အပိုင်း (၁၅)
ရှန်းရီသည် မကြားဟန်ဆောင်ကာ လုဝမ်ဝမ်၏လက်ကို ဆွဲကိုင်ကာ မေးမြန်းလာ၏။
“ပြီးသွားပြီလား?”
“အင်း အခန်းထဲ ပြန်သွားရအောင်”
“အိုခေ”
အစကနေအဆုံးထိ လျစ်လျူရှုခံနေရသည့် အမျိုးသမီးကြီးကမူ ဒေါသမီးတောင်ပေါက်ကွဲလေပြီဖြစ်သည်။ ရှန်းရီ တမင်သက်သက်လုပ်နေတာကို သူမစိတ်ထဲကနေ ခံစားမိနေတယ်! သူမရှေ့မှာတောင် မောက်မာရိုင်းစိုင်းနေတာ သူမကို ဘယ်လိုပုံစံမျိုးနဲ့ဆက်ဆံရဲနေရတာလဲ?
ချမ်းသာသည့် အမျိုးသမီးကြီးသည် ရန်လိုနေသည့်ပုံစံဖြင့် မျက်နှာသည်လည်း ဒေါသများဖြင့် ပြည့်နေကာ သူတို့အရှေ့တွင် လာပိတ်ရပ်လေ၏။
“နင် ငါ့ရှေ့မှာ ဒီလိုအချိုးမျိုး ချိုးရဲတယ်ပေါ့လေ!”
ရှန်းရီသည် နှုတ်ခမ်းကို စေ့ပိတ်ထားကာ မည်သည့်အရာမှမဆိုချေ။
သူကြွယ်အမျိုးသမီးကြီးသည် မည်သည့်အရာမှမဆိုဘဲ ပါးစပ်ကိုသာတွင်တွင်ပိတ်ထားသည့် ရှန်းရီကြောင့် ဒေါသက ဆတိုး ထွက်လာရတော့သည်။ သူမသည် ရှန်းရီဘေးရှိ လုဝမ်ဝမ်အား လှည့်ကြည့်လိုက်ပြီး သူမမျက်လုံးထဲရှိ အထင်သေးရွံရှာမှုများက ပို၍ထူထဲလာပြီး နှာတစ်ချက်မှုတ်ကာ ဆိုလာ၏။
“နင်က လုမိသားစုက ဟုတ်တယ်မလား? နင့်ပုံစံက ချမ်းသာရင် ပြီးရောဆိုပြီး ကြုံရာလူနဲ့လက်ထပ်ချင်နေတဲ့ပုံနော် နင့်ကို လူတွေဝိုင်းဟားကြမှာ မကြောက်ဘူးလား?”
နောက်ဆုံးတွင် ရှန်းရီ၏မျက်နှာသေသည် မတည်မငြိမ်ဖြစ်သွားပြီး ထိုအမျိုးသမီးအား အေးစက်စွာ တစ်ချက် ကြည့်ကာ၊ မျက်ဝန်းတစ်စုံက သေချာပေါက် ညင်သာနေပုံပေါ်သော်လည်း အနက်ရောက်မျက်ဝန်းများ၏ အခြေတွင် စိတ်ရှိတိုင်း ကြမ်းရမ်းလိုသည့် အရိပ်အယောင်ကို ဖုံးကွယ်ထားသည့်ဟန်။ သူသည် အေးစက်စွာ ဆိုလာ၏။
“ဒီမှာ ခင်ဗျားစကားပြောတာကြည့်ပြောပါ”
သူကြွယ်အမျိုးသမီး၏နှလုံးသားမှာ ရှန်းရီ၏မျက်လုံးကို ကြည့်လိုက်သည့်တဒင်္ဂတွင် တုန်လှုပ်သွားရ၏။ ဒါကလည်း သူမ ထိုတူကို မကြိုက်ရသည့် အကြောင်းပြချက်တွေထဲက တစ်ခု.။
ထိုလူသည် မည်သည့်အရာကိုမှစိတ်ဝင်စားခြင်းမရှိဘဲ အေးဆေးတည်ငြိမ်ပြီး နူးညံ့ပျော့ပျောင်းနေသည့်ပုံစံက ကိုင်တွယ်ရလွယ်ကူသည်ဟု ထင်မှတ်ရလောက်စေသည်။
သို့သော် တကယ်တမ်းတွင် သူသည် ရှန်းမိသားစုသို့ ပြန်ရောက်လာသည့်အချိန်က သူမယောက္ခမဘက်မှ အမျိုးများကို အမြစ်ပြတ်ချေမှုန်းခြင်းဖြင့် သူမအား သူ့ခွန်အားကို ပြသခဲ့ပြီးဖြစ်သည်။ သူ၏ထိန်းချုပ်မှုသည် တင်းကျပ်ပြီး ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများသုံးကာ သူတို့အား နောက်ဆုတ်နိုင်မည့်လမ်းမရှိအောင်ပင် စီစဉ်ခဲ့သည်။
ရှန်းရီသည် ထိုအမျိုးသမီးနှင့် စကားဆက်ပြောရန်ဆန္ဒမရှိသဖြင့် လုဝမ်ဝမ်၏လက်ကိုကိုင်ကာ ထွက်လာခဲ့လိုက်သည်။
လုဝမ်ဝမ် သူ့မျက်နှာကို ကြည့်လိုက်ပြီး သူ့ပုံစံက စိတ်ဆိုးဒေါသထွက်နေသည့်ပုံမပေါ်သည်ကို တွေ့လိုက်ရသည်။ သူစိမ်းများ၏အမြင်တွင် ရှန်းရီသည် လွန်စွာ စိတ်ရှည်တတ်သည့်သူမဟုတ်၊ သူ၏မိသားစုနှင့် ဆွေမျိုးများကို အေးစက်စက်မျက်နှာထားသာ ပြလေ့ရှိပြီး စကားအနည်းငယ်ဆိုသည်မှာပင် ရှားလွန်လှ၏။
သို့သော် ရှန်းရီသည် သူမကိုတော့ ဘယ်တုန်းကမှ စိတ်ဆိုးဒေါသမထွက်ဖူး၊ လုဝမ်ဝမ်သည်လည်း သူ ဒေါသထွက်နေသည်ကို မြင်ရခဲသည်။ ထိုလူသားသည် နေ့စဉ်လုပ်ငန်းဆောင်တာမျိုးနှင့်ဝါသနာပါမရှိသည့်သူ။
ယခင်အချိန်များတုန်းက လုဝမ်ဝမ် သူ့ကြောင့်ဖြင့် သေမတတ် ဒေါသထွက်နေကာ ညဘက်တွင် သူ့အား မအိပ်စေဘဲ အပြစ်မရှိအပြစ်ရှာကာ သောင်းကြမ်းခဲ့သည်။ နောက်တစ်နေ့မနက်အရောက်တွင်လည်း သူ့အား အစောကြီး ထခိုင်းပြန်လေ၏။ အကယ်၍သာ သူမ အခြားသူများကိုထိုသို့သွားလုပ်ပါက ထိုလူများသည် အစောကြီးကတည်းက ဒေါသထွက်ကြမည်မှာ အသေချာပင်။
သို့သော် ရှန်းရီသည် စိတ်ဆိုးဒေါသထွက်ခြင်းမရှိဘဲ သူမ ဒေါသထွက်သောင်းကြမ်းနေသည်ကိုသာ ကြည့်နေပြီး ဆန့်ကျင်ဘက်အနေဖြင့်လည်း သူမအား အလိုလိုက်ခွင့်လွှတ်ပေးပြန်သည်။
*
သူတို့စားပြီးသောက်ပြီးစီးသည့်အချိန်တွင် ၈နာရီထိုးလုနီးပါး ဖြစ်သည်။
ညစာစားချိန်တွင် လုဝမ်ဝမ်သည် ဝိုင်သောက်ချင်စိတ်အား မထိန်းနိုင်ကာ အနည်းငယ်သောက်လိုက်သဖြင့်လည်း ရီဝေဝေဖြစ်နေ၏။ လုဝမ်ဝမ်သောက်ထားသဖြင့်လည်း ရှန်းရီကသူမကိုခေါ်ကာ ကားမောင်းပြန်ခဲ့ကြ၏။
သူမ၏နားရွက်ထိပ်လေးများသည် ပန်းရောင်သန်းနေပြီး မျက်နှာသည်လည်း အနည်းငယ်နီမြန်းနေကာ ရှူသွင်း၊ ရှူထုတ်လုပ်နေသည့် သူမ၏ဝင်သက်ထွက်သက်များတွင်လည်း ဝိုင်နံ့များ စွဲပျံ့နေ၏။
ကား ဘယ်အချိန် ရပ်လိုက်မှန်းပင် သူမ မသိလိုက်သော်ငြား ကားထဲမှ ထွက်လာချိန်တွင် လေအေးများက အလုံးအရင်း ရိုက်ခတ်လာသဖြင့် အနည်းငယ်လေး အမူးပြေချင်သွားသည်။
ရှန်းရီ၏အသံတိုးတိုးလေးက သူမနား,နားသို့ကျရောက်လာ၏။
“မင်းနေလို့မသက်သာဘူးလား?”
လုဝမ်ဝမ် ခေါင်းခါကာ ; “အဆင်ပြေပါတယ်”
သူ(မ) တကယ်တော့ အနည်းငယ်အရက်မူးနေပြီဆိုတာ သူ(မ)ကိုယ်သူ(မ) သိ၏။ သို့သော် ကိုယ့်ကိုယ်ကိုယ်ထိန်းကာ ရှေ့ဆက်လျှောက်လိုက်သွားလိုက်သည်။
ဓာတ်လှေကားသည် ၈လွှာအထပ်တွင် ရပ်သွားပြီး သူမသည် အိတ်ထဲမှနေ သော့ကိုရှာရင်း ဓာတ်လှေကားထဲမှ ထွက်လာလိုက်သည်။ သို့သော် နောက်ဆုံး သူမ သော့ကို ရှာတွေ့လိုက်သည့်အချိန်တွင် ဘယ်လိုပင် ကြိုးစားပြီးဖွင့်နေပါစေ တံခါးက ပွင့်မလာချေ။
သူမနောက်မှ အမျိုးသားသည် သူမလက်ထဲမှသော့ကို လှမ်းယူလိုက်ပြီး နှစ်ချက်သုံးချက်အလှည့်တွင် တံခါးက ပွင့်အသွား၏။ လုဝမ်ဝမ်သည် ဒေါက်မြင့်ကို ချွတ်ကာ ခြေဗလာဖြင့်ပင် လျှောက်သွားလိုက်ပြီး ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် တိတ်တဆိတ် ဝင်ထိုင်ကာ အရှေ့ကိုသာ ငိုင်တွေတွေစိုက်ကြည့်နေ၏။ သူမသည် အရက်မူးနေသည့်အချိန်တိုင်းတွင် ငိုလည်းမငို၊ ပြသာနာလည်းမရှာတတ်ကာ အလွန်လိမ္မာနေတတ်၏။
ရှန်းရီသည် သူမ၏မှင်သက်ဖွယ်ကောင်းသည့် မျက်နှာလေးနှင့် ရှားရှားပါးပါး အပြုအမူလေးကို ကြည့်ရင်း တိုးတိတ်တိတ်အပြုံးလေးအဖြစ် နှုတ်ခမ်းစွန်းလေးများက အပေါ်သို့အနည်းငယ် တက်သွားရသည်။ သူမ၏ပုခုံးပေါ် လက်တင်ပြီး နူးညံ့စွာ ဆိုလိုက်သည်။
“ငြိမ်ငြိမ်လေးနေနော် ကိုယ် မင်းအမူးပြေအောင်သောက်ဖို့ စွပ်ပြုတ်သွားလုပ်ပေးမယ်”
လုဝမ်ဝမ်သည် နှုတ်ခမ်းကိုစူကာ စိတ်ဆိုးနေသည့်အကြည့်ဖြင့် သူ့အားကြည့်လိုက်ပြီး အလေးအနက်ဖြင့် တစ်လုံးချင်ဆိုလာ၏။
“ဟင်အင်း ငါမသောက်ချင်ဘူး”
ရှန်းရီ ထပ်ပြုံးလိုက်မိပြန်၏။ သူပြုံးသည့်အခါတိုင်း သူ၏အပြုံးလေးများသည် မိုးမခပင်အား ဖြတ်သန်းတိုက်ခတ်လာသည့် နွေဦး၏လေပြည်လေညင်းသဖွယ် လန်းဆန်းတတ်ကြွပြီး တောက်ပနေ၏
တစ်ခဏကြာပြီးနောက် ရှန်းရီသည် အမူးပြေစွပ်ပြုတ်ပန်းကန်လုံးကို ကိုင်ပြီး ရောက်လာ၏။
“သောက်လိုက်”
လုဝမ်ဝမ် အဝေးကနေ အနံ့ခံကြည့်ပြီးနောက် နောက်သို့ဆုတ်ကာ အနည်းငယ်ခေါင်းမာနေသည့်လေသံဖြင့် ဆိုလာ၏။
“ငါ မသောက်ဘူး”
သူမသည် ခါးသက်သက်အရသာများအား မနှစ်မြို့ကြောင်းကို ရှန်းရီ သိသည့်အတွက်လည်း တမင်တကာ သကြားအနည်းငယ် ထည့်လာပေးထား၏။ သူက နူးညံ့စွာ ပြောလာသည်။
“ဒါက မခါးပါဘူး”
သူမ သူ့ကို မယုံကြည်မည်စိုး၍လည်း အလေးအနက်ဟန်ဖြင့် နောက်တစ်ခါ ထပ်ပြောလိုက်၏။
“တကယ်ကို မခါးတာ”
လုဝမ်ဝမ်တစ်ယောက် ခွေခေါက်ကာ သောက်ရန် ငြင်းဆိုနေသည့်ပုံ ပေါ်နေဆဲကို မြင်လိုက်ရသဖြင့် သက်ပြင်းတစ်ချက်ချကာ သူမ၏မေးစေ့အား ညင်သာစွာ ညှစ်လိုက်ပြီး ပါးစပ်ထဲသို့ခွံကျွေးလိုက်သည်။
လုဝမ်ဝမ်သည် သူမနှုတ်ခမ်းများကို လျက်လိုက်ပြီး အနည်းငယ်အူတူတူလေးဖြင့် ဆိုလာ၏။
“ဒါက ချိုနေသလိုပဲနော်”
“အင်း ဟုတ်တယ်”
ရှန်းရီ သူ့အရှေ့မှ စွပ်ပြုတ်ကို လိမ်လိမ်မာမာနှင့် တစ်ဇွန်းပြီးတစ်ဇွန်း ခပ်သောက်နေသည့် အမျိုးသမီးငယ်လေးအားကြည့်ကာ ပြုံးလိုက်သည်။
“မင်းအိပ်ချင်တယ်ဆို သွားအိပ်တော့လေ”
လုဝမ်ဝမ်၏ပျော့ပျောင်းနေသည့်ခန္ဓာကိုယ်လေးသည် ရှန်းရီပေါ်သို့ လဲကျသွားပြီး၊ ဆံနွယ်များဆီမှ မွှေးရနံ့များက သင်းပျံ့နေကာ ချောမွေ့သန့်ရှင်းနေသည့် မျက်နှာနှင့် အသွင်အပြင်လေးမှာ လှပပြီး နူးညံ့နေဟန်ပင်။