အပိုင်း (၆၆)
ရှန်းရီက ယနေ့မနက်တွင် ဖုချန်ဟိုက်၏မိသားစုဆရာဝန်ကို သူ့ဇနီးက နေမကောင်းသဖြင့် ကြည့်ပေးရန် လိုအပ်ကြောင်းဆိုကာ လာရောက်ကြည့်ပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။
ဖုချန်ဟိုက်သည်လည်း လုဝမ်ဝမ်၏ဖျားနာမှုက သေချာပေါက်ပြင်းထန်လိမ့်မည်ဟုထင်ခဲ့၏၊ မဟုတ်လျှင် ရှန်းရီက သူ့အိမ်သို့ဆရာဝန်ခေါ်လာပေးရန် မနက်သုံးနာရီကြီး သူ့ထံ ဖုန်းဆက်လိမ့်မည်မဟုတ်ပေ။ ထို့အပြင် ရှန်းရီ၏အသားရောင်ကလည်း အတော်လေးဖြူဖျော့နေပြီး လုံးဝကိုကြည့်ကောင်းမနေပေ။
လုဝမ်ဝမ်က ဗလာကျင်းစွာ ခေါင်းညိတ်ပြလိုက်သည်။
“သာမန်အဖျားပါပဲ ဘာမှ ပြင်းပြင်းထန်ထန် မဟုတ်ဘူး”
သူ(မ)ဝတ်ထားသည့်ပုံကိုကြည့်ပြီး ဖုချန်ဟိုက်က ပြုံးကာ သူ၏ခေါင်းကိုခါပြီး အဓိပ္ပာယ်ရှိသောစာကြောင်းတစ်ကြောင်းကို ပြောသွားခဲ့သည်။
“မင်းကံကောင်းပါစေလို့ ငါဆုတောင်းပေးပါတယ်”
ဤဖျော်ဖြေရေးကုမ္ပဏီက လီရှင်း၏ နာမည်အောက်တွင်ရှိပြီး သူတို့သူငယ်ချင်းတစ်အုပ်စုလုံး ရှယ်ယာများပါဝင်ထားကြသည်။ မူလရည်ရွယ်ချက်က အပျော်သဘောတစ်ခုထက်မပိုခဲ့သော်လည်း ကုမ္ပဏီက ကြီးသည်ထက်ကြီးမားလာလိမ့်မည်ကို မည်သူကသိခဲ့မည်နည်း၊ ထုတ်လွှင့်သည့်အစီစဉ်များအားလုံးက တစ်ခုပြီးတစ်ခု ပေါက်ပြီး အောင်မြင်လူကြိုက်များလာခဲ့သည်။
ယနေ့တွင် လီရှင်းနှင့် ရှန်းရီနှစ်ဦးစလုံးက ဆုလက်ခံယူရန် ရောက်လာကြမည်ဖြစ်သည်။
ရှန်းရီမှာ မူလက လာဖို့အစီစဉ်မရှိသော်လည်း လီရှင်းက အကြိမ်ကြိမ်ဖုန်းဆက်ခေါ်ပြီး တောင်းဆိုထားသဖြင့် သဘောမတူချင်၊တူချင်နှင့် သွားရန်သဘောတူခဲ့ခြင်းပေ။
ဖုချန်ဟိုက်သည် လုဝမ်ဝမ်၏ကံဆိုးမှုကြီးကို ခံစားမိနေပြီး၊ သူ(မ)တစ်ယောက် မကြာခင် ရှန်းရီနှင့်တွေ့ဖို့ရာ အကြောင်းဖန်လာတော့ပေမည်။
စင်နောက်မှာ ကသောင်းကနင်းဖြစ်နေပြီး ကျောင်းကျောင်းက လုဝမ်ဝမ်လက်ကိုဆွဲပြီး အထူးဝင်ပေါက်ကိုဖြတ်လျှောက်ကာ ရှေ့ဆုံးတန်းတွင် ဝင်ထိုင်လိုက်သည်။ ပတ်ပတ်လည်တွင် မားမားမတ်မတ်ရပ်တည်လေ့ရှိပြီး စပီကာကြီးများကို ကိုင်ဆောင်ထားကြသည့် ပရော်ဖက်ရှင်နယ်ဖန်ဂဲလ်လေးများက ဝန်ရံထားကြသည်။
ယခုလေးတွင် ဖုချန်ဟိုက်က လုဝမ်ဝမ်ကို ဖော်ရွေစွာဖြင့် သူ(မ)အတွက် ထိုင်ခုံကောင်းကောင်းလေး စီစဉ်ပေးမည်ဖြစ်ကြောင်း ပြောကြားလာခဲ့သည်။
ကျောင်းကျောင်းမှာ သူပြောသည်ကိုကြားရသည့်အခါတွင် သွေးဆောင်ခံလိုက်ရပြီး ချက်ချင်းသဘောတူရန် ဟန်ပြင်လိုက်သည့်အချိန် လုဝမ်ဝမ်က သူ(မ)ကို အချိန်မီတားကာ ပြတ်ပြတ်သားသားငြင်းပယ်လိုက်၏။
ကြယ်ပွင့်ပရိတ်သတ်တစ်ယောက်မဟုတ်သည့် လုဝမ်ဝမ်အတွက် ထိုပွဲဦးထွက်မိတ်ဆက်တွေ့ဆုံပွဲက အလွန် စိတ်ဝင်စားဖို့မကောင်းချေ။ စင်ပေါ်တွင် မည်မည်ရရကြည့်ဖို့ရာ ခန်ညားသည့်ကောင်လေးများစွာ ရှိပေသည်။
ငယ်ငယ်ရွယ်ရွယ်ကောင်လေးများ၏မျက်နှာနှင့် ကိုယ်လုံးကိုယ်ပေါက်များက အမှန်တကယ်ကို ခန့်ညားလှသည်။
ပွဲနေရာက လူများလှပြီး အချိန်အတော်ကြာထိုင်နေရခြင်းက အနည်းငယ် စိတ်ကျဉ်းကျပ်လာစေ၏။
လုဝမ်ဝမ်၏မျက်နှာက အခိုးအငွေ့များကြောင့် အနည်းငယ်ပူလာရပြီး ရင်ဘက်ထဲတွင် မွန်းကျပ်လာရကာ အသက်ရှူမဝဖြစ်လာခဲ့သည်။ မိုက်ခရိုဖုန်းမှ ထွက်လာသည့်အသံများက သူ(မ)နားထဲသို့ စူးစူးရှရှဝင်ရောက်လာသည်။
နောက်ပိုင်းတွင် တစ်စုံတစ်ဦး၏လေးလံသည့်အကြည့်များက သူ(မ)အား စူးစိုက်ကြည့်နေသည်ကို ခံစားလိုက်ရသည်။
လုဝမ်ဝမ်သည် ဘေးပတ်ပတ်လည်လှည့်ကြည့်မိလိုက်ပြီး သူ(မ)မျက်လုံးများက စင်၏ညာဘက်ခြမ်း လီရှင်းနှင့် ရှန်းရီတို့ ပုခုံးချင်းယှဉ်လျက်ထိုင်နေကြသည့် ဧည့်သည်များထားရာခုံတန်းတွင် ရပ်တန့်သွားခဲ့သည်။
လီရှင်းသည်လည်း သူ(မ)ကိုမြင်ပုံရကာ ကြီးမားသည့်အပြုံးတစ်ခုနှင့်အတူ နှုတ်ဆက်သည့်ပုံစံဖြင့် လက်များကို ဝှေ့ယမ်းပြလာသည်။
လုဝမ်ဝမ်သည် ထိုအခိုက်တွင် ရှန်းရီ၏အမူအရာကို မကြည့်ရဲခဲ့ချေ။ ယနေ့မနက်တွင် ရှန်းရီက သူ(မ)အား အဖျားမှ အမြန်သက်သာလာစေရန် အိမ်တွင်သာ နားရန် အတန်တန်မှာကြားခဲ့သည်။ သူ(မ)ကလည်း သဘောတူခဲ့ပြီး ယခုတွင် သူ(မ)က ကတိပေးပြီးပြီချင်း အပြင်သို့ခိုးထွက်လာခဲ့ရုံသာမက ရှန်းရီ၏လက်ပူးလက်ကြပ်မိခြင်းကိုပင် ခံလိုက်ရသည်။
ယနေ့တွင် ရှန်းရီက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့မျက်နှာက အလွန်တည်ကြည်ခန့်ညားနေကာ သူ့မျက်ဝန်းများက သူ(မ)ကိုစိုက်ကြည့်ရင်း ခက်ထန်နေခဲ့သည်။ သူ၏အကြည့်များက သူ(မ)ဘေးပတ်ဝန်းကျင်အနှံ့ကို ကြည့်ပြီးနောက်တွင် နှုတ်ခမ်းက တဖြည်းဖြည်း ကွေးတက်သွားပြီး အေးစက်စက်အပြုံးတစ်ခု ဖြစ်လာခဲ့သည်။
လီရှင်းသည် သူ့အား တံတောင်ဖြင့် လှမ်းတွတ်ပြီး ပြဇာတ်တစ်ပုဒ်ကိုကြည့်နေသည့်အတိုင်း တမင်တကာမေးလိုက်၏။
“အကိုပြောတော့ လုဝမ်ဝမ်က နေမကောင်းဘူးဆို”
ရှန်းရီက ပျင်းတိပျင်းရွဲဖြင့် သူ့ထံအကြည့်တစ်ချက်လွှဲကာ
“သူ နေမကောင်းဘူး”
သူ(မ)က တစ်ညလုံးအဖျားကြီးနေခဲ့ခြင်းဖြစ်သည်။
လီရှင်းသည် သူ့မေးစေ့ကို ပွတ်ကာ ရယ်မောရင်းဆိုလိုက်၏။
“သူ့ပုံစံက နှင်းဆီရောင်သန်းနေတာ အပြုံးကလည်း ကျက်သရေရှိနေရော ကျွန်တော် သူ့ကို ဘယ်လိုပဲကြည့်ကြည့် အဖျားကြီးနေတဲ့လူနာနဲ့လည်း မတူဘူး၊ ပြီးတော့ မရီးက နေမကောင်းဘူးဆိုလဲ အကို သူ့ကိုအိမ်မှာပဲ နားခိုင်းသင့်တယ်လေ၊ သူ ရုတ်တရက်ကြီး မေ့လဲသွားရင် ကောင်းမှာမဟုတ်ဘူး”
ရှန်းရီ၏အေးစက်ပြီး တည်ကြည်သည့်မျက်နှာက အမူအရာဟူ၍လုံးဝရှိမနေချေ။ သူသည် အကြည့်လွှဲပြီး နက်ရှိုင်းသည့်အသံဖြင့် ဆိုလိုက်၏။
“မင်းပါးစပ်ကို ပိတ်ထား”
လီရှင်းမှာ ပြဇာတ်ကိုကြည့်လို့ဝသွားပြီဖြစ်၍လည်း ကျားမှုတ်ဆိတ်ကို ဆက်မဆွဲရဲတော့သည်ဖြစ်ကာ လိမ္မာပါးနပ်စွာဖြင့် ပါးစပ်ပိတ်ပြီး စကားတစ်ခွန်းထပ်မဟတော့ချေ။
ရှန်းရီကို သတိထားမိပြီးနောက်တွင် လုဝမ်ဝမ်သည် စင်ပေါ်မှ ကောင်လေးများကို အာရုံဝင်စားရန် စိတ်မရှိတော့ချေ။ ပွဲစဉ်တစ်လျှောက်လုံး သူ(မ)က စိတ်လွင့်ပြီး စိုးရိမ်နေခဲ့သည်။
ပွဲစဉ်ပြီးဆုံးသည်အထိစောင့်ပြီးနောက်တွင် ကျောင်းကျောင်းမှာ အလွန်စိတ်လှုပ်ရှားနေသေးပြီး အုပ်စုဖွဲ့ဓာတ်ပုံရိုက်ရန် စင်နောက်သို့ သွားချင်နေသေးပြန်၏။ သူ(မ)က လက်မလျော့သွားသေးခင် လုဝမ်ဝမ်မှာ သူ(မ)ကိုအတော်လေးပြောယူလိုက်ရသည်။
ပွဲနေရာမှထွက်ပြီးနောက်တွင်မှ အပြင်တွင် မိုးများစတင်ရွာနေသည်ကို သူတို့သတိထားမိတော့သည်။
အဆက်မပြတ်ရွာချနေသည့်မိုးက နှစ်ယောက်သား၏စိတ်ကို အတော်လေးလျော့ကျသွားစေ၏။
အခန်းအတွင်းရှိ လေအေးပေးစက်ကြောင့် နီမြန်းနေသည့်မျက်နှာနှင့် ကျောင်းကျောင်းက လုဝမ်ဝမ်လက်မောင်းကိုဆွဲထားပြီး မျက်လုံးများတလက်လက်ဖြင့် မေးလာ၏။
“ဟော့ပေါ့ သွားစားရအောင်လေ ပြီးရင် ငါအိမ်ပြန်လိုက်ပို့ပေးမယ်”
လုဝမ်ဝမ် အဖြေပြန်မပေးရသေးခင် ကျက်သရေရှိသည့်အမျိုးသားတစ်ဦးက သူ(မ)အရှေ့သို့ ရောက်နှင့်နေလေပြီပင်။ သူ့မျက်လုံးများက နက်ရှိုင်းသည့် အေးစက်စက်ကန်ရေပြင်နှင့်အလားသဏ္ဍာန်တူပြီး အပြုံးမမည်သည့် အပြုံးတစ်ခုနှင့်အတူ လည်စေ့က လိမ့်သွား၏။
“အိမ်မှာပဲ နားနေပါ့မယ်လို့ မင်း ပြောခဲ့တယ်မဟုတ်ဘူးလား”
အနည်းငယ်အေးစိမ့်နေသည့်လေများနှင့်အတူ သူ(မ)မျက်နှာကို လာရိုက်ခတ်သည့် မိုးရေများကြောင့် သူ(မ)ဝတ်ဆင်ထားသည့်အဝတ်ပါးပါးလေးက သူ(မ)ကို အအေးဒဏ်မှ မကာကွယ်ပေးနိုင်ချေ။
လုဝမ်ဝမ်သည် သူ(မ)မေးကိုမော့ကာ သူ(မ)အရှေ့မှ အမျိုးသားကို တိတ်တဆိတ် ကြည့်လိုက်သည်။