသာ သူ(မ) တွေ့လိုက်ရ၏။ သူ့ပုံစံမှာ ကြည့်မကောင်းနေခဲ့ချေ။ မဒမ်ချင်းက ဝေ့လော်ကို ပြုံးပြလိုက်ပြီးနောက် ချောင်ဟုန်ကိုလည်း အနားတိုးလာရန် လက်ဟန်ပြလိုက်၏။ ထို့နောက် ချောင်ဟုန်ကိုချီကာ ကလေးကိုပြလိုက်လေသည်။
မဒမ်ချင်းက
"ဘယ်လိုလဲ။ ချောင်မိလေးကို ကြည့်ကောင်းတယ်လို့ ထင်လား။"
အမြွှာနှစ်ယောက်မှာ တစ်ပြိုင်တည်း ညီညာစွာဖြင့်
"ရုပ်ဆိုးလိုက်တာ။"
ထိုအခါ မဒမ်ချင်း ရယ်လိုက်မိလေ၏။ ထို့နောက် သူတို့နှစ်ယောက်ကို ခေါင်းပုတ်ပေးလိုက်ပြီး သူ(မ)က စိတ်ရှည်စွာဖြင့်
"ချောင်မိလေးက ငယ်သေးလို့ပါ။ မွေးကင်းစ ကလေးတွေအားလုံးက ဒီလိုပုံစံပဲလေ။ နောက်ကျရင် တဖြည်းဖြည်းနဲ့ ကြည့်ကောင်းလာမှာပေါ့။"
ဝေ့လော် ဘာမှမပြောချေ။ နောင်တွင် ချောင်မိ မည်သည့်ပုံစံဖြစ်လာပါစေ ဝေ့လော်သူ့ကို သဘောကျမည်မဟုတ်ပေ။ သူ၏မိခင်မှာ စိတ်ယုတ်မာရှိသောသူ ဖြစ်နေသောကြောင့်ပင်။ ချောင်မိတွင် အပြစ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မုန်းခံရမည့်ကံကြမ္မာ ပါလာခဲ့ပြီးဖြစ်လေသည်။
မွေးကင်းစကလေးများမှာ အသံများကို သေသေချာချာကြားနိုင်သဖြင့် ရုတ်တရက် ငိုသွားခဲ့သည်။ ဝေ့လော်တို့၏ အသံများကြောင့် သူနိုးသွားခြင်း ဖြစ်ပေလိမ့်မည်။ လက်သီးကိုဆုပ်ကာ မျက်နှာကို ပွတ်သပ်နေရင်း ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်လာသည်။ ရှည်လျားကျဥ်းမြောင်းသည့် မျက်လုံးများမှာ မဒမ်တု၏ မျက်လုံးများနှင့် အလွန်တူပေသည်။ သူအရွယ်ရောက်လာသောအခါ ထိုမျက်လုံးများမှာ ကြမ်းတမ်းရက်စက်တတ်ပြီး အခြားသူများနှင့် အဆင်မပြေသည့် လူတစ်ယောက်အဖြစ် သူ့ကိုပြောင်းလဲစေမည်ပင်။ ယခုတွင်မူ ဝေ့ချောင်မိမှာ နူးညံ့ညင်သာသောမျက်လုံးများဖြင့် လူတိုင်းကို လိုက်ကြည့်နေလေ၏။ ထို့နောက် အားလော်နှင့် ချောင်ဟုန်ထံတွင် သူ့အကြည့်များကို ရပ်တန့်လိုက်သည်။ ဝေ့ချောင်မိမှာ သူတို့နှစ်ယောက်အကြောင်း သိချင်နေသကဲ့သို့ပင်။
သူ့အကြည့်ကို အားလော်က မနှစ်သက်ချေ။ ထို့ကြောင့် လက်တစ်ဖက်ဖြင့်လှမ်းကာ သူ့အကြည့်ကို ကာလိုက်သော်လည်း ချောင်မိက သူ(မ)၏လက်များကို လှမ်း၍ ဆုပ်ကိုင်လိုက်လေတော့သည်။ ထို့နောက် သူ(မ)လက်ကို လှမ်းဆွဲကာ ပါးစပ်ထဲသို့ ထည့်လိုက်လေ၏။ ဝေ့ချောင်မိမှာ ဝေ့လော်၏လက်မကို သူ့ပါးစပ်ထဲသို့ ထည့်လိုက်ခြင်းပင်။
အားလော်လည်း သတိလွတ်သွားသဖြင့် အံ့အားသင့်စွာသာ ငေးကြည့်နေတော့သည်။ မွေးကင်းစ ကလေးတစ်ယောက်၏ ခံတွင်းမှာ နူးညံ့နေပြီး တံတွေးများပြည့်နှက်နေ၏။ ထို့ကြောင့် ဝေ့လော် သူ(မ)လက်ကို ချက်ချင်းပြန်ဆွဲလိုက်တော့သည်။ ထို့နောက် သဘောမကျသည့်ပုံစံဖြင့် လက်ကို ခါထုတ်လိုက်ပြီး
"စိတ်ပျက်ဖို့ကောင်းလိုက်တာ..."
သူ့အား ထိုသို့စိတ်ပျက်သွားသည်ကို ဝေ့ချောင်မိ မသိချေ။ မျက်တောင်လေးခတ်ကာ ဝေ့လော်ကိုသာ ဆက်ငေးကြည့်နေခဲ့သည်။ ထိုအခါ မဒမ်ချင်းလည်း ရယ်လိုက်မိလေ၏။ ဝေ့လော်၏လက်ကို လက်ကိုင်ပုဝါဖြင့် သုတ်ပေးလိုက်ရင်း သူ(မ)က
"ကြည့်ရတာ ချောင်မိလေးက အားလော်ကို သဘောကျတယ်ထင်တယ်။ အခုမှ မြင်ဖူးတာကိုတောင် အားလော်ရဲ့ လက်ချောင်းလေးတွေကို သဘောကျနေတာပဲ။"
ဝေ့လော်မှာ အတော်စိတ်ပျက်နေသည့် မျက်နှာထားမျိုးဖြစ်နေသည်။
'ဘယ်လိုပါလိမ့်။ တော်တော်လေး စိတ်ပျက်ဖို့ကောင်းတယ်။ ငါ့လက်တစ်ခုလုံး သူ့တံတွေးတွေ ပေကုန်ပြီ။ ညစ်ပတ်လိုက်တာ။'
'ထင်ထားတဲ့အတိုင်းပဲ။ အဲ့ဒီ့ကလေးက မဒမ်တုနဲ့ တစ်ပုံစံတည်း။ သူများတွေကို ရန်စပြီး သူများမုန်းအောင် နေတတ်တာတွေ။'လက်မကို လက်ကိုင်ပုဝါဖြင့် ပြန်သုတ်လိုက်ပြီးနောက် ဝေ့လော် နောက်ပြန်ဆုတ်သွားလေ၏။ ထို့နောက် ရှုံ့မဲ့နေသော မျက်နှာဖြင့် ဝေ့ချောင်မိကို နို့တိုက်နေသော အထိန်းတော်ကို သူ(မ)ကြည့်လိုက်သည်။ ဝေ့ချောင်မိမှာ ပိန်ပြီး သေးငယ်လှသော်လည်း နို့သောက်ရာတွင်မူ တုံ့ဆိုင်းခြင်းမရှိဘဲ အားရပါးရရှိလေသည်။ မျက်နှာတစ်ခုလုံးကို အထိန်းတော်ကြီး၏ရင်ဘတ်ထဲတွင် နှစ်မြုပ်ထားရင်း အားရပါးရ နို့သောက်နေခြင်းပင်။ တစ်ဖက်နှင့် မဝသောကြောင့် အထိန်းတော်ကြီးက နောက်တစ်ဖက်သို့ပင် ပြောင်းတိုက်ရသေးလေသည်။ အချိန်တစ်ခဏ ကြာသောအခါမှသာ သူဗိုက်ပြည့်သွားတော့သည်။ ထိုကလေးမှာ အစားကြီးလေးဖြစ်၏။
ဝေ့လော် မေးထောက်ကာ တိတ်တဆိတ်တွေးလိုက်မိသည်။ ဝေ့ချောင်မိကို တွေ့ပြီးသွားပြီဖြစ်သောကြောင့် ဆက်နေရန်လည်း အကြောင်းမရှိတော့ချေ။ ထို့ကြောင့် ချောင်ဟုန်ကိုခေါ်ကာ ပြန်တော့မည့်အချိန်တွင် ခရမ်းရင့်ရောင် အဝတ်အစားများကို ဝတ်ဆင်ထားသည့် ဖီးနစ်မျက်လုံးများရှိသော လူတစ်ယောက်က အခန်းထဲသို့ အလျင်စလိုပြေးဝင်လာလေ၏။ ၎င်းမှာ ဝေ့ကျန်းပင်။
ဝေ့ကျန်းမျက်နှာမှာ ဖြူဖျော့နေလေသည်။ ထိုသို့ ဖြူဖျော့နေရခြင်းမှာ အပြင်ဘက်မှ လေတိုက်သည့် ရာသီဥတုကြောင့်လား၊ အခြားအကြောင်းအရာကြောင့်လား ဝေ့လော် သေချာမသိချေ။ မောဟိုက်နေရင်း ဝေ့ကျန်းတစ်ယောက် တံခါးကို မှီကာ အသက်ရှူနေလိုက်ပြီးမှ အခန်းထဲသို့ လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် မဒမ်ချင်း၏ လက်မောင်းပေါ်မှ မွေးကင်းစကလေးလေးပေါ်တွင် သူ(မ) အာရုံစိုက်လိုက်လေ၏။ ထို့နောက် မည်သည့်စကားမျှမပြောဘဲ သူတို့ဆီသို့ ပြေးသွားလိုက်တော့သည်။ အဘယ်ကြောင့် ရောက်လာရသည့်အကြောင်း မဒမ်ချင်းက မေးမြန်းသည့်အခါ ဝေ့ကျန်းက နှုတ်ခမ်းကိုစေ့၍ ချောင်မိကို ချီကြည့်ချင်ကြောင်း ပြောလေသည်။ ထိုအခါ အံ့အားသင့်သွားသည့် မဒမ်ချင်းက ကလေးကို တင်းကျပ်စွာဖက်ထားလိုက်သည်။ သို့သော် ဝေ့ကျန်းမှာ လက်နှစ်ဖက်ကို ရှေ့တိုးလိုက်ပြီး လက်မလျှော့ခဲ့ချေ။ မဒမ်ချင်းကမူ မတော်တဆ လွတ်ကျသွားမည်ကို စိတ်ပူသောကြောင့် ကလေးကို ပေးမချီနိုင်ခြင်းပင်။ သို့သော်လည်း ယခုအနေအထားမှာ လေသံမာရမည့် အနေအထားတစ်ခု ဖြစ်လာခဲ့လေသည်။
"ဘာလုပ်တာလဲ အားကျန်း။"
ဝေ့ကျန်းက ဝေ့ချောင်မိကို လုယူလိုက်ပြီးနောက် အခန်းထဲမှလူများကို ဒေါသဖြင့် လှမ်းကြည့်လိုက်ပြီး
"သူက သမီးမောင်လေး။ သမီးအမေရဲ့ သား။ အဒေါ့်သား မဟုတ်ဘူး။ သူ့ကို အမေ့ဆီပြန်ခေါ်သွားမှာ။"
ဝေ့ကျန်းမှာ ငယ်သေးသောကြောင့် ကလေးတစ်ယောက်ကို မည်သို့ချီသင့်ကြောင်း နားမလည်သည့်အတွက် ဝေ့ချောင်မိလည်း သက်သောင့်သက်သာမရှိခဲ့ချေ။ မွေးကင်းစ ကလေးတစ်ယောက်အနေဖြင့် သက်သောင့်သက်သာမရှိသည့်အခါ မည်သို့မျှ မထုတ်ပြောတတ်သောကြောင့် ကျယ်လောင်စွာသာ အော်ငိုလေတော့သည်။ သူ၏ငိုသံများမှာ အလွန်ဝမ်းနည်းနေသဖြင့် ကြားရသူတိုင်း စိတ်မကောင်းဖြစ်ချင်စရာပင်။
ထိုအခါ မဒမ်ချင်းက ရှေ့သို့တိုးလာပြီး
"ချောင်မိလေး ငိုနေပြီ။ သူ့ကို အထိန်းတော်ကြီးလက်ထဲ ပြန်ထည့်ပေးလိုက်ပါ။ အဒေါ့်ပြောစကားကို နားထောင် အားကျန်း။ သမီးရဲ့မောင်လေးက အရမ်းငယ်သေးတယ်။ သမီး ဒီလိုချီနေရင် ကလေး နာသွားလိမ့်မယ်..."
ဝေ့ကျန်းက ခေါင်းခါပြလိုက်ပြီး ဝေ့ချောင်မိကို တင်းကျပ်စွာဖက်၍
"ဟင့်အင်း။ မပေးဘူး။ မောင်လေးမရှိလို့ အမေက အရမ်းဝမ်းနည်းနေတာ။ အမေက အရမ်းငိုနေတာ။"
ထိုသို့ပြောပြီးနောက် ဝေ့ကျန်း အပြင်ထွက်သွားတော့သည်။ ဝေ့ချောင်မိမှာမူ အသက်ရှူရပ်လုမတတ် ငိုကျွေးနေလေ၏။ သနားစရာကောင်းသည့် မျက်နှာထားမျိုးဖြင့် မဒမ်ချင်းကိုလည်း ကြည့်သွားခဲ့သေးသည်။ မဒမ်ချင်းလည်း ဝေ့ကျန်းကိုတားရန် အစေခံများအား ချက်ချင်းအမူအရာပြလိုက်ပါသော်လည်း ဝေ့ကျန်းမှာ ကလေးဖြစ်သောကြောင့် သွက်လက်လှလေသည်။ ထို့ကြောင့် သူ(မ)ကိုတားသည့် အစေခံမိန်းကလေးများကိုလည်း ကွေ့ပတ်ရှောင်တိမ်းသွားခဲ့သည်။
ဝေ့ကျန်းတစ်ယောက် ဆင်ဝင်အောက်သို့ ရောက်လုနီးပါးဖြစ်လာသည့်အခါ မဒမ်ချင်း ဒေါသထွက်သွားလေ၏။ ထိုအကြောင်းကို ဝေ့ကွမ်းအား အသိပေးရန် အစေခံတစ်ယောက်အား အမိန့်ပေးတော့မည့်အချိန်တွင် ရုတ်တရက် ဝေ့ကျန်းရပ်လိုက်သည်။ ထိုအခါ မဒမ်ချင်းက သူ(မ)ဆီသို့ လမ်းလျှောက်သွားလိုက်ပြီးနောက် ဝေ့ကျန်း၏အနားသို့ ရောက်သည့်အခါ ဝေ့ကျန်းရပ်သွားရခြင်း၏ အကြောင်းပြချက်ကို သူ(မ) သိသွားတော့သည်။
ဝေ့ချောင်မိမှာ နို့သောက်ပြီးမကြာခင်တွင် ဝေ့ကျန်း၏ချီခြင်းကို ခံလိုက်ရသောကြောင့် နို့များကို ပြန်အန်ထုတ်လိုက်လေသည်။ ထိုကလေးက ဝေ့ကျန်း၏ လည်ပင်းနှင့် အဝတ်အစားများပေါ်သို့ နို့များအန်ချလိုက်ခြင်းပင်။ မဒမ်ချင်း အနားရောက်လာသည်ကိုသိသဖြင့် ဝေ့ချောင်မိက တစ်ဖန် ထပ်ငိုပြန်တော့သည်။ မဒမ်ချင်းက ဝေ့ချောင်မိကို ပြန်ချီလိုက်ပြီး တုန်လှုပ်ခြောက်ခြားနေသည့် ဝေ့ကျန်းကို လှမ်းကြည့်လိုက်သည်။ ထို့နောက် မဒမ်ချင်းက အစေခံမိန်းကလေးများအား
"ပဥ္စမသခင်မလေးကို အထဲခေါ်သွားပြီး အဝတ်အစားလဲပေးလိုက်။ နောက်တစ်ခါကျရင် ပဥ္စမသခင်မလေး မက်မန်းဆောင်ကိုရောက်လာတဲ့အခါ ငါ့ကိုအရင် အသိပေးကြ။"ထိုသို့နှင့် အစေခံမိန်းကလေးများလည်း ဝေ့ကျန်းကို ခေါ်သွားလိုက်ကြ၏။ မလှမ်းမကမ်းတွင် ဝေ့လော်မှာ ထိုအဆောင်မှ မထွက်သွားခင် မထိန်းနိုင်တော့သဖြင့် ရယ်လိုက်မိလေသည်။ ဗိုက်ကို လက်ဖြင့်ဖိကာ ရယ်မောနေသည့် ဝေ့လော်၏အသံမှာ ရွှင်ပြကြည်လင်နေပြီး သူ(မ)အပြုံးများကလည်း တောက်ပနေခဲ့၏။ ဝေ့ကျန်းက ရှက်လည်းရှက် စိတ်လည်းတိုမိရင်း ဝေ့လော်ကို ဒေါသကြီးစွာ လှည့်ကြည့်ခဲ့သေးသည်။
——–
ဟန်လင်အင်ပါယာကျောင်းတော်မှ ဝေ့ကွမ်းပြန်ရောက်လာချိန်တွင် ညနေ နေဝင်နေပြီဖြစ်၏။ အရောင်စုံလင်လှသော နေဝင်ချိန်မှာ လှပလွန်းလှသည်။ အိမ်ခေါင်မိုးများပေါ်တွင် အနီရောင်နှင့် လိမ္မော်ရောင် အလင်းတို့ ဖြာကျနေသဖြင့် မြို့စားယင်းအိမ်တော် တစ်ခုလုံးတွင် ပန်းရောင်တိမ်တိုက်များ အုပ်မိုးထားတော့သည်။
ဂင်ဂိုဆောင်မှ အခြေအနေများကို အစေခံများမှတစ်ဆင့် ဝေ့ကွမ်း ကြားသိခဲ့ရ၏။ မင်းမှုထမ်း အဝတ်အစားကိုလဲကာ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်လိုက်ပြီးနောက် တစ်ချက်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ယနေ့တစ်နေ့လုံး ဂင်ဂိုဆောင်တွင် ဆူညံနေခဲ့ပြီး ယခုမှသာ ငြိမ်သက်သွားခဲ့သည်။ သို့သော်လည်း အဆောင်တစ်ခုလုံး၏ပုံရိပ်မှာ အသက်မဝင်နေဘဲ စိတ်ဓာတ်ကျနေသကဲ့သို့ မှိုင်းညှို့ညှို့ ဖြစ်နေလေ၏။ မဒမ်တု၏ အခန်းထဲသို့ ဝင်သွားပြီး ကန့်လန့်ကာကို ဖြတ်သန်းလိုက်ပြီးနောက် စိတ်နှင့်ကိုယ်နှင့် ကင်းကွာနေသူတစ်ယောက်ကဲ့သို့ ကြမ်းပြင်တွင်ထိုင်နေသည့် မဒမ်တုကို သူတွေ့လိုက်ရသည်။ သူ(မ)က အဝတ်ပါးများကိုသာ ဝတ်ဆင်ထားပြီး ဆံပင်များကလည်း ပွကျဲနေသည်။ သူ(မ)၏ ပါးလွှာသောအဝတ်အစားများ အပေါ်တွင် ဝတ်ရုံတစ်ထည်သာ ခြုံထားလေသည်။ ယခုအချိန်မှာ ဆောင်းရာသီဖြစ်သောကြောင့် အခန်းထဲတွင် အနွေးဓာတ်ရှိနေလျှင်ပင် ကြမ်းပြင်က အေးစက်နေမည်ဖြစ်သည်။ သို့သော်လည်း သူ(မ)တွင် ထိုသို့ စဥ်းစားဆင်ခြင်နိုင်စွမ်းများ မရှိတော့ချေ။ မျက်ရည်များလည်း ခြောက်ခမ်းသွားပြီဖြစ်သောကြောင့် ဗလာဖြစ်သော ခံစားချက်နှင့် ကူကယ်ရာမဲ့ခြင်းတို့သာ ကျန်ရစ်တော့သည်။
မဒမ်တု ခေါင်းငုံ့ထားလေ၏။ ထို့နောက် သူ(မ)ရှေ့တွင် နှင်းများဖုံးနေသော ဖိနပ်တစ်ရံ ပေါ်လာခဲ့သည်။ ထိုဖိနပ်များပေါ်တွင် ရွှေချည်များလည်း ထိုးထားသေး၏။ ထိုအခါ သူ(မ)က ပျော်ရွှင်ခြင်း၊ ဝမ်းနည်းချင်း မရှိသောမျက်နှာမျိုးဖြင့် ဝေ့ကွမ်းကို မော့ကြည့်လိုက်သည်။ သူ(မ)မျက်ရည်များ ခမ်းခြောက်သွားပြီဟု ထင်ထားသော်လည်း တစ်ဖန် မျက်ရည်ကျလာပြန်တော့သည်။ ထို့နောက် ဝေ့ကွမ်း၏ ခြေထောက်ရှေ့သို့ တွားသွားလိုက်ပြီး သူ့လက်ကိုကိုင်ကာ တောင်းပန်လေတော့သည်။
"သခင်ကြီး။ ချောင်မိက ကျွန်မကိုယ်တိုင် ဝမ်းနဲ့လွယ်ပြီး မွေးထားခဲ့တဲ့ သားလေးပါ။ သခင်ကြီး ကျွန်မကို ဒီလိုမလုပ်ပါနဲ့။ စတုတ္ထယောင်းမမှာ သား(၃)ယောက်တောင် ရှိထားပြီးသားလေ။ အဲ့ဒီ့အိမ်ကိုသွားရင် ချောင်မိလေး ဘာအကျိုးမှရှိမှာမဟုတ်ဘူး။ ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မသားလေးကို ပြန်ပေးပါ။ သူက ကျွန်မသား... ကျွန်မသား..."
ယခုအချိန်ထိတိုင် မဒမ်တုမှာ အခြားသူများကို မကောင်းမြင်နေဆဲဖြစ်၏။ သူ(မ)၏ ကိုယ်ပိုင်လုပ်ရပ်များအပေါ် ယခုချိန်အထိ ပြန်လည်မသုံးသပ်နိုင်သေးချေ။
ဝေ့ကွမ်း သူ(မ)ကို ငုံ့ကြည့်လိုက်ပြီး စိတ်မကြည်လင်စွာဖြင့်
"ချောင်မိကြောင့် မင်းနှလုံးသားတွေ နာကျင်နေရတယ်ပေါ့။ ဟုတ်လား။"
မဒမ်တု ချက်ချင်း ခေါင်းညိတ်လိုက်လေ၏။
'မနာကျင်ဘဲ ဘယ်ရှိပါ့မလဲ။ ဒီတစ်ရက်လေးပဲ ရှိသေးတာတောင် သားလေး အဆင်ပြေနေရဲ့လားလို့ အကြိမ်ပေါင်းမရေနိုင်အောင် တွေးမိနေတာ။ သားလေးများ ငိုနေမလား၊ ဒုက္ခရောက်နေမလား၊ စတုတ္ထ ယောင်းမကရော ကောင်းကောင်းဆက်ဆံရဲ့လား၊ ကလေးကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံနေလား၊ ဒီလိုအတွေးတွေနဲ့ ရင်တွေပူနေရတာ။'
ဝေ့ကွမ်းလည်း ခေါင်းညိတ်လိုက်ပြီး သူ(မ)အား ထပ်မေးလိုက်၏။
"မင်း အားလော်ကို ကျွန်ကုန်သည်တွေဆီကိုရောင်းဖို့ လုပ်ခဲ့တုန်းက ငါဘယ်လိုခံစားနေရလဲဆိုတာ ကိုယ်ချင်းစာတတ်ပြီလား။"
ထိုစကားများကြောင့် မဒမ်တု တုန်လှုပ်သွားလေ၏။ တစ်ခဏကြာသော် ၎င်းမှာ လက်စားချေခြင်းဖြစ်ကြောင်း သူ(မ) နားလည်သွားတော့သည်။ ဝေ့ကွမ်းက သူ(မ)အား အသွေးအသားထဲအထိ နာကျင်ရသည့်ခံစားချက်ကို ခံစားစေလိုခြင်းပင်။ သူ(မ) စကားပြန်ပြောချင်ပါသော်လည်း ပြောစရာစကား ရှာမတွေ့ခဲ့ချေ။ ယခုအချိန်တွင် သူ(မ)၏အမှားကို ဝန်ချတောင်းပန်နေသင့်သည်ကို သူ(မ)သိသော်လည်း မည်သည့်စကားလုံးကိုမျှ ပြောမထွက်ခဲ့ပေ။
သူ(မ) ဝေ့ကွမ်း၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။ အချိန်ကြာခဲ့သည့် လက်ထပ်မှုသံယောဇဥ်ကြောင့် သည်တစ်ကြိမ်တွင် ခွင့်လွှတ်ပေးရန် သူ(မ) မျှော်လင့်နေမိသည်။ သို့သော် ကံဆိုးစွာဖြင့် ထိုသို့ဖြစ်မလာခဲ့ဘဲ ဝေ့ကွမ်းက အေးစက်စွာဖြင့်
"စတုတ္ထမရီးက ချောင်မိကို သေသေချာချာ ဂရုစိုက်ပေးတယ်။ ဒါကို မင်းစိတ်ပူစရာ မလိုဘူး။ စိတ်ကိုသာ အနားပေးပြီး ဒီနေရာမှာပဲ အနားယူလိုက်ဦး။ ချောင်မိအကြောင်းကို ထပ်မတွေးနဲ့။ မင်း ဒီကလေးကို မမွေးခဲ့ဘူး၊ ဒါတွေက အိပ်မက်ရှည်တစ်ခုသက်သက်ပဲလို့ ယူဆထားလိုက်။"
စိတ်ဝိညာဥ်တို့ လွင့်စဥ်သွားသည့် တုံ့ပြန်မှုမျိုးဖြင့် သူ(မ) ဝေ့ကွမ်းကို ကြည့်လိုက်သည်။ မည်သို့ စကားမျိုး ပြန်ပြောရမည်ကိုပင် သူ(မ) ခေတ္တမေ့သွားလေ၏။'ဘယ်လိုလုပ် မေ့လိုက်လို့ရမှာလဲ။ ဂင်ဂိုဆောင်ကို ရောက်လာကတည်းက ကျွန်မမှာ အဖော်ပြုစရာဆိုလို့ ချောင်မိပဲရှိခဲ့တာ။ ဘာမှလုပ်စရာမရှိလို့ အမြဲတမ်း ချောင်မိလေးနဲ့ စကားပြောပြီးနေခဲ့တာ။ ချောင်မိက ကျွန်မရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ အခု အဲ့ဒီ့မျှော်လင့်ချက်လေးတောင် မရှိတော့ဘူးဆိုရင် အသက်ရှင်နေတာထက် သေသွားတာကမှ ပိုကောင်းပါသေးတယ်။'
မဒမ်တု ဝေ့ကွမ်းအား တောင်းပန်လိုက်ပြန်သည်။
"ချောင်မိကို ကျွန်မ တွေ့ပါရစေ။ တစ်ခါလောက်ပါပဲ။ ကျွန်မ သားလေးကို မမြင်ဖူးလိုက်လို့ပါ..."
ဝေ့ကွမ်းက သူ(မ)၏လက်ကို ဖယ်ထုတ်လိုက်ပြီး အခန်းထဲမှ ထွက်သွားရန်ပြင်လိုက်၏။
"အခုတော့ မင်းနဲ့ ချောင်မိကို ပေးမတွေ့နိုင်သေးဘူး။ ချောင်မိက ကျန်းမာရေးမကောင်းလို့ သေသေချာချာ ဂရုစိုက်ဖို့လိုတယ်။ တစ်လပြည့်ရင်တော့ မင်းနဲ့ပေးတွေ့ဖို့ စီစဥ်ပေးမယ်။"
မဒမ်တု ချက်ချင်းမျက်နှာပျက်သွား၏။
"တစ်လတောင်လား။"
ဝေ့ကွမ်းက ထပ်၍
"မတွေ့ချင်ဘူးဆိုရင်လည်း ရတယ်။"
ထိုအခါ မဒမ်တုလည်း မတတ်နိုင်တော့ဘဲ သားလေးကိုတွေ့ချင်ကြောင်း ခပ်မြန်မြန် ပြန်ပြောလိုက်ရတော့သည်။
'တစ်လဆိုတော့လည်း တစ်လပေါ့။ သားလေးနဲ့ တွေ့ရတော့မယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် ကိစ္စမရှိတော့ဘူး။'
ဝေ့ကွမ်းထွက်သွားပြီးနောက် မဒမ်တုလည်း အသိစိတ်ပြန်ဝင်လာပြီး သူ(မ)ကိုယ်သူ(မ) နည်းလမ်းမျိုးစုံဖြင့် ဖျောင်းဖျနှစ်သိမ့်နေခဲ့သည်။
'တစ်လဆိုတာ မကြာပါဘူး။ မျက်စိတစ်မှိတ်အတွင်း ခဏလေးနဲ့ ကုန်သွားမှာ။ အဲ့ဒီ့အချိန်ကျရင် ငါနဲ့ ချောင်မိနဲ့ ပြန်တွေ့လို့ရပြီ။'
'သားလေးက ဘယ်လိုပုံစံလေးပါလိမ့်။ ငါ့ကိုရော ဘယ်လိုအမေမျိုးလို့ ထင်နေမှာပါလိမ့်။'
ထိုသို့တွေးမိသောအခါ သူ(မ) ဝမ်းနည်းဝမ်းသာဖြစ်ရ၏။ ထို့နောက် တစ်ဖန် ငိုပြန်တော့သည်။ ကလေးတစ်ယောက်၏ ခံစားချက်များမှာ ဖြောင့်မှန်လွန်းကြောင်း သူ(မ) သဘောပေါက်လိုက်၏။ သူ(မ)မှာ ဝေ့ချောင်မိ၏ မိခင်ရင်းဖြစ်ပါသော်လည်း မဒမ်ချင်းနှင့် တစ်လအတူနေပြီးသည့်နောက်တွင် ဝေ့ချောင်မိက သူ(မ)ကို မှတ်မိတော့မည်မဟုတ်ချေ။ မဒမ်ချင်းနှင့်သာ ရင်းနှီးနေလိမ့်မည်။
——–
(၁၂)လပိုင်း (၃)ရက်နေ့တွင် ဝေ့ချောင်မိ အသက်တစ်လပြည့်လေ၏။ ၎င်းမှာ မြို့စားယင်း ဝေ့ကျောင်းချွမ်၏ အသက်(၆၀)ပြည့် မွေးနေ့လည်းဖြစ်သည်။ ဝေ့ကျောင်းချွမ်နှင့် ဇနီးဖြစ်သူ မဒမ်လော်တို့က သူ၏ အသက်(၆၀)ပြည့် မွေးနေ့နှင့်အတူ ချောင်မိ၏ တစ်လပြည့်မွေးနေ့ကို အတူတကွကျင်းပရန် စားသောက်ပွဲပြုလုပ်ခဲ့ကြ၏။ ထိုပွဲတစ်ခုလုံး ဆူဆူညံညံနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့သည်။ မြို့စားယင်းအိမ်တော်တွင် လူများပြည့်နှက်နေ၏။ ထိုသူများမှာ မြို့စားယင်းနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိကြသည့် အရာရှိများ၊ ဂုဏ်သရေရှိပုဂ္ဂိုလ်များ ဖြစ်ကြသည်။
စားသောက်ပွဲ မစတင်ခင်တွင် မြို့စားယင်း အိမ်၏ ဂိတ်ဝ၌ ရထားလုံးများစွာ ရောက်နေသဖြင့် လမ်းပင်ပိတ်သွားခဲ့သည်။ ဂိတ်စောင့်များက ဧည့်သည်များကို ဧည့်ခန်းထဲသို့ လမ်းညွှန်ပေးလေ၏။ အမျိုးသမီး အုပ်စုကလည်း ဥယျာဥ်နံဘေးတွင်ရှိသော စင်္ကြံလမ်းမှ ဖြတ်လာခဲ့ပြီး ဧည့်ခန်းထဲသို့ ဝင်ခဲ့ကြသည်။
မွန်းတည့်ချိန်တွင် မြို့စားယင်းဖိတ်ထားသော ဧည့်သည်တော်များ ရောက်ရှိလာပြီး လူတစ်ယောက်သာ မရောက်လာဘဲ ရှိနေခဲ့သည်။ သူတို့အားလုံးကလည်း ထိုသူ လာတော့မည်မဟုတ်ဟု ထင်ခဲ့ကြလေသည်။ ထို့ကြောင့် စားသောက်ပွဲကို စတင်ရန် ပြင်ဆင်လိုက်ကြ၏။ ထိုအချိန်တွင် အစေခံတစ်ယောက်က သတင်းလာပို့ခဲ့သည်။
"သခင်ကြီး... မင်းသားကျင်း ကြွချီလာပါပြီ။"
(T/N ဇနီးလောင်းလေးကို တွေ့ရမဲ့အခွင့်အရေးဆိုတော့ မင်းသားက ဘယ်လိုလုပ် မလာဘဲနေပါ့မလဲ (。•ᴗ-)✧)
*****
Aurora Novel Translation Team