no

Font
Theme

Chapter 32.2

တစ်ခဏကြာသော် တိကျသေချာသော အဖြေတစ်ခုကိုယူ၍ သူတို့နှစ်ယောက် ပြန်ရောက်လာ၏။ တရားခံမှာ တတိယမိသားစုမှ မဒမ်လျူဟူသော အမျိုးသမီးပင်။ သတင်းများအရ မဒမ်လျူက ဝေ့လော်အတွက် စိုးရိမ်ပေးခဲ့သောကြောင့် ဝေ့လော်ကို ဂင်ဂိုသီးအစိမ်းများ မတော်တဆ ကျွေးခဲ့မိသည်ဟု အပေါ်ယံ ကာပြောပေးခဲ့ကြ၏။ သို့သော် သေသေချာချာ စူးစမ်းစစ်ဆေးကြည့်သောအခါ ၎င်းမှာ အမှန်တရားမဟုတ်ကြောင်း သိခဲ့ရလေသည်။ ထို့ကြောင့် ကျူ့ကုန်းနှင့် ရန်ဟောက်တို့ အခြားသတင်းများကိုလည်း ရှာဖွေလာကြ၏။


"စတုတ္ထသခင်မလေးရဲ့ အမေ မဒမ်ကျောင်းက ဆုံးသွားတာ မဟုတ်ပါဘူး။ မြို့စားယင်းရဲ့ အိမ်ကနေထွက်သွားနိုင်ဖို့ သေလူအဖြစ် နာမည်ခံလိုက်တာပါ။ သူ(မ)ရဲ့ အုတ်ဂူထဲမှာ ဘာမှမရှိပါဘူး အရှင့်သား။"


ထိုအချိန်က မည်သူမျှ မသိလိုက်ဘဲ ကျောင်းမြောင်လန် ထွက်သွားနိုင်စေရန် တိတ်တဆိတ် ကူညီပေးခဲ့သူတစ်ယောက် ရှိခဲ့၏။ သူ(မ)ပျောက်သွားသည်ကို သိသည်နှင့် ချက်ချင်းလိုက်ရှာခဲ့သော ဝေ့ကွမ်းပင်လျှင် သူ(မ)ကို ရှာမတွေ့ခဲ့ချေ။ မြို့စားယင်းအိမ်တော်မှ လူတို့မှာ ကျောင်းမြောင်လန် နာမကျန်းဖြစ်၍ ဆုံးသွားပြီဖြစ်ကြောင်း အပြင်လူများကို အသိပေးခဲ့၏။ ကျောင်းမြောင်လန် အမှန်တကယ် မဆုံးသွားခဲ့ကြောင်း သိထားသူမှာ အနည်းငယ်သာရှိသည်။ သို့သော် သူ(မ) မည်သည့်နေရာသို့ ထွက်သွားခဲ့ကြောင်းကိုတော့ မည်သူမျှ မသိခဲ့ချေ။


ကျောင်းမြောင်လန်၊ ဝေ့ကွမ်းနှင့် ဝေ့ချောင်တို့၏ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းမှာလည်း လျှို့ဝှက်ချက်တစ်ခု မဟုတ်ခဲ့သောကြောင့် အလွယ်တကူ စုံစမ်း၍ရနိုင်လေ၏။ ထို့ကြောင့် မဒမ်တုနှင့် မဒမ်လျူတို့ ဝေ့လော်ကို အဘယ်ကြောင့် ကြံစည်နေကြကြောင်း သိသာသွားလေတော့သည်။ ၎င်းမှာ အမျိုးသမီးများကြား ဖြစ်ပေါ်ခဲ့သော မနာလိုမှုကြောင့်ပင်။ ထိုမနာလိုမှုနှင့် အမုန်းတရားများကြောင့် အသက် (၆)နှစ်အရွယ် ကလေးတစ်ယောက်ကိုပင် သည်းမခံနိုင်ခဲ့ကြချေ။


ကျောင်းကျယ်က လက်မတွင်ဝတ်ထားသော ကျောက်စိမ်းလက်စွပ်ကို လှည့်ပတ်လိုက်ပြီးနောက်


"အဲ့ဒီ့ တတိယမဒမ်ရဲ့ အဖေဘက်ကဦးလေး လျူကျန့်ချင်းဆိုတာ ဟွေ့စီရင်စုရဲ့ ဆားသယ်ယူပို့ဆောင်ရေးဌာနက အရာရှိတွေထဲက တစ်ယောက်မဟုတ်လား။"


ကျူ့ကုန်း‌ ခေါင်းညိတ်လိုက်လေ၏။


"ဟုတ်ပါတယ် အရှင့်သား။"


ကျောင်းကျယ်က မျက်လုံးမှိတ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့ဒေါသများ ငြိမ်သက်သွားသည်မှာ မသေချာသေးသော်လည်း သူ့အသံမှာ (၁၅) နှစ်အရွယ် ကောင်လေးတစ်ယောက်ထက်ပို၍ ငြိမ်သက်အေးဆေးနေခဲ့လေသည်။


"ဆားသယ်ယူပို့ဆောင်ရေး အရာရှိဆိုတာ အကျိုးအမြတ်များပြီး အနေချောင်တဲ့ အလုပ်ပဲ။ ဒီနှစ်တွေမှာ လျူကျန့်ချင်းတစ်ယောက် မသမာတဲ့ လာဘ်ငွေတွေ အများကြီးရထားလောက်ပြီ။ သူ့ရဲ့ စာရင်းစာအုပ်နဲ့ မှတ်တမ်းတွေကို စစ်ဆေးဖို့ အမိန့်ပေးတယ်လို့ ပြောလိုက်။ ပြီးရင် အရာရှိ လျူကျန်းချင်းကို သင်ခန်းစာပေးဖို့ လာဘ်ပေးလာဘ်ယူလုပ်ကြောင်း သက်သေနှစ်ခု တစ်ခါတည်းရအောင် ရှာလာခဲ့။"


ကျူ့ကုန်းလည်း မင်းသားအမိန့်ကို နာခံလိုက်၏။ အရှင့်သားမှာ ထိုမိန်းက‌လေးနှင့်ပတ်သက်လျှင် စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်ပေလိမ့်မည်။ လက်ရှိတွင်လည်း ထိုမိန်းကလေးကို ကာကွယ်ရန် ရည်ရွယ်ချက်ရှိနေလေ၏။ ထို့ကြောင့် လျူမိသားစုကို ဒဏ်ခတ်နိုင်ရန် စီစဥ်နေပြီဖြစ်ရာ လျူမိသားစု၏ အနာဂတ်နေ့ရက်များမှာ လှပမည်ဟု မသေချာတော့ချေ။


ကျူ့ကုန်းနှင့် ရန်ဟောက်တို့ ထွက်သွားတော့မည့်အချိန်တွင် ကျောင်းကျယ်က


"ရန်ဟောက်။ နောက်ဆိုရင် ဒီမင်းသား အမိန့်ပေးတာကို စောင့်မနေဘဲ လုပ်သင့်တာကို လုပ်ခဲ့ပါ။ အခု မြို့စားယင်းအိမ်တော်ကို သွားပြီး စတုတ္ထသခင်မလေးကို စောင့်ကြည့်လိုက်။"


ကျောင်းကျယ် တစ်ခဏရပ်လိုက်ပြီး ဆက်ပြောလေ၏။


"သူ(မ)ရဲ့ လုံခြုံရေးကို သေသေချာချာကာကွယ်ခဲ့ပါ။ ပြဿနာ တစ်စုံတစ်ရာဖြစ်လာတာနဲ့ ဒီမင်းသားဆီကို ချက်ချင်း သတင်းပို့။ ဟုတ်ပြီလား။"


ရန်ဟောက် မှင်တက်မိသွား၏။ သူနှင့် ကျူ့ကုန်းမှာ လွန်ခဲ့သော (၅)နှစ်ကျော်၊ (၆)နှစ်ကတည်းက ကျောင်းကျယ်ကို အတူတူကာကွယ်ခဲ့ကြသည်။ ယခုတွင်မူ အရှင့်သားက အခြားတစ်ယောက်ကို ကာကွယ်စေရန် သူတို့အား စေလွှတ်နေလေ၏။


ရန်ဟောက် ထိတ်လန့်သွားပြီး


"အရှင့်သား..."


ကျောင်းကျယ်က မေးထောက်ထားကာ ရန်ဟောက်ကို မော့ကြည့်လိုက်သည်။


"မသွားချင်ဘူးလား။"


၎င်းမှာ ရုတ်တရက် အလုပ်ပြောင်းသွားပြီး အခြားသူကို စောင့်ရှောက်ပေးရမည့်အကြောင်းကြောင့် မဟုတ်ပေ။ တစ်ခဏစဥ်းစားကာ ထိုအပြောင်းအလဲကို လက်ခံလိုက်ပြီးနောက် မင်းသား၏အမိန့်ကို နာခံလိုက်လေသည်။


"ကျွန်တော်မျိုး ကာကွယ်ပေးမယ်ဆိုတာကို စတုတ္ထသခင်မလေးကို အသိပေးလိုက်ရမလား အရှင့်သား။"


ကျောင်းကျယ်က သူ့ကို အေးစက်စက်လှမ်းကြည့်လိုက်သောအခါ ထိုမေးခွန်းမှာ အဓိပ္ပာယ်မရှိသော မေးခွန်းတစ်ခုဖြစ်ကြောင်း ရန်ဟောက် သိလိုက်လေ၏။


'မင်းသားကျင်းက မြို့စားယင်းအိမ်တော်ရဲ့ စတုတ္ထသခင်မလေးကို ကာကွယ်ဖို့ လူလွှတ်လိုက်တယ်ဆိုတာကို အခြားလူတွေကို အသိပေးလို့ ဘယ်ဖြစ်မလဲ။ လူတွေသိသွားရင်ကော ဘယ်လိုထင်ကြမလဲ။ ဒါက သူတို့ဂုဏ်သိက္ခာအတွက် မကောင်းတဲ့အပြင် မလိုလားအပ်တဲ့ ပြဿနာတွေပါ ဖြစ်လာနိုင်သေးတယ်။'


ရန်ဟောက်က ချက်ချင်း နာခံလိုက်လေ၏။


"ကျွန်တော်မျိုး နားလည်ပါပြီ အရှင့်သား။ အရှင့်သားကို စိတ်မပျက်စေရပါဘူး။"


ကျောင်းကျယ် သူ့ကို လက်ပြလိုက်လေ၏။"သွားလို့ရပြီ။"


——–


ထိုသို့နှင့် ရန်ဟောက်မှာ နေ့တိုင်း ‌ဝေ့လော်၏နောက်မှနေ၍ တိတ်တဆိတ် လိုက်လံစောင့်ရှောက်ပေးနေခဲ့သည်။ မနက်တိုင်း ဝေ့လော် မည်သည့်အစားအစာကို စားတတ်ကြောင်း၊ မည်သို့သော စွပ်ပြုတ်မျိုးကို ဝေ့လော်ကြိုက်တတ်ကြောင်းနှင့် တစ်နေ့တာ ပြောဆိုခဲ့သည့် စကားများကို ရန်ဟောက် သေသေချာချာ လေ့လာခဲ့သည်။ ညရောက်သောအခါမှသာ မင်းသားကျင်း နေအိမ်တော်သို့ သူပြန်သွားလေသည်။ ကျောင်းကျယ်ကို တင်ပြရန် အ‌ရေးကြီးသည့် အကြောင်းအရာအချို့ကို ရွေးချယ်ရပေမည်။ အရေးကြီး အကြောင်းအရာ မရှိပါက ဝေ့လော်၏ တစ်နေ့တာလုပ်ငန်းစဥ်များကိုသာ ရိုးရိုးရှင်းရှင်း တင်ပြရပေမည်။


ထိုအကြောင်းအရာများကြောင့် ကျောင်းကျယ် မပျင်းနေခဲ့ချေ။ ရန်ဟောက်တင်ပြသည့် အကြောင်းအရာအားလုံးကို သေသေချာချာ ဂရုစိုက်၍ ကျောင်းကျယ်နားထောင်ခဲ့သည်။ ထိုညတွင်ပင် ဟွေ့စီရင်စုမှ ဆားသယ်ယူပို့ဆောင်ရေး အချက်အလက်များကို ကျောင်းကျယ် စစ်ဆေးကြည့်လိုက်သေး၏။ သူ့နံဘေးမှ ရန်ဟောက်က


"စတုတ္ထ သခင်မလေး သွားအသစ်ပေါက်လာပါပြီ..."


ကျောင်းကျယ် လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။ သွားအသစ် ပြန်ပေါက်နေသော သူ(မ)မျက်နှာလေး မည်သို့ဖြစ်နေမည်ကို သူတွေးကြည့်လိုက်မိ၏။ လအနည်းငယ်အတွင်း ထိုသွားက ပြန်ပေါက်လာခြင်းပင်။ ကျောင်းကျယ် တိတ်တဆိတ်ရယ်လိုက်မိ၏။ ထို့နောက် စာရင်းစာအုပ်ထဲမှ စာလုံးအချို့ကို အာရုံစိုက်ပုံဖြင့် စုတ်တံကို ကိုင်မြှောက်လိုက်သည်။ တစ်ခဏကြာသော် ကျောင်းကျယ်က


"သွားအသစ်ပေါက်တော့ သူ(မ) ဘယ်လိုတုံ့ပြန်မှုရှိလဲ။"


ရန်ဟောက်လည်း ဆက်လက်တင်ပြလိုက်၏။


"စတုတ္ထသခင်မလေးကို ကြည့်ရတာ ပျော်နေတဲ့ပုံပါပဲ။ မကြာမကြာလည်း ပြုံးတတ်တယ်။ ပြီးတော့ အသံထွက်လည်း ပိုပြီး ပီသလာပါတယ်။"


ကျောင်းကျယ် ရယ်လိုက်မိပြန်၏။ ယခင်ကမူ ဝေ့လော် သွားကျိုးနေသောကြောင့် စကားမပီသည့်အချက်ကို သူရယ်မောခဲ့သည်။ ထိုသို့ ရယ်မိသောကြောင့် ဝေ့လော်မှာ မင်းသားကျင်းကို အချိန်ကြာကြာ အမြင်မကြည်ဖြစ်နေခဲ့၏။ ယခုတွင်မူ သူ(မ)တွင် သွားအသစ်ပေါက်လာပြီဖြစ်သောကြောင့် ကျောင်းကျယ် အနည်းငယ် နောင်တရမိသည်။ သူ(မ)၏စကားသံကို နောက်ထပ်စနောက်၍ မရနိုင်တော့ချေ။


——


တစ်နေ့တာ လုပ်ဆောင်ချက်များအားလုံးကို စောင့်ကြည့်နေသူရှိကြောင်း ဝေ့လော်မသိချေ။ ရှေ့သွားလည်း ပြန်ပေါက်လာပြီဖြစ်သောကြောင့် သူ(မ) အလွန်ပျော်နေ၏။ သွားကျိုးနေသည်ကို အကြောင်းပြု၍ မည်သူမျှ သူ(မ)ကိုမလှောင်ရယ်နိုင်တော့ချေ။


တစ်ချိန်တည်းတွင်ပင် မြို့စားယင်းအိမ်တော်၌ ကိစ္စကြီးနှစ်ခု ဖြစ်ပျက်သွားခဲ့သည်။


တတိယမဒမ်၏ အဖေဘက်မှတော်စပ်သော ဒုတိယဦးလေး တစ်ခုခုဖြစ်ပုံရ၏။ ယခင်က ထိုဦးလေးမှာ လူတိုင်းအားကျရသော အနေချောင်သည့်အလုပ်တစ်ခုကို လုပ်ရသူဖြစ်ပြီး လျူမိသားစုကိုလည်း ထိုဦးလေးက ငွေကြေးထောက်ပံ့ပေးနိုင်လေသည်။ သို့သော် ယခုတွင် ထိုဦးလေး လျူကျန့်ချင်းမှာ တိုင်းပြည်အတွက် ပေါ့ဆမှုတစ်ခုကြောင့် စွပ်စွဲခံထားရသည်။ ဧကရာဇ်ကလည်း ဟွေ့စီရင်စု၏ ဆားသယ်ပို့ရေး ဌာနကို စစ်ဆေးရန် ပြင်ဆင်နေပြီဖြစ်သည်။ ထို့ကြောင့် လျူမိသားစုဝင်များအားလုံး အန္တရာယ်တွင်းသို့ ကျရောက်နေလေ၏။ အမှန်တကယ် စစ်ဆေးသည့်အခါ မည်မျှပမာဏရှိသော ပြစ်မှုများရှာတွေ့မည်ကို မည်သူမျှ မသိနိုင်သေးပေ။


ယခင်ရက်အနည်းငယ်ခန့်က တတိယမဒမ်မှာ တုန်လှုပ်ခြောက်ခြားခဲ့ပြီး အနားမယူနိုင် ဖြစ်ခဲ့ရသည်။ မူလက ဝေ့ချောင်၏ အပြစ်ပေးမှုအမိန့်ကြောင့် ကျမ်းစာများကို ကူးရေးနေခဲ့ရ၏။ ယခုတွင်မူ သူ(မ)အသိစိတ်ဖြင့် အမွှေးတိုင်များ ပူဇော်ကာ ဘုရားတွင် ဆုတောင်းနေရတော့သည်။ နေ့တိုင်း သူ(မ)စိတ်ထဲတွင် နေသာစေရန်အတွက် ကျမ်းစာ(၅)မျက်နှာကို ကူးရေးလေ့ရှိသည်။


ထိုသို့ဖြစ်သွားခဲ့သော မဒမ်လျူ၏ လုပ်ဆောင်ချက်များမှာ နားလည်ဖွယ်ရာရှိပေသည်။ လျူကျန့်ချင်းမှာ လျူမိသားစု၏ ကျောထောက်နောက်ခံဖြစ်၏။ သူပြိုကျသွားပါက လျူမိသားစုတစ်စုလုံး ပြိုလဲသွားမည်ပင်။ မဒမ်လျူမှာ မြို့စားယင်းမိသားစုနှင့် လက်ထပ်ထားသည့်တိုင် လျူမိသားစုမှာ သူ(မ)၏ မူလမိသားစု ဖြစ်ပေသည်။ ထို့ပြင် သူ(မ)ကို ထောက်ပံ့ပေးမည့် ဖခင်ဘက်မှမိသားစု မရှိတော့ပါက နောက်ပိုင်း မြို့စားယင်းအိမ်တော်တွင် ရှင်သန်ရမည့် သူ(မ)နေ့ရက်များမှာ လှပတော့မည်မဟုတ်ချေ။


နောက်ထပ် ကိစ္စတစ်ခုမှာ ဂင်ဂိုဆောင်မှ မဒမ်တုအကြောင်းဖြစ်၏။ ဆောင်းရာသီနှင့် နီးကပ်လာသောကြောင့် တစ်နေ့ထက်တစ်နေ့ ပိုအေးလာခဲ့သည်။ မဒမ်တုမှာ သူ(မ)ဗိုက်ထဲမှ ကြီးထွားဆဲရင်သွေးနှင့်အတူ ဂင်ဂိုဆောင်တွင် နေထိုင်ပြီး သူတို့ကိုစောင့်ရှောက်သည့် အစေခံနှစ်ယောက်သာ ရှိလေသည်။ တစ်နေ့တွင် လှေကားတစ်ခုပေါ်သို့ လမ်းလျှောက်တက်နေရင်း မဒမ်တု ခြေချော်သွား၏။ ပြုတ်ကျသွားသည့်အချိန်တွင် ချွေးများစိုရွှဲကာ ကလေးမွေးလုနီးပါး အခြေအနေ ဖြစ်သွားခဲ့လေတော့သည်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment