အပိုင်း(၇၀)
ကုရှန့်သည် မျိုးရိုးမြင့်မိသားစုတစ်စုမှ လူရည်သန့်အမျိုးကောင်းသမီးတစ်ဦးနှင့်တူပြီး သူမ၏ အပြုအမူမှာ ခြောက်ပြစ်ကင်း သဲလဲစင်လှသည်။
သူ(မ)နှင့် မျက်နှာချင်းဆိုင်ချိန်တိုင်းတွင် ကုရှန့်သည် ဘယ်သောအခါမှ စိတ်ဆိုးဒေါသမထွက်တတ်သကဲ့သို့ အမြဲတမ်း ပြုံးနေသည့်မျက်နှာတစ်ခုကို ထိန်းသိမ်းထားလေ့ရှိသည်။ သူ(မ)၏အသံက အလွန်နူးညံ့နေပြီး မျက်တောင်ခပ်ကာ ဆိုလာ၏။
“ဝမ်ဝမ်ကျဲ တကယ်တော့လေ မမကိုတွေ့ဖို့အတွက် ညီမက အားရီမရှိတဲ့အချိန်ကို ရွေးလာခဲ့တာပါ”
သူ(မ) ပြောသွားသည့် ‘အားရီ’ ဆိုတဲ့ ဝဏ္ဏနှစ်လုံးမှာ တကယ်ကို ချိုမြိန်လှ၏။
လုဝမ်ဝမ်ကိုယ်တိုင်တောင် ရှန်းရီအား ထိုသို့ တစ်ခါမှ မခေါ်ဖူးချေ။
သူ(မ)သည် မျက်နှာထားတင်းတင်းဖြင့် နားကို စွင့်ကာ မေးလိုက်သည်။
“နင်က ငါ့ကို ဘာပြောချင်လို့လဲ”
ကုရှန့်သည် သူ(မ)ဆီမှ မျက်နှာကောင်းမရသော်လည်း ရှက်ရကောင်းမှန်း မသိသလို စိတ်အနှောင့်အယှက်လည်း ဖြစ်မသွားချေ။ သူ(မ)က မျက်လုံးများကို မှေးကျဉ်းသည်အထိ ပြုံးရင်း ဆိုလာ၏။
“ဒီနေ့က အဖိုးရှန်းရဲ့မွေးနေ့လေ မမ သိတယ်မလား”
သူ(မ)က နှုတ်ခမ်းကို စေ့ကာ နူးနူးညံ့ညံ့ပြုံးပြလာ၏။
“ရှန်းရီနဲ့ ညီမက ညီမတို့ငယ်ငယ်လေးကတည်းက စေ့စပ်ကြောင်းလမ်းထားကြတာ၊ ဒါပေမဲ့ သူ့အမေ သူ့ကိုခေါ်ပြီးထွက်သွားခဲ့ပြီးနောက်တော့ စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်ရတယ်လေ”
“ဝမ်ဝမ်ကျဲနဲ့ ရှန်းရီတို့ဆက်ဆံရေးက သိပ်ပြီးအဆင်မပြေကြတာကိုလည်း ညီမ သိပါတယ်၊ အမှန်တော့ မမတို့နှစ်ယောက် ကွာရှင်းပြီးသွားကြပြီလို့တောင် ထင်ထားတာ”
ကုရှန့်က ပြောရင်း တစ်ခဏ ရပ်တန့်သွားပြီး ဆက်ပြောလာ၏။
“တကယ်တော့ မမတို့နှစ်ယောက်သာ ကွာရှင်းပြီးသားဆိုရင် အဖိုးက ဒီည ညီမနဲ့ရှန်းရီရဲ့ စေ့စပ်ပွဲကို ကြေငြာတော့မှာ”
“ဒါပေမဲ့ စိတ်မကောင်းစရာက မမတို့နှစ်ယောက်က ခုထိ မကွာရှင်းရသေးဘူးလေ”
ဤကဲ့သို့ ရှည်လျားသည့် သူ(မ)၏တစ်ကိုယ်တည်း စကားပြောခြင်းကို နားထောင်ပြီးနောက်တွင် ကုရှန့်တစ်ယောက် ယနေ့တွင် သူ(မ)အိမ်သို့ ဘာအတွက်ကြောင့် ရောက်လာရသလဲကို နောက်ဆုံးတွင် လုဝမ်ဝမ် သဘောပေါက်သွားတော့သည်။
ဒီအယောင်ဆောင် ယုန်ဖြူမလေး အမျိုးသမီးဇာတ်ဆောင်က အကွက်ရွှေ့ပြီး အမျိုးသားဇာတ်ဆောင်ကို စနိုက်ကျော်တော့မယ်ပေါ့?
လုဝမ်ဝမ်သည် ရယ်ကာဖြင့် :
“မိန်းကလေးကုက စကားတွေအများကြီးပြောခဲ့တာပဲ နင်ရဲ့ တကယ့်ရည်ရွယ်ချက်က ဘာများလဲမသိဘူး”
ကုရှန့်ရဲ့အပြုံးက မပြောင်းလဲမြဲ ရှိနေပြီး ဖြည်းညင်းစွာ ဆိုလာ၏။
“ညီမက ဝမ်ဝမ်ကျယ်ကို အမြန်ဆုံးလက်လွှတ်လိုက်တော့ဖို့ တိုက်တွန်းချင်တာပါ၊ ဒါမှလည်း မမအတွက်သင့်လျော်မယ့် ယောက်ျားတစ်ယောက်ကိုရှာနိုင်မှာမလား၊ ဘာပဲဖြစ်ဖြစ် မမက သဘောမတူရင်တောင်မှ ရှန်းမိသားစုက မမကို သည်းခံနိုင်မှာ မဟုတ်ဘူးလေ၊ အနှေးနဲ့အမြန် သူတို့က ရှန်းရီကို မမနဲ့ကွာရှင်းဖို့ အတင်းဖိအားပေးလာကြမှာပဲ”
“ဒီနေ့ ညီမက ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ မမကို လာသတိပေးရုံပါ”
လုဝမ်ဝမ်သည် မျက်ခုံးတစ်ဖက်ကို ပင့်တင့်ပြီး : “နင် ပြောလို့ပြီးပြီလား?”
ကုရှန့်သည် အလွန် လိမ္မာပါးနပ်ပေ၏။
“ဒါဆို ညီမ မမကို ထပ်ပြီးမနှောင့်ယှက်တော့ပါဘူး”
ရှန်းမိသားစုက ရှန်းရီအား မည်သည့်အရာကိုမဆို ဖိအားပေးလုပ်ခိုင်းနိုင်သည်အား လုဝမ်ဝမ် မယုံချေကြည်ချေ။ ထို့အပြင် ကွာရှင်းစာချုပ်တွင် လက်မှတ်ထိုးရန် ဆန္ဒမရှိသူမှာလည်း ရှန်းရီသာဖြစ်သည်။
ကောင်းကင်မှာ တဖြည်းဖြည်း အမှောင်ကျလာခဲ့ပြီး လုဝမ်ဝမ်သည် ပြတင်းပေါက်အပြင်ရှိ အဝေးတစ်နေရာကို ငေးမောကြည့်နေခဲ့သည်။
ယနေ့ကား ရှန်းအဖိုးရဲ့မွေးနေ့သာမက ရှန်းရီရဲ့မွေးနေ့ဆိုလည်း မမှားပေ။ သို့သော် သူ့မိဘများက ဤရက်အား မေ့လျော့နေကြဟန်ပင်။
ညနေတွင် ရှန်းရီက တိုက်ခန်း၏တံခါးကို ဖွင့်ပြီး အိမ်ပြန်ရောက်လာခဲ့သည်။
အပြင်ဘက်တွင် မိုးဖွဲဖွဲလေး ရွာနေပြီး သူ့တွင်လည်း ထီးမပါလာခဲ့ရာ သူ၏ဆံပင်များက တစ်ဝက်စိုသွားခဲ့ပြီး ရေစက်ကြည်ကြည်လေးများက ဆံပင်ထိပ်ဖျားမှနေ တစ်စက်ချင်း ကျဆင်းနေ၏။
ရှန်းရီသည် လက်ထဲတွင် ကိတ်တစ်လုံးထည့်ထားသည့် ဘူးတစ်ဘူးကို ကိုင်ထားပြီး ထမင်းစားပွဲပေါ် တင်လိုက်သည်။ ထို့နောက် သူ အအေးမိပြီး လုဝမ်ဝမ်အား ကူးစက်စေမည်စိုး၍လည်း ရေချိုးရန်အတွက် ရေချိုးခန်းထဲသို့ အမြန် ဝင်သွားလိုက်သည်။
အမျိုးသားက အဝတ်အစားများကို လဲဝတ်ပြီး တစ်ဝက်ခြောက်နေပြီဖြစ်သော ဆံပင်များဖြင့် ရေချိုးခန်းထဲမှ ထွက်လာလေသည်။ သူ့ခန္ဓာကိုယ်က ကျစ်လျစ်သေးသွယ်ပြီး အချိုးကျသေသပ်လှသည့် မျက်နှာနှင့် သိမ်မွေ့သည့် အမူအရာတို့ ရှိ၏။
“ဒီနေ့က ကိုယ့်မွေးနေ့မလို့ မင်း ကိုယ်နဲ့အတူ ကိတ်စားပေးမလား”
လုဝမ်ဝမ်သည် ခြေချိတ်ထိုင်နေရင်း သူ၏ တီးတိုးစကားသံကို ကြားလိုက်ရချိန်တွင် သူ(မ)၏တင်းမာနေသည့်မျက်နှာက အနည်းငယ် ပြေလျော့သွားပြီး ဂရုမစိုက်သည့်ပုံစံနှင့် ဆိုလိုက်သည်။
“ရတယ်လေ”
ရှန်းရီက ရွှန်းစိုပြီး နီရဲနေသည့် စတော်ဘယ်ရီအလွှာအထပ်ထပ်ကို ခရင်မ်များဖုံးအုပ်ထားသည့် စတော်ဘယ်ရီကိတ်ကို ဝယ်လာခဲ့သည်။
သူကိုယ်၌က စတော်ဘယ်ရီ မကြိုက်သည့်တိုင် ထိုချိုချိုချဉ်ချဉ်အသီးများကို ကြိုက်သည့်သူမှာ လုဝမ်ဝမ်သာ ဖြစ်သည်။
သူ ကိတ်ကို မခွဲသေးခင် လုဝမ်ဝမ်က ဆိုင်းမဆင့်ဗုံမဆင့် ထဆိုလိုက်သည်။
“နင်ပြန်မရောက်လာခင်တုန်းက အိမ်ကို ဧည့်သည်တစ်ယောက် လာသွားတယ်”
“ဘယ်သူလဲ”
“ကုရှန့်”
“အို့”
‘အို့’ တစ်လုံးတည်းသာ၊ အပိုစကားဟူ၍မရှိ။
ယခုအချိန်တွင် အမျိုးသမီးဇာတ်ဆောင်မှာ ရှန်းရီအတွက် အရေးမပါသော လူတစ်ယောက်သာ ဖြစ်နေဆဲ။
လုဝမ်ဝမ်သည် မေးကို လက်နှစ်ဖက်ဖြင့် ထောက်ထား၏။ နွေးထွေးသည့်အလင်းရောင်လေးက မှိန်ပျပျနှင့် အလင်းရောင်က အမျိုးသား၏ ကျောက်စိမ်းဖြူကဲ့သို့ သိမ်မွေ့သည့်မျက်နှာပေါ် ညင်သာစွာ တောက်ပနေ၏။
သူက ခေါင်းကိုငုံ့ထားရင်း လှပသည့်လက်တစ်စုံက ဓားကို ကိုင်ကာ ကိတ်မုန့်ကို အလေးအနက် ခွဲနေ၏။
လုဝမ်ဝမ်က ပြုံးပြီး : “ကုရှန့်ကပြောတယ် နင်နဲ့သူနဲ့က စေ့စပ်ကြောင်းလမ်းထားကြတာတဲ့”
ရှန်းရီသည် အစိတ်ကြီးကြီးတစ်စိတ်ကို ခွဲပြီး သူ(မ)ပန်းကန်ထဲသို့ ထည့်ပေးကာ အရေးမစိုက်သည့်ပုံနှင့် ဆိုလာ၏။
“အဲ့ဒီလို ပြောခဲ့တာလား”
“အင်း”
ရှန်းရီမှာ အတော်ကြာ စဉ်းစားလိုက်ရသည့်တိုင် ထိုကုရှန့်ဆိုသူက ဘယ်လိုဘယ်ပုံရှိမှန်းပင် မမှတ်မိလာချေ။ သို့ရာတွင် လီရှင်းရဲ့ပါးစပ်မှနေ ထိုနာမည်ကို အမြဲ ကြားဖူးနေသလိုပါပေ။
သူ၏မျက်လုံးများက တဖြည်းဖြည်း နက်ရှိုင်းသွားပြီး အကြည်များက အေးစက်ပြီးရင်း အေးစက်လာခဲ့သည်။
အခြားသူများ လုဝမ်ဝမ်ရဲ့ဘဝထဲ ဝင်ရောက် နှောင့်ယှက်နေသည်ကို သူ လုံးလုံး သဘောမကျပေ။
လုဝမ်ဝမ်သည် သူကမ်းပေးလာသည့်ကိတ်ကို ယူပြီး တစ်ကိုက်ပြီးတစ်ကိုက် စားလိုက်သည်။ စတော်ဘယ်ရီသီးများက အလွန် လတ်ဆတ်ပြီး ခရမ်င်က မအီနေသဖြင့်လည်း အလွန်အရသာရှိနေ၏။
အနှီအမျိုးသား၏အရသာမှာ ဟိုးဆယ်စုနှစ်များမှသည် ယနေ့ထိတိုင် သူ့မွေးနေ့ပဲဖြစ်စေ၊ သူ(မ)မွေးနေ့ပဲဖြစ်စေ ဘယ်တော့မှ မပြောင်းလဲခဲ့ချေ။
သူသည် စတော်ဘယ်ရီကိတ်များကိုသာ အမြဲတမ်း ဝယ်ယူခဲ့သည်။
သူက အမြဲ ဤအတိုင်းပင်။ သူစိတ်ဝင်စားသည့် လူတစ်ဦးတစ်ယောက်သာမက အရာဝတ္ထုများအပေါ်တွင်ပင် အစွဲအလမ်းကြီးလှ၏။
ကိတ်စားပြီးသည့်နှင့် လုဝမ်ဝမ်သည် မျက်နှာကို မော့ကာ သူ့နှင့်အကြည့်ချင်းဆုံပြီး နူးညံ့စွာဖြင့် တီးတိုးဆိုလိုက်သည်။
“ပျော်ရွှင်ဖွယ် မွေးနေ့လေးပါ”
အလွန် ပျော်နေပုံရသည့် ရှန်းရီသည် ကြီးမားသော အပြုံးတစ်ခုနှင့်အတူ မျက်လုံးများက ကွေးညွတ်နေသည်မှာ ၎င်းတို့အတွင်း၌ ကြယ်များဖြစ်တည်နေသကဲ့သို့ပင်။
တကယ်တွင် သူ(မ) သူ့အား ‘ပျော်ရွှင်ဖွယ် မွေးနေ့’ ပါလို့ ကြည်ကြည်ဖြူဖြူဆုတောင်းပေးသည်မှာ သိပ်မရှိလှချေ။
အချိန်အများစုတွင် ရှန်းရီကသာ သူ(မ)ပါးစပ်မှ ထိုစကားလုံးအနည်းငယ် ထွက်လာဖို့အရေး အတင်းအကျပ်နည်းလမ်းများကို အသုံးပြုရချည်းသာ။
ပြန်စဉ်းစားကြည့်လျှင် အတော်လေးသနားစရာကောင်းလှသည်။
လုဝမ်ဝမ်တစ်ယောက် အတွေးများအား နယ်ချဲ့နေစဉ်အတွင်း ရှန်းရီသည် ဖုန်းခေါ်ဆိုရန် လသာဆောင်သို့ ထွက်သွားခဲ့သည်။
“လီရှင်း ကုရှန့်ကို ထိန်းထားပါ”
“သူ့ကို လုဝမ်ဝမ်ရဲ့အဝေးမှာနေဖို့ ပြောလိုက်”
“ပြီးတော့ မင်းရဲ့အဲ့ဒီဝမ်းကွဲကို ငါက စိတ်သိပ်ရှည်တဲ့သူမဟုတ်သလို မိန်းကလေးဖြစ်နေတာနဲ့ပဲ သနားပြီး ကြင်နာပြနေမှာမဟုတ်ဘူးဆိုတာကို ပြောပြထားလိုက်”
လုဝမ်ဝမ်မှလွဲ၍ အခြားမည်သူကမှ သူ၏ကြင်နာမှုနှင့် မထိုက်တန်ချေ။
**_**_**
ရှန်းရီကတော့ ဝမ်ဝမ်မှ ဝမ်ဝမ်ပါပဲတဲ့( ◜‿◝ )