အပိုင်း (၂၈)
လုဝမ်ဝမ် လိမ်လိမ်မာမာမနေခြင်းက ရှန်းရီအား စိတ်အနှောင့်ယှက်ဖြစ်ရစေ၏။ မည်သို့ပင်ဖြစ်စေ သူ့အနေနှင့် အကြင်နာတရားနှင့် နူးညံ့မှုများကို လုံလုံလောက်လောက် ပြသပေးခဲ့ပြီးပြီပင်။
လုဝမ်ဝမ်မှာမူ တစ်ခုခုမှားနေသည်ကို သတိမထားမိဘဲ သူမ မည်မျှ လောဘကြီးကြောင်း ပိုပြီးသိသာအောင်ပြရန်နှင့် ကောင်လေးများ မည်မျှရှိနေကြောင်း အရိပ်အခြည်ပြပြီး ဇာတ်ကွက်နောက်သို့ ရေလိုက်ငါးလိုက် လိုက်ရမည့်အကြောင်းကိုသာ စဉ်းစားနေခဲ့သည်။ သို့ဆိုပါက ရှန်းရီနှင့် ချောချောမွေ့မွေ့ကွာရှင်းနိုင်ရန်မှာ သူ(မ)အတွက် ပြဿနာတစ်ခု မဟုတ်တော့ချေ။
နောက်တစ်နေ့မနက်၌၊ လုဝမ်ဝမ်၏အကောင့်ထဲတွင် ငွေ အပိုသုံးမီလီယံ ရောက်လာခဲ့သည်။
သူမသည် ဖုန်းမှ နိုတီကို ကြည့်ရင်း အနည်းငယ် ကြက်သေသေသွားရ၏။
အဖိုးရှန်းက အတော်လေးစွမ်းဆောင်နိုင်တာပဲ၊ ကြည့်ရတာ ရှန်းရီဘေးကနေ သူမထွက်သွားတာကို မစောင့်နိုင်တော့ဘူး ထင်တယ်
ကျွန်မကလည်း ထွက်သွားချင်နေပါပြီနော်!
*
စားပွဲပေါ်တွင် အမဲရောင်နံ့သာတိုင်က လောင်ကျွမ်းနေပြီး ရှန်းရှီက သူ့ညီလေး၏ခွက်ထဲသို့ လက်ဖက်ရည်ငှဲ့ပေးလေ၏။ သူတို့နှစ်ယောက်က မတူညီသည့်အမေနှင့် ညီအကိုများဖြစ်ကြသော်လည်း သူနှင့် ရှန်းရီ၏ဆက်ဆံရေးမှာ အတော်လေး ကောင်းမွန်သည်ဟု ဆိုရမည်။
ရှန်းရှီက လက်ဖက်ရည်ကို သောက်လိုက်ပြီး သူ၏မျက်ခုံးများကို အနည်းငယ်ပင့်ပြီး အဓိပ္ပါယ်ပါစွာ စကားဆိုလာ၏။
“ဒီရက်တွေမှာ မင်းခယ်မလေးကို ပိုပြီးဂရုစိုက်နေတာကောင်းမယ်နော်၊ ရှေ့နေဖန်နဲ့ ငါနဲ့က နှစ်တွေအကြာကြီး ခင်လာကြတဲ့ သူငယ်ချင်းကောင်းတွေ၊ သူ ငါ့ကိုပြောတာ ခယ်မလေးက မင်းဖောက်ပြန်ပြီး အိမ်တွင်းအကြမ်းဖက်ပါတယ်ဆိုတဲ့ သက်သေကို ဖန်တီးနေတယ်တဲ့”
တစ်ခဏကြာတွေးတောပြီးနောက်တွင် ရှန်းရှီက သူ့ကို သတိပေးလိုက်သည်။
“မင်းနည်းနည်းဖြစ်ဖြစ် သတိထားနေတာပိုကောင်းမယ်”
ရှန်းရီသည် ခြေချိတ်ထိုင်ကာ သူ၏လက်ချောင်းရှည်များဖြင့် စားပွဲသို့ စိတ်မဝင်စားစွာ ခေါက်နေ၏။ သူက ခပ်ဖွဖွသာ ပြုံးပြီး စကားတစ်ခွန်း မဆိုလာချေ။
*
ယခုတစ်ကြိမ်မှာ တတိယအကြိမ်မြောက် ဝင်စားခြင်းဖြစ်သည့်တိုင် ရှန်းရီနှင့် မျက်နှာချင်းဆိုင်ရသည့်အချိန်တိုင်း သူမနှလုံးသား၏အနက်ရှိုင်းဆုံးတစ်နေရာတွင် ရှိနေသည့် အကြောက်တရားများက မလျော့သွားချေ။ သူမက ပုံမှန်အတိုင်း ကောင်းကောင်းမွန်မွန် ဖုံးကွယ်ထားနိုင်ရုံသာ။
လုဝမ်ဝမ်သည် သူမ၏ပထမနှစ်ကြိမ်ကျရှုံးမှုက ရှန်းရီကြောင့်သာ ဖြစ်မည်ဟု ခံစားရလေသည်။
ရှန်းရီကျောင်းသားဘဝတုန်းက တခြားသူတွေထက် ပိုပြီးသာမန်ဆန်လွန်းကာ၊ သူသည် တိတ်တိတ်ဆိတ်ဆိတ်နေတတ်သည့် ထိပ်တန်းကျောင်းသားတစ်ယောက် ဖြစ်သည်။
သူသည် ခန့်ညားသည့်အသွင်အပြင်နှင့် နူးညံ့သည့် မျက်နှာတစ်ခုကိုလည်း ပိုင်ဆိုင်ထားသေး၏။
သူမ၏ အထက်တန်းတက်စဉ်နှစ်များအတွင်း သူမ၏စိတ်တစ်ခုလုံးသည် ရှန်းရီအပေါ်၌သာ ရှိနေခြင်းကြောင့် ပညာရေးစွမ်းဆောင်ရည်များမှာ အလွန်ကောင်းမွန်ခြင်းမရှိပေ။ ထိုအချိန်တွင် ရှန်းရီက ချစ်စရာကောင်းပြီး နာခံမှုရှိကာ အိမ်စာရေးရန်နှင့် စာရွက်စာတမ်းများကို ကူးယူရန်ပင် ကူညီပေးခဲ့သည်။
ဆန့်ကျင်ဘက်အနေနှင့် သူမကိုယ်တိုင်က ကျောင်းတွင် လိမ္မာရေးခြားရှိသူမဟုတ်။ မကြာခဏဆိုသလို ကျောင်းနံရံကိုကျော်ပြီး အတန်းပျက်တတ်သည်မှာ သူ(မ)လုပ်ရိုးလုပ်စဉ်တစ်ခုလိုပင်။ အတန်းချိန်များတွင်လည်း ဖရဲသီးစေ့ကို ခိုးစားရင်း အာရုံလွင့်နေတတ်သေးသည်။
ထိုအချိန်က ရှန်းရီသည် စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်ဖြစ်ပြီး၊ သူ့မှာ သူမကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ သူ(မ)အား အားလျော့စွာ ပြောလာခဲ့သည်မှာ :
“ဝမ်ဝမ် လိမ်လိမ်မာမာနေပါကွာ”
အလွန်ကြာခဲ့ပြီးနောက်ပိုင်း၊ ညဉ့်နက်ချိန်များ၌ လုဝမ်ဝမ်တစ်ယောက် သူ့အောက်သို့ ရောက်နေခဲ့သည့် အချိန်များတွင် သူမနားနားသို့ ကပ်ကာ “ကိုယ့်ရဲ့ လိမ္မာတဲ့ ဝမ်ဝမ်လေး” ဟူ၍ တိုးတိုးလေး ညည်းကာ ပြောတတ်သေးသည်။
ထို့မတိုင်ခင်က သူမသည် အနှီကောင်လေးက ဤကဲ့သို့ရှုပ်ထွေပွေလီနေသည့်နှလုံးသားကို ဖုံးကွယ်ထားမှန်း မသိခဲ့ပေ။
လှောင်အိမ်ထဲတွင် ကနရီဘဝကဲ့သို့ နေထိုင်ရခြင်းမှာ လုံးဝကို မကောင်းမွန်ပေ။ ယခုအချိန်ထိတိုင် သူမတိုက်ခန်းထဲတွင်သာ နှစ်ပေါင်းများစွာ ပိတ်လှောင်နေခဲ့ရသည့်အချိန်များကို ပြန်တွေးကြည့်လျှင် သူမ၏ဦးခေါင်းနှင့် လက်များမှာ ရေခဲတမျှ အေးစိမ့်လာရသည်။
သူမဆိုသည်မှာ အိမ်မက်များအပြည့်နှင့် ကောင်မငယ်လေးတစ်ဦး၊ သူမ၏အတောင်များအား တစ်ပါးသူက အတင်းအဓမ္မ ရိုက်ချိုးမည်ကို မလိုချင်သူ။
မူလခန္ဓာပိုင်ရှင်နှင့် အမျိုးသားဇာတ်ဆောင်တို့ ကွာရှင်းရန်မှာ သိပ်မလိုတော့သည်ကို သူမမှတ်မိ၏။ အဖိုးရှန်းက မူလခန္ဓာပိုင်ရှင်ကို ပိုက်ဆံပေးပြီး ထွက်သွားရန် လာရှာပြီးသည့်နောက်၊ သုံးလအကြာတွင်ဖြစ်မည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် မူလခန္ဓာပိုင်ရှင်နှင့်လင်းရှုတို့မှာ တစ်ယောက်ကိုတစ်ယောက် မေတ္တာမျှနေကြပြီး သူတို့နှစ်ယောက်၏နက်ရှိုင်းရှိုင်းအချစ်ပန်းများက ဖူးပွင့်နေကာ အချစ်အတွက် သူမ,မလုပ်နိုင်သည့်အရာဟူ၍ မရှိခဲ့ချေ။
ထိုအကြောင်းများတွေးကြည့်ပြီး လုဝမ်ဝမ်၏စိတ်အခြေအနေမှာ မနေနိုင်အောင် တက်ကြွလာတော့သည်။
*
နှစ်သစ်ကူးအကြိုနေ့ ညတိုင်းတွင် ရှန်းရီသည် လုဝမ်ဝမ်နှင့်အတူ လုမိသားစုအိမ်သို့ပြန်သွားလေ့ရှိပြီး ယခုနှစ်တွင်လည်း မပြောင်းလဲမြဲ၊ ခြွင်းချက်မရှိပင်။
ကျောင်းရှီကျုံသည် သူ၏ကားကို ငှားရန် ရှန်းရီ၏ရုံးခန်းသို့ ရှားရှားပါးပါးရောက်လာ၏။
လီရှင်းသည်လည်း ရုံးခန်းထဲတွင် ရှိနေကာ ပါးစပ်တွင် စီးကရက်တစ်လိပ်ကို ခဲထား၏။ သူတို့သုံးယောက်တွင် ရှန်းရီတစ်ဦးတည်းကသာ ဆေးလိပ်မသောက်ခြင်းဖြစ်သည်။
ပြတင်းပေါက်ကို အနည်းငယ် ဖွင့်ဟထားပြီး ဆေးလိပ်ငွေ့များမှာ ပြတင်းပေါက်ကြားမှတစ်ဆင့် တိုးထွက်သွားသဖြင့် ရုံးခန်းထဲတွင် ဆေးလိပ်နံ့ သိပ်ထွက်မနေချေ။
လီရှင်းတစ်ယောက် အသံတိုးတိုးဖြင့် ညည်းတွားဆဲဆိုနေ၏။
“အိမ်မပြန်ချင်ဘူးကွာ ငါ့အမေက နေ့တိုင်း လက်ထပ်ဖို့အကြောင်းချည်းပဲ ပြောနေတော့တာ”
ကျောင်းရှီကျုံက ကျိတ်ရယ်ကာ : “ဒါဆိုလည်း လက်ထပ်လိုက်ပေါ့ကွာ မင်းကို ကြည်ကြည်ဖြူဖြူနဲ့ လက်ထပ်ချင်တဲ့သူကို ရှာမတွေ့မှာကြောက်နေတယ်လို့တော့ ငါ့ကိုမပြောနဲ့နော်”
လီရှင်းကို သူ့ကို လှမ်းကန်ပြီး ဆိုလာ၏။
“ငါက မင်းလို ထည်လဲလျှောက်တွဲတတ်တဲ့ကောင်မဟုတ်ဘူး “
တစ်ခဏရပ်တန့်လိုက်ပြီးနောက် သိလိုစိတ်ဖြင့် မေးကြည့်လိုက်မိသည်။
“ဒါနဲ့ မင်း အနုပညာမေဂျာက ဟိုကောင်မလေးနဲ့ တွဲနေတုန်းလား?”
ကျောင်းရှီကျုံသည် စီးကရက်ကို ပါးစပ်ထဲမှ ထုတ်ကာ စိတ်ဝင်စားမှုကင်းမဲ့လျက်သားဖြင့် ရယ်သွေးသွမ်းရင်း ဆိုလာ၏။
“ငါနဲ့တွဲနေရတာက သူ့အတွက်တော့အရှုံးမရှိဘူးလေ သူလည်း အစကတည်းက အဲ့လောက်ကြီး ရိုးသားဖြူစင်နေတာမှ မဟုတ်တာ”
သူမက သရုပ်ဆောင်မေဂျာအထူးပြု ဒုတိယနှစ်ကျောင်းသူတစ်ဦးဖြစ်ပြီး သူ့မတိုင်ခင်ကလည်း လူအများကြီးနှင့် တွဲထားဖူးသည့်သူ။
ကျောင်းရှီကျုံ သူမကိုတွဲရသည့်အကြောင်းရင်းမှာလည်း ရိုးရှင်းပါ၏။ ချောတယ်၊ ခန္ဓာကိုယ်ကလည်း မိုက်တယ် အရေးကြီးဆုံးအချက်က အလွန် သိတတ်ပြီး သူ၏ပိုက်ဆံကို ကြိုက်ခြင်းပေ။ သူမ၏ရည်ရွယ်ချက်က မဖြူစင်သော်လည်း သူကလည်း မျက်စိတစ်ဖက် ပိတ်ထားပေးလိုက်၏။
လီရှင်းသည် ကျောင်းရှီကျုံ၏ရည်စားငယ်ငယ်လေးနှင့် တွေ့ဆုံဖူး၏။ သူမတွင် တောက်ပသည့် အသွင်အပြင်ရှိသော်လည်း စိတ်နေသဘောထားက လုဝမ်ဝမ်နှင့် အနည်းငယ် ဆင်တူသည်ဟု သူ ခံစားမိလေသည်။ သို့သော် သူ အဲ့ဒါ ကို ဖွင့်ပြောချရန်တော့ မဝံ့ရဲပေ။
“ဘယ်လိုပဲဖြစ်ဖြစ်ကွာ ငါ တကယ်ကို လက်မထပ်ချင်သေးဘူးလို့”
ရှန်းရီနှင့် လုဝမ်ဝမ်တို့၏ ဥပမာကိုကြည့်ရုံဖြင့် လက်ထပ်ခြင်းက လုံးဝကောင်းမွန်သည့်ဟန်မပေါ်ပေ။
လုဝမ်ဝမ်က လှပသော်လည်း သူမ၏စိတ်နေသဘောထားက အမှန်တကယ် စိတ်မချမ်းမြေ့စရာပင်။
လီရှင်းက ခေါင်းစဉ်ပြောင်းလိုက်ပြီး :
“ရီကော ဒီနှစ်နှစ်သစ်ကူးအကြိုကိုလည်း လုမိသားစုအိမ်ကိုပဲ သွားမှာလား?”