အပိုင်း (၁၈)
အချိန်အများစုတွင် ရှန်းရီသည် မည်သည့်အရာကိုမှ ဂရုမစိုက်တတ်ပြီး ဘယ်သောအခါမှ ဒေါသထွက်ဟန် မပေါ်သော်လည်း ယခင်ဘဝတွင် သူ အမှန်တကယ် ဒေါသထွက်သည်အား မြင်ရန် အခွင့်အရေးရခဲ့ပြီးပြီဖြစ်၍ နောက်တစ်ကြိမ်တွင်တော့ ထပ်၍ မမြင်လိုတော့ပေ။
ယခုတွင် ရှန်းရီသည် ရှင်းလင်းစွာ ပြုံးပြနေပြီး လိမ္မာစွာ နာခံနေသော်လည်း သူ ဒေါသထွက်နေသည်ကို သူမ ခံစားမိနေ၏။
သူသည် အခန်းရှိ မီးများ အားလုံးကို ပိတ်ထားပြီး ပြတင်းပေါက်အပြင်ရှိ လရောင်ကို အထဲသို့ မဖောက်ဝင်နိုင်အောင်ပင် လေးလံကြီးမာသော လိုက်ကာများကို ဆွဲချထားသည်။
အနှီယောကျာ်းသည် သူမ၏ခါးနားတစ်ဝိုက်တွင် ဒူးထောက်ချကာ သူမခါးကို လက်တစ်ဖက်ဖြင့် ကိုင်ပြီး သူ(မ)အား အပေါ်စီးမှနေ ကြည့်ကာ သူမကိုယ်ကို အပေါ်သို့ မပြီး ခေါင်းကို ငုံ့ကာဖြင့် သူမ၏ဖြူဖွေးမွှေးကြိုင်နေသော လည်ပင်းအနောက်ကို တတိတိ ကိုက်လေတော့သည်။ အားအနည်းငယ်သုံးလိုက်သဖြင့်လည်း အရေပြားအတွင်းသို့ပင် ထိုးဖောက်လုနီးနီး။
သူသည် သက်ပြင်းအသာချလိုက်ပြီးနောက် လုဝမ်ဝမ်၏မျက်ဝန်းများထောင့်မှ စီးကျလာသည့် ရေစက်ကလေးများအား ညင်သာစွာ စုပ်ယူလေသည်။
ကွာရှင်းချင်တယ်?
ဟမ့်
ရှန်းရီသည် သူမကို စိတ်ကြိုက်နမ်းရှိုက်ပြီးကာမှ ပြန်ချထားပေး၏။ သူသည် သူမ၏အနည်းငယ်တုန်ရီနေသည့် ခန္ဓာကိုယ်ကို ကြည့်ကာ ခပ်သဲ့သဲ့ ရယ်ပြီး ဖြေးညင်စွာ ဆိုလာ၏။
“ဘာအတွက် တုန်နေရတာလဲ? ပြန်အိပ်တော့လေ”
နောက်တစ်နေ့တွင် လုဝမ်ဝမ်သည် အထက်တန်းကျောင်းတုန်းက အတန်းဥက္ကဠဆီမှ သူမနှင့် ရှန်းရီအား မနက်ဖြန်ညတွင် ပြုလုပ်မည့် ကျောင်းသားဟောင်းများတွေ့ဆုံပွဲသို့ တက်ရောက်ရန် ဖိတ်ကြားသည့် ဖုန်လက်ခံရရှိလာသည်။
သူမ တစ်ခဏစဉ်းစားပြီးနောက် လက်ခံလိုက်သည်။
အထက်တန်းကျောင်းတွင် သူမသည် တန်းခွဲ-၁၁က။ ထိုအတန်းသည် အဆိုးတကာ့ အဆိုးဆုံးအတန်း၊ အများစုမှာ အရည်အချင်းမရှိသည့် စာညံ့ညံ့ ဒုတိယမျိုးဆက်သူဌေးပေါက်စများသာ ဖြစ်ကြသည်။ လုသခင်မလေးသည် အတန်းထဲတွင် အလွန် နာမည်မကြီးသော်လည်း အတန်းဖော်များက သူမ၏လှတပတရုပ်ရည်လေးကို မနာလိုမရှုစိမ့်ဖြစ်ကြသည်။ ထို့အပြင် သူမမိသားစုသည် မကြာသေးခင်ကမှ ချမ်းသာလာကြသည့် သူဌေးလက်သစ်လေးများဖြစ်ရာ ဤရှေးကျစဉ်အခါကတည်းက ချမ်းသာကြွယ်ဝကြသော မိသားစုများမှ ဆင်းသက်လာသည့် သူတို့၏မျက်လုံးထဲတွင် သူမသည် နံစော်နေသည့် ပိုက်ဆံအိတ်ထုပ်လေးမျှသာ။
ဖုန်းချပြီးနောက်တွင် ရှန်းရီဆီသို့ ကျောင်းသားဟောင်းများ တွေ့ဆုံပွဲအကြောင်းကို စာပို့ထားလိုက်ပြီး နှစ်မိနစ်ကြာပြီးနောက်တွင် ရှန်းရီက [အိုခေ] ဟု ပြန်ပို့လာသည်။
မျက်စိတစ်မှိတ်အတွင်းပင် တွေ့ဆုံပွဲနေ့သို့ ရောက်ရှိလာခဲ့သည်။
ကျောင်းသားဟောင်းများတွေ့ဆုံပွဲနေ့အတွက်ဆိုလျှင် အမြဲတမ်း သားသားနားနားဝတ်ဆင်တတ်ကြသည် မဟုတ်ပါလား။ ထိုကြောင့် လုဝမ်ဝမ်သည်လည်း ကြိုးများပါသည့် အနက်ရောင်ဂါဝန်ကို ရွေးချယ်လိုက်သည်။ သူမ၏ဖြူလွလွအသားရည်ပေါ် အနက်ရောင်ဂါဝန်ကို ဝတ်ဆင်ထား၍လည်း အသားအရောင်နှင့် လိုက်ဖက်ပြည့်စုံမှုရှိနေကာ သူမ၏သွယ်လျပြီး ဆွဲဆောင်မှုရှိသည့် ခန္ဓာကိုယ်ကို အချိုးအစားကျစွာ ပေါ်လွင်စေ၏။
ရှန်းရီသည် သူမ၏ညှပ်ရိုးကို ကြည့်ပြီး မျက်လုံးအရောင်များက မည်းမှောင်လာကာ မျက်လွှာချထားလိုက်ပြီးနောက်မှ ဖြည်းညင်းစွာ ဆိုလာ၏။
“ဒီနေ့က အေးတယ်လေ ဂျက်ကပ်လေးဝတ်ထားတော့ ပိုကောင်းတာပေါ့”
လုဝမ်ဝမ်ကတော့ တမင်တကာကို မဝတ်ချင်ခဲ့ခြင်းပေ။ သူ့အား အပြစ်ကင်းစွာ မျက်တောင်လေး ခပ်ပြပြီး :
“အို ဒီလိုပုံစံဝတ်ထားမှ ငါကို ကြည့်ကောင်းစေတာလေ ဒီည ငါက အလှဆုံးပဲဖြစ်နေရမယ် တခြားလူတွေက ငါ့ထက်သာနေလို့ ဘယ်ဖြစ်ပါ့မလဲ”
သူ ဝန်ခံရပေမည်။ ဤအနက်ရောင်ဝတ်စုံလေးသည် သူမနှင့် အလွန်တရာပင် လိုက်ဖက်မှုရှိလှသည်။ သူမသည် ဆွဲဆောင်မှုရှိသလို ချစ်စဖွယ်ကောင်းပြီး အမြင်အာရုံများကို ဖမ်းစားနိုင်သည်ထိ တောက်ပလွန်းနေသည်။
ရှန်းရီ တစ်ခဏ ရပ်တန့်သွာသော်လည်း အဝတ်ဗီရိုထဲမှ ဂျက်ကပ်တစ်ထည်ကို ထုတ်ပေးလာသေး၏။
“ဒီဟာထပ်ဝတ်လိုက်လည် လှနေပါသေးတယ်”
လုဝမ်ဝမ်သည် မမြင်သကဲ့သို့ဟန်ဆောင်ကာ သူ ပေးလာသည့် အင်္ကျီအား မယူလိုက်ပေ။ ထို့အစား မှန်တင်ခုံရှေ့က အံဆွဲကိုဖွင့်ပြီး ယခင်က ရှန်းရီ သူမကို ပေးခဲ့သည့် ပတ္တမြားလည်ဆွဲကို ထုတ်ယူကာ သူမအနောက်ရှိ အမျိုးသားအား လှပစွာ ပြုံးပြလိုက်သည်။
“ငါ့ကို ဒါလေးကူဝတ်ပေးပါအုံး ငါ သူတို့တွေကို ယှဉ်နိုင်မယ့်နေ့ကို စောင့်နေတာကြာပြီ! ကြည့်နေ့ သူတို့တွေကို မနာလိုဖြစ်ပြီး သေအောင်လုပ်ပစ်အုံးမယ်”
ရှန်းရီသည် သူမ၏ကျောက်စိမ်းလည်ပင်းဖြူဖြူနောက်ကျောကို ငုံ့ကြည့်ကာ သူမ၏ကိုယ်မှ မွှေးပျံ့လာသည့် စံပယ်ပန်းရနံ့သင်းသင်းလေးက သူ့နှာခေါင်းထဲသို့ စိမ့်ဝင်လာပြီး နှလုံးသားတစ်ခုလုံးကို ဆွဲဆောင်နေ၏။ သူ့အသက်ရှုသံများကို ထိန်းချုပ်ပြီး ငြိမ်သက်စွာ သူမကို လည်ဆွဲ ကူဆွဲပေးလိုက်သည်။
လုဝမ်ဝမ်တွင် အကြံကြီးကြီးရှိနေ၏။ တွေ့ဆုံပွဲတွင် သူမ၏လည်ပင်းတစ်ဝိုက်တွင် ဆွဲထားသည့် လည်ဆွဲမှာ အတုဖြစ်ကြောင်း မြင်နိုင်သည့် ရွှေရောင်မျက်လုံးများနှင့် လူများရှိနေမည်မှာ အသေအချာပင်။ ထို့နောက် သူမသည် ရှန်းရီနှင့် တရားမျှတစွာ ရန်ဖြစ်နိုင်မည်ဖြစ်ပြီး ဆိုးဝါးသော မြင်ကွင်းတစ်ခုဖန်တီးကာ သူမ၏ဇီဇာကြောင်မှုဖြင့် သူ့ကို စိတ်အနှောင့်အယှက်ပေးလိုက်မည်!
ရှန်းရီသည် လီရှင်းနှင့်လဲထားသည့် Porsche ကားကို မောင်းလာခဲ့ပြီး လုဝမ်ဝမ်သည် ထိုတံဆိပ်ကို မှတ်မိနေကာ ကားရှေ့တွင် တစ်ခဏမျှရပ်နေပြီးနောက်မှ : “ဒီကားကမှ အရင်ကဟိုကားစုတ်ထက်တောင် ပိုပြီးကြည့်ကောင်းသေးတယ်”
ရှန်းရီ : “….”
သူ ရယ်ချင်စိတ်ကို မျိုသိပ်ကာ ဘာမှမပြောဘဲ နေလိုက်သည်။
တကယ်တမ်းတွင် သူ ယခင်က စီးခဲ့သည့် ကားသည် လူအမြင်တွင် နှိမ့်ချရန် စီးသည့် Audi အမျိုးအစားဖြစ်သည်။ အတော်လေးဈေးကြီးသည့် ထိပ်တန်းမြင့် ဇိမ်ခံကားမဟုတ်သော်ငြား နှစ်ဆယ်မီလီယံနီးနီး တန်ဖိုးရှိ၏။
ဆောင်းတွင်းဖြစ်၍လည်း သူတို့နှစ်ဦးစကားပြောနေကြသည့်အချိန် မြူခိုမြူငွေ့များပင် ပါးစပ်မှ ထွက်နေ၏။
ကားထဲမှ ထွက်လာပြီးသည့်နောက် လမ်းမပေါ်တွင် မွှေးရနံ့အစုံအလင်နှင့် ပူပူနွေးနွေး မုန့်များရောင်းချနေသည့် ဆိုင်တန်းငယ်လေးများ ရှိနေ၏။
ရှန်းရီသည် ဘေးဘက်သို့ လှည့်ကြည့်ပြီး သူ(မ)အား နူးညံ့စွာ မေးမြန်းလာလေ၏။
“ဗိုက်အရင်ဖြည့်ဖို့အဆာပြေ ဝယ်စားချင်လား”
လုဝမ်ဝမ်သည် အထင်အမြင်သေးသည့်ဟန်နှင့် ဆိုလာ၏။
“အဲ့လိုအစားစာတွေ မစားချင်ပါဘူး သန့်လည်းသန့်မရှင်းဘူး အဆင့်အတန်းလည်းမရှိဘူး”
“အိုခေလေ ဒါဆိုလည်း အထဲဝင်ကြတာပေါ့”
ရှန်းရီသည် မနေနိုင်အောင် နှုတ်ခမ်းထောင့်များ ကွေးတက်လာသော်လည်း ချက်ချင်းပင် ထိုအပြုံးလေးကို ထိန်းချုပ်ထားလိုက်သည်။ ယခုလေးတွင်ပင် သူမ သွားရည်တမြားမြားဖြစ်နေသည်ကို သူရှင်းရှင်းလင်းလင်း မြင်ခဲ့သည်။
ဒါက အတော်လေး ရယ်ချင်စရာကောင်းလှသည်။ လုဝမ်ဝမ်ကတော့ တစ်ကယ်ကို ပိုပိုပြီး စိတ်ဝင်စားဖို့ကောင်းလာပြီ။
တွေ့ဆုံပွဲကို မြို့တော်ရှိအကျော်ကြားဆုံးသော ဟိုတယ်တွင် ဘွတ်ကင်လုပ်ထားပြီး ငွေအများအပြားရှိလျှင်တောင် ကြိုတင်စာရင်းသွင်းလို့မရနိုင်သည့် နေရာတစ်ခုဖြစ်သည်။
လုဝမ်ဝမ်နှင့် ရှန်းရီသည် လက်ချင်းတွဲကာ ဝင်လာခဲ့ကြပြီး လူတိုင်းနီးပါက စားပွဲတွင် ရောက်နေကြပြီးဖြစ်သည်။
အမျိုးသမီးတော်တော်များများကလည်း သူမလည်ပင်းတစ်ဝိုက်ရှိ သူတို့၏မျက်လုံးများကို ဖမ်းစားနိုင်လောက်အောင် တောက်ပပြောင်လက်နေသည့် ပတ္တမြားကြီးကို စိုက်ကြည့်နေကြ၏။
အယ်လ်ကိုဟောလေး ပါးစပ်ထဲသို့ သုံးကြိမ်ခန့် ဝင်ပြီးသည့်နောက်တွင် တစ်စုံတစ်ယောက်က မနေနိုင်တော့စွာ မေးမြန်းလာ၏။
“ဝမ်ဝမ် ငါ နင်နဲ့ ရှန်းရီရဲ့အချစ်ကို တကယ် အားကျတာပဲ သိလား ကျောင်းကနေပြီးတော့ လက်ထပ်တဲ့အချိန်အထိ၊ ဒါကတကယ့်ကို လှပတဲ့အချစ်ဇာတ်လမ်းလေးပဲ”
“ဟုတ်တယ်ဟုတ်တယ် ဝမ်ဝမ် ပထမက နင် ကျောင်းရှီကျုံလိုမျိုး သူဌေးသားကိုပဲ ကြိုက်မယ်လို့ ထင်ထားဝာာ”
“ငါကြားတာ ရှန်းရီက အခု ကုမ္ပဏီအသေးလေးတစ်ခုမှာ အလုပ်လုပ်နေတယ်ဆို ဒါက တကယ့်ကို သူ့အတွက်ခက်ခဲမှာပဲ မဟုတ်ဘူးလား? ငါ့ယောကျာ်းရဲ့ကုမ္ပဏီအသစ်မှာ ဒါရိုက်တာတစ်ယောက် လိုနေတာလေ တကယ်လို့ နင် စိတ်မရှိဘူးဆိုရင် ငါ့ယောကျ်ားကို သူ့ကို ကူညီပြီး ဒါရိုက်တာနေရာကို တစ်ခါတည်း တန်းပေးဖို့ မေးပေးလို့ရတယ်နော်”
ထိုသို့ပြောလာသူမှာ စုမိသားစု၏ ဒုတိယသမီးဖြစ်သည်။