no

Font
Theme

အပိုင်း (၁၂)

“ရီရီ ငါ ကြည့်တာ နင် အရမ်းအလုပ်ကြိုးစားနေတာပဲနော်”

“အဲ့လောက်လည်း မဟုတ်ပါဘူး”

“ငါလည်း တာဝန်တွေကို နင်နဲ့အတူ ကူပြီး‌တော့ မျှဝေခံစားချင်လို့”

ထိုစကားလုံးများကို ကြားသည်နှင့် ရှန်းရီသည် မျက်မှောင်ကြုတ်သွား၏။ သူ၏တန့်သွားသော အမူအရာသည် တဖြည်းဖြည်း လှုပ်ရှားလာကာ မျက်ဝန်းနက်နက်များက လေးလံသောအကြည့်များဖြင့် သူ(မ)ကို လှမ်းကြည့်လိုက်ရင်း လည်စလုပ်သည် အထက်အောက် လှုပ်ရှားသွားကာ ဩရှရှအသံတို့ဖြင့် ဆိုလာ၏။

“ကိုယ် အဲ့လောက်ထိ မပင်ပန်းတာမလို့ မင်း ဝိုင်းကူပေးဖို့မလိုဘူး”

ထိုစကားက လုဝမ်ဝမ်အား နောက်ထပ်ပြောမည့်စကားများကို ပြောမရနိုင်အောင် ဖြစ်သွားစေ၏။

သူ(မ) အစက သူ့ကိုပြောပြချင်သည်မှာ မားမားလုသည် လုမိသားစု၏ကုမ္ပဏီလေးတစ်ခုတွင် သူ(မ)အား ဝင်လုပ်စေလိုကြောင်း ရည်ရွယ်ထားသည်ဟုပင်။ အကယ်၍ မူလခန္ဓာပိုင်ရှင်သာ ဆိုရင်တော့ လုံးဝသွားရန် ဆန္ဒရှိမည် မဟုတ်။

ဒါပေမယ့် သူမကတော့ ဆန္ဒရှိတယ်လေ၊ ရံဖန်ရံခါ အိမ်မပြန်ချင်ပါကလည်း အလုပ်အကြောင်းပြချက်ကို အသုံးချနိုင်သေး၏။

သို့သော် ရှန်းရီသည် တစ်ချက်ကြည့်ရုံတည်းဖြင့် သူ(မ)ပြောတော့မည့် စကားများကို ခန့်မှန်းမိဟန်တူသည်။ သူ(မ)အား ထိုစကားလုံးများကို ပြောဖို့ရာပင် အခွင့်အရေးမပေးချေ။

လုဝမ်ဝမ်အနေနှင့် ထိုအကြောင်းကိုဆက်ဆွေးနွေးရန်မှာ မဖြစ်နိုင်တော့ပေ။ ‘ရတယ်လေ ရှန်းရီက သူ(မ)ကို အလုပ်ပေးမလုပ်ခိုင်းမှဖြင့်တော့ သူမလည်း သူ့ပိုက်ဆံတွေကို ထိုင်ဖြုန်းပေးရုံပဲပေါ့’

လီရှင်း ရှန်းရီနှင့်ပတ်သက်ပြီး တစ်ချို့တစ်လေတော့ နားလည်၏။ အနှီလူသည် အေးအေးစက်စက်နှင့် အရာရာကို လျစ်လျူရှုတတ်သည့်ပုံပေါ်သော်ငြား လုဝမ်ဝမ်နှင့် ပတ်သက်လာလျှင် နည်းနည်းလေးမှ အထိအခိုက်မခံဘဲ အလျှော့မပေးတတ်သူ ဖြစ်သည်။

လီရှင်းနှင့် အခြားသူများသည် မိသားစုကြီးထဲတွင် ကြီးပြင်းလာကြသူများဖြစ်၍လည်း လုဝမ်ဝမ်ကဲ့သို့ စည်းလွတ်ဝါးလွတ် အသုံးအဖြုန်းကြီးသည့် ပိုက်ဆံကိုးကွယ်သူမျိုးကို မြင်ရန်မှာ မခက်ခဲပေ။ သူ(မ)သည် ပကာသနများကိုမက်မောပြီး တစ်ကိုယ်ကောင်းသမားဖြစ်သည်။

အခြားသော ချမ်းသာကြွယ်ဝပြီး‌ တော်ဝင်ကျသည့် မိသားစုဝင်များအဖို့ ထိုမကြာသေးခင်ကမှ ချမ်းသာလာကြသည့် လုမိသားစုနှင့် နှိုင်းယှဉ်နေစရာပင် မလိုချေ။ သူတို့ကောလိပ်တတ်စဉ်ကတည်းက လုဝမ်ဝမ်သည် သူမ၏ကြွယ်ဝသည့်ဂုဏ်ကို ကြွားလုံးထုတ်တတ်မှန်း လီရှင်း ရှင်းရှင်းလင်းလင်း မြင်ရပေသည်။

ရှန်းရီလည်း ဒါကို သတိထားမိသော်ငြား မည်သည့်အရာမှမဆို တစ်လှမ်းချင်း တစ်လှမ်းချင်းဖြင့် ယခုလက်ရှိ သူ(မ)ဖြစ်သည်အထိသာ အလိုလိုက် အကြိုက်ဆောင်ထားခဲ့၏။

ထိုနှစ်ယောက်၏မင်္ဂလာကိစ္စနှင့် ပတ်သက်ပြီး လီရှင်း သိပ်ပြီး ဘဝင်မကျသေးပေ။ ယခုအချိန်တွင် ရှန်းရီသည် ပထမဆုံးဆက်ခံသူဖြစ်သည့် အကြီးဆုံးမြေး‌အဖြစ် ရှန်းမိသားစုဆီသို့ ပြန်ရောက်ရှိနေပြီဖြစ်သည်။ အိမ်ထောင်စုထဲတွင် ရှန်းရီအတွက် ခြိမ်းခြောက်မှုတစ်ခု လုံးဝ မဖြစ်နိုင်သည့် ပုန်ကန်တတ်သည့်အရွယ်သာ ရှိသေးသော ဆိုးဆိုးသွမ်းသွမ်း ညီလေးတစ်ယောက်သာ ရှိသည်။

လုဝမ်ဝမ်လိုလူမျိုးကရော ဒီလိုဩဇာအရှိန်ဝါရှိတဲ့ အိမ်ထောင်စုထဲမှာ ဘယ်လို ရှင်သန်နိုင်မှာတဲ့လဲ? ဒါကလည်း တစ်ချက်ရှိသေးတယ်။

သူ ဒီနေရာတွင်ရှိနေသည်ကို ရှန်းရီတစ်ယောက် သေချာပေါက် သဘောကျနေမည်တော့မဟုတ်၊ သူ့အား မကြာခဏလှမ်း,လှမ်းကြည့်နေသည့် ထိုအေး‌စက်စက်မျက်လုံးများကို ကြည့်ခြင်းအားဖြင့်၊ လီရှင်းပြုံးလိုက်ရင်း : “ကျွန်တော် နေ့လည်စာစားဖို့ အရင်သွားနှင့်မယ်နော်”

သူ မထွက်သွားခင် သူတို့နှစ်ဦးအတွက် ရုံးခန်းတံခါးအား သေချာပိတ်ပေးဖို့ကိုလည်း မ‌မေ့ခဲ့ချေ။

*

လုဝမ်ဝမ်လည်း ရှန်းရီရုံးခန်းထဲတွင် ကြာကြာနေရန် စိတ်ကူးမရှိပေ။ သူ(မ) ထွက်သွားရန်ဟန်ပြင်လိုက်စဉ် ရှန်းရီ၏လက်ဖျားလေးသည် သူ(မ)အား ဖမ်းဆွဲလာ၏။ ထိုယောကျာ်း၏အသံများက မိမိုက်နေကာ သူ(မ)အား မေးလာ၏။

“မင်း အိမ်ကိုပြန်တော့မလို့လား?”

လုဝမ်ဝမ် ချောင်းနှစ်ချက်ဟန့်လိုက်ရင်း : “မဟုတ်ဘူး ငါ ငါ့ရဲ့မိန်းကလေးသူငယ်ချင်းတွေနဲ့အတူ ကုန်တိုက်မှာ အိတ်အသစ်၊အဝတ်အစား အသစ်လေးတွေ သွားကြည့်မလို့ ပြီးခဲ့တဲ့အခေါက်က ယွမ်တစ်သိန်းကျော်တဲ့အိတ်တစ်လုံး ငါတွေ့ခဲ့တယ်လေ အစကတော့ အဲ့လောက်ကြီးထိ ပိုက်ဆံမသုံးချင်ပေမဲ့ ဒီနေ့တော့ အဲ့ဒါကို ငါ သေချာပေါက် သွားဝယ်ရမယ်”

ရှန်းရီသည် မျက်လွှာချကာ သူမ၏လက်ချောင်းလေးများကို ညင်သာစွာ ဖျစ်ညှစ်ကစားလေ၏။

“မင်း ဒီနေ့ ကိုယ်နဲ့ နောက်ထပ်နှစ်နာရီလောက် အတူနေပေးမလား? ခဏနေဆို ကိုယ်အလုပ်ဆင်းတော့မှာလေ”

ထိုယောကျ်ားသည် နှုတ်ခမ်းကို စေ့ထားကာ အမူအရာသည် နူးညံ့သိမ်မွေ့နေပြီး အသံမှာ အမြဲ ကြည်လင်ပြတ်သားနေ၏။

‘ဒါက ရှန်းရီ သူ(မ)အပြင်ထွက်ပြီး သူ့ပိုက်ဆံတွေကို စည်းလွတ်ဝါးလွတ်ဖြုန်းမှာကို ကြောက်နေတာမလား?!!’

လုဝမ်ဝမ်သည် အဆင်မပြေသလို ဟန်ဆောင်ရင်း ဆိုလိုက်သည်။

“ဒါမဲ့…ငါ ဒီနေ့သွားမဝယ်ရင် အဲ့ဒီအိတ်က မနက်ဖြန်ဆို ရှိလောက်တော့မှာမဟုတ်ဘူး”

ရှန်းရီသည် သူ(မ)၏လက်ချောင်းလေးများကို လွှတ်လိုက်ပြီး စားပွဲဆီသို့လျှောက်သွားကာ အံဆွဲကိုဖွင့်၍ ကတ်တစ်ကတ် ထုတ်ပေးလာ၏။

“ယူထားလိုက် ကတ်ထဲမှာရှိနေတဲ့ပိုက်ဆံတွေက မင်း ခဏလောက်တော့ သုံးလို့ လောက်မှာပါ မင်းကြိုက်တာမှန်သမျှ ဝယ်သာဝယ်”

တစ်ခဏ ရပ်တန့်လိုက်ပြီးနောက် ထပ်ပေါင်းဆိုလိုက်သည်။

“ပိုက်ဆံကုန်သွားပြီဆိုရင် ကိုယ့်ကိုပြော”

လုဝမ်ဝမ်သည် ကတ်ကို လှမ်းယူကာ မေးလိုက်သည်။

“နင် ဘယ်ကနေဒီပိုက်ဆံရလာတာလဲ?”

ရှန်းရီကလည်း နာခံစွာဖြင့် ပြန်ဖြေပေးလာ၏။

“ဒါက နောက်ဆုံးပရောဂျက်ကနေပြီးတော့ ဘောနပ်စ်ရထားတာ”

နင် မရှာနိုင်တဲ့ငွေရော ရှိသေးရဲ့လား? အကောင်စုတ်ရဲ့‌!

ရှန်းရီက သူမသုံးဖို့ပိုက်ဆံတွေကို စိတ်အားထက်သန်‌စွာနဲ့ ပေးလာမှဖြင့်တော့ သူ(မ)ကလည်း လက်ခံရုံပဲပေါ့....

“ဒါဆိုလည်း ပြီးတာပဲ”

ရှန်းရီတစ်ယောက် ခပ်ဖွဖွ ရယ်လိုက်သည်က သူ၏လှပပြီး အေးစက်သည့်အသွင်ပြင်ကို အသက်ဝင်လာစေသည့်ဟန်။

လုဝမ်ဝမ်သည် မနေ့ညကကောင်းကောင်း အိပ်မပျော်ခဲ့သဖြင့် ဆိုဖာပေါ်တွင် တစ်ခဏ မှီလှဲရင်း ဖက်ရှင်မဂ္ဂဇင်းများကို ဖတ်နေသော်လည်း မျက်လုံးများက မဖွင့်နိုင်အောင် မှေးစဉ်းသွားပြီး သူ(မ)၏ခေါင်းလေးသည် ထိုယောကျာ်း၏ပုခုံးပေါ်သို့ ပြုတ်ကျကာ အိပ်ပျော်သွားတော့သည်။

သူ(မ)၏မျက်နှာသေးသေးလေးသည် သွေးကြောမျှင်နီနီလေးများဖြင့် ဖွေးဥနေပြီး ချယ်ရီကဲ့သို့ သေးငယ်သည့် နှုတ်ခမ်းသည် အနည်းငယ် ပွင့်အလျက်ဖြင့်၊ ကိုယ်ပေါ်မှ ဆွယ်တာအင်္ကျီသည် အနည်းငယ် ပွယောင်းနေကာ လည်တိုင်မှာလည်း နှင်းချပ်လွှာများကဲ့သို့၊ အနည်းငယ်အောက်ဆင်းလိုက်သည်နှင့် မြင်နေရသည့် သူ(မ)၏ညှပ်ရိုးများမှာလည်း ဖြူဖွေးနူးညံ့နေပြီး ပျော့ပျောင်းသော ဆံနွယ်များက စံပယ်သင်းရနံ့လေးဖြင့်။

လုဝမ်ဝမ်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး သူ(မ)ဘေးနားရှိ လူကို လုံးဝ သတိမချပ်မိတော့ပေ။ သက်တောင့်သက်သာမရှိသော အနေအထားကို မကြိုက်သဖြင့် သင့်တော်သော အနေအထားကို ရှာ‌ဖွေပြီး သူ၏ရင်ခွင်ထဲတွင် တိုးဝှေ့ရင်း ဆက်အိပ်နေတော့သည်။

‌နူးညံ့သော အလင်းရောင်အောက်တွင် ရှန်းရီ၏အေးမြသောမျက်နှာက ကောင်းကင်ထက်ရှိ တောက်ပသည့်လပမာ။

အနှီယောက်ျား၏မျက်လုံးများက သူ့ရင်ခွင်ထဲရှိ အမျိုးသမီးလေးအပေါ် မြတ်နိုးတွယ်တာစွာ ငေးကြည့်နေ၏။ သူ၏လက်ချောင်းများက သူ(မ)ပါးပြင်များကို ဂရုတစိုက် ပွတ်‌သပ်နေရင်း နှုတ်ခမ်းစွန်းလေးများက အပေါ်သို့ အနည်းငယ် ညွှတ်တက်သွား၏။ သူ ဘာဖြစ်နေသလဲကို သူကိုယ်တိုင်လည်း မသိ၊ ယခင်က သူ၏ ထိုဇနီးအား အလွန် မကြိုက်မှန်း သိသာပေမယ့် အခုရက်ပိုင်းတွင်တော့ လုဝမ်ဝမ်က ထူးထူးခြားခြား သူ့အကြိုက် ဖြစ်လို့နေ၏။

ထိုယောကျာ်းသည် ချုပ်တည်းမနေတော့ဘဲ သူ၏ခေါင်းကို ငုံကာ သူ(မ)၏ညှပ်ရိုးအား တိတ်တိတ်လေး ကိုက်ယူလိုက်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment