အပိုင်း (၂၃)
ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်လိုက်ရင်း ဆံပင်များက နေရာအနှံ့ပြန့်ကျဲနေလျက်သားဖြင့်။ ဖုန်းကို လက်ထဲတွင် ကိုင်ထားစဉ် ဝီချက်တွင် မက်စေ့ခ်ျများက တောက်လျှောက်ဝင်လာခဲ့သည်။
ရှန်းရီသည် ရေချိုးပြီးကာစဖြစ်၍ ဆံပင်များမှာ စိုနေသေးဆဲဖြစ်ပြီး အိမ်နေရင်းအင်္ကျီကို လဲဝတ်ထားကာ သူမဘေးတွင် ပျင်းရိပျင်းတွဲ ဝင်ထိုင်လိုက်သည်။
လုဝမ်ဝမ်သည် ဖုန်းသုံးနေစဉ်အတွင်း ရှင်းပြမတတ်အောင် ရင်ဖိုနေမိကာ စိတ်မတည်မငြိမ်ဖြစ်နေ၏။ တီဗီထဲတွင် မင်းသားနှင့် မင်းသမီး တစ်ယောက်ကိုတစ်ယောက် အော်ဟစ်နေကြသည့်အခန်းကို ပြသနေသည်။
ရှန်းရီသည် သူမဘက်သို့ မျက်နှာလှည့်ကာ တစ်လုံးချင်းစီဖြင့် ဖြည်းညင်းစွာ မေးလာ၏။
“အခုဏက…ဘာလို့ ငိုတာလဲ?”
လုဝမ်ဝမ်မှာ သူ မမြင်လိုက်ဘူးဟုသာထင်ခဲ့ပြီး၊ ယခုကဲ့သို့ တိုက်ရိုက်ကြီးမေးလာသည့်အခါတွင် အနည်းငယ် ရှက်အမ်းအမ်းဖြင့်သာ ဆိုလိုက်ရသည်။
“ငါ မငိုပါဘူး”
“မင်းရဲ့မျက်လုံးတွေ ဖူးရောင်နေတယ်”
“အို့ ဒါက ငါ သူတို့တွေကို ရောင်လာတဲ့အထိ ပွတ်မိသွားလို့လေ”
ရှန်းရီ၏နှုတ်ခမ်းထောင့်များသည် အောက်သို့ ညွတ်ကျသွားပြီး မျက်လွှာချလိုက်ပြီး အသေးစိတ် လိုက်မေးမနေတော့ချေ။
“နောက်တစ်ခါကျ မျက်လုံးကို လက်တွေနဲ့မပွတ်နဲ့”
“အင်းပါ”
အချိန်အများစုတွင် ရှန်းရီက စကားအများကြီး ပြောတတ်သည့်သူမဟုတ်၊ သူမကိုသာ စိုက်ကြည့်နေရသည်ကိုသာ ပိုသဘောကျပုံ ရလေသည်။
လုဝမ်ဝမ်မှာ သူ၏စူးစိုက်စိုက်အကြည့်များကြောင့် ရှက်သွေးဖြာလာရပြီး တီဗီကြည့်ရန် အာရုံမလာတော့ဘဲ ခေါင်းကို ငုံ့ပြီး ဖုန်းကိုသာ ကစားနေလိုက်သည်။ သူမသည် ဝီချက်ပေါ်တွင် လင်းရှုနှင့် စကားပြောနေခြင်းဖြစ်သည်။
ထိုအမြှောက်စားဇာတ်ကောင် လင်းရှုသည် ဇာတ်ကွက်များရှေ့သို့သွားရမည့်နေရာတွင် အလွန်အရေးပါ၏။ သူမက လင်းရှုပါးစပ်မှ ထွက်လာသည့် ထိုချစ်ရေးချစ်ရာစကားများကို အထင်သေးရွံရှာနေလျှင်တောင်မှ ကျည်ဆံကိုကိုက်ကာ သူနှင့်အဆက်သွယ် ဆက်လုပ်နေရအုံးမည်ဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် လှေလှံနှစ်ဖက်နင်းပြီး၊ ငါ့ရဲ့ပန်းတိုင်ကို ပြီးမြောက်အောင်လုပ်ရမယ်!
ပြီးတော့ ငမွဲလေးရှန်းရီကို အရှက်ခွဲရမှာကလည်း သူ(မ) မဖြစ်မနေ လုပ်ရမယ့်အလုပ်!
လင်းရှု : [ဝမ်ဝမ် မင်းလိုင်းပေါ်မှာရှိနေလား?]
လုဝမ်ဝမ် : [အင်း ဘာဖြစ်လို့လဲ?]
လင်းရှု : [ဘာမှမဖြစ်ပါဘူး ဒီတိုင်း ကိုယ် မင်းကိုသတိရလာလို့...မင်းနဲ့အတူစကားတွေ ပြောချင်လို့...ကိုယ် မင်းနဲ့စကားပြောနေရတဲ့ အချိန်တိုင်း အရမ်းပျော်မိတာပဲ]
လုဝမ်ဝမ် : [ငါလည်း နင်နဲ့စကားပြောရတဲ့အချိန်ဆို ပျော်ပါတယ်]
လင်းရှု : [ကိုယ်မနေ့က အိတ်တစ်လုံးတွေ့ခဲ့တယ် အဲ့ဒါကမင်းနဲ့ဆို အရမ်းလိုက်မှာ အဲ့ဒါကြောင့် ကိုယ်ဝယ်ခဲ့လိုက် မင်းရဲ့လိပ်စာပေးနော် ကိုယ်ပို့ပေးလိုက်မယ်]
လုဝမ်ဝမ် : [ပိုက်ဆံတွေအများကြီးကုန်ကုန်မှာပေါ့ ရပါတယ်]
လင်းရှု : [မင်းက နတ်ဘုရားမလေးပဲ မင်းနဲ့ထိုက်တန်ပါတယ်]
လုဝမ်ဝမ် : [နင်က အရမ်းသဘောကောင်းတာပဲ အပြောလေးတွေကလည်း ချိုလို့]
ငါတော့ အန်ထွက်မိတော့မယ်!
ဘယ်လိုအပြောတွေလဲ ရွံဖို့ကောင်းလိုက်တာမှ!
ဘယ်လိုမကောင်းတဲ့ပြစ်မှုတွေများကျူးလွန်ထားမိလို့ ဒီလိုလူမျိုးနဲ့မှ ဖောက်ပြန်ဖို့ကံ ပါလာရတာလဲ?
လင်းရှု : [ဒါဆို ဝမ်ဝမ်....ကိုယ် ရက်အနည်းငယ်လောက်ကျရင် မင်းနဲ့တွေ့လို့ရမလား?]
လုဝမ်ဝမ်သည် အေးတိအေးစက်နှင့် လှောင်ပြုံး,ပြုံးကာ သူ၏အမေးကို ပြန်မဖြေချေ။
လင်းရှု : [ကိုယ်မင်းကို တကယ်သတိရနေတာပါ ဒါပေမဲ့ မင်းဘက်ကအဆင်မပြေဘူးဆိုရင် မေ့လိုက်ပါတော့]
လုဝမ်ဝမ်သည် နာရီဝက်လောက်ကြာပြီးမှ ပြန်ဖြေလိုက်သည်။
[တောင်းပန်ပါတယ် ခုဏက ငါရေသွားချိုးနေလို့…ဒါပေါ့ အဆင်ပြေပါတယ်]
လင်းရှု : [ဒါဆို တွေ့ကြမယ်နော်]
ထို့နောက် စကားပြောနေသည်အား ရပ်လိုက်ပြီး အချိန်ကုန်စေရန် ဂိမ်းဆော့နေလိုက်သည်။ ပထမက သူမသည် ဆိုဖာပေါ်တွင် ထိုင်နေခြင်းဖြစ်ပြီး၊ နောက်တွင်တော့ ရှန်းရီပေါင်ပေါ်တွင် သူမဖုန်းကို ကိုင်ပြီး လှဲချလိုက်တော့သည်။
ရုတ်တရက် ကျောင်ကျောင်ရဲ့မက်စေ့ခ်ျ ဝင်လာခဲ့သည်။
မင်းရဲ့ချစ်စရာလေး ကျောင်ကျောင် : [ငါတစ်ညနေခင်းလုံး စဉ်းစားပြီးပြီ နောက်ဆုံးတော့ နင်ဘာလို့ ရှန်းရီနဲ့ ကွာရှင်းချင်လဲဆိုတာ ငါသိသွားပြီ]
မင်းရဲ့အချစ်တုံးကြီး လုဝမ်ဝမ် : [ဘာကြောင့်လဲ?]
မင်းရဲ့ချစ်စရာလေး ကျောင်ကျောင် : [အဖြေက တစ်ခုပဲရှိနိုင်တယ်]
ကျောင်ကျောင်သည် နေ့လည်က ဝမ်ဝမ်ရဲ့ပြောပြရန် ခက်ခဲနေသည့် ပုံကို ပြန်တွေးမိကာ သူမစိတ်ထဲတွင် အဖြေရှိသွားပြီးဖြစ်သည်။ သူမ အတော်ကြာ တုံ့ဆိုင်းပြီးနောက်မှ မက်စေ့ခ်ျပို့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
မင်းရဲ့ချစ်စရာလေး ကျောင်ကျောင် : [ဘာလို့လဲဆိုတော့ နင့်ယောကျ်ားက မစွမ်းနိုင်လို့လေ]
မင်းရဲ့အချစ်တုန်းကြီး လုဝမ်ဝမ် : [……]
သူမသည် ရယ်ချင်စိတ်ကို အောင့်အီးကာ ပြန်ဖြေလိုက်ပါ၏။
[အင်းဟုတ်တယ် ရှန်းရီက မစွမ်းနိုင်လို့]
ပြန်ဖြေပေးပြီးနောက်တွင် လုဝမ်ဝမ်သည် ဖုန်းကိုကိုင်ကာ အချိန်တော်ကြာစောင့်ဆိုင်းနေခဲ့သည့်တိုင်အောင် ပြန်စာက ရောက်မလာသေးချေ။ သမ်းဝေလိုက်ချိန် ဖုန်းသည် သူမ လက်ထဲမှလွတ်ကျကာ သူမမျက်နှာကို ရိုက်မိလုသွားနီးနီး။
ရှန်းရီသည် ဖုန်းကို သူ၏လက်ချောင်းရှည်ရှည်များနှင့် လှမ်းဖမ်းပေးကာ သူမအား ပြန်ပေးရန် ဟန်ပြင်လိုက်သည့်အချိန်တွင်၊ ဝီချက်သတိပေးချက်အသံမြည်လာပြီး သူမနှင့် ကျောင်ကျောင် စကားပြောထားသည့်စခရင်းက ပေါ်လာ၏။
ကျောင်ကျောင်က ဆေးရုံတစ်ရုံ၏ [ဘိုရိုအမျိုးသားအထူးကုဆေးရုံ မင်းယောကျာ်းကို သူရဲ့သန်မာမှုလေးပြန်ရရှိစေရန် ကူညီပေးကြစို့! ] ဟူသောစကားလုံးများဖြင့် ကြော်ငြာတစ်ခုကို စခရင်ရှော့ရိုက်ပို့လာခဲ့ခြင်း။
ပထမတော့ ကျောင်ကျောင်ရဲ့မက်စေ့ခ်ျမှန်း လုဝမ်ဝမ် မြင်လိုက်ရသည့်အချိန်တွင် သူမ အလွန် စိုးရိမ်မနေတော့ပေ။ ရှန်းရီသာ သူမနှင့် လင်းရှုပြောထားသည့် စကားများကို မြင်သွားပါက သူမအတွက် တကယ်သွားပြီဖြစ်သည်။
သို့သော် ချက်ချင်းပင် ကျောင်ကျောင်ပို့ထားသည့် အကြောင်းအရာကို ဖတ်ကြည့်ပြီးနောက်တွင် သူမမျက်နှာမှာ နီရဲတက်လာတော့သည်။ ရှန်းရီသည် မျက်မှောင်ကြုတ်ပြီး သူမ၏ဖုန်းစခရင်ကိုသာ စိုက်ကြည့်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျောင်ကျောင်က သူမရဲ့ပြန်စာကိုစောင့်မနေတော့ဘဲ မက်စေ့ခ်ျများကိုသာ တစ်စောင်ပြီးတစ်စောင် တောက်လျှောက်ပို့လာတော့သည်။
[နင် ဘာလို့ဘာမှပြန်မပြောတာလဲ?]
[ငါတို့ရဲ့သနားစရာဝမ်ဝမ်လေးက ငယ်ငယ်ရွယ်လေးနဲ့ တစ်ခုလပ်ဘဝနဲ့နေ,နေရတာပဲ ဝူး ဝူး ဝူး]
[တကယ်လို့ နင် ဆေးရုံသွားရမှာရှက်တယ်ဆိုရင် သူ့အတွက် ဆေးလေးဘာလေးဝယ်ပြီး ကြိုးစားကြည့်ရင်ရော?]
ထို့နောက် ကျောင်ကျောင်သည် ရှန်းဘောင်ဝယ်ရန် လင့်တစ်ခုပို့ပေးလာသည်။
[TL’s note : ရှန်းဘောင်ဆိုတာက အမျိုးသားတွေရဲ့ ယန်စွမ်းအားကို အားဖြည့်ဖို့အထောက်အကူပေးတဲ့ဆေးတစ်မျိုးပါ LMAO]
ဖုန်းစခရင်မှာ အမည်းရောင် ပြန်ဖြစ်သွားပြီးနောက် လုဝမ်ဝမ်သည် အနှီအမျိုးသားက ရယ်သံသဲ့သဲ့ပြုလိုက်သည်ကို ကြားလိုက်ရသည်။ သူ၏နှုတ်ခမ်းထောင့်များက အပေါ်သို့ ကွေးညွတ်တက်သွားကာ စကားလုံးတစ်လုံးချင်းစီကို ရှင်းလင်းစွာ ဖြည်းဖြည်းမှန်မှန်ဖြင့် မေးလာခဲ့သည်။
“ကိုယ်က မစွမ်းနိုင်ဘူး?”
လုဝမ်ဝမ်သည် ဖုန်းကိုပြန်လုကာ သူမ၏ရင်ဘက်ပေါ်တွင် ဖိကပ်ထားလိုက်သည်။ သူမ၏မျက်နှာတစ်ခုလုံးမှာ နီရဲနေပြီး အချိန်အတော်ကြာသည်အထိ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေပြီး ယုတ္တိရှိနိုင်မည့်စကားကိုပင် ပြန်မပြောနိုင်သေးချေ။
ရှန်းရီ စွမ်းနိုင်၏၊မစွမ်းနိုင်၏ကို သူမကသာ အသိဆုံးပေ။
လုဝမ်ဝမ်သည် တစ်ခဏကြာ အသက်ရှုကြပ်သွားပြီးနောက် ကို့ရားကားယားနိုင်စွာဖြင့်သာ စကားအနည်းငယ်ကို ညှစ်ထုတ်ဆိုလိုက်ရသည်။
“နင်က စွမ်းနိုင်ပါတယ်၊ နင်က တကယ်ကိုစွမ်းနိုင်ပါတယ်”
ရှန်းရီ၏မျက်လုံးထောင့်များမှ အပြုံးသည် ပို၍နက်ရှိုင်းသွားဟန်။