အပိုင်း (၆၉)
အထက်တန်း တတိယနှစ်တွင် သူ(မ)တို့၏စာသင်ခန်းများသည် သုံးလွှာခြားပြီး၊ လုဝမ်ဝမ်သည် အလွန်နာခံလိမ္မာသည့် ကလေးအမျိုးစားထဲတွင် မပါသဖြင့်လည်း အတန်ပိုင်းဆရာမသည် သူ(မ)ကို အမြဲတမ်း နောက်ထပ်နာရီဝက်အကြာ ထိန်းသိမ်းထားလေ့ရှိသည်။
ညဘက်တွင် ကျောင်းဝင်း၏လမ်းမီးတိုင်လေးများမှ မီးမှိန်မှိန်လေးသာ လင်းနေပြီး ကျောင်းဝတ်စုံကို သေသေသပ်သပ်ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦးက စာသင်ခန်းအဝင်ဝ၏ ခြေလှမ်းအနည်းငယ်အကွာတွင် ငြိမ်ငြိမ်သက်သက်ရပ်နေခဲ့သည်။
လုဝမ်ဝမ်ကို အတန်းပိုင်ဆရာမက ကျောက်သင်ပုန်းရှေ့တွင် မတ်တပ်ရပ်ခိုင်းကာ အပြစ်ပေးခဲ့သည်။ သူ(မ)၏စာပေအိမ်စာကလည်း မြင်မကောင်းရှုမကောင်းအောင် ဖြစ်နေခဲ့ရာ နောက်ဆုံးတွင် အတန်းပိုင်ဆရာမမှာ ဒေါသတကြီးဖြင့် ဆိုလာတော့သည်။
“နင်က ဒီလိုအရည်အချင်းမျိုးနဲ့ ကောလိပ်သွားချင်သေးတယ်ပေါ့လေ၊ နင်ရေးထားတဲ့ဟာတွေကို ပြန်ကြည့်ကြည့်အုံး”
ထိုစကားလုံးများသည် လုဝမ်ဝမ်၏ဘယ်ဘက်နားရွက်မှဝင်ကာ ညာဘက်နားရွက်မှ ပြန်ထွက်သွားပြီး စတိတ်စင်ပေါ်ရှိ ဆရာမ ပြောနေသည့်စကားများကို လျစ်လျူရှုထားခဲ့သည်။ သူ(မ)၏မျက်လုံးများက ပြတင်းပေါက်အပြင်တွင် ရပ်နေသည့်လူငယ်လေးထံတွင်သာ ရှိနေခဲ့သည်။
ဆောင်းဦးနှောင်းပိုင်းဖြစ်၍လည်း အပြင်ဘက်ရှိအအေးဓာတ်မှာ ရိုးတွင်းခြင်ဆီများထိအောင် အေးစိမ့်နေခဲ့သည်။
ရှန်းရီဝတ်ထားသည့်ကျောင်းဝတ်စုံမှာ လက်တိုဖြစ်ပြီး ခန္ဓာကိုယ်က ပိန်ပိန်ပါးပါးနှင့်။ သူ(မ)မှာ အနည်းငယ် စိတ်ပူသွားရပြီး ရှန်းရီ အေးများအေးနေမလား ဟု တွေးရင်း မျက်မှောင်ကြုတ်မိတော့သည်။ အပြင်မှာ အကြာကြီး ရပ်စောင့်နေလို့ ဖျားသွားရင် ဘယ်လိုလုပ်ရပါ့မလဲ? ။ သူ့ကျန်းမာရေးက ဘယ်တော့မှ အလွန် အကောင်းကြီးမဟုတ်ခဲ့ချေ။
ရာသီဥတုအပြောင်းအလဲဖြစ်ချိန်တိုင်း သူက အမြဲတမ်း အအေးအသေးစားမိတတ်ပြီး ဆေးသောက်လျှင်တောင်မှ မသက်သာချေ။ ပြန်မသက်သာခင်အထိ အမြဲတမ်း အချိန်အတိုင်းအတာတစ်ခုထိ ခံစားရလေ့ရှိသည်။
အပြင်ဘက်သို့သာ ရောက်နေသည့် လုဝမ်ဝမ်၏အကြည့်များမှာ အလွန်သိသာပြီး ဗြောင်ကျလွန်းသဖြင့် ဆရာမရဲ့မျက်နှာမှာ သူ(မ)ခြေထောက်အောက်သို့ စာအုပ်အထူကြီးကို ပစ်ချရင်း အစိမ်းရောင်ပြောင်းလာတော့သည်။
“နင့်မျက်လုံးတွေ ကျွတ်ထွက်တော့မယ်! ဒီအိမ်စာကို ကောင်းကောင်းလုပ်လာခဲ့! ဒီညမပြီးရင် မနက်ဖြန်မနက် အတန်းအရှေ့မှာ မတ်တပ်ရပ်ပြီး ကော်ပီကူးရမယ် အဲ့ဒါမှ ပထမနှစ်နဲ့ ဒုတိယနှစ်ကျောင်းသားတွေ ဟာသတစ်ခုကြည့်လို့ရအောင်”
လုဝမ်ဝမ်သည် မျက်နှာမဲ့ကာ အကြည့်မလွှဲချင်၊လွှဲချင်နှင့် လွှဲလိုက်ရတော့သည်။
ဆယ်နာရီထိုးလုနီးနီးတွင် ကျောင်းသားများအတွက် ညနေခင်းကိုယ်ပိုင်စာကြည့်ချိန်မှာ ပြီးလုနီးပြီဖြစ်သည်။
ထိုအခါမှ လုဝမ်ဝမ်ကို အတန်းမှ ထွက်ခွင့်ပြုသဖြင့် သူမသည် ကျောင်းလွယ်အိတ်ကို ကောက်လွယ်ကာ အနောက်ပေါက်မှ အလျင်အမြန် ပြေးထွက်လိုက်တော့သည်။ သူ(မ)သည် မျက်နှာထက်တွင် အပြုံးတစ်ခုဖြင့် ရှန်းရီအနောက်သို့ တိတ်တဆိတ် ချဉ်းကပ်သွားပြီး သူ့ပုခုံးကို လှမ်းပုတ်လိုက်သည်။
“စောင့်နေရတာ စိတ်မရှည်မဖြစ်ဘူးလား?”
ရှန်းရီက တစ်ဖက်သို့ လှည့်လာပြီး ခေါင်းကို ခါပြလေသည်။
“မဖြစ်ပါဘူး”
သူက စကားပြောရင်း လက်ထဲမှ နွေးနေဆဲဖြစ်သည့် နို့ဘူးတစ်ဘူး ကမ်းပေးပြီး ဆိုလာ၏။
“နွေးနေသေးတယ် သောက်လိုက်”
ထိုအချိန်က လုဝမ်ဝမ်မှာ လက်ထဲတွင် ထိုနို့ဘူးနွေးနွေးလေးကို ကိုင်ထားရင်း နှလုံးသားထဲထိပါ နွေးထွေးလာသည်ဟု ခံစားလိုက်ရသည်။
သူ(မ) အိပ်ရာမှ ဖြည်းဖြည်းချင်းထထိုင်လိုက်သည်။ ပြတင်းပေါက်အပြင်ရှိ ကောင်းကင်မှာ မည်းမှောင်နေဆဲ၊ နံရံတွင် ချိတ်ဆွဲထားသည့်နာရီကိုကြည့်ပြီးမှ မနက်သုံးနာရီဖြစ်ကြောင်း သိလိုက်ရသည်။
“နင် ဘာလို့မအိပ်သေးတာလဲ?”
“မင်း နိုးလာပြီပဲ ရေဆာလို့လား?”
သူထင်တာ မှန်ပေသည်။ လုဝမ်ဝမ်၏လည်ချောင်းမှာ တကယ်ကို ခြောက်ကပ်နေပြီး စကားပြောရာတွင် သက်တောင့်သက်သာမရှိနေပေ။ သူ(မ) အစက ဝေဝါးဝါးအိပ်မက်တစ်ခုထဲ ရောက်နေခဲ့သော်လည်း ရေဆာခြင်းကြောင့် နိုးလာခဲ့ခြင်းဖြစ်သည်။
ခုတင်ဘေးတွင် ရေနွေးပူပူ ဖြည့်ထားသည့် အပူထိန်းရေနွေးခွက်တစ်ခု ရှိနေ၏။
လုဝမ်ဝမ်သည် ရေနှစ်ငုံလောက် သောက်ပြီးနောက် လည်ချောင်းထဲမှ လောင်ကျွမ်းနေသည့်ခံစားမှုကြီးက အများကြီး သက်သာသွားခဲ့သည်။ ရှန်းရီကို ကြည့်ပြီး သူ(မ)ယခုလေးတင်မေးခဲ့သည့် မေးခွန်းကို ပြန်မေးလိုက်သည်။
“နင် ဘာလို့မအိပ်သေးတာလဲလို့”
ရှန်းရီသည် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် မျက်ခုံးများကို အနည်းငယ် တွန့်ချိုးလိုက်သော်လည်း ဟန်လုပ်ပြုံးပြီး ဖြေးညင်းစွာ ဆိုလာ၏။
“ကိုယ် အိပ်ပြီးပါပြီ”
အိပ်မက်ဆိုးတစ်ခုကြောင့် သူ ကြောက်လန့်တကြား လန့်နိုးလာခြင်းဖြစ်သည်။
သူ အိပ်မက်အရှည်ကြီးတစ်ခုကို မက်ခဲ့သည်။.
ထိုအိပ်မက်၏အဆုံးတွင် လုဝမ်ဝမ်က သေဆုံးသွားခဲ့သည်။
သူ(မ)မျက်နှာက အတော်လေး ဖြူဖျော့နေခဲ့ပြီး မျက်ဝန်းများမှာ ချောင်ကျနီရဲပြီး ဖူးယောင်နေကာ လမ်းဘေးတွင် စိတ်ဒုက္ခရောက်စွာဖြင့် ဒူးထောက်ရင်း အေးခဲနေသည့်နှင်းထုကြီးထဲတွင် သေဆုံးသွားခဲ့သည်။
ပြီးတော့ သူ ...သူက တစ်စုံတစ်ယောက်ရဲ့လက်ကိုဆုပ်ကိုင်ရင်း သူ(မ)ကို နောက်တစ်ကြိမ်ထပ်ကြည့်ဖို့ရာပင် ရွံရှာလွန်းသည့်အလား သူ(မ)ကို ဖြတ်လျှောက်သွားခဲ့သည်။
ဟိုတယ်အရှေ့တွင် စုဝေးနေကြသည့် လူအုပ်ကြီးသည် လက်ညိုးတစ်ထိုးထိုးနှင့် သူ(မ)အကြောင်းကို ပြောဆိုနေခဲ့သည်။
“လုမိသားစုက ချွတ်ခြုံကျသွားဖို့ ထိုက်တန်တယ်”
“လုဝမ်ဝမ် အခု ဒီလိုဖြစ်သွားတော့ သူ ဘယ်သူကို သွားအပြစ်တင်နိုင်မလဲ? အဲ့ဒီတုန်းက သူပဲ ရှန်းရီကို ကွာရှင်းပစ်ချင်နေတာလေ၊ ပြီးတော့ ကွာတောင်မရှင်းရသေးဘဲနဲ့ နောက်ယောက်ျားတစ်ယောက်နဲ့ လိုက်ပြေးခဲ့တာကိုး”
“အခုတော့ သူက ဒီလိုမျိုးအဆုံးသတ်သွားပြီလေ ဒါကို အပြစ်ဒဏ်ခတ်ခံရတယ်လို့ပဲ ယူဆရမှာပေါ့”
နုနယ်ပြီး နူးညံ့သိမ်မွေ့လှသည့် အမျိုးသမီးလေးက နှင်းထဲတွင် သနားစရာကောင်းလောက်အောင် ဒူးထောက်လျက်သားဖြင့် သူ(မ)၏ခန္ဓာကိုယ်အပေါ်ပိုင်းမှာ တဖြည်းဖြည်း ငုံ့ကျသွားခဲ့သည်နှင့်အတူ မျက်လုံးများက ဖြည်းညင်းစွာ မှိတ်ကျသွားပြီး ဘယ်တော့မှ ပြန်မဖွင့်လာခဲ့တော့ချေ။
ရှန်းရီသည် ကြောက်လန့်တကြားဖြင့် မျက်လုံးများကို ဖွင့်ကာ လက်ကို ဆန့်ထုတ်ပြီး သူ့ဘေးနားရှိ လူကို စမ်းကြည့်လိုက်သည်။ ထို့နောက်မှသာ ဆောက်တည်ရာမရဖြစ်နေခဲ့သည့် သူ့နှလုံးသားသည် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။
ထို့နောက်မှာတော့ သူ ဆက်ပြီး အိပ်လို့မရတော့ချေ။
လုဝမ်ဝမ်တစ်ယောက် ရေသောက်ပြီးနောက်တွင် ပြန်လည်အိပ်ငိုက်စပြုလာ၏။ သူ(မ)တွင် မူလကတည်းက အားအင်မရှိတော့သဖြင့် အိပ်ရာပေါ် လှဲချလိုက်သည်နှင့် တစ်ဖန်အိပ်ပျော်သွားတော့သည်။
***
သူ(မ)သည် အဖျားအရှင်းမပျောက်ခင်အထိ တစ်ပတ်ခန့်လောက် ကိုယ်အပူချိန် တက်လိုက်၊ ကျလိုက်နှင့် အဖျားကြီးနေခဲ့သည်။ ထိုအပတ်အတောအတွင်း ရှန်းရီကလည်း ကုမ္ပဏီသို့ မသွားဘဲ အိမ်တွင်သာ နေနေခဲ့သည်။
လုဝမ်ဝမ်မှာ ပျင်းလာချိန်တွင် တီဗီသာ ကြည့်ရန် ရှိလေသည်။ တစ်နေ့တွင် ချန်နယ်သတင်းတစ်ခု၌ ရှန်းရီရဲ့အစ်ကို ရှန်းရှီကို အင်တာဗျူးတစ်ခုတွင် ရုတ်တရက် တွေ့လိုက်ရသည်။
ရှန်းရှီက သူ(မ)အား ရှန်းရီကို ရှန်းအဖိုး၏မွေးနေ့ပွဲသို့ တက်ရောက်ရန် ရှန်းမိသားစုအိမ်တော်သို့ ပြန်လာပေးရန် စည်းရုံးခိုင်းခဲ့သည်ကို ရုတ်တရက် အမှတ်ရမိသွားသည်။
ရှန်းရီသည် ရှန်းအိမ်တော်ရှိ မည်သူ့ကိုမှ အထူးသဖြင့် သူ့မိဘများပေါ်တွင် မည်သည့်သံယောဇဉ်မှ မရှိသည်ကို လုဝမ်ဝမ် သိပေသည်။ သူတို့၏ဆက်ဆံရေးသည် နှစ်များစွာအကြာ အေးစက်နေခဲ့သည်။
ရှန်းရီတွင်လည်း လူအိုကြီး၏မွေးနေ့ပွဲသို့ တက်ရောက်ရန် စိတ်ကူးမရှိသည်မှာ သေချာသလောက်ပေ။
သူတို့ ရှန်းမိသားစုထံ ပြန်မသွားကြသော်လည်း ရှန်းမိသားစုရဲ့လူများက တစ်ယောက်ပြီးတစ်ယောက် သူတို့အိမ်တံခါးဆီသို့ လာရှာကြမည်ကိုတော့ မရှောင်လွှဲနိုင်ချေ။
သူ(မ)အား ပထမဆုံး လာရောက်နှုတ်ဆက်သည့်သူမှာ မူလဝတ္ထုထဲမှ အမျိုးသမီးဇာတ်ဆောင် ကုရှန့်ဖြစ်လိမ့်မယ်လို့ လုဝမ်ဝမ်မမျှော်လင့်ထားခဲ့ချေ။