⚠️(Content Warning: This content discusses suicide attempts and suicidal thoughts, which may be distressing to some readers)⚠️
အပိုင်း (၆၂)
လီရှင်း၏ပုံစံက ကောင်းမွန်သည့်ရည်ရွယ်ချက်ရှိပုံမပေါ်ပြီး သူ့စိတ်ထဲတွင် မည်သို့သော အကြံအစည်မျိုးကြံနေသည်ကို မသိသော်ငြားလည်း သူ(မ) ခေါင်းခါလိုက်သည်။
“မဆော့ဘူး အိမ်မှာ စားပွဲမရှိဘူး ပြီးတော့ ရှန်းရီလည်း မာကျောက်ဘယ်လိုကစားရမလဲမသိဘူး”
ထိုစကားကိုကြားပြီး လီရှင်းတစ်ယောက် စိတ်ထဲတွင် ကြိတ်ရယ်လေတော့သည်။
‘ရီကောလား မာကျောက် ဘယ်လိုကစားရလဲဆိုတာ မသိတာ? သူသာ လောင်းကစားစားပွဲပေါ် ပိုက်ဆံပစ်တင်လိုက်တာနဲ့ သေချာတယ် ဘယ်သူကမှသူ့ပြိုင်ဘက် မဟုတ်နေဘူး’
လီရှင်းသည် သူ့ပါးစပ်ကိုဖွင့်ကာ တစ်စုံတစ်ခုကို ပြောရန် ဟန်ပြင်လိုက်သော်လည်း ရှန်းရီသည် သူ့အား အေးတိအေးစက်ကြည့်လာသည်က သူ့နှလုံးသားကို ကြက်သီးမွှေးညှင်းများ ထသွားစေ၏။ သူသည် နှစ်ကြိမ် ရယ်ကာ ဆိုလိုက်သည်။
“ဒါဆိုလည်း မေ့လိုက်ပါတော့”
လုဝမ်ဝမ်ကလည်း အမှန်တော့ အတော်လေးသနားစရာကောင်းပေ၏။ ရီကောက သူ(မ)မသိအောင်ဖုံးကွယ်ထားသည့် အရာများစွာရှိဟန်ပေ။
လီရှင်းသည် ရှန်းရီကို အထက်တန်းတတိယနှစ်တွင်မှ စသိခဲ့ခြင်းဖြစ်သည်။ ရှန်းရီ ရန်ဖြစ်သတ်ပုတ်နေချိန်မျိုးတွင်ရှိတတ်သည့် ဆိုးသွမ်းရမ်းကားသည့်ပုံစံက တကယ်ကို သူ့အား ကြောက်လန့်စေခဲ့သည်။ စကားတစ်ခွန်းမျှမဆိုတတ်သည့် မိန်တွေတွေနေတတ်သည့် အနှီလူက လုံးဝအရိုင်းဆန်သွားသည်မှာ သူ၏ပြိုင်ဘက် မသေမချင်း ရပ်တန့်တော့မည် မဟုတ်သည့်ပုံ။
ဓားဖြင့် ထိသွားသည့် သူ၏လက်မောင်းဒဏ်ရာမှ သွေးရှင်ရှင်ထွက်နေသော်လည် သူသည် နာကျင်မှုကို မခံစားရသည့်အလား မျက်နှာထက်တွင် မည်သည့်အမူအရာမျှရှိမနေဘဲ ထွက်သွားခဲ့သည်။
လီရှင်းသည် ထိုအချိန်တွင် ရှန်းရီဆိုသည့် သည်လူသားတွင် အမှန်တကယ် ရက်စက်ကြမ်းကြုတ်သည့်နှလုံးသားရှိမှန်း နားလည်သွားခဲ့သည်။
ရှန်းရီ၏မျက်နှာက အေးတိအေးစက်နှင့် သည်းခံမှုများကုန်ဆုံကာ ဧည့်သည်များကို စပြီးမောင်းထုတ်လေတော့သည်။
“အချိန်လည်း မစောတော့ဘူး မင်းတို့အားလုံးပြန်ကြတော့”
“ရီကော ကျွန်တော်တို့ကို ဘယ်လိုလုပ်ပြီး ဒီလိုမျိုးအေးတိအေးစက်ဆက်ဆံရတာလဲ? ကျွန်တော် မရီးလေးနှင့် စကားပြောချင်သေးတယ်”
“ထွက်သွားစမ်း”
*****
လုဝမ်ဝမ် လင်းရှုအကြောင်း ပြန်ကြားလိုက်ရသည့်အချိန်က သူ ဒေဝါလီခံသွားသည့်သတင်းဖြင့် ဖြစ်သည်။ မူလဝတ္ထုတွင် အမျိုးသားဇာတ်ဆောင်ကြောင့် သူသည် ချွတ်ချုံပြာကျသွားပြီး နောက်ဆုံးတွင် အဆောက်အအုံပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားလိမ့်မည်ဖြစ်သည်။
ထိုအချိန်က သူ(မ)သည် ကျောင်ကျောင်နှင့်အတူ Milk Tea သောက်နေခဲ့ပြီး ကျောင်ကျောင်က မနေနိုင်အောင် သက်ပြင်းချရင်း ဆိုလာ၏။
“အရမ်းသနားစရာကောင်းတာပဲ၊ သူ့မိသားစုကံကြမ္မာက လုံးဝကို ကံဆိုးမိုးမှောင်ကျသွားတာ ကုန်ကောက်စရာမရှိအောင်ကို ပျက်စီးသွားတာဟ”
လုဝမ်ဝမ်သည် မသက်မသာခံစားလာရပြီး ဘယ်နေရာက မူမမှန်နေမှန်းလည်း မပြောတတ်ချေ။
“သူ အခု ဘယ်လိုအခြေအနေရှိလဲ?”
ကျောင်ကျောင်သည် သက်ပြင်းချလျက်။
“သူ တိုက်ပေါ်ကခုန်ချပြီး သတ်သေသွားပြီလို့ ကြားတယ်”
“……”
အချိန်စီးကြောင်းက အနည်းငယ်ရှေ့ပြေးနေသည်ဟု ဆိုရမည်ဖြစ်သော်လည်း လင်းရှု၏အဆုံးသတ်ကမူ မပြောင်းလဲသွားခဲ့ချေ။
လုဝမ်ဝမ်သည် သူ(မ)အမြဲတမ်း လျစ်လျူရှုထားခဲ့သည့် ပြဿနာတစ်ခုအကြောင်း ရုတ်တရက် တွေးလိုက်မိသည်။ အရင်နှစ်ကြိမ်က သူ(မ)သည် ဇာတ်ကွက်နှင့် ဇာတ်ကောင်အကျင့်စရိုက်တို့ကို ပြောင်းလဲခဲ့သည့်တိုင် နောက်ဆုံးတွင် သူ(မ)သည် သေခြင်းတရားဖြင့်သာ အဆုံးသတ်ခဲ့ရ၏။
မမလေးလု၏ကံကြမ္မာမှာ မပြောင်းလဲသွားခဲ့ချေ။
ပထမတစ်ကြိမ် သူ(မ) ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရသည့် အကြောင်းရင်း၏ တစ်ဖက်ခြမ်းသည် အမျိုးသားဇာတ်ဆောင်၏အဆုံးမရှိသော ချုပ်နှောင်မှုများကို သည်းခံနိုင်စွမ်းမရှိတော့ခြင်းနှင့် အခြားတစ်ဖက်ခြမ်းတွင်မူ သူ(မ)သည် အပြင်းအထန် ခေါင်းကိုက်ခဲ့ခြင်း၊ ထူးဆန်းပြီး ရှင်းပြ၍မရနိုင်သည့် ခေါင်းကိုက်ခြင်းမျိုးတစ်ခု ရှိခဲ့ခြင်းကြောင့်ဖြစ်သည်။
ထိုနာကျင်မှုမျိုးက တစ်စုံတစ်ရာက သူ(မ)ဦးခေါင်းထဲသို့ ထွင်းဖောက်နေသည့်အလား နာကျင်ရလွန်းသဖြင့် သူ(မ)မှာ ညဘက်များတွင် အိပ်စက်၍ပင်မရခဲ့ချေ။
ဒုတိယတစ်ကြိမ်အနေနှင့် သူ(မ)၏သေဆုံးရခြင်း၏အကြောင်းအရင်းကို သူ(မ)ကိုယ်တိုင်လည်း အဖြေရှာမရသေးချေ။ သူ(မ)သည် ရေချိုးခန်းထဲတွင် အမည်မသိသော အကြောင်းပြချက်တစ်ခုကြောင့် ချော်လဲသွားခဲ့ပြီး တစ်ချက်တည်းဖြင့် ပွဲချင်းပြီးသွားခဲ့သည်။
သူ(မ) ပို၍တွေးမိလေ နှလုံးသားမှာ ပို၍ အေးစက်လာရလေ… သူ(မ)မှာ မည်သို့ပင်ဖြစ်နေပါစေ သေကိုသေရမည့်ကံတရားများ ရှိနေခဲ့သည်လော။
လုဝမ်ဝမ်သည် စိတ်ထဲတွင် မသက်မသာခံစားလာရပြီး Milk Tea ကိုပင် ကုန်အောင်မသောက်နိုင်တော့ချေ။
ကျောင်ကျောင်က သူ(မ)မျက်နှာထက်မှ ဝမ်းနည်းညှိးငယ်နေသည့်ရုပ်ကိုကြည့်ပြီး စိုးရိမ်တကြီး မေးလာတော့သည်။
“ဘာဖြစ်လို့လဲ? နင် လင်းရှုကို ချစ်နေတယ်လို့တော့ ငါ့ကိုလာမပြောနဲ့နော်?”
လုဝမ်ဝမ်ခမျာ သက်ပြင်းသာချနိုင်တော့၏။
ကျောင်ကျောင်သည် သူ(မ)ကို အလေးအနက်ကြည့်ကာ ဆိုလာ၏။
“ငါအမြင်အရတော့ ဒီလင်းရှုက ရှန်းရီလောက်တောင် မကောင်းပါဘူးဟယ်၊ သူ့ပုံစံက လက်ခံနိုင်လောက်တဲ့ ကြည့်ပျော်ရှုပျော်လေးဆိုပေမဲ့ စိတ်ဓာတ်က တအားယုတ်တာနော်! နင့်အမြင်အာရုံက အဲ့လောက်ထိတော့ မဆိုးရွာလောက်ဘူးမလား?”
လုဝမ်ဝမ်သည် ခေါင်းကို ခါလိုက်သည်။
“ငါ သူ့ကိုမကြိုက်ပါဘူး”
ကျောင်ကျောင်ခများ စိတ်သက်သာရသွားပြီး ပင့်သက်ရှည်ကြီးချလေ၏။
“အရင်က နင်နဲ့သူနဲ့ အနေနီးကြမှန်း ငါသိတယ် ငါဆို နင် သူနဲ့ချစ်ကြိုက်နေပြီလို့တောင် ထင်ခဲ့တာ”
“ဒါပေမဲ့ သူ ဒီလိုမျိုး တိုက်ပေါ်က ခုန်ချပြီး သေကြောင်းကြံသွားမယ်လိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ထားမိဘူး”
လုဝမ်ဝမ်သည်လည်း မမျှော်လင့်ထားခဲ့ပါချေ။ သူက သူ့ဘဝ၏သက်တမ်းတစ်ဝက်ကို ခလုတ်တံသင်းမရှိ ချော့ချော့မွေ့မွေ့နေနိုင်ခဲ့သဖြင့်လည်း ဤကဲ့သို့ချွတ်ချုံကျမှုကြီး၏ ရုတ်တရက် ထိုးနှက်ချက်ကို မခံနိုင်သဖြင့် သူ့ဘဝကို အလျင်အမြန်အဆုံးသတ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါ၏။
ထိုအကြောင်းပြောပြီးသည့်နောက်တွင် လုဝမ်ဝမ်သည် မိမိကိုယ်ကိုယ် အားပေးယူလိုက်ပြီး ကျောင်ကျောင်နှင့်အတူ တိုက်ခန်းသွားကြည့်ရန် ပြင်ဆင်လိုက်သည်။
လမ်းတစ်ဝက်အရောက်တွင် ကျောင်ကျောင်သည် အချိန်အတိုင်းအတာတစ်ခုအထိ ထိုတိုက်ခန်းကို ဆက်၍မငှားတော့မည်ဖြစ်ကြောင်း အသိပေးလာသည့် အိမ်ခန်းပိုင်ရှင်ထံမှ ဖုန်းလက်ခံရရှိခဲ့သည်။
ကျောင်ကျောင်သည် စိတ်ရှည်တတ်သူဖြစ်သော်ငြားလည်း မနေနိုင်အောင် ဒေါသထွက်မိတော့သည်။
“ရှင်က ကျွန်မတို့သဘောတူထားပြီသားကိစ္စတစ်ခုကို ဘာလို့ရုတ်တရက်ကြီးပြောင်းလိုက်ရတာလဲ?”
အိမ်ခန်းပိုင်ရှင်က ယဉ်ကျေးစွာဖြင့်ပင် ပြန်ဖြေလာ၏။
“ကျွန်တော့်သားက လက်ထပ်တော့မှာမလို့ အဲ့ဒီတိုက်ခန်းကို မင်္ဂလာဦးတိုက်ခန်းအဖြစ် သုံးမလို့ပါဗျာ”
ကျောင်ကျောင်သည် ဒေါသထွက်စွာ ရယ်လိုက်တော့သည်။
“လက်ထပ်တာက ကောက်ခါငင်ကာ လက်ထပ်လို့ရတာပဲလား?”
အိမ်ခန်းပိုင်ရှင်က အရှက်အကြောက်မရှိ လိမ်ညာနေ၏။
“ငယ်ရွယ်သူတွေကြားမှာ လျှပ်တစ်ပြက်လက်ထပ်မှုတွေက ခေတ်စားလာကြတာပဲလေ”
လုဝမ်ဝမ်သည် သူ(မ)ကို ထားလိုက်ဖို့ရာနှင့် ထိုကိစ္စနှင့်ပတ်သက်ပြီး ဆက်၍ စကားမများတော့ဖို့ရာ အတော်ပြောယူလိုက်ရသည်။
ကျောင်ကျောင်သည် ဒေါသတကြီး ဖုန်းကို ချပစ်လိုက်သည်။
လူအုပ်ကြီးတစ်အုပ် ပိတ်ဆို့လာချိန်တွင် လုဝမ်ဝမ်နှင့် ကျောင်ကျောင်တို့ စီးလာသည့်ကားမှာ လမ်းတစ်ဝက်ရောက်နေပြီဖြစ်သည်။
အနက်ရောင် Land Rover အများအပြားက သူတို့အရှေ့တွင် လမ်းကိုပိတ်ရပ်ထားပြီး ဝတ်စုံပြည့်နှင့်အမျိုးသားတစ်ဦးက ကားတစ်စီးထဲမှ ထွက်လာ၏။
ရှန်းရီ၏အစ်ကို ရှန်းရှီပင်။
ကျောင်ကျောင်သည် အနှီပုဂ္ဂိုလ်ကို မသိသဖြင့်လည်း လုဝမ်ဝမ်၏လက်မောင်းကို လက်ချောင်းလေးဖြင့် ထိုးကာ မေးလိုက်သည်။
“ဒီလူက ဘယ်သူလဲဟ?”
“ရှန်းရီအကို”
သူ(မ)က ထပ်ဖြည့်၍ : “ကောင်းတဲ့သူတော့မဟုတ်ဘူး”
ရှန်းရှီ၏လက်ထောက်က ကားပြတင်းတံခါးကို လာခေါက်ပြီး တံခါးမှန်ချလိုက်ချိန်တွင် အနှီအမျိုးသားက ယဉ်ကျေးစွာ ဆိုလာ၏။
“မိန်းကလေးလု မစ္စတာရှန်းက မင်းနဲ့စကားပြောချင်လို့ပါတဲ့”
----
တိုက်ခန်းကိစ္စက ဘယ်သူ့လက်ချက်လို့ထင်လဲ? 🙂