အပိုင်း (၄၆)
"ကြည့်ရတာ ရှကျီကျယ်ကလေ တင်ဆက်သူအသစ်လေးကို အငြိုးထားနေပုံပဲနော်"
"နင် သတိမထားမိဘူးလား? အဲ့ဒီမစ်လုကလေ ဒီဒုတိယမျိုးဆက်သူဌေးလေးတွေကြားမှာ အတော်လေးရေပန်းစားတာ ၊ သူမကလှတယ်လေဟယ် တစ်ခါကဆို မြို့တော်ရဲ့ချမ်းသာတဲ့လူတစ်ယောက်ကတောင် သူ့ကို ပိုးပန်းခဲ့သေးတယ်"
"ဘယ်လိုလဲ သူအောင်မြင်သွားလား?"
"ငါကြားတာတော့ သူကအောင်မြင်လုနီးနီးပဲတဲ့ ဒါပေမဲ့ အဲ့ဒီသခင်လေးက လုဝမ်ဝမ်မှာကောင်လေးရှိတယ်ဆိုတာလည်း သိသွားရော တအားဒေါသထွက်သွားပြီး သူမကို အဆက်ဖြတ်ပြီး နောက်တစ်ခါ ထပ်မတွေ့တော့ဘူးလေ"
"သူက ဘယ်လိုလုပ်ပြီး အဲ့လိုတောင်လုပ်နိုင်ရတာလဲ? သူ့မှာ ကောင်လေးရှိနေပြီပဲဟာ တခြားလူတွေ ပိုးပန်းတာကိုဘာလို့လက်ခံနေသေးတာလဲ? သူ့မှာ အရှက်အကြောက်ရောရှိရဲ့မသိ?"
ဘုံပိုင်ခေါင်းမှ ရေကျသံ စတင်ထွက်လာပြီး အမျိုးသမီးက မှန်ရှေ့တွင် မိတ်ကပ်ကို ပြန်ပြင်ရင်း ဆက်ပြောလေ၏။
"မိန်းမလှတွေ ဘယ်လောက်များများကများ စိတ်ဖြူစင်ကြလို့လဲဟယ်? ပြီးတော့ အခုခေတ်မှာ ဘယ်သူကရော ချမ်းသာတဲ့မိသားစုကို လက်ထပ်ပြီး ဘဝကောင်းကောင်းနဲ့ မနေချင်ကြလို့လဲ?"
"သူ့ရဲ့ယောကျာ်းဟောင်းက ရှန်းမိသားစုရဲ့ဒုတိယသားအဖြစ် အသိအမှတ်ပြုခံထားရတယ်လို့ ငါ သတင်း ကြားထားသေးတယ် ၊ တစ်ချိန်ကျရင် ရှန်းမိသားစုရဲ့ပိုင်ဆိုင်မှုတွေက သူ့လက်ထဲရောက်ချင်ရောက်လာနိုင်မှာ တကယ်လို့ သူတို့သာ မကွာရှင်းဖြစ်ခဲ့ရင် အခုလောက်ဆို လုဝမ်ဝမ်တစ်ယောက် အလုပ်ဝင်လုပ်နေစရာတောင်မလိုဘူးနော်"
"နင်ပြောတာမှန်တယ် စဉ်းစားကြည့်ကာမှပဲ သူကတကယ်ကို သနားစရာပဲနော် ဒီလောက်ထိ ရက်ရက်စက်စက် စွန့်ပစ်ခံထားရတာ ဘယ်လောက်တောင် ဆိုးရွားလိုက်လဲနော်"
သူတို့၏အသံများက တဖြည်းဖြည်းဝေးသွားကြသည့်အချိန်တွင် လုဝမ်ဝမ် အိမ်သာအကန့်ထဲမှ ထွက်လာခဲ့လိုက်တော့သည်။ သူမက အလွန်တည်ငြိမ်စွာဖြင့် နှုတ်ခမ်းနီကို ပြန်ပြင်ဆိုးလိုက်ပြီး အိတ်ကို ကောက်လွယ်ကာ ခြေလှမ်းကျဲကြီးများဖြင့် အိမ်သာမှ ထွက်လာခဲ့သည်။
အခြားလူများ၏မျက်လုံးထဲတွင် ရှန်းရီနှင့် သူမ၏ကွာရှင်းမှုက အမှန်တကယ်တွင် ဤကဲ့သို့သော သနားစရာအဖြစ်သို့ ရောက်နေမှန်း မမျှော်လင့်ထားမိပေ။
ညစာစားပြီးသည့်နောက်တွင် လူအုပ်ကြီးက ပျော်ချင်နေကြသေးသဖြင့် သီချင်းသွားဆိုရန် စီစဉ်ခဲ့ကြသည်။ လုဝမ်ဝမ်သည် သူမက သီချင်းမဆိုတတ်ကြောင်း ဆိုကာ မလိုက်တော့ရန် ငြင်းပယ်ခဲ့သည်။
သေချာပါသည်။ မည်သူကမှ ထိုဆင်ခြေကို မယုံပေ။ သူတို့က သူမ ကွာရှင်းထားရသည့်ကိစ္စကြောင့် စိတ်အခြေအနေမကောင်းသည်ဟု ထင်ခဲ့ကြပြီး သူမအတွက် ခက်ခဲအောင် မပြုလုပ်တော့ချေ။
ဟိုတယ်စင်္ကြန်လမ်းတွင် လုဝမ်ဝမ်နစ်ယောက် အသိမိတ်ဆွေတစ်ယောက်နှင့် လာဆုံ၏။
လီရှင်းက လုဝမ်ဝမ်ကို ဤကဲ့သို့နေရာမျိုးတွင် မြင်လိုက်ရသဖြင့် အံ့အားသင့်သွားတော့သည်။ သူမထံသို့ လျှောက်သွားပြီး စိတ်လိုလက်ရ၊ ပေါ့ပေါ့ပါးပါးနှင့် အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
"မရီး ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ?"
လုဝမ်ဝမ်က အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။
"တိုက်ဆိုင်လိုက်တာ"
လီရှင်းက သူမနောက်မှ လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမကို ပြန်ကြည့်လေသည်။ သူ၏စိတ်ထဲတွင် ခန့်မှန်းမိပြီး မေးလိုက်၏။
"လုပ်ဖော်ကိုင်ဖက်တွေလား?"
လွန်ခဲ့သည့်ရက်အနည်းငယ်က ရီကောဆီကနေ လုဝမ်ဝမ်က အလုပ်စလုပ်ရန်ရည်ရွယ်နေသည်ဟု ပြောသံကြားလိုက်ရသည်။ သူ အစက လုဝမ်ဝမ်က ဒီတိုင်းလျှောက်ပြောနေတာပါဟုထင်ခဲ့သော်လည်း သူမ အမှန်တကယ်လုပ်လိမ့်မည်ကို မမျှော်လင့်ခဲ့မိပေ။
လုဝမ်ဝမ် တစ်ခဏစဉ်းစားလိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။
"အင်း အဲ့လိုပါပဲ"
တစ်စုံတစ်ယောက်က လီရှင်းကို မှတ်မိသွားပြီး သူက လုဝမ်ဝမ်နှင့် ဘယ်လောက်ရင်းနှီးနှီးရှိနေလဲဆိုတာကို မြင်ပြီး အံ့အားသင့်သွား၏။
လီရှင်းကပြုံးပြီး :
"မရီးလေး ကျွန်တော့်ကိုမျက်နှာသာလေးပေးပြီး ကျွန်တော်တို့ရဲ့ကိုယ်ပိုင်အခန်းထဲဝင်ပြီး ခဏတစ်ဖြုတ်ထိုင်သွားပါဦးလား"
လုဝမ်ဝမ်က ငြင်းလိုက်တော့မလို့ပင် သို့သော် ရှကျီ၏မနာလိုသော အကြည့်များကို သတိထားမိလိုက်ချိန်တွင် စိတ်ပြောင်းလိုက်သည်။
"ကောင်းပြီလေ ဒါဆိုလည်း ခဏလောက် ထိုင်တာပေါ့"
ရှကျီ၏မျက်နှာမှာ ဖျော့သည်ထက်ဖျော့လာ၏။ မြို့တော်၏ဂုဏ်သရေရှိမိသားစုများမှ ထိုလူများက သူတို့လက်လှမ်းချင်လျှင်တောင် မမီနိုင်သည့်နေရာတွင်ရှိကြသူများဖြစ်သည်။ ပုံမှန်တွင် သူမအဖို့ ဤကဲ့သို့ အဆင့်တန်းမြင့်သည့်လင်းရှုကဲ့သို့သခင်ငယ်လေးကို သူနှင့်အတူ ထမင်းအတူစားခွင့် သို့မဟုတ် အတူသောက်နိုင်ဖို့ပင်မဆိုထားနှင့်၊ တွေ့ရမြင်ဖို့ပင် ခက်ခဲလှ၏။
လုဝမ်ဝမ် နင်တကယ်ကိုကံကောင်းပါလား!
သူတို့နှစ်ဦးထွက်သွားပြီးနောက်တွင် နောက်တွင် ကျန်နေခဲ့သည့် လူအုပ်ကြီးက မျက်လုံးအပြူးသားများဖြင့် တစ်ယောက်တစ်ပေါက် ပြောနေကြပြီး ဘာတွေဖြစ်ပျက်နေသလဲကို ထင်ကျေးပေးချင်တိုင်းပေးလာကြတော့သည်။
"ခုနက လီရှင်း လုဝမ်ဝမ်ကို မရီးလေးလို့ခေါ်လိုက်တာ ဟုတ်တယ်မလား?"
"နင်ကြားတာမမှားဘူး သူက သူမကို တကယ်ကြီးမရီးလေးလို့ခေါ်သွားတာဟ။ ဒါပေမဲ့ လုဝမ်ဝမ်နဲ့ သူ့ယောက်ျားက ကွာရှင်းပြီးသွားကြပြီမဟုတ်လား…"
"သူတို့နှစ်ယောက် ခုနက လူတိုင်းဝင်ချင်တိုင်းဝင်လို့မရတဲ့ သီးသန့်အခန်းတွေချည်းပဲရှိတဲ့ ခုနှစ်လွှာကိုတက်သွားတာ ငါမြင်လိုက်တယ်၊ ပိုက်ဆံနဲ့အာဏာရှိရတာ အရမ်းကို ကောင်းတာပဲ"
"ငါတော့ အရမ်းကိုမနာလိုဖြစ်မိတာပဲ"
ဓာတ်လှေကားထဲသို့ လီရှင်းနှင့်အတူ လိုက်ဝင်လာသည့် လုဝမ်ဝမ်မှာတော့ သူမ၏ဆုံးဖြတ်ချက်ကို အနည်းငယ်နောင်တရမိနေ၏။ သူမ၏မသက်မသာဖြစ်နေသည့်ပုံကိုမြင်လိုက်ရသည့်လီရှင်းက ကြင်နာစွာဖြင့် သူမကို ဖြေသိမ့်ပေးလိုက်၏။
"မရီးလေး စိတ်ပူမနေပါနဲ့ ရီကောလည်း အဲ့ဒီမှာရှိတယ်"
သူက သူ၏မျက်လုံးများကို စဉ်းလဲသည့်မြေခွေးတစ်ကောင်ကဲ့သို့ မှေးကျဉ်းလိုက်၏။
လုဝမ်ဝမ်နှင့် ရှန်းရီတို့ ကွာရှင်းကြတော့မည်ကို သူသိပါ၏။ ကျောင်းရှီကျုံလည်းသိသလို အတင်းအဖျင်းများကို ဂရုမစိုက်သည့် ဖုချန်ဟိုက်တောင်မှ ထိုအကြောင်းကို ကြားထားသေးသည်။
သူတို့နှစ်ယောက် တကယ် ကွာရှင်းဖြစ်မလားကိုတော့ လီရှင်းမှာ ထိုကိစ္စနှင့်ပတ်သက်ပြီး ရှန်းရီကို မေးကြည့်သော်လည်း သူသည် ပါးစပ်ကို တွင်တွင် ပိတ်ထား၏။
သီးသန့်ခန်းထဲတွင် မီးရောင်မှာ မှိန်ဖျဖျသာ။ ရှန်းရီက မီးမညှိထားသည့် စီးကရက်တစ်လိပ်ကို လက်ကြားထဲညှပ်ထားရင်း ဆိုဖာအစွန်းတွင် ထိုင်နေ၏။
လီရှင်းက တံခါးကိုတွန်းဖွင့်ပြီး အထဲသို့ဝင်ကာ ထောင့်တွင်ထိုင်နေသည့် အမျိုးသားတစ်ယောက်ကိုကြည့်ပြီး ပြုံးလိုက်သည်။
"ရီကော ကျွန်တော် ခုနက အောက်ဆင်းရင်းနဲ့ မရီးလေးကိုတွေ့ခဲ့တယ် အဲ့ဒါကြောင့် ကျွန်တော် သူမကို ဒီကို ဖိတ်လိုက်တာ ရီကော စိတ်မရှိဘူးမလား?"
ရှန်းရီ၏မျက်တောင်မွေးများက လှုပ်ခတ်သွားပြီး မျက်လုံးများကို မြှင့်ကာ အနီရောင်ဂါဝန်ကို ဝတ်ဆင်ထားသည့် နူးညံ့သည့် ပန်းလေးတစ်ပွင့်ကဲ့သို့ လှပနေသည့် အမျိုးသမီးလေးကို လှမ်းကြည့်လိုက်သည်။
သူက သူ့ဘေးနားရှိ နေရာလွတ်တစ်ခုကို ပုတ်ပြပြီး ဩရှသည့်အသံတို့ဖြင့် :
"လာ ကိုယ့်ဘေးနားမှာလာထိုင်"
ရှန်းရီလည်း ဤနေရာတွင် ရှိနေမှန်းသာ ကြိုသိခဲ့ပါက လုဝမ်ဝမ် လိုက်လာခဲ့မည်မဟုတ်ပေ။
ဘယ်လိုပဲဖြစ်ဖြစ် သူ(မ)တို့နှစ်ယောက်က မကြာခင် ကွာရှင်းကြတော့မည့်အတွဲသာဖြစ်သည်။ ရှန်းရီက သူ လုံးဝကွာရှင်းပေးမည်မဟုတ်ကြောင်း အတိအလင်ပြောခဲ့သော်ငြားလည်း။
လုဝမ်ဝမ် ဝင်ထိုင်လိုက်သည့်နေရာက သူနှင့် အလွန် မနီးကပ်နေပေ။ သူမ၏အမြင်တွင် ရှန်းရီက မည်သည့်ဖျော်ဖြေမှုမျိုးကိုမှ စိတ်မဝင်စားသကဲ့သို့ ဤကဲ့သို့သောနေရာကိုလည်း တစ်ခါမှ မလာဖူးချေ။
ဝိုင်ပုလင်းအနည်းငယ်က စားပွဲနိမ့်နိမ့်လေးပေါ်တွင် ဖွင့်ဖောက်ထားလျက်ရှိပြီး လုဝမ်ဝမ်က သိချင်စိတ်ဖြင့် မေးလိုက်၏။
"နင် ဒီညသောက်ထားတာလား?"
ရှန်းရီသည် တစ်ခဏ တန့်သွားပြီးမှ ပြန်ဖြေလာ၏။
"မသောက်ဘူး"
သူက သူ၏အရက်အရှိန်ကို ကောင်းကောင်းမထိန်းနိုင်သောကြောင့် အရက်သောက်ဖို့မှာ ဝေလာဝေဖြစ်၏။
ထို့အပြင် သူ ဒီနေ့ည ဤနေရာသို့ ရောက်လာသည့်အကြောင်းအရင်းကလည်း သူ(မ) ဒီနေရာတွင် မိတ်ဆုံစားပွဲအတွက် ရောက်လာလိမ့်မည်ကို ကြိုသိထားသဖြင့် အိမ်ပြန်ရန် တကူးတက လာကြိုခြင်းသာဖြစ်သည်။