no

Font
Theme

အပိုင်း (၂၇)

ထို့နောက် ရေချိုးခန်းထဲသို့ ဝင်သွားပြီး သူ၏နှင်းကဲ့သို့ ဖြူဖွေးသည့်အသားအရည်နှင့် လိုက်ဖက်မှုရှိသည့် အနက်ရောင်ဆွယ်တာတစ်ထည်ကို ပြောင်းဝတ်လာ၏။

ညနေခင်းတစ်လျှောက်လုံး ရှန်းရီက စကားတစ်ခွန်းပင် မဆိုလာသေးချေ။ သူသည် ပန်းကန်များဆေးကြောပေးပြီးနောက် အနားယူရန် အိပ်ခန်းထဲသို့ ဝင်သွားလေသည်။

သူ့ပုံစံက စိတ်ဆိုးပြီး အလွန်စိတ်မကြည်နေဟန်။

သို့သော် ဘာကြောင့် ရှန်းရီ ဒေါသထွက်နေရသည်ကိုတော့ လုဝမ်ဝမ်လည်း အဖြေရှာမရချေ။

ရှန်းရီက ဘာကိုမှဂရုမစိုက်သည့်ဟန် ပေါ်သော်ငြား တကယ်တမ်းတွင် သူ၏စိတ်က အလွန် အကောင်းကြီးမဟုတ်ပေ။ သူက အလွန်ထိလွယ်ရှလွယ်ပြီး၊ သဘောထားသေသိမ်ကာ အလွန်လည်း သဝန်တိုတတ်၏။ သူ၏နှလုံးသားထဲတွင် အပြင်းအထန်ဒေါသထွက်ပြီးဟု ခံစားလာရလျှင်တောင် ဆန့်ကျင်ဘက်အနေနှင့် အပြုံးသဲ့သဲ့လေး ပြုံးကာ နေတတ်ပြန်၏။

လုဝမ်ဝမ်သည် တီဗီကို ပိတ်ကာ စိုးရိမ်ထိတ်လန့်မှုများဖြင့် အိပ်ခန်းထဲသို့ ဝင်သွားလိုက်သည်။ မီးအိမ်မှာ မပိတ်ရသေးကာ မှိန်ပျပျမီးရောင်လေးက အနှီအမျိုးသား၏မျက်နှာပေါ်တွင် ရှိနေ၏။

ရှန်းရီသည် အိပ်ပျော်နေဟန်ရှိပြီး သူ၏မျက်နှာမှာ ပုံမှန်မဟုတ်စွာ နီမြန်းနေ၏။ လုဝမ်ဝမ်သည် သူမ၏လက်ကိုဆန့်ထုတ်လို့ သူ့နဖူးကို စမ်းကြည့်လိုက်ရာ ကံကောင်းစွာနှင့် ကိုယ်က အရမ်းကြီးပူမနေသဖြင့် ဖျားနေခြင်းတော့ မဟုတ်ပေ။

သူမလက်ကို ပြန်ရုတ်တော့မည်အချိန်တွင် အိပ်ရာပေါ်ရှိ အနှီအမျိုးသားက ရုတ်တရက် မျက်လုံးပွင့်လာပြီး၊ သူ၏မည်းနက်နက်မျက်လုံးများက သူမကို ထိုးဖောက်ဝင်ရောက်မတတ် စိုက်ကြည့်နေ၏။

လုဝမ်ဝမ်သည် နှစ်စက္ကန့်လောက်တောင့်ခဲသွားရပြီး ရုတ်တရက် သူမမျက်စိရှေ့တွင် ကမ္ဘာကြီးမှာ ပတ်ချာလည်သွားပြီး ရှန်းရီက သူမကို အိပ်ရာပေါ် ပစ်ချလိုက်၏။

အနှီအမျိုးသား၏မျက်လုံးထောင့်များမှာ နီရဲနေပြီး သူမကိုသာ စူးစူးစိုက်စိုက်ကြည့်နေ၏။

ထိုအကြည့်များကို အတော်လေးရင်းနှီးနေသည့် လုဝမ်ဝမ်မှာ အနည်းငယ်ကြောက်စိတ် ဝင်လာရသည်။

သူမ ပထမအဆုံးအကြိမ် စာအုပ်ထဲသို့ ကူးပြောင်းလာစဉ်၊ သူမ နုံအလွန်းသည့် အချိန်များက ရှန်းရီကို စိတ်ကျေနပ်စေရန်‌ နေ့တိုင်း ရိုးသားဖြူစင်သည့် ကောင်မလေးအဖြစ် သရုပ်ဆောင်ရင်း ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။

ထိုအချိန်က ရှန်းရီနှင့် သူမသည် အတူတွဲလာပြီးမှာ ကြာပြီဖြစ်ပြီး အထက်တန်းပထမနှစ်မှသည် တတိယနှစ်အဆုံးထိ ကျောင်းတစ်‌ကျောင်းလုံးရှိလူများနီးပါးက သူတို့၏ဆက်ဆံရေးကို သိကြလေသည်။

လူတော်တော်များကလည်း သူတို့နှစ်ယောက်ကို လှောင်ရယ်စရာတစ်ခုအဖြစ်သာ ကြည့်ကြလေသည်။

"လုဝမ်ဝမ် နင် ရှန်းရီနဲ့လုံးဝလမ်းခွဲလို့မဖြစ်ဘူးနော်၊ ဆင်းရဲတဲ့တစ္ဆေလေးနဲ့ တောသူဌေးမလေးတို့က တစ်ယောက်နဲ့တစ်ယောက် အရမ်းလိုက်ဖက်ကြတာမလို့"

ပထမက လုဝမ်ဝမ်တွေးထင်ခဲ့သည်က ထိုအေးစက်စက်အမျိုးသားဇာတ်ဆောင်က ဤကဲ့သို့သော ကိစ္စများကို စိတ်မဝင်စားဘူးဟူ၍။

ထိုလူများ၏လှောင်ပြောင်သရော်သည့်စကားများကြောင့် လုဝမ်ဝမ်သည် ဒေါသအလွန်ထွက်လာရပြီး လွှတ်ခနဲ ပြောထွက်လာမိသည်မှာ :

"ဒါဆိုလည်း ငါသူနဲ့လမ်းခွဲပြီး နင်တို့ကို စိတ်အနှောင့်အယှက်ဖြစ်ပြီး သေအောင်လုပ်ပြအုံးမယ်"

မထင်မှတ်ဘဲ ထိုစကားလုံးများက ရှန်းရီနားအထိ ရောက်သွားခဲ့သည်။

ထိုအဖြစ်အပျက်မတိုင်မီက ရှန်းရီသည် အရာအားလုံးကို စိတ်မဝင်စားပြီး မည်သည့်အရာကိုမှ ဂရုမစိုက်တတ်သည့် လူငယ်လေးဟုသာ သူမထင်ခဲ့မိသည်။

ကျောင်းယူနီဖောင်းကို ဝတ်ထားသည့်အနှီကောင်လေးက အေးစက်စက်မျက်နှာထားနှင့် သူမ၏လက်ကောက်ဝတ်ကို ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆွဲကာ ကျောင်းအဆောက်အအုံ၏ ထောင့်တစ်နေရာရှိ နံရံ၌ တွန်းကပ်ထား၏။ သူ၏မျက်လုံးများမှာ နီရဲနေပြီး မျက်နှာမှာလည်းဖျော့တော့နေခဲ့သည်။ သူ သူ(မ)အား ဖိချုပ်ထားသည်မှာ အရိုးများလွဲသွားသည့်အသံပင် ကြားလိုက်ရသည်အထိ။

လူငယ်လေးက ခေါင်းကို ငုံ့ကာ သူမ၏နှုတ်ခမ်းကို ကွဲရာသေးသေးလေးထင်သည့်အထိ ဆွဲကိုက်လေ၏။ သူ၏အသံမှာဩရှနေပြီး သူမ၏နားရွက်ကို တတိတိကိုက်ကာ တီးတိုးပြောလိုက်သည်မှာ နတ်ဆိုးငယ်လေးတစ်ကောင်ကဲ့သို့ပင် :

"မင်း ကိုယ့်ကို ထားခဲ့လို့မရဘူး"

*

ယခုအခိုက်အတန့်တွင်လည်း ရှန်းရီ၏မျက်လုံးများမှာ ထိုအချိန်ကနှင့် သိပ်မကွာချေ။ သူ၏ပုံစံက အလွန်းစွဲလန်းနေသည့်ပုံစံဖြင့် ကြောက်စရာကောင်းလှသည်။

သူမကလည်း ကြောက်လန့်မှုကိုဖုံးကွယ်ကာ : "နင်ဘယ်လိုနေလဲ? နေလို့မကောင်းဘူးလား?"

ရှန်းရီက သူမ၏စကားများကိုကြားဟန်မတူဘဲ သူ၏လက်ကို မြှောက်ပြီး သူမ၏မျက်နှာကိုပွတ်သပ်လာကာ လက်ချောင်းများက သူမ၏ဖြူဖွေးပြီးနူးညံ့သည့် လည်ညှပ်ရိုးဆီသို့ ရောက်လာ၏။

အနှီအမျိုးသား၏ မျက်လုံးထဲတွင် ရှုပ်ထွေးပွေလီသည့် မီးရောင်လေးတစ်ခုက လက်ခနဲဖြစ်လာပြီး နှုတ်ခမ်းများကို ကွေးညွတ်ရင်း သူမကို ခပ်ဖွဖွ ပြုံးကာ ကြည့်လာ၏။ ရုတ်တရက် သူ၏အမူအရာများမှာ နူးညံ့သွားပြီး သူ့ခန္ဓာကိုယ်မှ ထွက်လာသည့် အေးစက်စက်အရောင်အဝါများက ရုတ်ခြည်း ပျောက်ကွယ်သွား၏။

မျက်နှာပေါ်မှ အမူအရာများမှာ သိမ်မွေ့ညင်သာနေ၏။ အနှီအမျိုးသားက သူ့နှုတ်ခမ်းကို လျက်လိုက်ပြီး မျက်လုံးများမှာ အပြုံးလေးဖြင့် ကွေးနေ၏။

"ကိုယ်တို့ ဒီနေရာလေးမှာ တက်တူးထိုးကြရအောင်လေ ကောင်းတယ်မလား?"

သူ့ရဲ့ ပထမဆုံးနာမည်နဲ့ နောက်ဆုံးနာမည်ရဲ့ တက်တူးလေး...

သူ့တစ်ယောက်တည်းသာ ပိုင်ဆိုင်တဲ့ သူ့ရဲ့ပိုင်ဆိုင်မှုလေး...ဒါမှ သူမ ဘယ်သောအခါမှ ထွက်မပြေးနိုင်မှာ..။

ရှန်းရီ၏လက်ချောင်းထိပ်များက သူမ၏ညှပ်ရိုးအပေါ်တွင် ရှိနေသေးပြီး လုဝမ်ဝမ်မျက်နှာပေါ်မှ သွေးများမှာ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။ သူမ၏နောက်ကျောမှာ တောင့်တင်းသွားရပြီး မျက်နှာမှာ ဖြူဖျော့သွားကာ နဖူးပေါ်တွင် ချွေးသီးလေးများ စိမ့်ထွက်လာ၏။

သူသည် သူမကို ယခုကဲ့သို့ပုံစံမျိုး တစ်ကြိမ်ထက်မက လုပ်ဖူးခဲ့လေသည်။

တက်တူးထိုးရသည်နှင့်ပတ်သတ်၍ မုန်းတီးခြင်းထက် ကြောက်ရွံ့ခြင်းကသာ ပိုသည်ဟုဆိုလျှင် မှန်လိမ့်မည်။ သူမ၏ညှပ်ရိုးပေါ်မှ သူ့နာမည်သည် သူမကို လွတ်မြောက်ရာလမ်းမရှိခဲ့သည့်တစ်ချိန်ကနေ့ရက်များကို အမှတ်ရမိစေ၏။

သူမသည် တံတွေးပင် မျိုချကာ တုန်ရီနေသည့်အသံဖြင့် :

"ငါ....ငါ..ငါ အဲ့ဒါကို တကယ်မကြိုက်ဘူး"

သူမ၏ခန္ဓာကိုယ်ပေါ်တွင် အမှတ်အသားထားရသည်ကို စိတ်ဝင်စားသည်မှာ ရှန်းရီတစ်ယောက်တည်းသာ ရှိပေလိမ့်မည်။

ရှန်းရီက မျက်တောင်ခပ်ပြီး အပြစ်ကင်းစွာ ပြုံးလာ၏။

"ကိုယ်က နောက်နေတာ"

လုဝမ်ဝမ်ခမျာ မရယ်နိုင်သည့်အပြင် ကြောက်လွန်းသဖြင့် သေတော့မည်လားဟု အောက်မေ့နေရသည်။ သူမက ဂရုတစိုက်ဖြင့် ရှန်းရီကိုဖယ်ထုတ်ကာ တီးတိုးမေးလိုက်၏။

"နင်ဘာဖြစ်ခဲ့လို့လဲ? နင့်သူဌေးကနင့်ကို ဆူလိုက်လို့လား? နင် စိတ်အခြေအနေမကောင်းဘူးလို့ ငါခံစားနေရတယ်…"

ရှန်းရီ၏နှုတ်ခမ်းထောင့်များ ကွေးသွားကာ မျက်လွှာလေးချပြီး တစ်လုံးချင်းစီကို ဖြည်းညင်းစွာပြောလာ၏။

"ကိုယ်စိတ်အခြေအနေမကောင်းနေတာ မဟုတ်ဘူး"

"အို့"

ထို့နောက် လုဝမ်ဝမ်သည် အိပ်ရာမှထပြီး : "ငါ နင့်အတွက် ရေနွေးသွားယူပေးမယ်နော်"

ရှန်းရီသည် ရုတ်တရက် သူမလက်ကို ဖမ်းဆွဲလိုက်ပြီး မျက်ဝန်းနက်နက်များက သူမကို မျက်တောင်မခပ်စတမ်း စိုက်ကြည့်လာ၏။ သူ၏မျက်နှာသည် ဖျားနာနေသကဲ့သို့ နွမ်းကျနေ၏။ သူက အသံတိုးတိုးဖြင့် ခေါ်လာသည်။

"ဝမ်ဝမ်"

သူ၏ခေါ်သံက လုဝမ်ဝမ်၏နှလုံးသားကို တုန်ယင်စေကာ သူမကို ချည့်နဲ့သွားသလိုခံစားရစေသည်။

"ဘာဖြစ်လို့လဲ?"

ရှန်းရီက အေးဆေးစွာ ပြုံးလိုက်ပြီး : "ဝမ်ဝမ် မင်း ပိုက်ဆံကို အရမ်းကြိုက်တယ်မဟုတ်လား?"

လုဝမ်ဝမ်သည် ရုတ်တရက် စိတ်သက်သာရာရသွားပြီး စိတ်ပြေလျော့သွားချင်ယောင်ဆောင်ကာ ဆိုလိုက်သည်။

"ကြိုက်တာပေါ့လို့ ပိုက်ဆံက တကယ်ကောင်းတာကိုး ဘယ်သူက မကြိုက်ဘဲ နေမလဲ"

သူမက မျက်တောင်လေးခပ်ပြီး အပြစ်ကင်းပြီး နားမလည်သလို ဟန်ဆောင်ကာ : "ရီရီ နင် ငါ့ကို အထင်သေးနေလားဟင်? ဒါပေမဲ့ ငါလည်း မတတ်နိုင်ဘူးလေ ငါက အစကတည်းက ဒီလိုပကာသနကို ကြိုက်တဲ့သူပဲဆိုတော့"

"ကိုယ် အထင်မသေးပါဘူး"

လုဝမ်ဝမ်သည် သူ့ကို ချိုသာစွာ ပြုံးပြလိုက်သည်။

"ဒါပေမဲ နင်ကသာ ငါ အကြိုက်ဆုံးနော်"

ရှန်းရီသည် ခေါင်းကို မော့လာ၏။ သူ၏အကြည့်များမှာ တည်ငြိမ်နေပြီး ထိုစကားလုံးများကြားသည်နှင့် သူ၏အပြုံးမှာ ပိုမိုနက်ရှိုင်းလာကာ တီးတိုးဆိုလာ၏။

"ကိုယ် သိတာပေါ့"

ကိုယ်သိတာပေါ့ မင်း လိမ်နေတာကို...

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment