no

Font
Theme

အပိုင်း (၈၅)

လုဝမ်ဝမ်သည် သူ(မ)ကိုယ်ကို တစ်ဖက်သို့ လှည့်ပြီး သူ့မျက်နှာကိုမော့ကြည့်လိုက်သည်။ သူ(မ)သည် မျက်တောင်လေးခတ်ပြီး မိမိကိုယ်မိမိ တည်ငြိမ်နေစေရန် ကြိုးစားနေ၏။ သူ(မ)အသံက နူးညံ့ကာ အသက်ပြည့်ပြီးကာစ မိန်းမငယ်လေးတစ်ယောက်ကဲ့သို့ ချွဲနွဲ့စွာဖြင့် ချိုသာနေ၏။ သူ(မ)သည် ပြတင်းပေါက်ကို ညွှန်ပြပြီး ချိုသာစွာ ဆိုလိုက်သည်။

“အဲ့ဒါက အရမ်းရုပ်ဆိုးတာပဲ၊ ငါမကြိုက်ဘူးလို့၊ မနက်ဖြန်ကျရင် သူတို့ကို ပြန်လာခိုင်းပြီး ပြန်ဖြုတ်ပေးဖို့ ပြောလိုက်လေနော်”

ရှန်းရီ သဘောတူပါ့မလားတော့ သူ(မ) မသိချေ။

ဧည့်ခန်းထဲတွင် မီးအလင်းတစ်ခုတည်းသာရှိပြီး အလင်းရောင်ကလည်း မိန်ပျပျသာ။ အလင်းရောင်ကို ကွယ်၍ ကျောပေးရပ်နေသည့် အမျိုးသား၏ ပုံပန်းသွင်ပြင်က နေဝင်ရီတရော‌နေရောင်ခြည်အောက်တွင် မြှုပ်ဝင်နေ၏။ မည်းနက်သော မျက်ဝန်းများက နက်ရှိုင်းနေပြီး၊ လည်ချောင်းနက်နက်ထဲမှနေ ရယ်သံသဲ့သဲ့လေးတစ်ခု ထွက်ပေါ်ကာ သူ(မ)မျက်နှာကို ပွတ်သပ်ရန် သူ့လက်ကို ဆန့်ထုတ်လာပြီး လက်ချောင်းထိပ်များဖြင့် သူ(မ)မျက်ခုံးများကို ဖွဖွလေး သပ်လေ၏။

“ဝမ်ဝမ်က ဒါကို ကြည့်ကောင်းတယ်လို့ မထင်ဘူးလား”

လုဝမ်ဝမ်သည် ‌ခြောက်ကပ်ကပ်နှင့် အသံသေးသေးဖြင့် ပြန်ဖြေလိုက်သည်။

“ကြည့်မကောင်းဘူး၊ ဒီအဆောက်အအုံတစ်ခုလုံးမှာ ငါတို့တိုက်ခန်းတစ်ခန်းတည်းပဲ အဲ့ဒါတွေကို တပ်ထားတာမဟုတ်ဘူးလား၊ ငါ လုံးဝမကြိုက်ဘူး”

ရှန်းရီသည် သူ၏အေးစက်စက်မျက်လုံးများကို ပင့်လိုက်ပြီး သူ(မ)မျက်နှာထက်မှ အမူအရာတစ်ခုစီတိုင်းကို ဂရုတစိုက် အသေးစိတ် လေ့လာနေ၏။

“သူတို့တွေကို ဖြုတ်လို့မရတော့ဘူး”

ထိုအရာများကိုသာ ဖယ်ထုတ်လိုက်လျှင် သူ(မ) ခုန်ချရန် ရွေးချယ်လိုက်မည့် နေ့တစ်နေ့ဆိုတာလည်း ရှိလာပေလိမ့်မည်။

ရှန်းရီတွင် ဘာကမှားယွင်းနေသည်ကို သူ(မ) အတိအကျမပြောနိုင်ပေ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဝန်းရံထားသည့် သတ်ဖြတ်လိုသည့် အရောင်အဝါများက ယခင်ကထက် ပို၍သိပ်သည်းနေခဲ့သည်။

ကျန်ရှိနေသည့် အနည်းငယ်သော နူးညံ့ကြင်နာမှုလေးကပင် လုံးလုံးလျားလျား မရှိတော့ချေ။

လုဝမ်ဝမ်၏အရည်လဲ့ မျက်ဝန်းများက တုန်ယင်လာပြီး သူမ၏သေးသွယ်သွယ် လက်ချောင်းများဖြင့် သူ့လက်များကို ညင်သာစွာ ဆုပ်ကိုင်ကာ နူးညံ့သော မျက်နှာလေးထက် ချိုသာသော အပြုံးကို ချိတ်ဆွဲရင်း ဆိုလိုက်သည်။

“နင် ဒီတိုင်းပဲ ပြန်ဖြုတ်ပေးလိုက်လို့ မရဘူးလားဟင်”

ရှန်းရီ၏နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုရှိနေပြီး သူ၏စိတ်ဝင်စားသည့်အကြည့်များက သူ(မ)မျက်နှာပေါ် ကျရောက်လာ၏။ သူ၏ မည်းနက်သော မျက်ဝန်းများက အထီးကျန်ဆန်ပြီးမှောင်မိုက်နေ၏။

“ဝမ်ဝမ် မင်းက ဘာလုပ်ချင်နေတာလဲ”

သူ(မ) ဘာလုပ်ချင်တာလဲ၊ သူ(မ)ကိုယ်တိုင်တောင် ဘာလုပ်ရမှန်းမသိဘဲ လမ်းပျောက်နေတာလေ။

မူလခန္ဓာပိုင်ရှင်၏ မည်သို့ပင်ဖြစ်ဖြစ် ‌သေဆုံးခြင်းဖြင့်သာ အဆုံးသတ်ရမည့်ကံကြမ္မာကို သူမ မလွတ်မြောက်နိုင်သေးသည့် အကြောက်တရားမှလွဲ၍ တခြားဘာမျှမရှိပါချေ။

လုဝမ်ဝမ်အနေနှင့်တော့ အဆောက်အအုံပေါ်မှ ထပ်ပြီး ခုန်ချတော့မည်မဟုတ်၊ ၎င်းက အလွန်နာကျင်ရသဖြင့် သူ(မ) လုံးဝ သဘောမကျချေ။

သူ(မ)က ဟန်ဆောင်ပန်ဆောင် သက်ပြင်းချကာ အလွန်နောင်တရနေသည့်လေသံဖြင့် ရှန်းရီအား ပြောလိုက်သည်။

“နင်က မဖြုတ်ချင်ဘူးဆိုမှတော့ မေ့လိုက်ပါတော့”

သူ(မ)တွင် ပြန်ငြင်းခုန်ဖို့ရာ စိတ်မရှိပြီး အားအင်လည်း အများကြီးမရှိချေ။

သူ(မ)သည် ညသန်ခေါင်ယံတွင် နှစ်ကြိမ်၊သုံးကြိမ် လန့်နိုးလာခဲ့ပြီး ပါးစပ်မှနေ ညည်းတွားကာ ရေဆာသည့်အကြောင်းကို မသဲမကွဲ တီးတိုးရေရွတ်နေ၏။

တစ်စုံတစ်ယောက်က သူ(မ)မေးကို ညှစ်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး သူ(မ)အား ရေကို ဖြည်းဖြည်းချင်သောက်စေ၏။

စိတ်အေးလက်အေးနှင့် လုဝမ်ဝမ်တစ်ယောက် ချမ်းသာသည့်လေဒီတစ်ဦး၏ ဘဝကဲ့သို့ စပြီးနေထိုင်တော့သည်။ သူ(မ)သည် ဆေးရုံမှညွှန်ပေးသည့် အကိုက်အခဲပျောက်‌ဆေးများကို သောက်နေပြီး ၎င်းတို့၏ကျေးဇူးဖြင့် နောက်ဆုံးတွင် သူ(မ)ခေါင်းအနောက်မှနာကျင်မှုက လျော့ကျသွားခဲ့သည်။ သို့သော် ဆေးသောက်ခြင်းကိုတော့ သူ(မ)မရပ်နိုင်ပေ၊ မဟုတ်လျှင် သူ(မ)ရပ်လိုက်သည်နှင့် ၎င်းက ပြန်ပြီးကိုက်ခဲလိမ့်မည်ဖြစ်သည်။

ကျောင်းကျောင်းသည်လည်း သူ(မ)နည်းတူ အပျင်းတက်ငြီးငွေ့နေ၏။ အလုပ်အကိုင်မရှိကြသည့် လူကြီးလူကောင်းနှစ်ယောက်က နေ့တိုင်း ဈေးဝယ်ထွက်လိုက်၊ စားလိုက်သောက်လိုက်နှင့်သာ အလုပ်များနေခဲ့ကြသည်။

ကျောင်းကျောင်းသည် ချမ်းသာသောအမျိုးသမီးများအတွင်းမှ အတင်းအဖျင်းများနှင့် ပတ်သက်လျှင် ထိပ်ဆုံးကနေ သတင်းယူတတ်သည်။ ထို့ကြောင့် သူမသည် သူတို့နှင့်ပတ်သက်သော သတင်းများဆိုလျှင် ပထမဆုံးသိရသူသာ။

ပိတ်ရက်တွင် နှစ်ယောက်သားက တေးဂီတပြပွဲတစ်ခုကြည့်ရန် ချိန်းဆိုထားကြသည်။

စိတ်မကောင်းစွာဖြင့် လုဝမ်ဝမ်သည် ၎င်းကို နားထောင်နေရင်း အိပ်ပျော်သွားခဲ့ပြီး အော်ပရာဇာတ်တစ်ခုလုံး ပြီးသွားပြီး ကျောင်း‌ကျောင်းနှိုးသည့် အခါတွင်မှ နိုးလာတော့သည်။

သူ(မ)သည် အနည်းငယ် ရှက်သွားပြီး မျက်ခုံးများကို ပွတ်ကာ ဩရှရှအသံတို့ဖြင့် ဆိုလိုက်သည်။

“ငါ တကယ်ပဲ ဒီလိုကျက်သရေရှိတဲ့အနုပညာကို မခံစားတတ်ဘူး”

ကျောင်းကျောင်းသည် သူ(မ)အိတ်ကို ကောက်လွယ်ကာ လုဝမ်ဝမ်ထက်ပင် ပို၍ပြောင်ပြောင်ဘွင်းဘွင်းပြောလေသည်။

“ငါလည်း အဲ့ဒါဘာမှန်း နားမလည်ပါဘူးဟယ်၊ ဟို ခန့်‌ချောချောအစ်ကိုကြီးကြောင့်သာမဟုတ်ရင် လာကြည့်နေမှာတောင်မဟုတ်ဘူး”

နှစ်ယောက်သားက မြေအောက်ကားပါကင်ဆီသို့ ရောက်သည့်တိုင်အောင် စကားတပြောပြောနှင့် လမ်းလျှောက်လိုက်ကြသည်။

ကျောင်းကျောင်းသည် သူ(မ)၏ကားက ဘတ်ထရီသေပြီး ပျက်သွားသည်ကို သိလိုက်ရချိန်တွင် သူ(မ)ဒေါက်မြင့်များဖြင့် ကားကို ကန်ကျောက်လိုက်သည်။

“ကားစုတ်ကားပျက်! မနက်ဖြန်ကျမှ နင့်ကို သံတိုသံစဝယ်တဲ့သူဆီ ယူသွားပြီး ရောင်းစားပစ်အုံးမယ်”

ကျောင်းကျောင်းသည် လုဝမ်ဝမ်၏လက်မောင်းကို ကိုင်ပြီး ဆိုလိုက်သည်။

“တက္ကစီငှားပြီးပဲ ပြန်ကြရအောင်နော်”

လုဝမ်ဝမ်သည် သူ(မ)ဖုန်းမှ အချိန်ကို တစ်ချက်ကြည့်လိုက်သည်။ အလုပ်ဆင်းချိန်ဖြစ်သည့်အပြင် သရုပ်ပြပွဲနှစ်ခုက တစ်ချိန်တည်းပြီးသွားသည့်အချက်ကိုပါ ထပ်ပေါင်းထည့်လိုက်လျှင် ကျင်းပရာနေရာမှ ထွက်ရန်ကြိုးစားနေကြသည့် ဂီတဖျော်ဖြေပွဲလာ ပရိသတ်များမှာ တက္ကစီရရန် အခက်တွေ့နေကြသည်။

အံ့ဩစရာတော့မရှိ၊ ဖန်အုပ်စုကြီး အထူးသဖြင့် ကျောင်းသားများက သရုပ်ပြပွဲ၏ငယ်ရွယ်ပြီး ခန့်ညားသည့် အဓိကသရုပ်ဆောင်များကို ကြည့်ရန် အော်ပရာဇာတ်ရုံကြီးရှေ့တွင် ရပ်စောင့်နေကြသည်။

ရုတ်တရက် လုဝမ်ဝမ်၏လက်ကိုင်ဖုန်းက ထမြည်လာ၏။

ရှန်းရီထံမှ ဖြစ်ခြင်းပေ။

“ကိုယ် မင်းကို လာကြိုမယ်”

သူသည် တခြားအပိုစာသားမရှိ၊ ရိုးရှင်းသည့် စကားလုံးခြောက်လုံးကိုသာ ပြောသွားခဲ့သည်။

သူက မေးမြန်နေဖို့တောင်မလို၊ သူ(မ) ဘယ်နေရာတွင် ရှိနေသလဲကို သိနှင့်နေပြီးသားပင်။

ကျောင်းကျောင်းသည် သူ(မ)မျက်နှာထက်မှ အမူအရာကိုကြည့်ပြီး မည်သူက ခေါ်ဆိုကြောင်းကို သိလိုက်၏။ သူ(မ)က ပါးစပ်တပြင်ပြင်ဖြစ်နေပြီး တစ်စုံတစ်ခုပြောဖို့ရာ တုန့်ဆိုင်းနေပုံပေ။

လုဝမ်ဝမ်သည် သက်ပြင်းဖွဖွချပြီး ဖုန်း‌ကို သူ(မ)အိတ်ထဲသို့ တည်ငြိမ်သည့်အမူအရာနှင့် ထည့်လိုက်သည်။

နောက်ဆုံးတော့ အမျိုးသားဇာတ်ဆောင်ရှန်းရီရဲ့ စိတ်သဘောထားတွေက စပြီး အရောင်မှန်တွေ ပြလာပြီလေ။

အနှီလိမ္မာနာခံတတ်ပြီး ချစ်ချင်စရာကောင်းတဲ့ အမျိုးသားရဲ့အ‌ရေခြုံထားတဲ့အသွင်အပြင်က နောက်ဆုံးတော့ ပြိုလဲလာပြီပေါ့။

သူ(မ)က ၎င်းကို အလွန်တည်ငြိမ်စွာ ရင်ဆိုင်နိုင်နေပြီပင်။

ကျောင်းကျောင်းတစ်ယောက် အတန်ကြာ စဉ်းစားမိပြီး နှလုံးသားထဲတွင် ကယောက်ကယက်ဖြစ်ကာ အနည်းငယ် မကျေမနပ်ဖြစ်သွားမိသည်။ ထိုခံစားမှုက သူ(မ)ရင်ဘက်ထဲတွင် ပြည့်ကျပ်သွားရပြီး စိတ်မသက်မသာဖြစ်စွာ ဆိုမိတော့သည်။

“နင့်ယောက်ျားကလေ နင့်ကို အရမ်းကြီး ထိန်းချုပ်လွန်းနေတယ်လို့ မထင်ဘူးလား၊ အပြင်မှာ အဲ့လောက်ထိမှောင်သေးတာလည်း မဟုတ်ဘဲနဲ့ကို”

လုဝမ်ဝမ်သည် စိတ်မဝင်စားစွာဖြင့် ပုခုံးတွန့်ပြလိုက်သည်။

“သူ ထပ်ပြီးမပျော်ပြန်ဘူးနဲ့တူတယ်”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment