အပိုင်း (၄၂)
မည်သို့ဆိုစေ ရှန်းရီသည်လည်း သူ၏သားအရင်းပင်ဖြစ်ပြီး ရှန်းရီအဖေ၏စကားလုံးများက ဓားတစ်ချောင်းဖြင့် သူ၏ခန္ဓာကိုယ်ကို ထိုးသွင်းနေသကဲ့သို့ပင်။
သို့သော် ရှန်းရီမှာမူ လုံးဝကိုဂရုမစိုက်ဟန်တို့ဖြင့်။ သူသည် လုဝမ်ဝမ်ကို လှမ်းကြည့်ပြီး သူမအနားသို့ လျှောက်သွားလိုက်၏။ သူမ၏အေးစက်စက်လက်ချောင်းများကို ဆုပ်ကိုင်ရင်း မေးလေ၏။
“ဘယ်တွေ လျှောက်သွားနေတာလဲ?”
“ခြံထဲ လမ်းခဏဆင်းလျှောက်နေတာ”
ရှန်းရီက တစ်ခဏ တွေဝေနေပြီးနောက် နူးညံ့စွာ မေးလာသည်။
“ကိုယ်တို့ ဒီမှာ တစ်ညလောက်နေမယ်ဆိုရင် မင်း အဆင်ပြေမလား?”
အကယ်၍ ယခင်ကသာဆိုလျှင် လုဝမ်ဝမ်သည် တမင်တကာ သူ့အတွက် ခက်ခဲအောင် ပြုလုပ်ချင်ကောင်းပြုလုပ်နိုင်ပြီး အလျှော့လည်း ပေးမည်မဟုတ်သလို၊ ညအိပ်ရန်လည်း ခွင့်ပြုမည်မဟုတ်ပေ။ သူမ စိတ်ကြိုက် လုပ်ချင်သည့်အရာမှန်သမျှ လုပ်လိမ့်မည်ဖြစ်သည်။
တစ်ခဏ သေချာစဉ်းစားပြီးနောက်တွင် လုဝမ်ဝမ် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ”
ရှန်းရီသည် မျက်ခုံးများကို မြှင့်သွားပြီး သူမ အလွယ်တကူသဘောတူမည်ဟု မမျှော်လင့်ထားသဖြင့် အနည်းငယ် အံ့အားသင့်သွားရသည်။
လူငယ်အတွဲ၏ လုံးလုံး လျစ်လျူရှုခြင်းကိုခံနေရသည့် ရှန်းရီအဖေသည် တစ်စုံတစ်ယောက်က သူ့ရင်ဘက်ထဲတွင် နောက်ထပ်မီးတစ်ခု လာမွှေးသွားပြီဟု ခံစားလိုက်သည်။
သူ ထိုနှစ်ယောက်ကို ကြည့်လေ့ရှိသည့်အကြည့်များထဲ အထင်သေးမှုများဖြင့် ပြည့်နေ၏။
ရှန်းရီ၏သွေးကြောများထဲတွင် သူ့သွေးများ စီးဆင်းနေသော်လည်း သူ၏အမူအရာနှင့် စိတ်နေသဘောထားသည် ရှန်းမိသားစု၏ ငယ်ရွယ်သူများနှင့်ယှဉ်လျှင် လုံးဝအဆင့်အတန်းမမီကြောင်း စိတ်ထဲတွင် ခံစားလိုက်ရသည်။
ရှန်းရီအဖေသည် ဒေါသတကြီးနှင့် အိပ်ခန်းသို့ ပြန်သွားခဲ့သည်။ သူ့မိန်းမက သူ၏သုန်မှုန်နေသည့် မျက်နှာကို မြင်လိုက်ရသဖြင့် စိတ်ဆိုးနေမှန်းသိလိုက်ရကာ ရေနွေးတစ်ခွက် အမြန်ငှဲ့ပေးပြီး :
“ဘာလို့ဒီလောက်တောင် ဒေါသထွက်လာရတာလဲ ရှင်? စိတ်တည်ငြိမ်သွားအောင် ရေနွေးလေးသောက်လိုက်”
ရှန်းရီအဖေသည် သူ၏သိမ်မွေ့သည့်ဇနီးချောလေးကို မြင်လိုက်ရချိန်တွင်မှ သူ၏ဒေါသက အနည်းငယ်ပြေပျောက်သွားတော့၏။
“အဲ့ဒီပြဿနာရှာတတ်တဲ့ ကိုယ့်သားရဲ့ အမှားကြောင့်ပဲ မဟုတ်ဘူးလား?”
သူသည် ဤဇနီးလေးနှင့် လက်ထပ်ပြီးသည်မှာ နှစ်နှစ်ရှိပြီဖြစ်ပြီး သူမက သူ့ထက်ငယ်ရွယ်သော်လည်း တွေးခေါ်တက်ပြီး သဘောထားကြီး၏။
“အဲ့ဒီကောင်လေးက အပြင်ကနေ အခုမှ ပြန်ရောက်လာတာလေ သူ နေသားမကျသေးတာက အံ့ဩစရာတော့မရှိပါဘူး၊ အစ်ကိုက သူ့ကိုများများသတိပေးလိုက်ပေါ့ နောက်တော့ သူ အစ်ကို့နှလုံးသားကို နားလည်လာပါလိမ့်မယ်”
သူမက တစ်ခဏရပ်တန့်ပြီး ထပ်ဖြည့်ပြောလိုက်၏။
“ဒါပေမဲ့ ကျွန်မမြင်ရသလောက်က ကောင်လေးက အပြင်မှာ ခက်ခက်ခဲခဲနဲ့နေလာရတယ် ထင်ပါရဲ့ တစ်ချို့အကျင့်လေးတွေက မပြောင်းနိုင်လောက်တော့ဘူး ဒီနေ့ သူက အဖိုးတောင် မစားရသေးဘူး အရင်စားနေတာ ကျွန်မ တွေ့လိုက်တယ်”
ထမင်းမစားကြခင်က အခြေအနေသည် ဗြောင်ဆန်နေ၏။ မည်သူကမှ ရှန်းရီက အရင်စားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ ဂရုမစိုက်အားကြပေ။
‘ယခုတွင် သေချာတာပေါ့ သူမပြောလိုက်တယ်ဆိုမှတော့ ဘာဆက်ဖြစ်လိမ့်မလဲ?’
ရှန်းရီအဖေ၏မျက်နှာက ဒေါသများလျှံကျလာပြီး :
“ယဉ်ကျေးမှုမရှိလိုက်တာ”
“အရမ်းကြီးစိတ်မဆိုးပါနဲ့ ကျွန်မ ကြားတာ ဒီကောင်လေးက ဆယ်နှစ်တာလုံး ကောင်းကောင်းမွန်မွန်မနေခဲ့ရဘူးတဲ့ သူက သူ့ကို စည်းမျဉ်းစည်းကမ်းတွေ၊အပြုအမူတွေသင်ပေးမယ့်သူမရှိတဲ့ ဆင်းရဲသားရပ်ကွက်မှာနေခဲ့ရတာလေ ကျွန်မတို့တွေက သူ့ကို အပြစ်မတင်သင့်ပါဘူး”
ရှန်းရီအဖေသည် ထေ့ပြုံးပြုံးလိုက်ပြီး :
“ကိုယ် သူ့ကို သင်ပေးတယ်ဆိုရင်တောင်မှ သူက နားထောင်မှာမဟုတ်ဘူး”
အမျိုးသမီးက ရယ်လိုက်ပြီး :
“သူ့ကိုနောက်တစ်ခါကျ ပိုက်ဆံပိုပေးလိုက်ပေါ့ရှင်၊ ကောင်လေးလက်ထဲမှာ ပိုက်ဆံရှိမနေရင် အပြင်လူတွေရှေ့မှာ အစ်ကိုမျက်နှာပျက်နေရပါအုံးမယ်”
“အမ်း”
***
ရှန်းရီ၏အိပ်ခန်းကို အစေခံများက အစောပိုင်းကတည်းက ပြင်ဆင်ထားပြီးသားပင်။ အခန်းကို ရိုးရှင်းသည့်ပရိဘောဂများနှင့် အရောင်မှိုင်းမှိုင်းဖြင့် အလှဆင်ထားသည်။
သူသည် အိပ်ရာကို ကြိုတင်ပြင်ထားပြီဖြစ်သည်။ သူ၏ဂျက်ကပ်ကိုချွတ်ပြီး နက်ကတိုင်ကိုဖြည်းရင်း ဆိုလာ၏။
“ဗီဒိုထဲမှာ ညအိပ်ဝတ်စုံအသစ်တွေရှိတယ်နော်”
လုဝမ်ဝမ်က နေရာမှာပင် တုပ်တုပ်မလှုပ်ရပ်နေကာ သူမ၏ကြည်လင်သောမျက်လုံးများက သူ့ကို တွေတွေဝေဝေစိုက်ကြည့်နေ၏။ သူမသည် နောက်ဆုံး သိချင်စိတ်ကို မထိန်းနိုင်တော့ကာ ထုတ်မေးလိုက်၏။
“နင့်အဖေ နင့်ကိုပြောတဲ့ စကားတွေနဲ့ပတ်သက်ပြီး နင် ဝမ်းမနည်းမိဘူးလား”
ရှန်းရီ၏အမူအရာက အဖြေရှာရ ခက်နေပုံပေါ်ပြီး သူ၏မျက်ခုံးများကို တွန့်ချိုးရင်း ပြတ်သားစွာ မေးလာ၏။
“ကိုယ်က ဘာလို့ဝမ်းနည်းတယ်လို့ ခံစားရမှာလဲ?”
သူ သူအဖေပြောသည့်အရာများကိုပင် သေသေချာချာ နားမထောင်ခဲ့ရချေ။ ၎င်းက နားထောင်ဖို့ပင် မထိုက်တန်ပါ၏။
လုဝမ်ဝမ်မှာ အမှန်တကယ်တွင် သူ့အတွက် စိတ်အနည်းငယ် တိုသွားရပြီး မတရားသည်ဟု ခံစားရသဖြင့် အသံတိုတိုလေးဖြင့် စောဒကတက်လေသည်။
“ငါ မြင်ရသလောက်တော့ နင့်အပေါ် သူ့ရဲ့သဘောထားတွေက အရမ်းကြီးမကောင်းဘူး သူ့စကားတွေက ကြမ်းတမ်းပြီးတော့ မသိရင် နင်ကပဲ…”
‘မသိရင် နင်ကပဲ ရှန်းမိသာစုဆီကနေ ပိုက်ဆံတောင်းဖို့ လာတာကျနေရော’
“ဘာအရေးမှတ်လို့”
ရှန်းရီ သူ့ကို အခြားသူတွေ ဘယ်လိုပြောပြော ဂရုမစိုက်ပေ။ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို အာရုံမစိုက်သလို သူ့အပေါ် ကောင်းကောင်း ဆက်ဆံပေးလားလည်း စိတ်မဝင်စားပါချေ။
‘ဒီနှစ်တွေတစ်လျှောက်လုံး သူဒီလိုပဲ နေလာခဲ့တာ မဟုတ်ဘူးလား?”
လုဝမ်ဝမ်မှာ စိတ်ထဲတွင် မေးစရာ မေးခွန်းများကျန်နေသေးသည်။ မေးခွင့်မရမချင်း ယနေ့တွင် သူမ အနားယူနိုင်လိမ့်မည် မဟုတ်ချေ။
သူမသည် ဟိုလှည့်၊ဒီလှည့်ဖြင့် ယနေ့ညတွင် ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။ ထူးဆန်းပြီးကြောက်မက်ဖွယ်ကောင်းသည့်အရာများက သူ(မ)အိပ်မက်ထဲတွင် ပေါ်လာပြီး၊ နောက်တစ်နေ့မနက်တွင် အလွန်နုံးချည့်စွာဖြင့် နိုးလာခဲ့သည်။
လုဝမ်ဝမ် အိပ်ရာပေါ် ထထိုင်လိုက်ပြီး ဝတ္ထုထဲသို့ ကူးပြောင်းလာချိန်မှစ၍ သူမပြုလုပ်ခဲ့သည့် အကြံအစည်များကို လက်ချိုးရေတွက်ကြည့်မိသည်။ တကယ်တွင် သူ(မ) လုပ်ပြီးသွားသည့် အရာများမှာ အတော်လေး များပေသည်။
သို့သော် ယခုအချိန်ထိ ရှန်းရီက သူမကို ကွာရှင်းချင်ဟန်မတူပေ။ သူမ ငှားသည့် ရှေ့နေများကိုပင် လာဘ်ထိုးခဲ့သေးသည်။ တွေးကြည့်ရုံဖြင့် ၎င်းသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
လုဝမ်ဝမ်သည် ပထမက မူလဇာတ်ကြောင်းအတိုင်း ရေလိုက်ငါးလိုက် လိုက်ပြီး ဇာတ်ဆောင်က ကွာရှင်းရန် စကားစလာမည်ကို စောင့်နေခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုတွင် ထိုနည်းလမ်းက အသုံးဝင်တော့ဟန် မတူပေ။
ပထမနည်းလမ်းက မအောင်မြင်မှဖြင့်တော့ သူမ နောက်ထပ်နည်းလမ်းတစ်ခုကို စဉ်စားရပေမည်။
အိပ်ရာပေါ်တွင် ထိုင်နေသည့် ရှုပ်ပွပြန့်ကျဲ့နေသည့်ဆံပင်များနှင့် သူမ၏အသွင်အပြင်က အလှတရားတစ်မျိုးကို ပေးစွမ်းနေ၏။ သူမ၏တွေတွေဝေဝေအမူအရာက အတော်လေး ပေါတောတောဆန်၏။
ရှန်းရီ အဝတ်အစားကို လဲပြီး တစ်ဖက်သို့ လှည့်လိုက်ချိန်တွင် သူမ၏ဤရူးကြောင်ကြောင်ပုံစံလေးကို မြင်လိုက်ရ၏။
ညအိပ်အဝတ်အစားနှင့်သာ ရှိနေဆဲဖြစ်သည့် လုဝမ်ဝမ်သည် သူ့ဆီသို့ ခြေဗလာဖြင့် လမ်းလျှောက်လာခဲ့ပြီး သူမ၏ခေါင်းလေးကိုစောင်းကာ သူ့ကို စိုက်ကြည့်လာ၏။ နေ့အစ၏ နူးညံ့သည့်နေရောင်ခြည်လေးက အိစက်ညက်ညောဟန်ရှိသည့် သူမ၏မျက်နှာတစ်ဖက်ခြမ်းတွင် ထင်ဟပ်နေ၏။ သူမ ပါးစပ်ကိုဖွင့်လိုက်ချိန်တွင် လည်ချောင်းက အနည်းငယ်နာကျင်သလို ခံစားလာရသည်။
“ရှန်းရီ”
အမျိုးသား၏နားရွက်ဖျားလေးသည် လှုပ်ခတ်သွားပြီး သူ၏နှုတ်ခမ်းကို စေ့ပိတ်ထား၏။ သူမ နောက်တွင် ဘာဆက်ပြောတော့မည်ကို သူ ခန့်မှန်းနိုင်လုနီးနီး။
လုဝမ်ဝမ်၏ဆံပင်တစ်ချောင်းက ထောင်ထွက်လာကာ ရှန်းရီက သူ၏လက်ကိုမြှောက်ပြီး ဖိချပေးလိုက်၏။ သို့သော် သိပ်မကြာလိုက်သေးခင် ၎င်းက ပြန်ထောင်လာပြန်၏။
အတော်ကြာရပ်ပြီးနောက် လုဝမ်ဝမ်သည် သူမ၏ခြောက်သွေ့သွားသည့် နှုတ်ခမ်းကို သပ်လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။
“ရှန်းရီ ကွာရှင်းကြရအောင်”