အပိုင်း (၆၇)
သူ့ပုံစံက ခပ်ယဲ့ယဲ့ဖြစ်နေပြီး နှုတ်ခမ်းထောင့်များက အောက်သို့ ကွေးကျနေကာ တည်ငြိမ်နေလေ့ရှိသည့် သူ၏အနက်ရောင်မျက်ဝန်းများက တစ်ဟုန်းထိုးတက်လာသည့် စိတ်ခံစားမှုများနှင့်အတူ စ်ိုးရိမ်စိတ်တို့ကို တစ်စွန်းတစ်စသယ်ဆောင်ထားသယောင်၊ သူ၏လက်ချောင်းရှည်များမှာ သူ(မ)ခေါင်းအထက်တွင် အုပ်မိုးပေးထားသည့် ထီးလက်ကိုင်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသဖြင့် လက်ဆစ်များက အဖြူရောင်ပြောင်းနေလေပြီ။
လုဝမ်ဝမ်ဘေးရှိ ကျောင်းကျောင်းမှာလည်း နောက်သို့ခြေတစ်လှမ်းဆုတ်မိသွားမိသည်။ နောက်ဆုံးတော့လည်း သူ(မ)သည် လုဝမ်ဝမ်၏ခင်ပွန်းကို မမြင်တွေ့ခဲ့သည်မှာ အတော်ကြာသွားခဲ့ပြီမဟုတ်လား။ သူ(မ)မှတ်ဉာဏ်များထဲတွင် ထိုအမျိုးသားက စကားအများကြီးမပြောတတ်သည့် လူတစ်ယောက်သာဖြစ်ပြီး၊ ယခုလောက်ထိ မှုန်မှိုင်းပြီး မထီမဲ့မြင်ပြုတတ်သည့် သူတော့မဟုတ်ပေ။ သူ၏အရောင်အဝါက စူးရှလွန်းနေသည်မှာ မည်သူမှ သူ့အနားမချဉ်းကပ်ရဲလောက်အောင်ပင်။
လုဝမ်ဝမ်၏ကိုယ်မှာ အလွန်ပိန်ပါးဟန်ရှိပြီး ဆံပင်ရှည်များကို ခေါင်းအနောက်တွင် အနက်ရောင်ခေါင်းစီးကွင်းတစ်ခုဖြင့် စုချည်နှောင်ထားပြီး နဖူးအရှေ့တွင် ဆံပင်အချို့က ကပိုးကရို ပြေလျော့ကျသည့်တိုင် ရှုပ်ပွနေဟန်တော့မရှိချေ။ ဖြူဖွေးလှသည့် အသားအရေနှင့် နူးနူးညံ့ညံ့လည်ပင်းပေါ် ငွေရောင်လည်ဆွဲတစ်ခုကို ထပ်၍ ဝတ်ဆင်ထား၏။
သူ(မ)မျက်နှာထက်မှ နီမြန်းမှုက လျော့ကျသွားပြီး တဖြည်းဖြည်း ဖြူဖျော့လာခဲ့သည်။
“ငါ အပြည့်အဝနားပြီးပြီမလို့လေ လေကောင်းလေသန့်လေး ရှူလို့ရအောင်ထွက်လာတာ”
ရှန်းရီ၏နှုတ်ခမ်းများက ထေ့ငေါ့သည့်အပြုံးတစ်ခုဖြင့် သာမန်ကာလျှံကာ မေးလာခဲ့သည်။
“ပျော်ဖို့ကောင်းရဲ့လား”
လုဝမ်ဝမ်သည် စကားတစ်ခွန်း မဆိုလာဝံ့တော့ဘဲ သူ(မ)၏ခြေချောင်းလေးများကိုသာ ငုံကြည့်နေခဲ့သည်။
သူ(မ)ခေါင်းမှာ ထိုရင်းနှီးသည့် ခံစားမှုမျိုးနှင့် နာကျင်လာရသည်။
ရုပ်ပိုင်းဆိုင်ရာ မသက်သာဖြစ်မှုက သူ(မ)၏ဆင်ခြင်သုံးသပ်နိုင်စွမ်းကို ဆုံးရှုံးသွားစေကာ မျက်လုံးများကို မော့ပြီး ထိုအမျိုးသားကို စိုက်ကြည့်ပြီး ဒေါသတကြီးဖြင့် ဆိုလိုက်သည်။
“ငါ့ကို ဒီလိုနိုင်ထက်စီးနင်းအသံမျိုးနဲ့ လာမခြောက်နဲ့ မဟုတ်ရင် ငါလည်း နင့်ကို ယဉ်ကျေးနေမှာမဟုတ်ဘူး”
သူ့အား ဆူပူပြီးနောက်မှ လုဝမ်ဝမ်သည် အတော်လေးသက်သာသွားသလို ခံစားရသည်။
မျှော်လင့်ထားသည့်အတိုင်း သူ(မ)၏ဇာတ်ကောင်စရိုက်နှင့် ဇာတ်ကွက်အတိုင်း သွားခြင်းက တကယ့်ကို မှန်ကန်တဲ့လုပ်ရပ်ပေ။
ရှန်းရီသည် သူ၏စိတ်ခံစားမှုများကို ထိန်းချုပ်ပြီး သူ(မ)လက်ကောက်ဝတ်ကို ကိုင်ဆွဲကာ ဆိုလာ၏။
“အိမ်ကို အရင်ပြန်ကြတပေါ့”
အပြင်ဘက်တွင် အေးစိမ့်နေပြီး ခန္ဓာကိုယ်ပေါ်ကျဆင်းလာသည့် မိုးရေများက လူကို မသက်မသာဖြစ်စေသည်။
လုဝမ်ဝမ်သည် အတော်လေး အားနည်းနေသေးပြီး ယခုတွင်မူ သူ(မ)မျက်နှာက ဖြူဖျော့ကာ မေ့လဲကျတော့မည့်ပုံစံဖြင့် တုန်ယင်နေခဲ့သည်။ အစကတည်းက သူ(မ)သည် အဖျားမပျောက်သေးသည်ဖြစ်ကာ သူ(မ)ကိုယ်သူ(မ)ညှင်းပန်းပြီး အပြင်သို့ပင် ထွက်လာခဲ့သေး၏။
ကျောင်းကျောင်းသည် စကားတစ်ခွန်းမှ မပြောဝံ့ဘဲ ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်နေခဲ့သည်။
ရှန်းရီသည် လုဝမ်ဝမ်ကို ကားထဲ ဆွဲခေါ်သွားခဲ့ပြီး အနှီအမျိုးသားက သူ(မ)အား ထိုင်ခုံခါးပတ် ပတ်ပေးကာ နှစ်ဦးသားသည် စကားတစ်ခွန်းမဆိုဖြစ်ကြဘဲ အိမ်သို့ ပြန်လာဖြစ်ကြသည်။
သူ(မ)၏သေးသွယ်သွယ် အဖြူရောင်လက်ကောက်ဝတ်မှာ သူ၏ဆုပ်ကိုင်ထားမှုကြောင့် အနည်းငယ် နာကျင်သလို ခံစားနေရပြီး ဘေးတစ်ဝိုက်တွင်လည်း နီရဲနေခဲ့သည်။
ရှန်းရီ၏အပြုအမူက ကြမ်းတမ်းသည်ဟုတော့ မဖော်ပြနိုင်ပေ။ သူတို့တိုက်ခန်း၏တံခါးကို ဖွင့်ပြီးနောက်တွင် သူက သူ(မ)အတွက် ဂျက်ကပ်ထူထူတစ်ထည်ကို ရှာပြီး သူ(မ)ကိုကမ်းပေးကာ နူးညံ့နွေးထွေးစွာ ဆိုလာခဲ့သည်။
“ဒါကို အရင်ဝတ်ထားလိုက်”
လုဝမ်ဝမ်ဝတ်ထားသည့် အင်္ကျီပါးပါးလေးက တစ်စိတ်တစ်ပိုင်း စိုစွတ်နေပြီပေ။ သူ(မ) ၎င်းကို ချွတ်လိုက်ပြီးနောက်တွင် အနီရောင်တောက်တောက် လျှောသားဂါဝန်တစ်ထည်သာ ကိုယ်ပေါ်တွင် ကျန်နေခဲ့ပြီး သွယ်လျသော ကောက်ကြောင်း၊ နူးညံ့ပြီး သေးသွယ်သည့် ခါး၊ လက်ဖဝါးအရွယ်သာရှိသည့် မျက်နှာလေးနှင့် နီရဲနေသည့်မျက်လုံးများက အနည်းငယ် သနားစရာကောင်းနေသော်လည်း သူ့မှာ မတတ်နိုင်စွာ သူ(မ)ကို အနိုင်ကျင့်ချင်နေမိ၏။
“မင်း ကိုယ့်ကို ဘာလို့ ထပ်ပြီး လိမ်ရပြန်တာလဲ? ဒီတစ်ကြိမ်တော့ မင်း ကိုယ့်စကားကို နားထောင်လိမ့်မယ်လို့ ထင်ထားခဲ့တာ”
တစ်ကြိမ်ပြီး တစ်ကြိမ် အခေါက်ခေါက် အခါခါကို...။
သူ(မ) ယခုလိုလုပ်နေတာ ဘယ်နှကြိမ်တောင် ရှိနေပြီမှန်း သူတောင် မမှတ်မိချင်တော့ပေ။
သူ သူ(မ)ကို အကန့်အသတ်မရှိ အလိုလိုက်လွန်းထားသဖြင့်လည်း သူ(မ)က အမှန်တကယ် ပျက်စီးချင်နေပြီဖြစ်သည်။
သူက အရမ်းကို ကြင်နာလွန်းပြီး နူးညံ့သိမ်မွေ့နေခြင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါ၏။ သူ့မှာ သူ(မ)အပေါ် အမြဲတမ်း အမှန်တကယ် ဘာမှမလုပ်ရက်သဖြင့်လည်း လုဝမ်ဝမ်ကို သူ့စိတ်နေစိတ်ထားက အလွန် ကောင်းသည်ဟု အထင်မှားစေခဲ့သည်။
သူ၏သုန်မှုန်နေသည့်အကြည့်များကို မြင်လိုက်ရချိန်တွင် လုဝမ်ဝမ်၏နှလုံးသားမှာ တုန်လှုပ်သွားခဲ့သော်လည်း သူ(မ)က အရှိန်မပြတ်ချင်သေးချေ။
“ငါက ဘာလို့ နင့်စကားနားထောင်ရမှာလဲ? ငါလုပ်ချင်တာ ဘာပဲဖြစ်ဖြစ် ငါလုပ်နိုင်တယ်၊ နေမကောင်းတာနဲ့ပဲ လူက အပြင်ထွက်ပြီး ပျော်လို့မရတော့ဘူးလား? ရှန်းရီ နင် ငါ့ကိုဒီလိုမျိုး နောက်တစ်ခါထပ်ခြောက်ရဲလို့ကတော့ ငါ နင့်ကို မြင်အောင် လုပ်ပြမယ်”
ဒေါသထွက်ရမည့်အစား ရှန်ရီက ပြုံးပြီး သူ(မ)ကို အေးဆေးတည်ငြိမ်နေလျက်ရှိသည့် အပြုံးဖြင့် ကြည့်ကာ မေးလေ၏။
“မင်းက ကိုယ့်ကို ဘယ်လိုမယဉ်ကျေးပြမှာလဲ ဟမ်”
သူ၏အမေးစကားက လုဝမ်ဝမ်ကို ပြောစရာစကားမဲ့သွားစေ၏။
သူ(မ)က ခက်ထန်ယောင်ဆောင်ပြီး ပြောခဲ့သော်လည်း ရှန်းရီကို ကိုင်တွယ်ဖြေရှင်းရန် တိကျသည့်နည်းလမ်းကိုမူ မစဉ်းစားရသေးပေ။
ရှန်းရီ၏ အနည်းငယ် လှောင်ပြောင်နေသည့် မျက်လုံးများကို မြင်လိုက်ရသည်နှင့် သူ(မ)မျက်နှာက နီရဲလာကာ အိပ်ခန်းထဲသို့ အမြန်ပြေးဝင်သွားပြီး အံဆွဲထဲမှ သူ(မ) တစ်ဖန်ပြင်ဆင်ထားခဲ့သည့် ကွာရှင်းစာချုပ်အသစ်ကို စားပွဲပေါ်သို့ ပစ်ချကာ ဒေါသထွက်စွာ ဆိုလိုက်သည်။
“လက်မှတ်ထိုး”
ဤကွာရှင်းသဘောတူညီချက်က ယခင်ကဟာနှင့် ကွာခြားသည်မှာ ပိုင်ဆိုင်မှုသည် ၅၀-၅၀ မဟုတ်တော့ဘဲ ယခုတွင် ရှန်းရီတွင် ဘာမျှမကျန်တော့ပဲ ဗလာချည်းဖြစ်သည်။
ရှန်းရီသည် ပါဝင်သည့်သတ်မှတ်ချက်များကို စိတ်ရှည်စွာ ဖတ်ပြီးနောက် အံဆွဲထဲမှ ဘောပင်တစ်ချောင်းကို ဖြည်းညင်းစွာ ထုတ်ကာ လုဝမ်ဝမ်ကို ကမ်းပေးပြီး နွေဦးလေပြည်ကဲ့သို့သော နူးညံ့သောအပြုံးဖြင့် ညင်သာစွာ ဆိုလာ၏။
“မင်းအရင်ထိုးလေ”
ဤအပြုံးသည် တစ်ချိန်က ပြည်သူ့ရေးရာဗျူရိုရှေ့အဝင်ဝ၌ ထိုအချိန်အား လုဝမ်ဝမ်ကို အမှတ်ရသွားမိစေသည်။
သူက ဤအတိုင်းပင်။
သူ(မ)မျက်နှာကို အပြုံးဖြင့် ပွတ်သပ်ရင်း ထွက်လာသည့် စကားတို့မှာ သာယာလျက်။
“မင်းက ကွာရှင်းချင်တယ်ဆိုမှတော့ ကိုယ်က မင်းဆန္ဒကို ဖြည့်ဆည်းပေးမှာပေါ့”
သူ့စကားများက တခြားအရာတွေထက် ပိုချိုမြိန်နေသော်လည်း အကယ်၍ သူမသာ အမှန်တကယ်ရှေ့ဆက်တိုးဖို့ သတ္တိရှိခဲ့မည်ဆိုလျှင် နောက်ပိုင်းတွင် သူ့လက်စားချေမှုတွင် ကရုဏာတရားရှိနေလိမ့်မည် မဟုတ်ပေ။
အနက်ရောင်ဖောင်တိန်လေးက လေထဲတွင် တန့်နေပြီး ဘောပင်၏အခြားတစ်ဖက်ထိပ်က ရှန်းရီ၏လက်ထဲတွင်။
လုဝမ်ဝမ်သည် ထိုဖောင်တိန်ကို အကြာကြီး စိုက်ကြည့်နေခဲ့သော်လည်း မယူရဲခဲ့ချေ။
ရှန်းရီမျက်နှာပေါ်မှ အပြုံးသည် မျက်စိပဒေသာ ဖြစ်လှ၏။ နှုတ်ခမ်းကွေးကွေးလေးက ဖြောင့်စင်းနေပြီး လည်ချောင်းထဲမှနေ ကြည်လင်တိမ်မြုပ်နေသော ရယ်သံသဲ့သဲ့လေးပြုရင်း သူတော်ကောင်းယောင်ဆောင်လျက် မေးလာ၏။
“ဘာလို့ မယူသေးတာလဲ?”
“လက်မှတ်ထိုးလေ ကိုယ် မင်းကို မတားပါဘူး”
လုဝမ်ဝမ်မှာ မနေနိုင်အောင် နှလုံးသားထဲတွင် အေးစိမ့်သွားရပြီး သတ္တိမွေးကာ ဆိုလိုက်သည်။
“နင်အရင် ထိုး”