အပိုင်း (၄၇)
နေ့လည်တွင် ရှန်းရီလည်း သူမတင်ဆက်သည့် ထိုတိုက်ရိုက်ထုတ်လွှင့်မှုပွဲစဉ်ကို ကြည့်ဖြစ်ခဲ့သည်။ ယခင် သူတို့နှစ်ဦးကျောင်းတက်စဉ်က ရှန်းရီသည် သူမက စခရင်းပေါ်တွင် ကြည့်ကောင်းလောက်မှာ မဟုတ်ပြီး အပြင်တွင်သာ ပို၍ကြည့်ကောင်းလိမ့်မည်ဟု အမြဲထင်ခဲ့သည်။
လုဝမ်ဝမ်သည် “အို့” တစ်ခွန်းတည်းသာ ပြောပြီး နောက်ထပ်မေးခွန်းများ ဆက်မေးမလာတော့ချေ။
ကျောင်းရှီကျုံးသည် သူတို့နှစ်ယောက်ကို အတော်ကြာ ကြည့်နေပြီးမှ ရုတ်တရက် ထမေးလာ၏။
“ဒီရက်တွေထဲမှာ မင်းတို့နှစ်ယောက်ကွာရှင်းကြတော့မယ်ဆိုတဲ့ ကောလဟာလတွေထွက်နေတာ၊ ငါမေးပါရစေအုံး နောက်ဆုံးမှာ မင်းတို့က ကွာရှင်ကြမှာလား၊မကွာရှင်းကြဘူးလား?”
လီရှင်းသည် သူ့ကို လှမ်းကန်လိုက်ပြီး သူ့စိတ်ထဲတွင်လည်း :
‘ကျောင်းရှီကျုံးက ပုံမှန်ဆို ဒီလိုငတုံးမဟုတ်ပါဘူး ဘာလို့ဒီနေ့မှ သူမေးသမျှမေးခွန်းတိုင်း ဒေါသထွက်ချင်စရာကောင်းနေရတာလဲ?’
“မင်း ဘာတွေပေါက်ကရလိုက်ပြောနေတာလဲ? ကိုယ့်ဝိုင်ကိုယ်သောက်ပြီး အေးဆေးနေ!!!”
ကျောင်းရှီကျုံးသည် အနောက်သို့ မှီချလိုက်ပြီး နက်နဲသည်အပြုံးတစ်ခုဖြင့် ဝိုင်ခွက်ကြီးကြီးတစ်ခွက်ကို မော့ချလိုက်သည်။
မည်သူကမှ ရှန်းရီ၏ပါးစပ်မှ တိကျသည့်အဖြေတစ်ခုကို မရခဲ့ကြပြီး ထိုနှစ်ဦးကိုကြည့်ပြီး သူတို့ကွာရှင်းကြမလား၊မကွာရှင်းကြဘူးလားဆိုသည်ကိုလည်း မပြောနိုင်ပြန်ချေ။
သီးသန့်အခန်း၏လေထုက အနည်းငယ် မွန်းကျပ်ချင်စရာကောင်းနေပြီး အချိန်အတော်ကြာ ထိုင်နေပြီးသည့်နောက်တွင် လုဝမ်ဝမ်သည်လည်း အနည်းငယ် မအီမသာဖြစ်လာ၏။ သူမက ရေအေးနှစ်ခွက်ကို သောက်လိုက်ချိန် ရင်ဘက်ထဲမှ မွန်းကျပ်နေသည့်ခံစားမှုများက အနည်းငယ်သက်သာလာခဲ့သည်။
ရှန်းရီက သူမ၏ဖျော့တော့နေသည့်မျက်နှာကိုကြည့်ပြီး မေးလာခဲ့သည်။
“နေလို့မကောင်းဘူးလား?”
လုဝမ်ဝမ်သည် ခေါင်းကို ခါပြလိုက်သည်။
“မဟုတ်ဘူး အဆင်ပြေပါတယ်”
တိတ်ဆိတ်မှုက တစ်ဖန်ကြီးစိုးသွားပြန်၏။
လုဝမ်ဝမ်သည် ခေါင်းငုံ့ထားပြီး လက်ချောင်းများကို ဆော့ကစားနေစဉ် လီရှင်းနှင့် သူ၏အဖွဲ့က သီချင်းဆိုပြီး သောက်စားနေခဲ့ကြသည်။ သူမက သူတို့၏လှုပ်ရှားမှုတွင် ပါဝင်ဆင်နွှဲရန် စိတ်ကူးမရှိချေ။
နာရီဝက်ကြာပြီးနောက်တွင် လုဝမ်ဝမ် တစ်ချက်သမ်းဝေလိုက်သည်။ ဒီတစ်ကြိမ်တွင် သူမ တကယ်ကို အနည်းငယ် အိပ်ငိုက်နေခဲ့သည်။
လီရှင်းက သူ့လက်ထဲမှ မိုက်ခရိုဖုန်းကိုချပြီး သူတို့ဘက်ခြမ်းသို့လာကာ စကားပြောရန်ဟန်ပြင်လိုက်၏။
လုဝမ်ဝမ်သည် တုံ့ခနဲဖြစ်ပြီး ရုတ်တရက် ကြည်လင်သွားသော စိတ်နှင့် ပါးစပ်ကို ဖွင့်ကာ : “ငါတို့ကကွာရှင်းထားပြီးပြီ၊ ကွာရှင်းထားပြီးပြီ”
“……”
လီရှင်းမှာ အမှန်တကယ်တွင် သူမကို ဒီည ဒီလောက်နဲ့တင်ရပ်ပြီး အနားယူရန် အိမ်ပြန်တော့ဟု ပြောမလို့ပင်။
သို့သော် လုဝမ်ဝမ်သည် သူ ကျောင်းရှီကျုံးကဲ့သို့ တူညီသည့်မေးခွန်းကိုပဲ မေးတော့မည်ဟု ထင်မှတ်ပြီး စဉ်းစားမနေတော့ဘဲ အလိမ်အညာတစ်ခုဖြင့် ချက်ချင်း သူ့ကိုအဖြေပေးလိုက်သည်။
လုဝမ်ဝမ်သည် စိတ်ထဲတွင်မူ ၎င်းကအလိမ်အညာတစ်ခုမဟုတ်ဘူးဟုသာ တိတ်ဆိတ်စွာ တွေးနေခဲ့သည်။
‘သူမနဲ့ရှန်းရီက တကယ်ကွာရှင်းကြတော့မှာပဲလေ ဟုတ်တယ်မလား?”
သူမ၏စကားကိုကြားသည်နှင့် ရှန်းရီက မျက်ခွံများကိုပင့်ပြီး သူမကို နက်ရှိုင်းစွာ စိုက်ကြည့်လာသည်။ သူက သူမ၏အလိမ်အညာအား ဖော်ထုတ်လိုက်မည်ကို ကြောက်သဖြင့်လည်း လုဝမ်ဝမ်က သူ၏ခါးကို တိတ်တဆိတ် ဆွဲဆိတ်ပြီး သူ၏နား,နားသို့ကပ်ကာ တီးတိုးဆိုလိုက်သည်။
“အခုတော့ ဘာမှမပြောသေးပါနဲ့အုံး”
သူက သူမနှင့်ပူးပေါင်းပေးရန် သဘောတူသည့်ပုံစံဖြင့် ခေါင်းကို ညိတ်ပြလာသည်။
လုဝမ်ဝမ်တွင် ဤလိမ္မာပြီး နာခံမှုရှိသည့် ရှန်းရီကို ခုခံနိုင်မှု လုံးဝမရှိပြီး နှလုံးသားမှာ အဘယ်ကြောင့်မှန်းမသိ နူးညံ့သွားရသည်။
လီရှင်းက ကိုးရို့ကားယား ရယ်လိုက်ပြီး အလိုက်တသိဖြင့် ဘာမှမကြားခဲ့သလိုနှင့် ဘာမှနားမလည်သည့်ပုံစံဟန်ဆောင်ကာ အကျယ်ကြီး အော်ရယ်ပြီး ခေါင်းစဉ်ကိုပြောင်းရန် ကြိုးစားလိုက်သည်။
ကျောင်းရှီကျုံးကမူ လက်ထဲရှိ ဝိုင်ခွက်ကို ဖျစ်ညှစ်လိုက်ပြီး ရယ်မောကာအဓိပ္ပါယ်ရှိစွာ ပြုံးပြီး မေးလေ၏။
“တကယ်လား?”
‘ဒါပေါ့ ဒါကအမှန်တော့ ဘယ်ဟုတ်မလဲ’
သို့သော် လုဝမ်ဝမ်သည် မည်သည့်အရာမျှ ဆိုမနေတော့ချေ။
ထောင့်တစ်နေရာတွင် အသံတစ်သံမထွက်ဘဲ အချိန်အတော်ကြာအောင် ထိုင်နေခဲ့သည့် ဖုချန်ဟိုက်က မတ်တပ်ထရပ်ပြီး မျက်မှောင်ကြုတ်ကာ အသံတိုးတိုးဖြင့် ဆိုလာ၏။
“အချိန်လည်း မစောတော့ဘူး ငါ အရင်ပြန်နှင့်တော့မယ်”
ငါ့ဖင် ဒါက တော်တော်လေးမစောတော့တာလားဟ!
လုံးဝရှင်းရှင်းလင်းလင်းကြီးကို 9နာရီပဲ ရှိသေးတာ!
“မင်းက တကယ်ကို အရေးမပါတာတွေလုပ်နေတာပဲ ၊ ငါတို့တွေ အနည်းဆုံးတော့ ဆယ်နာရီလောက်ထိနေပြီးမှ အိမ်ပြန်သင့်တယ် မဟုတ်ဘူးလား?”
လီရှင်းက ဝင်ပြောလိုက်သည်။
ဖုချန်ဟိုက်က သူ့ကို လုံးဝမျက်နှာသာမပေးကာ တစ်ချက်သာ ကြည့်ပြီး ဆိုလာ၏။
“ငါက မင်းလို တစ်ယောက်တည်းသမားမဟုတ်ဘူး ငါ့မှာ အိမ်မှာမိန်းမရော ကလေးရော ရှိတယ်ကွ”
ရှန်းရီလည်း သူ့ဘေးနားတွင် ငိုက်ကျနေသည့်လူကိုကြည့်ပြီး မတ်တပ်ထရပ်ကာ ဆိုလိုက်သည်။
“ငါလည်း ပြန်တော့မယ်”
လီရှင်းက သက်ပြင်းရှည်ကြီးချလိုက်ပြီး ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ်လှဲချလိုက်တော့သည်။
“ကောင်းပြီလေ ဒါဆိုလည်း ဒီညတော့ဒီလောက်ပဲပေါ့ နောက်နေ့ကျမှ ထပ်တွေ့ကြမယ်”
လုဝမ်ဝမ်က သူမကိုယ်သူမ စိတ်နှင့်ကိုယ်ကပ်ကာ မတ်တပ်ထဖို့ပင် မနည်းရုန်းကန်လိုက်ရသည်။ သူမ အိပ်ငိုက်သည့်အချိန်တိုင်းတွင်လည်း သူမ၏ပင်ကိုယ်စရိုက်က တဖြည်းဖြည်း ပေါ်လာတတ်၏။ သူမသည် ပါးများကို စူဖောင်းကာ ‘မပျော်ဘူး’ ဆိုသည့် စာလုံးနှစ်လုံးကို မျက်နှာပေါ်တွင် ရေးထားသကဲ့သို့ မျက်ခုံးများကို တွန့်ချိုးထားလေသည်။
သူတို့ ခုနှစ်လွှာမှ အောက်သို့ဆင်းလာကြသည့်အချိန်တွင် သီချင်းဆိုပြီးကြသည့်လူများနှင့် ယခုအခါတွင်မှ လမ်းခွဲကြတော့မည့် လုပ်ဖော်ကိုင်ဖက်များနှင့် သွားဆုံလေသည်။
မီတာအနည်းငယ်အဝေးကပင် မည်သူမဆို သူတို့ဆီမှ အယ်လ်ကိုဟောအနံ့များကို ရနိုင်ပြီး အလယ်တွင်ရပ်နေသည့်ရှကျီက သူ(မ)အား မျက်လုံးကြီး ပြူးကာ စိမ်းစိမ်းကြီး စိုက်ကြည့်နေ၏။
ဤနယ်ပယ်ရှိ လူများမှာ ဉာဏ်ပြေးကြသူချည်းသား။
လုဝမ်ဝမ်နှင့် သူမဘေးရှိအမျိုးသားက ထူးခြားသော ဆက်ဆံရေးမျိုးရှိသည်ကို မြင်ရသော်ငြားလည်း သူက သူမ၏ယောကျာ်းဖြစ်နိုင်သည်လို့တော့ မထင်ခဲ့ကြပေ။
တစ်စုံတစ်ယောက်က တီးတိုးမေးလာ၏။
“သူတို့က ဘယ်သူတွေလဲ?”
“အားလုံးက အရပ်မြင့်မြင့်ကြီးတွေနဲ့ ခန့်ညားတဲ့လူတွေချည်းပဲ၊ လုဝမ်ဝမ်က အရမ်းကြီးကံကောင်းလွန်းနေတယ်မဟုတ်ဘူးလား”
သူတို့က သူတို့၏အသံကို နိမ့်ချပြီးဆွေးနွေးနေကြသည်။
“ကြည့်ရတာ အဲ့ဒါလုဝမ်ဝမ်ရဲ့ အရင်ယောကျာ်းဖြစ်မယ်ထင်တယ်”
လုဝမ်ဝမ်ကို မောင်းချလိုက်တဲ့ အရင်ယောကျာ်းဆိုတဲ့ တစ်ယောက်လား?
သူ လုဝမ်ဝမ်ကို မုန်းတယ်လို့ လူတိုင်း ပြောကြတယ်မလား?
အခု သူက သူမကို မုန်းနေတဲ့ပုံနဲ့လည်းမတူဘူး
လုဝမ်ဝမ်သည် သူမကိုယ်သူမ တည်ငြိမ်နေစေရန် ဖိအားပေးလိုက်ပြီး သူတို့ကို နှုတ်ဆက်ပြီးနောက် ကားစောင့်ရန် ဟိုတယ်ကောင်တာအရှေ့အပြင်ဘက်သို့ ထွက်လာခဲ့လိုက်သည်။
လီရှင်း သူမကို မရီးလေးဟု ထပ်ခေါ်မိလုနီးနီးတွင် ရုတ်တရက် သူမနှင့် ရှန်းရီက ယခုတွင် ကွာရှင်းထားကြပြီကို အမှတ်ရလိုက်ပြီး သူမကို မရီးလေးဟု ဆက်ခေါ်နေသည်က မသင့်လျော်တော့ပေ။
သူ၏ဆဠမအာရုံက မှားသည့်ပုံမပေါ်ချေ။ ယခင်က ရှန်းရီ လုဝမ်ဝမ်ကို သိပ်မကြာခင် ကွာရှင်းတော့မည်ဟု သူခံစားခဲ့ရသည်ပေ။
ရှန်းရီ၏ကားက မြေအောက်ကားပါကင်တွင် ရပ်ထားပြီး လုဝမ်ဝမ်ကို စာပို့ထားခဲ့သည်။
[ဟိုတယ်ရဲ့ဂိတ်ပေါက်ရှေ့မှာ ကိုယ့်ကိုစောင့်နေ]
အေးလွန်းသည့်ဆောင်းရာသီနေ့တစ်နေ့ ဖြစ်၍လည်း အပြင်တွင် တခဏရပ်နေလိုက်ရုံဖြင့် အအေးဒဏ်ကို အံမတုနိုင်သည့်လူသားများအဖို့ အလျင်အမြန်အေးခဲသွားတော့မည့်သယောင်ယောင်။
ဤသို့သော အချိန်မျိုးတွင် တက္ကစီငှားဖို့ရာ မလွယ်ကူပြီး တက္ကစီးငှားရန် စောင့်နေကြသည့် သူမ၏လုပ်ဖော်ကိုင်ဖက်အသစ်များ၏အလယ်တွင် ကိုးရိုးကားယားနိုင်စွာရပ်နေသည့် လုဝမ်ဝမ်က ဖုန်းကို ကြည့်မနေသဖြင့်လည်း ရှန်းရီပို့ထားသည့်စာကို မမြင်ချေ။
ငါးမိနစ်ကြာပြီးနောက်တွင် လုဝမ်ဝမ်အရှေ့တွင် အမဲရောင်Porscheတစ်စီး လာရပ်လေသည်။
ရှန်းရီက ကားမှန်ကိုချပြီး တည်ငြိမ်အေးဆေးသည့်အသံဖြင့် ဆိုလေ၏။
“တက်တော့လေ”