no

Font
Theme

အပိုင်း (၈၃)

ရှန်းရီ၏ လျစ်လျူရှုခြင်းကိုခံရသည့် လုကျောက်ဇီမှာ မာန်ပြေလျော့သွားရမည့်အစား ဒေါသက ထောင်းခနဲ ထွက်လာခဲ့သည်။ သူက နှစ်ကြိမ် နှာခေါင်းရှုတ်ကာ ထေ့ငေါ့စွာ ဆိုလိုက်သည်။

“ဘာလဲ ကျုပ် ခင်ဗျားရဲ့အနာပေါ် ထိုးမိသွားလို့ ပြန်တောင်မဖြေရဲလောက်အောင် ဖြစ်သွားတာလား!”

ရှန်းရီသည် အနှီဘာမျှမသိနားမလည်သည့် ကလေးတစ်ယောက်နှင့် ပြိုင်၍စကားမများချင်ကာ သူ့ကို ပြုံးပြီး အဓိပ္ပါယ်ရှိစွာ ဆိုလိုက်သည်။

“မင်းသဘောကျတဲ့ ကောင်မလေးအတွက်နဲ့ ရန်ဖြစ်တာ ဟုတ်ရောဟုတ်ရဲ့လားတော့ ငါမသိဘူး၊ ဒါပေမဲ့ မင်းအစ်မရဲ့အာရုံဝင်စားမှုကို ရဖို့အတွက်နဲ့ ဒီလိုမျိုး ပြဿနာရှာတာကတော့ တော်တော်လေး ကလေးဆန်လွန်းတယ်”

သူ၏အကြံအစည်များ ဖော်ထုတ်ခံလိုက်ရသည့်အချိန်တွင်တော့ လုကျောက်ဇီမှာ အရှက်ကြီး ရှက်သွားရသည်။

လုဝမ်ဝမ် လက်ထပ်ပြီးသည်မှစ၍ သူ့မမနှင့် သူ အတူတူကုန်ဆုံးရသည့်အချိန်များက နည်းသည်ထက်နည်းလာခဲ့သည်။

လုကျောက်ဇီ ရှန်းရီအား အလွန်မုန်းတီးရသည့် အကြောင်းပြချက်ကလည်း ရှန်းရီက သူ့အစ်မဖြစ်သူကို သူနှင့်ဝေးရာသို့ ခိုးယူသွားခဲ့သည်ဟု ခံစားရခြင်းကြောင့်ပင်။

ရှန်းရီက ရုံခန်းတံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်သွားလိုက်သည်။

အခန်းထဲရှိလေထုမှာ အနည်းငယ်တောင့်တင်းနေပြီး လုဝမ်ဝမ်သည်မူ မသက်မသာဖြစ်နေရပြီး သူ(မ)၏နားရွက်လေးများက ပန်းရောင်သမ်းနေသည်မှာ ရှက်ရွံ့သွားမှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်လေ၏။

ဆန့်ကျင်ဘက်အနေနှင့် နန်ယွယ့်က တည်ကြည်ငြိမ်သက်နေ၏။ တစ်ခါက သူနှင့် အိမ်ထောင်ရေး ဖောက်ပြန်ရာရောက်သည့်ဆက်ဆံရေးမျိုး ရှိချင်ခဲ့သည့် ဤလက်ထပ်ပြီးသားအမျိုးသမီးအပေါ် သူ့တွင် နက်ရှိုင်းသည့် မှတ်ဉာဏ်တစ်ခု ရှိခဲ့သည်။

သူ(မ)၏ထိတ်လန့်သွားသည့် အပြုအမူများ၊ ထိန်းချုပ်ထားခြင်းမျိုးမရှိသော ပွင့်လင်းသည့်စကားလုံးများ နှင့်အတူ သူ(မ)၏ အလှတရားတို့က မမေ့နိုင်လောက်သည့် အသွင်အပြင်မျိုးဖြစ်သည်။

သူ(မ)အား မတွေ့မမြင်ခဲ့သည်မှာ ကြာပြီဖြစ်ပြီး နန်ယွယ့်သည် အနှီအမျိုးသမီးလေးက ပို၍လှလာပြီး၊ နှစ်လိုဖွယ်ကောင်းလာသည်ဟု ခံစားလိုက်ရသည်။

“တိုက်ဆိုင်လိုက်တာနော် မင်းက လုကျောက်ဇီရဲ့အစ်မ ဖြစ်နေမယ်လို့ ထင်တောင်မထင်ထားဘူး”

လုဝမ်ဝမ်သည် မျက်မှောင်ကြုတ်မိသွားပြီး လုပ်ငန်းသဘောမျိုး လေသံဖြင့် ဆိုလိုက်သည်။

“ကျွန်မမောင်လေးက ရှင့်ကို ဒုက္ခပေးမိပါပြီ၊ ကျွန်မ တကယ်ကို တောင်းပန်ပါတယ်ရှင်”

“ဒါက ကိုယ့်ရဲ့အလုပ်တာဝန်ပါပဲ”

နန်ယွယ့်သည် တစ်ခဏ ချိတုံချတုံဖြစ်နေသော်လည်း စကားစလာသေး၏။

“မင်းမိဘတွေက လုကျောက်ဇီကို နည်းနည်းအလိုလိုက်ထားတဲ့ပုံပဲနော်၊ မင်းရဲ့မိဘတွေက ကလေးကို ချစ်တယ်ဆိုတာကို ကိုယ် နားလည်ပါတယ်၊ ဒါပေမဲ့ သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားဖို့ လိုတယ်လို့ ကိုယ်ထင်တယ်၊ မဟုတ်ရင် ဒုက္ခရောက်မယ့်သူက သူပဲဖြစ်သွားမှာ”

နန်ယွယ့်သည် မငယ်ရွယ်တော့သော်လည်း ယခုထိတိုင် အိမ်ထောင်ရက်သား မကျသေးသဖြင့် ကလေးတစ်ယောက်တစ်လေပင် မရှိဖူးချေ။ ဘွဲ့မရခင်ကလည်း သူသည် စာထဲတွင် လုံးလုံးလျာလျာအာရုံနှစ်ထားခဲ့ပြီး ချစ်ရေးချစ်ရာကိစ္စများတွင် ပါဝင်ပတ်သက်ခဲ့ဖူးခြင်းမျိုးမရှိပေ။

ယခုစာသင်နှစ်က သူ၏ပထမဦးဆုံး ဆရာဖြစ်သည့်ကာလဖြစ်ပြီး ထိုမလိမ္မာစကားနားမထောင်ကြသည့် ကျောင်းသားတစ်သိုက်ကို ကြည့်ကာ သူ့မှာ ဘာလုပ်ရမှန်းမသိအောင် ဖြစ်ရသည်။

လုဝမ်ဝမ်အတွက်လည်း ထိုအရာက ခေါင်းကိုက်စရာပင်။ ဖေဖေလုနှင့် မေမေလုတို့က လုကျောက်ဇီနှင့်ပတ်သက်လျှင် အဆုံးဆမရှိကို အလိုလိုက်ကြသည်။

လုကျောက်ဇီ တစ်စုံတစ်ယောက်ကို ရိုက်နှက်လိုက်လျှင် သူတို့ဂရုစိုက်သည့် တစ်ခုတည်းသောအရာက သူတို့၏သားလေး ထိခိုက်ဒဏ်ရာ ရလား၊မရလား သာဖြစ်သည်။ သူတို့၏သားတော်မောင်ကိုယ်ပေါ် ဒဏ်ရာအနာတရရှိလာခဲ့လျှင် သူတို့က ခံရသည့်လူကို ထိုလူကသာ မှားကြောင်း ဆူပူကြိမ်းမောင်းလေသည်။

သူ(မ) အလွန်လေးနက်စွာဖြင့် ပြန်ဖြေပေးလိုက်သည်။

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်မ ပြန်သွားတဲ့အခါကျရင် ကျွန်မမိဘတွေကို သေသေချာချာလေး ပြောပြလိုက်ပါ့မယ်”

လုကျောက်ဇီ…လုကျောက်ဇီ ဒီကောင်စုတ်ကတော့ မဆုံးမပေးရင် ကောင်းကင်ထိ တက်တော့မယ့်အကောင်…

နန်ယွယ့် : “ကောင်းပါပြီ”

သူ၏လက်ချောင်းများက စားပွဲကို ခေါက်ပြီး သူ့မျက်ဝန်းများက နေ့ဘက်ကဲ့သို့ပင် ကြည်လင်နေ၏။

“မစ္စစ်လု ကိုယ်တို့နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်တုန်းက မင်း ကိုယ့်ကို ဘာပြောခဲ့လဲဆိုတာ မှတ်မိလား”

“မမှတ်မိဘူး”

“……”

နန်ယွယ့်သည် ကသိကအောက်နိုင်စွာ ချောင်းနှစ်ချက် ဟန့်လိုက်သည်။

“အဲ့ဒီတုန်းက မင်း‌ပြောခဲ့တာ လမင်းကြီးက တကယ်ကို လှတယ် ပြီးတော့ မင်း ကိုယ့်ကို မေးခဲ့တာက တကယ်လို့ ကိုယ်က မင်းနဲ့ ဒီလိုလှတဲ့ညလေးကို အတူကုန်ဆုံးချင်လား လို့လေ”

နန်ယွယ့် ထိုအချိန်ကို ရှင်းရှင်းလင်းလင်းကြီး မှတ်မိနေလိမ့်မည်ဟု လုဝမ်ဝမ် တကယ်ကို မမျှော်လင့်ထားခဲ့ပေ။ မည်သို့ပင်ဆိုစေ ထိုပုဂ္ဂိုလ်က ပညာရှိအငွေ့အသက်နှင့် ဖြူစင်သည့်ပုံ မဟုတ်ပါလား။

သူ(မ)က တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။

“အဲ့ဒါက ဟာသတစ်ခုပါပဲ၊ ရှင် စိတ်ထဲထားမနေပါနဲ့”

နန်ယွယ့်၏ နူးနူးညံ့ညံမျက်နှာက တဖြည်းဖြည်း နီမြန်းလာပြီး ဆိုလာ၏။

“မစ္စစ်လု ကိုယ် မင်းကို အခု အဖြေပြန်ပေးမယ်၊ ကိုယ်သဘောတူတယ်လို့”

“……”

လုဝမ်ဝမ်သည် သူ့အား ဆွံ့အစွာ စိုက်ကြည့်လိုက်ပြီးနောက် ခြောက်ခြောက်ကပ်ကပ် ဆိုလိုက်သည်။

“ကျွန်မမှာ ယောကျ်ားရှိတယ်”

နန်ယွယ့်က အလေးအနက်ဖြင့်ပင် ပြန်ဖြေ၏။

“ကိုယ့်အတွက် ကိစ္စမရှိဘူး”

လုဝမ်ဝမ်သည် အံကြိတ်ကာ ပြားချပ်နေသည့် သူ(မ)၏ဝမ်းဗိုက်ကို ထိရင်း အရှက်အကြောက်မရှိ ဗြောင်လိမ်တော့သည်။

“ငါ့မှာ ကိုယ်ဝန်ကြီးနဲ့”

“ပြီးတော့ ငါ့ယောက်ျားကလည်း ငါ့ကို ကွာရှင်းပေးမှာ မဟုတ်ဘူး”

နန်ယွယ့်၏အကြည့်များက သူ(မ)ဝမ်းဗိုက်ပေါ် ရပ်တန့်သွားခဲ့ပြီး တစ်ခဏ စိုက်ကြည့်ပြီးနောက် အလေးအနက်ကို ဆိုလာခဲ့ပြန်၏။

“ဒီလိုဆိုရင်ရော မင်းက မင်းရဲ့ယောကျာ်းကိုရော၊ ကလေးကိုရော ကိုယ့်အိမ်ခေါ်ထားလို့ရတယ် ကိုယ် မင်းနဲ့အတူ သူတို့အကုန်လုံးကို ထောက်ပံ့ပေးမယ်၊ ကိုယ့်မှာ ပိုက်ဆံ မပြတ်လပ်နေပါဘူး”

လုဝမ်ဝမ်မှာ သူ့စကားများ ကြားပြီး လုံးဝ အံ့အားသင့်သွားရသည်။

အမှန်တကယ်ပဲ တစ်စုံတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်ကို ကြည့်ပြီး ဆုံးဖြတ်လို့မရဘူးဘဲ၊ နန်ယွယ့်လို ကျက်သရေရှိတဲ့အသွင်အပြင်နဲ့လူမျိုးက အတွင်းထဲမှာ ဒီလောက်ထိ အရိုင်းဆန်နေလိမ့်မယ်လို့ ဘယ်သူက သိနိုင်ပါ့မလဲနော်။

ရုံးခန်းတံခါးက ပွင့်ကာ ပြန်ပိတ်သွားပြီး အပြင်ဘက်ရှိ အလင်းရောင်ကို လေထဲတွင်လွင့်နေသည့် လိုက်ကာချပ်ကြီးက ပိတ်ဆို့ထားခဲ့သည်။

ရှန်းရီသည် ခုံတစ်ခုံကို ဆွဲယူပြီး သူတို့နှစ်ဦးရှေ့တွင် ခြေချိတ်ထိုင်ကာ သူတို့ကို ချိုသာစွာ ပြုံးရင်း ကြည့်လိုက်သည်။

“ဆက်ပြောကြလေ ငါနားထောင်နေတယ်”

နန်ယွယ့်သည် ထိုအမျိုးသားက လုဝမ်ဝမ်၏ခင်ပွန်းမှန်း မှတ်မိနေ၏။ ထိုလူသည် အတော်လေး ပြောင်းလဲသွားပြီး ပို၍ သုန်မှုန်လာခဲ့သည်။

လုဝမ်ဝမ်သည် လုကျောက်ဇီထံမှ ‘ငါ-ိုး’ ဆိုသည့်စကားကို ကြားကတည်းက ရှန်းရီ မကြာခင် ဝင်လာတော့မည်ကို သိနေခဲ့သည်ပေ။

သူ(မ)က ရှန်းရီ၏အင်္ကျီလက်စကို လှမ်းဆွဲပြီး ဆိုလိုက်သည်။

“အားလုံးပြီးသွာပြီ၊ သွားကြရအောင်”

နန်ယွယ့်မှာ လုဝမ်ဝမ်က အတော်လေး ကောင်းသည်ဟု အမှန်တကယ် ခံစားရခြင်းပေ။ သူ(မ)အသွင်အပြင်က သူ့အကြိုက်နှင့် ကိုက်ညီသလို သူ(မ)၏စိတ်နေသဘောထားကလည်း အဆင်ပြေ၏။ သို့သော် သူမ၏ခင်ပွန်းဖြစ်သူအရှေ့တွင် သူ၏ချစ်ကြောင်းကြိုက်ကြောင်းစကားများကို ဆက်ပြီး ပွင့်ပွင့်လင်းလင်းမပြောနိုင်တော့ချေ။

လုကျောက်ဇီသည် သူတို့နှစ်ဦးနောက်မှနေ စိတ်ဓာတ်ကျစွာ လိုက်လာရင်း လေထုသည် ဖိနှိပ်ထားသည့်သယောင် လေးလံထိုင်းမှိုင်းလျက်ရှိသည်။

နေဝင်ရီတရော အလင်းရောင်က သူ(မ)၏ပါးပြင်နှင့် သွယ်လျသည့်ခန္ဓာကိုယ်ကောက်ကြောင်းအပေါ် ဖြာဆင်းပေးနေရာ သူ(မ)၏ပုံစံကို ကျောက်စိမ်းပမာ နူးညံ့ညင်သာပြီး လှ‌ပနေစေ၏။

လုဝမ်ဝမ်သည် ကားရှေ့ခရီးသည်ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ လုကျောက်ဇီမှာမူ ရှန်းရီကားထဲသို့ မလိုက်ချင်၊လိုက်ချင်နှင့် ဝင်ထိုင်ကာ အနောက်သို့ မှီချပြီး နားကြပ်တပ်ထားသည်က ‘ငါ ဘယ်သူနဲ့မှ စကားမပြောချင်ဘူး’ ဆိုသည့်အတိုင်း။

လေထုဖိအားမှာ အထက်ကောင်းကင်ထိ မြင့်တက်နေလျက်ရှိသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment