⚠️This content includes discussions of suicidal thoughts and suicide attempts, which may be distressing for some readers. Please proceed with caution and prioritize your mental well-being.⚠️
အပိုင်း (၈၄)
ရှန်းရီက ကားပြတင်းမှန်ကို ဖွင့်ထားပြီး သူ၏မျက်လုံးများက အရှေ့ကိုသာ တည်ငြိမ်စွာ ကြည့်ရင်း အေးဆေးစွာ မေးလာခဲ့သည်။
“အဲ့ဒီတော့ မင်း ကိုယ့်ကို လိုက်မဝင်စေချင်တဲ့ အကြောင်းပြချက်က အထဲမှာ မင်းမျက်စိကျဖူးတဲ့ မျက်နှာဖြူကောင်လေးရှိမှန်း သိနေလို့ပေါ့?”
သူက မထီမဲ့မြင်ပြုသလိုလိုနှင့် လှောင်ထေ့မှုတို့က အတိုင်းသား။
သူ(မ)သည် လက်သီများကို တင်းကျပ်စွာ ဆုပ်ထားလိုက်မိသည်။
“မဟုတ်ပါဘူး”
ရှန်းရီသည် ညင်သာစွာ ရယ်လေပြီး သူတော်ကောင်းယောင်ဆောင်သည့်အသံနှင့် ဆိုလာ၏။
“ဝမ်ဝမ် မင်းက ကိုယ့်ကို အရမ်းကြောက်လွန်နေပါပြီကွာ တကယ်တော့ မင်း ကြောက်ဖို့မလိုပါဘူး၊ ကိုယ်က မင်းကို ဘာမှလုပ်နေတာမှ မဟုတ်တာ”
အော့
သူ(မ)ကတော့ မယုံပေါင်။
နားကြပ်တပ်ချင်ယောင်ဆောင်ထားသည့် လုကျောက်ဇီမှာ ရှန်းရီ၏စကားများကို ကြားပြီးနောက်တွင် ချက်ချင်း ပေါက်ကွဲထွက်လာ၏။
သူသည် တည့်တည့်မတ်မတ်ထိုင်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်တော့သည်။
“ဟေ့ ရှန်း ခင်ဗျား စကားပြောတာကြည့်ပြော! ခင်ဗျားပြောနေတဲ့ပုံစံက ကျုပ်အစ်မကပဲ ခင်ဗျားအနောက်မှာ ဖောက်ပြန်နေတဲ့ပုံနဲ့!”
“ကျုပ်အစ်မက ခင်ဗျားကို မချစ်တော့ရုံလေးပဲကို ဒီလောက်ထိ သွားမှရမှာလား၊ ခင်ဗျားကို မချစ်တော့တဲ့လူတစ်ယောက်ကို ခေါင်းခေါင်းမာမာနဲ့ ဆက်ပြီး တွယ်ကပ်နေဖို့လိုလို့လား!”
ယခုအချိန်တွင် လုကျောက်ဇီသည် သူ၏မိဘများက ရှန်းရီသည် လက်ရှိ၌ အရင်ကလိုမဟုတ်တော့ကြောင်းနှင့် သူ့ကို လုံးဝမစော်ကားမိစေရန် မှာကြားထားသည့် သတိပေးချက်ကို လုံးဝမေ့လျော့သွားခဲ့ပြီ ဖြစ်သည်။
“ထွက်သွား!”
လုကျောက်ဇီဆိုသည်မှာလည်း မာရေကျောရေရှိလှသည့်သူ၊ သူသည် ကားတံခါးကို ချက်ချင်း ဆွဲဖွင့်ပြီး မသွားခင်လည်း အော်ဟစ်သွားသေး၏။
“သွားပါ့မယ် သွားပါ့မယ် ဟုတ်ပြီလား ဘယ်သူကရော ခင်ဗျားကားကို စီးချင်နေလို့လဲ”
လုဝမ်ဝမ်လည်း ကားထဲမှ ပြေးထွက်ရန် ကြံလိုက်သော်ငြား ရှန်းရီက ကားတံခါးလော့ကို ကြိုတင် ချထားပြီးပြီဖြစ်သည်။
လမ်းတစ်လျှောက်လုံး တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သူကမှ စကားတစ်ခွန်းမှ မဆိုလာကြချေ။
အိမ်ပြန်ရောက်ချိန်တွင် ရှန်းရီက သူ(မ)နှင့် မငြင်းခုန်ခဲ့သလို၊ ဒေါသထွက်ခြင်းလည်း မရှိခဲ့ပေ။
သူ(မ)မောင်လေး၏ စကားလုံးများက သူ့နှလုံးသားကို နာကျင်စေမှန်း လုဝမ်ဝမ် သိပါ၏။
သူ(မ) ရှန်းရီကို ချစ်လား၊မချစ်ဖူးလားဆိုသည့် ထိုမေးခွန်းကို သူ(မ)မတွေးတော့သည်မှာ ကြာခဲ့လေပြီပင်။
ခေါင်းကိုက်ခဲခြင်းက နေ့စဉ်နေ့တိုင်းဆိုသလို သူမ၏ဦးခေါင်းအနောက်ဘက်မှနေ စူးရှသော ဝေဒနာကို ခံစားနေရခြင်းဖြစ်ပြီး ပထမအကြိမ်တုန်းကနှင့် အတူတူပင်။
ဤအခြင်းအရာသည် မူလလမ်းကြောင်းမှနေ သွေဖည်သွားသည့် ဇာတ်ကွက်ကြောင့် ထွက်ပေါ်လာသည့် ဘေးထွက်ဆိုးကျိုး ဖြစ်ကောင်းဖြစ်နိုင်၏။
လုဝမ်ဝမ်သည် ဧည့်ခန်းထဲတွင် တစ်ခဏ ငြိမ်သက်စွာ ရပ်နေပြီး ပြတင်းတံခါးဘောင်ကို စိုက်ကြည့်ရင်းမှ သူ(မ)၏နှုတ်ခမ်းသားထက်တွင် နူးညံ့ညင်သာသော အပြုံးတစ်ပွင့်က ပွင့်လန်းလာခဲ့သည်။ သူ(မ) ခုန်ချခဲ့သည့်အချိန်တုန်းက သူ(မ)က ထိုနေရာလေးတွင် ဖြစ်သည်။
အတော်လေးကို နာကျင်ရပြီး ပြုတ်ကျမှုဒဏ်ကြောင့် သူ(မ)၏ကိုယ်တွင်းအစိတ်အပိုင်းများအားလုံးက အစိတ်စိတ်အမွမွ ကြေမွသွားသလိုပါပင်။
ပါးစပ်ထောင့်များမှ သွေးများစီးကျလာသည့် သူ(မ)၏အသွင်အပြင်ကလည်း အလွန် အကျည်းတန်လှသည်။
အကယ်၍ သူ(မ)တွင်သာ တစ်ဖန်ထပ်၍ ရွေးချယ်ခွင့်ရှိမည်ဆိုလျှင် သူ(မ)ကိုယ်သူ(မ) အဆုံးသတ်ဖို့နည်းလမ်းကို အဆောက်အအုံပေါ်မှ ခုန်ချရန် သေချာပေါက် ရွေးချယ်လိမ့်မည်မဟုတ်ပေ။
ရှန်းရီက စကားတစ်ခွန်းမှ မဆိုဘဲ ညစာကို ပြင်ဆင်လိုက်သည်။
“အရင်လာပြီး စားလိုက်အုံး”
“အင်း”
သူ(မ)သည် သူ့ထံသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်ပြီး သူ့ဘေးနားတွင် ဝင်ထိုင်ကာ မုန်လာဥဖြူစွပ်ပြုတ်ကို တစ်ဇွန်းသောက်ပြီးနောက် ဆိုင်းမဆင့်ဗုံမဆင့် ထမေးလာ၏။
“ဒီနေ့ ဘာနေ့ပါလိမ့်”
အေးစက်စက်အလင်းရောင်တစ်ခုက ရှန်းရီ၏မျက်ဝန်းများထဲ ဖြတ်ပြေးသွားပြီး လေထုက ရုတ်ခြည်း အေးစိမ့်လာတော့သည်။
ယနေ့က ၆ရက်မြောက်နေ့ဖြစ်သလို လုဝမ်ဝမ် သေဆုံးသွားခဲ့သည့်ရက်မှာလည်း ၆ရက်နေ့တွင် ဖြစ်သည်။
သူ(မ)၏နှစ်ဘဝသက်တမ်းက စက်တင်ဘာ ၆ရက်နေ့တွင် ကုန်ဆုံးခဲ့ပြီး နှစ်များက ကွာခြားသွားသော်လည်း လနှင့်ရက်သည်တော့ အတူတူပင်။
လုဝမ်ဝမ်မှာ ထိုအကြောင်းအရာများနှင့်ပတ်သက်ပြီး လျစ်လျူရှုထားနိုင်ခဲ့ပြီးပြီ ဖြစ်သည်။ သူ(မ)က နှစ်တစ်နှစ်၏ စက်တင်ဘာ ၆ရက်နေ့တွင် အမျိုးမျိုးသော အကြောင်းပြချက်များကြောင့် နောက်တစ်ဖန် သေဆုံးကောင်း သေဆုံးသွားနိုင်၏။
ရှန်းရီက မျက်လွှာချထားလိုက်သည်။ သူ ခေါင်းငုံ့လိုက်သည့်အချိန် အမျိုးသား၏မျက်လုံးများထဲ သွေးများကဲ့သို့ နီရဲသွားသည့်အခိုက်အတန့်ကို သူ(မ) မမြင်လိုက်ရချေ။
နှစ်ယောက်သား စားသောက်ပြီးစီးသည့်နောက်တွင် လုဝမ်ဝမ် တစ်စုံတစ်ခုကို နားလည်လိုက်သည်။
ရှန်းရီက စိတ်ဆိုးနေဆဲပင်၊ သို့သော် သူက သူ့ဒေါသကို ရှားပါးဖြစ်စဉ်တစ်ခုလို ထိန်းချုပ်ထားပြီး သူ(မ)အား ညှဉ်းဆဲရန် ရောက်မလာခဲ့ပေ။
သူသည် စာကြည့်ခန်းထဲတွင် ပူဆွေးနေသည့်မျက်နှာဖြင့် တစ်ယောက်တည်း သွားထိုင်နေပြီး သူ(မ)ကို စကားတစ်ခွန်းပင် မပြောလာချေ။
လုဝမ်ဝမ်သည် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် တီဗီကြည့်ပြီး ကွေးနေခဲ့သည်။ အမျိုးသားနှင့် အမျိုးသမီးသရုပ်ဆောင်၏အသံများက သူ(မ)အကြည့်များ ပြတင်းပေါက်ဆီသို့ နှေးကွေးစွာ ရွေ့သွားချိန်တွင် တဖြည်းဖြည်းနှင့် တိုးသည်ထက်တိုးသွားခဲ့သည်။ သူ(မ)သည် ပြတင်းပေါက်ကိုကြည့်နေရင်း သူ(မ)၏စိတ်ကို ဦးတည်ချက်မဲ့စွာ တစ်ဖန် ပျံ့လွင့်ခွင့် ပေးထားပြန်တော့သည်။
ရုတ်တရက် သူ(မ)အနောက်တွင် စူးရှသည့်အကြည့်တစ်ခု ပေါ်လာရာ ခံစားမိသည့် သူ(မ)နှလုံးသားသည် ရေခဲတမျှ အေးခဲသွားရသည်။
အနောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် သူ(မ)မျက်နှာမှာ ဖြူဖျော့သွားတော့သည်။
ရှန်းရီသည် ဘယ်အချိန်ကတည်းကမှန်းမသိ ထိုနေရာတွင် ရပ်နေခဲ့ပြီး မျက်ဝန်းများက အနည်းငယ် အေးစက်နေပြီး အပြုံးတွင်လည်း လှောင်ပြောင်မှုတို့ စွန်းထင်းနေ၏။
“မင်း ဘာကို ကြည့်နေတာလဲ”
လုဝမ်ဝမ်သည် သူ(မ)အကြည့်ကို ပြန်ရုတ်ပြီး ပျင်းရိဖွယ်ကောင်းသည့် ဒရာမာကားကို ဆက်ကြည့်နေလိုက်ရင်း သမ်းဝေကာ ပြန်ဖြေပေးလိုက်သည်။
“ဘာမှ မကြည့်ဘူး”
သူ(မ)စိတ်ထဲတွင် အနည်းငယ် မသိုးမသန့်ဖြစ်နေရပြီး ရှန်းရီက သူ(မ)၏အတွင်းစိတ်များကို ထွင်းဖောက်မြင်နိုင်သည်ဟု သူ(မ) အမြဲတမ်း ခံစားမိနေသည်။
ထိုကြောင့် လုဝမ်ဝမ်သည် တီဗီကို ပိတ်ပြီး အိပ်ခန်းထဲသို့ ဝင်သွားလိုက်သည်။
မှောင်ကာစဖြစ်၍လည်း အိပ်ရာဝင်ဖို့ရာ စောလွန်းနေသေး၏။
လုဝမ်ဝမ်သည် အိပ်ရာပေါ်တွင် လှဲလျောင်းပြီး ကျောင်းကျောင်းကို ဖုန်းခေါ်လိုက်သည်။ နှစ်ယောက်သား ချမ်းသာသောအမျိုးသမီးများ၏ အတွင်းကျကျအသိုင်းအဝိုင်းအကြောင်းနှင့်ပတ်သက်ပြီး အတင်းပြောဖြစ်ကြသည်။ ထို့နောက်တွင်တော့ သူ(မ)စိတ်က ပိုကောင်းလာခဲ့သည်။
အိပ်ခန်းအပြင်ဘက်တွင် လှုပ်ရှားမှုတစ်ချို့ရှိနေပြီး လုဝမ်ဝမ်သည် ဖုန်းကို ချကာ တံခါးဖွင့်ပြီး ဧည့်ခန်းဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်သည်။
လက်ထဲတွင် ကိရိယာတန်ဆာပလာ ကိုယ်စီကိုင်ထားသည့် ကျွမ်းကျင်လုပ်သားများက ပြတင်းပေါက်နားတွင် အလုပ်ရှုပ်နေကြသည်။
ထိုပြတင်းပေါက်ကို ပိတ်ရန် သူတို့ကိုခေါ်လိုက်သည့်သူက ရှန်းရီသာ ဖြစ်ပေလိမ့်မည်။
ဆောက်လုပ်ရေးလုပ်သားများက လျင်လျင်မြန်မြန်နှင့် ကျွမ်းကျင်စွာ လုပ်ကိုင်နေကြပြီး လသာဆောင် ပြတင်းပေါက်မှာ တစ်နာရီအတွင်း ဘောင်ခတ်ပြီးသွားခဲ့သည်။
ပြတင်းပေါက်အပြင်ဘက်ရှိ ရှုမျှော်ခင်းက ယခုတွင် တစ်ဝက်တိတိ ဖုံးကာသွားပြီး ရှုခင်းက ယခင်ကလောက် ကြည့်မကောင်းတော့သဖြင့် လုဝမ်ဝမ်မှာ နှမြောတသသဖြစ်နေရသည်။
ဆောက်လုပ်ရေးလုပ်သားများ ထွက်သွားပြီးနောက်တွင် လုဝမ်ဝမ်သည် ရှန်းရီဆီ လျှောက်သွားပြီး သူနှင့် ဘေးချင်းယှဉ်ရပ်ကာ တည်ငြိမ်ဟန်ယောင်ဆောင်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
“ဘာလို့ ရုတ်တရက်ကြီး ပြတင်းပေါက်တွေကို ပိတ်ချင်ရတာလဲ၊ ကြည့်လို့လည်း မကောင်းဘူး”
ရှန်းရီက သူ(မ)ကို ငေးကြည့်လာပြီး တိုးဖျသည့်အသံတို့က အဝေးတစ်နေရာမှရောက်လာခဲ့သည့် လေးလံသော ဖိအားများကို သယ်ဆောင်ထားသည့်ပုံ။
“ဘောင်လေးခတ်လိုက်တော့ ပိုပြီးအန္တရာယ်ကင်းတာပေါ့ အကောင်သေးသေးလေးတွေ အောက်ကို မပြုတ်ကျတော့ဘူးလေ”
သူတို့မှာ ဘာအကောင်မှ အိမ်မှာ မရှိတာ၊ အန္တရာယ်မကင်းမှာကိုကြောက်တယ်ဆိုတာက ဘယ်ကရောက်လာတာလဲ?
**_**_**
တစ်ကယ်တော့ ရှန်းရီက ထုတ်သာမပြောတာ လုဝမ်ဝမ် တစ်ခုခုဖြစ်သွားမှာကို သူအကြောက်ဆုံးပဲ
နောက်အပိုင်းတွေကျရင် ကိုယ်တွေအဓိကဇာတ်ဆောင်ကြီးရဲ့ အကြံအစည်တွေနဲ့ အပြုစု၊ အယုယလေးတွေကို တွေ့ရတော့မှာနော် ဟိဟိ