no

Font
Theme

အပိုင်း (၁) 


တစ်စုံတစ်ယောက်သည် သူ(မ)၏သွယ်သွယ်လျလျ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ဆူညံပွတ်လောရိုက်နေသည့် အသံတွေကြောင့် လုဝမ်ဝမ်တစ်ယောက် နိုးလာခဲ့သည်။


“ကွာရှင်း! နင်အဲ့ဒီ ရှန်းရီ ဆိုတဲ့အကောင်နဲ့ ကွာရှင်းစမ်း သူ့လို ဆင်းရဲမွဲတေပြီး အဆင့်မရှိတဲ့အကောင်မျိုးက နင့်ကို ဒီလိုအနိုင်ကျင့်ရဲတယ် ဟမ်? သူ့ကိုယ်သူ ဘာကောင်ထင်နေတာလဲ သူက???”


သူ(မ)အရှေ့မှ ကျက်သရေရှိပြီး လှပသည့်အမျိုးသမီးအသံဟာ ခံပြင်းပြီး ဒေါသထွက်‌နေကာ ဆက်၍ပြောလာပြန်၏။


“ဝမ်ဝမ် နင့်ကိုနင်လည်း ပြန်ကြည့်ကြည့်ပါအုံး ဘယ်လောက်တောင် ပိန်ပြီးတော့ ဖြူဖက်ဖြူ‌ရော်ဖြစ်နေသလဲဆိုတာ တစ်ကိုယ်လုံးလည်း အရိုးတွေကြီးပဲ လက်မှာတောင် ဒဏ်ရာဒဏ်ချက်တွေနဲ့”


လုဝမ်ဝမ် အိပ်ယာကနေ နှေးကွေးစွာ ထထိုင်လိုက်ပြီး အာရုံမစိုက်နိုင်ခင်မှာ သူ(မ)၏မျက်လုံးများဟာ အသက်မဲ့နေခဲ့သော်ငြား သူ(မ)အမြင်အာရုံဟာ တဖြည်းဖြည်း ရှင်းလင်းလာခဲ့ပြီးနောက်တွင် ဒီအခန်းက လုမိသားစုရဲ့အိမ်က သူ(မ)အိပ်ခန်း...။


လုဝမ်ဝမ်တစ်ယောက် အလွန်အမင်း နေမထိထိုင်မသာဖြစ်နေခဲ့သည်။ သူ(မ) စာအုပ်တစ်အုပ်ထဲသို့ ဝင်စားလာခဲ့ပြီး ယခုတစ်ကြိမ်က သူ(မ)နှစ်ကြိမ်သေပြီးနောက် တတိယမြောက်အကြိမ် ပြီးတော့.....


ငါ ခုထိဒီစာအုပ်ကနေမထွက်နိုင်သေးဘူးလားဟ?????


သူ(မ)က “ချမ်းသာတဲ့သခင်လေးရဲ့ နူးညံ့တဲ့အချစ်” ဆိုသည့် ချမ်းသာပြီး ခန့်ညားသည့်စီးပွားရေးသမားဆန်ဆန်အချစ်ဇာတ်လမ်းဝတ္ထုထဲကို ဝင်စားလာခဲ့သည်။ ဤဝတ္ထုသည် ဒရာမာများနှင့်သာ ပြည့်နေသည့် ဆိုးရွာသည့် ဝတ္ထု။ 


လုဝမ်ဝမ်ဟာ ငယ်စဉ်ကတည်းက လုမိသားစု၏သမီးကြီးအနေဖြင့် အလိုလိုက်အကြိုက်ဆောင်ခံထားရသူတစ်ဦး ဖြစ်သည်။ ဘဲဥပုံမျက်နှာ၊ စိုပြေသည့်အသားအရေ၊ ကြီးမားသည့် မျက်လုံးဝိုင်းဝိုင်းများနှင့် လှပသည့် မိန်းကလေးတစ်ယောက်ပေ။ သူ(မ)၏သနားစရာကောင်းပြီး စိုစွတ်နေသည့်မျက်လုံး‌များနှင့် ကြည့်လိုက်ရုံဖြင့် လူတွေရဲ့နှလုံးသားများကို ပျော့ပျောင်းသွားစေနိုင်စွမ်း၏။


ဇာတ်ဆောင်ရှန်းရီသည် မြို့တော်၏ ချမ်းသာကြွယ်ဝသည့် မိသားစုမှ ဆင်းသက်လာသည့် သခင်လေးတစ်ဦးဖြစ်ပြီး သူ့အဖေဟာ အိမ်ထောင်ရေးဖောက်ပြန်ပြီး မိသားစုထဲမှ ခွဲထွက်သွားခဲ့သည်။ ရှန်းရီ၏အ‌မေက ထိုကိစ္စနှင့်ပတ်သက်ပြီး သူ၏အဖေကို နာကြည်းမုန်းတီးသွားခဲ့ကာ သူ့ကို တိတ်တဆိတ် ခေါ်ထုတ်ပြီး အိမ်ပေါ်မှ ဆင်းသွားခဲ့သည်။ ထိုအချိန်မှစ၍ သူတို့နှင့်ပတ်သက်သည့်သတင်းဟူ၍ မရှိတော့ပေ။


လုအိမ်၏အကြီးဆုံးမမလေးနှင့် အဓိကဇာတ်ဆောင်ဟာ သူတို့ရဲ့အထက်တန်းပထမနှစ်တွင် တွေ့ဆုံခဲ့ကြပြီး သူ(မ)က ဇာတ်ဆောင်၏မြင့်မားသည့်အရပ်နှင့် ချောမောသည့်ရုပ်ရည်တွင် နစ်မြောသွားခဲ့ရသည်။ ၁၇၊၁၈အရွယ် ရှန်းရီက ဖြူပြီး အပြစ်အနာဆာကင်းသည့် မျက်နှာနှင့် အလွန်ဆွဲဆောင်မှုရှိသည့်အပြင် မျက်နှာအသွင်အပြင်သည်လည်း အလွန်ကောင်းမွန်ကာ အသားအရည်မှာလည်း ဝင်းပနေ၏။ အေးတိအေးစက်မျက်‌လုံးများ၊ မြင့်မာပြီး ဖြောင့်တန်းနေသည့် နှာခေါင်းနှင့် ထက်မြက်သည့်ပုံစံကိုလည်း ပိုင်ဆိုင်ထားသေးပြန်သည်။


လုမမလေးအတွက်တော့ ဒါကာ မြင်မြင်ချင်းအချစ် ဖြစ်ခဲ့ပြီး ပထမဆုံး သူ့ကိုမြင်တွေ့လိုက်သည့်အချိန်မှာပင် သူ(မ)ဟာ သူ၏ရုပ်ရည်နှင့် ပင်ကိုယ်စရိုက်မှာတင် စွဲလန်းသွားခဲ့ရသည်။


နောက်‌နေ့တွေမှာတော့ လုမမလေးတစ်ယောက် ဇာတ်ဆောင်ကို မရမကအသေအလဲ ပိုးပန်းတော့သည်။ အစောကတည်းက ကံဆိုးပြီး ဆင်းရဲရှာသည့်သခင်လေးဟာ ဆင်းဆင်းရဲရဲနေနေရရုံသာမက ကျောင်းကလူတွေ၏အနိုင်ကျင့်ခြင်းကိုပါ ခံရသေးသည်။ 


လုမမလေးသည် ရှန်းရီကို အချိန်တော်ကြာအောင်လိုက်ခဲ့ပြီးနောက်မှာတော့ သူ(မ)ရဲ့ ဇာတ်ဆောင်ကို ပိုးပန်းမှုဟာ အောင်မြင်သွားခဲ့သည်။ သူတို့နှစ်ယောက် ဘွဲ့မရခင်အထိ အတူလက်တွဲခဲ့ကြပြီးနောက် နောက်ဆုံးတွင် လက်ထပ်ခဲ့ကြသည်။


ဘယ်လိုပဲဖြစ်ဖြစ် သူ(မ)ကို သူ(မ)မိဘတွေက ကောင်းမွန်သည့်အဝတ်အစားများ၊ အရသာရှိ‌ပေ့ဆိုသည့် အစားအသောက်များနှင့် အဆင်မြင့်မြင့် ဇိမ်ရှိရှိပြုစုပျိုးထောင်လာသောကြောင့် သူ(မ)၏တကယ့်ပုံစံကာ အများထင်သလို ရိုးအပြီး ရိုးရိုးရှင်းရှင်းနေတတ်သည့်ပုံစံမဟုတ်။ 


အကြီးဆုံးလုမမလေးသည် ရေမရောသည့် ကြာပန်းဖြူ‌စင်စစ်ဖြစ်သည်။ ဇာတ်ဆောင်နှင့်အတူ ကြမ်းတမ်းပြီးမချောမွေ့သည့်လောကဓံကို ဖြတ်သန်း

ရသည့်အခါ သူ(မ)သည် သူ့အား မျက်စိစပါးမွှေး စူးလာခဲ့သည်။ သူ(မ)သည် ငယ်ရွယ်ပြီး ချမ်းသာသည့်အမျိုးသားများနှင့် မိတ်ဆွေဖွဲ့ပြီး ဘယ်အရပ်ရောက်ရောက် လူတကာကို ဆွဲဆောင်တော့သည်။ ညတိုင်းလိုလို ညဉ့်နက်သည်ထိ အိမ်ပြန်မလာသည့်အပြင် တစ်ခါတရံတွင်လည်း အိမ်ကို တစ်နေကုန် ပြန်မလာတတ်ပေ။


ထို့နောက်မှာတော့ ရှန်းရီသည် လုဝမ်ဝမ်အား သူ ကုမ္ပဏီကနေ အလုပ်ထွက်လာခဲ့ပြီဖြစ်ကြောင်း ပြောသည့်အခါတွင် လုမမလေးတစ်ယောက် သူ့ကိုရွံရှာသည့်ပုံစံနှင့် စကြည့်လာတော့ပြီး နောက်ဆုံးတွင် တုန့်ဆိုင်းမှုမရှိဘဲ ကွာရှင်းခွင့်တောင်းတော့သည်။


ထို့အပြင် ဇာတ်ဆောင်၏အဆိုးရွားဆုံးဖြစ်နေသည့်အခြေနေတွင် သူ(မ)က သူ(မ)၏လက်တွဲဖော်အသစ်နှင့် ပူးပေါင်းပြီး ဇာတ်ဆောင်၏ပရောဂျက်ကိုခိုး၊ သူ၏လုပ်ဖော်ကိုင်ဖက်များကို လာဘ်ထိုးပြီး သူ့ကိုအဆုံးထိ နလန်ပြန်မထူနိုင်အောင် လုပ်ကြံတော့သည်။


သို့သော် ထိုအချိန်တွင် သူ(မ) မသိသေးသည်မှာ ရှန်းရီကို ရှန်းမိသားစုက ပြန်ရှာတွေ့ခဲ့ပြီး သူဟာ ရှန်းအိမ်တော်၏ အသိအမှတ်ပြုခြင်းခံခဲ့ရပြီဖြစ်ကြောင်းကိုပင်။


မူလကတည်းက ဇာတ်ဆောင်၏စိတ်သည် မည်းနက်နေသည့်ကျောက်မီးသွေးဖြစ်ပြီး လုဝမ်ဝမ်သည်လည်း ရိုးရှင်းစွာနှင့်ပင် သူ၏မီးသွေးအဖြစ်ပြောင်းလဲမည့် ရန်သူများစာရင်းထဲ ပါဝင်လာခဲ့တော့သည်။


ကလေးဘဝတည်းက မှောင်မှိုင်းပြီး နာကြည်းချက်များဖြင့်ပြည့်နေခဲ့သည့် သူ့ရဲ့စိတ်ဟာ ယခုအချိန်မှာတော့ သူ့အား မည်သူကမျှ မရပ်တန့်နိုင်တော့ချေ။


ဇာတ်ဆောင်က သူ(မ)တို့ကုမ္ပဏီကို ဒေဝါလီခံသွားသည့်တိုင်‌အောင် လုမိသားစုကို အင်းဆက်များကဲ့သို့ သေသည်အထိ နင်းခြေဖျက်စီးခဲ့သည်။


အကြီးဆုံးလုမမလေးသည် ယခင်က နေထိုင်ခဲ့သကဲ့သို့ ချမ်းသာပြီး ဇိမ်ရှိရှိဖြင့် ဆက်မနေနိုင်တော့ကာ တစ်ယောက်တည်းအထီးကျန်ပြီး မသေခင်အထိ ကျန်းမာရေးချို့ချို့တဲ့တဲ့နှင့် ဆင်းရဲစွာ နေထိုင်ခဲ့ရသည်။


ပထမဆုံးအကြိမ် လုဝမ်ဝမ် စာအုပ်ထဲကို ဝင်စားလာသည့်အချိန် သူမစိတ်ထဲတွင် ထိုမျှလောက်ထိ စိတ်လှုပ်ရှားမနေခဲ့... အဘယ်ကြောင့်ဆိုသော် ထိုအချိန်မှာ ဇာတ်လမ်းက သူမဇာတ်‌ဆောင်ကို စပြီးပိုးပန်းသည့်အချိန်၊ သူ(မ)သေဆုံးခြင်းကို ဖြစ်စေသည့် ဇာတ်လမ်းဇာတ်ကွက်များ မရောက်သေးသည့်အတွက်...။ 


လုဝမ်ဝမ်တစ်ယောက် ထိုဇာတ်ကွက်များမဖြစ်လာအောင် အကောင်းဆုံးကြိုးစားခဲ့၏။ သူ(မ)နှလုံးသားတစ်ခုလုံးအား ဇာတ်ဆောင်တစ်ယောက်တည်းကိုပဲ ပေးအပ်ခဲ့ပြီး သစ္စာရှိရှိချစ်ခဲ့သည်တိုင် နောက်ဆုံး သူတို့နှစ်‌ယောက်လက်ထပ်ပြီးသွားသည့်အချိန်တွင်တော့ ဇာတ်ဆောင်က သူတို့တိုက်ခန်းတွင် သူ(မ)ကိုအကျဉ်းချထားခဲ့သည်။ 


မျှော်လင့်ထားတဲ့အတိုင်းပဲ ဒီလောကကြီးရဲ့စိတ်ကျန်းမာရေးအခြေအနေကို နားလည်နိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ကိစ္စ.....


သူ(မ)အား နှစ်တွေအကြာကြီး အကျဉ်းချထားခဲ့ပြီး သူ(မ)မှာ တိုက်ခန်းအပြင်ဘက်သို့ တစ်ခါလေးတောင် ထွက်ခွင့်မရခဲ့..... နေ့စဉ်နေ့တိုင်း သူ သူ(မ)အတွက်ပြင်ဆင်ပေးထားသည့် အဖြူ‌ရောင် ညအိပ်ဝတ်စုံလေးကို ဝတ်ကာ သူပြန်အလာကိုသာ စောင့်နေခဲ့ရသည်။


ဘယ်သူက ဒီလိုဘဝမျိုးကိုသည်းခံနိုင်မှာတဲ့လဲ..


ထို့ကြောင့် တစ်ညတွင် လုဝမ်ဝမ်တစ်ယောက် ရှန်းရီကိုဆေးခပ်ပြီး လသာဆောင် တံခါးသော့ကို ခိုးယူခဲ့သည်။ ထို့နောက် သူ မူးဝေနေသည့်အချိန်ကို အခွင့်ကောင်းယူကာ တံခါးကိုဖွင့်၊ မျက်လုံးကိုမှိတ်ပြီး ဆယ်လွှာမြင့်သည့် တိုက်ပေါ်ကနေ တွန့်ဆုတ်ခြင်းမရှိ ခုန်ချခဲ့သည်။


သူ(မ)အစကထင်ခဲ့သည်က ‘ငါ ဒီဝတ္ထုထဲကနေလွတ်မြောက်ပြီပေါ့’..........သို့ပေမဲ့ သူ(မ) ပြန်နိုးလာသည့်အချိန် နားလည်လိုက်သည်က သူ(မ)ဟာ ဒီကမ္ဘာထဲမှာပဲ ရှိနေသေးတယ်ဆိုတာ...


ဒုတိယအကြိမ်၊ ဒီတစ်ကြိမ်က သူ(မ)နှင့် ဇာတ်ဆောင်ချစ်သူတွေဖြစ်ပြီးသွားသည့်အချိန်မှာ စ၏။ နေ့တိုင်း ရှန်းရီနှင့်လိုက်လျောညီထွေမှုရှိရန် ရင်းနှီးခင်မင်မှုများရှိလာရန် သူ၏အမှောင်ဖုံး‌နေသည့်စိတ်များ ရွှင်ရွှင်ပျပျဖြစ်လာစေရန် ချစ်ခြင်းမေတ္တာများ၊နားလည်မှုများနှင့်အတူ သူ(မ) ကြိုးစားခဲ့သည်။


ဘွဲ့ရပြီးသည့်နောက် ရှန်းရီလက်ထပ်ခွင့်တောင်းလာသည့်အချိန် လုဝမ်ဝမ်ဟာ နှစ်ကြိမ်စဉ်းစားမနေဘဲ ငြင်းဆိုလိုက်သည်။


ပြီး‌နောက် ဘာဆက်ဖြစ်ခဲ့လဲဆိုတော့ ရှန်းရီက သူ(မ)ကို နောက်တစ်ကြိမ် အကျဉ်းထပ်ချခဲ့ပြန်၏။ ယခုတစ်ခါတွင် အလင်းရောင်မရှိ၊ မှောင်မည်းနေသည့် မြေအောက်ခန်းထဲတွင်...


အပေါက်ဆိုလို့ ကြွက်တိုးပေါက်တစ်ခုတောင် မရှိသည့်အခန်းတံခါးကို သော့ဖြင့်လစ်ဟာမှုမရှိအောင် တင်းတင်းကျပ်ကျပ် ပိတ်ထားခဲ့သည်။ အချိန်တွေကြာလာသည်နှင့်အမျှ နေရောင်ကင်းမဲ့မှုကြောင့် သူမ၏အသားရည်မှာလည်း တောက်ပလုနီးနီး ဖြူဖွေးလာခဲ့သည်။


တံခါးကနေ အနည်းငယ်လှုပ်ရှားမှုရှိလာတိုင်း သူ(မ)မှာ ကြောက်ကြောက်လန့်လန့်ဖြင့် အခန်းထောင့်လေးတွင် ကွေးပြီး ပုန်းအောင်းနေခဲ့ရသည်။


လုဝမ်ဝမ် သူ(မ) မြေအောက်ခန်းထဲမှာ နှစ်လလောက်နေခဲ့ရသည်ဆိုတာကို မှတ်မိပြီး ထို့နောက် သူမရေချိုးခန်းထဲမှာ ချော်လဲပြီး မေ့မြောသွားခဲ့တယ်ဆိုတာ.... ပြီးတော့ ထိုအချိန်မှာ သူ(မ)ထင်လိုက်သည်က နောက်ဆုံးတော့ ငါ ဒီစုတ်ပျက်နေတဲ့ အစုတ်ပလုတ်ဝတ္ထုထဲနေ လွတ်မြောက်ခဲ့ပြီပေါ့........


သို့ပေမဲ့ သူ(မ) လုံးဝမမျှော်လင့်ထားခဲ့သည်က သူ(မ) မျက်လုံးဖွင့်လိုက်သည့်အချိန် “ချမ်းသာတဲ့သခင်လေးရဲ့ နူးညံ့တဲ့အချစ်” ဆိုသည့်ဝတ္ထုထဲက လုဝမ်ဝမ်ဖြစ်နေသေးတယ်ဆိုတာ! အဆိုးဆုံးကတော့ ဒီတစ်ကြိမ်မှာ သူ(မ)က ရှန်းရီနဲ့လက်ထပ်ပြီးပြီဆိုတာပဲ!


‘ငါကျိန်ဆဲပစ်ချင်နေပြီ’


ငတုံးစာရေးဆရာနဲ့! အမှိုက်လိုဝတ္ထု!!


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment