အပိုင်း (၄၅)
“အခုပြိုင်ပွဲကို ရှုံးပြီးသွားတဲ့နောက်မှာ စိတ်ထဲ ဘယ်လိုခံစားရပါလဲ”
“နောက်လာမဲ့ ပြိုင်ပွဲတွေကျရင်ရော ကစားပွဲရဲ့နည်းဗျူဟာကို ပြောင်းလဲဖို့အစီစဉ်ရှိပါသလား”
“ဒီနေ့ ရှုံးတာနဲ့ဆို သုံးကြိမ်ဆက်တိုက်ရှိပြီဆိုတော့ စိတ်ထဲမှာ အားမလိုအားမရဖြစ်မိပါသလား?”
“အသင်းရဲ့ပရိတ်သတ်တွေကို ပြောချင်တဲ့ စကားလေးတစ်ခွန်းလောက်”
ပွဲစဉ်တစ်ခုလုံးအား တိုက်ရိုက်ထုတ်လွှင့်နေခြင်းဖြစ်ပြီး လုဝမ်ဝမ်တစ်ယောက် မေးခွန်းအနည်းငယ် မေးပြီးသည်နှင့် ဆဲဆိုနေကြသော ကောမန့်များဖြင့် စခရင်မှာ ပြည့်သွားတော့သည်။
[ဒါက ဘယ်ကကောင်မလဲကွာ?]
[သူမေးတဲ့မေးခွန်းတွေအားလုံးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင်စဉ်းစားဉာဏ်မရှိရတာလဲ ငါတကယ်ကို အငြိမ်းစားယူချင်နေပြီ]
[ငါဒီအစီစဉ်တင်ဆက်သူကို တစ်ခါမှမမြင်ဖူးဘူး၊ ရုပ်ကလေးက မဆိုးပါဘူး အသံကလည်း အရမ်းကောင်းတယ် ဒါပေမဲ့ မေးတဲ့မေးခွန်တွေက ကစားသမားတွေကို မလေးစားရာကျတယ်၊ သူတို့ရဲ့မျက်နှာက အရမ်းကြီးဆိုးရွာနေတာကို သူ မမြင်ဖူးလား! အဲ့ဒါကိုတောင် သူက ဒီလိုမေးခွန်းမျိုးတွေကို ဆက်မေးနေသေးတယ်!]
[လခွမ်းပဲ အသိဉာဏ်မရှိတဲ့ဟာမ]
[ဒါလည်း နောက်ထပ်အနောက်ပေါက်က တက်လာတဲ့မိန်းမပျက်ပဲ နေမှာ၊ ငါလောင်းရဲတယ် သူက အနောက်ပေါက်ကနေလာခဲ့တယ်ဆိုတာ]
အင်တာဗျူးနေစဉ် လုဝမ်ဝမ်သည် သူမ၏နောက်ကျောမှာ ချွဲများဖြင့် စိုရွှဲနေပြီကို ခံစားမိပြီး ဇာတ်ညွှန်းကို ကိုင်ထားသည့် လက်ချောင်းများက တုန်ယင်လာရကာ၊ အမူအရာမှာ တောင့်တောင့်ကြီးဖြစ်နေပြီး အပြုံးသည်လည်း အတော်လေး သဘာဝမကျချင်တော့ပေ။
သို့သော် သူမ စင်နောက်သို့ပြန်ရောက်လာချိန်တွင် ရှက်ပြုံးလေးနှင့်လူငယ်ကစားသမားတစ်ယောက်က သူမဆီသို့ ချဉ်းကပ်လာခဲ့သည်။ အထစ်ထစ်အငေါ့ငေါ့နှင့် သူက သူမ၏ဝီချက်အကောက်နံပါတ်ကို မေးလေသည်။
လုဝမ်ဝမ်သည် အလွန်သဘောထားကြီးစွာဖြင့် သူ့ကို သူငယ်ချင်းအဖြစ် လက်ခံလိုက်သည်။
“လုကျဲ ဒီနှစ်ဆို ကျဲအသက်က ဘယ်လောက်ရှိပြီလဲ? ကျဲက ဒီနှစ်မှ ဘွဲ့ရထားတာလား? ကျွန်တော် အရင်က တစ်ခါမှ မမြင်မိဖူးရော”
ကောင်လေးသည် အတော်လေးကြည့်ကောင်းပြီး ပြုံးသည့်အချိန်တိုင်းတွင်လည်း ပါးချိုင့်နှစ်ဖက်က ပေါ်လာတတ်ကာ အလွန်ချစ်စရာကောင်းနေ၏။
“မဟုတ်ဘူး၊ ကျဲ ဘွဲ့ရပြီးတာ ကြာလှပြီ ဒီရက်ပိုင်းမှာမှ အလုပ်စလုပ်နေတာ”
လုဝမ်ဝမ်သည် သူ့ကို တစ်ချက်ကြည့်ပြီး မေးလိုက်၏။
“မင်းရော ဒီနှစ်အသက်ဘယ်လောက်လဲ?”
“ကျွန်တော်က 16နှစ်ပါ”
အရမ်းငယ်တာပဲ
သူသည် လုဝမ်ဝမ်ခန့်မှန်းထားသည်ထက်ပင် ငယ်လွန်းနေ၏။
သို့သော် ဤကဲ့သို့ပြိုင်ပွဲအမျိုးအစားအတွက် ရွေးချယ်ထားသည့်ကစားသများအားလုံးမှာ ငယ်ငယ်ရွယ်ရွယ်လေးများပင်။
“ကျွန်တော့နာမည် ယွီကျစ်ပါ”
ကောင်လေးက သူ့ကိုယ်သူ မျက်နှာနီနီလေးဖြင့် မိတ်ဆက်လာ၏။
သူငယ်ချင်းအသစ်များနှင့် တွေ့ခွင့်ရပြီး နယ်ပယ်အသစ်တွင် လုပ်ကိုင်ရခြင်းက လုဝမ်ဝမ်ကို အလွန်ပျော်ရွှင်စေ၏။ အကယ်၍ ရှကျီသာမရှိနေလျှင် သူမ ပိုပြီးတောင် စိတ်ကျေနပ်မိမည်ပင်။
ပွဲပြီးသွားသည့်နောက်တွင် ပွဲစီစဉ်သူက လူတိုင်းကို ညစာစားရန်ဖိတ်ခေါ်လေသည်။ လူတိုင်း သွားချင်နေကြပြီး လုဝမ်ဝမ်ကလည်း ချွင်းချက်မရှိဖြစ်သည်။
အဖွဲ့ကြီးက ညစာသွားစားကြမည့်စားသောက်ဆိုင်သို့ ကုမ္ပဏီကားဖြင့် ထွက်လာခဲ့ကြသည်။
တစ်ယောက်နှင့်တစ်ယောက်မရင်းနှီးကြသည့် လူများဖြင့် ထမင်းအတူစားကြခြင်းဖြစ်ရာ လေထုက အလွန် အကောင်းကြီးတော့မဟုတ်ပေ။
ရှကျီတစ်ယောက် သူမကို ရန်စပြဿနာရှာနေသည်မှာ အဝတ်လဲခန်းမှာကတည်းကဖြစ်ပြီး ယခုအချိန်ထိတိုင်အောင် သူမကို အလွတ်မပေးသေးချေ။
“မစ္စလုမှာချစ်သူရှိလား?”
တစ်စုံတစ်ယောက်ကို မူးကာဖြင့် ပါးစပ်ကို မထိန်းနိုင်ကာ သူမကို တိုက်ရိုက်ထုတ်မေးလာ၏။
ရှကျီက ပြုံးပြီ သူမအစား ဝင်ဖြေပေးလေ၏။
“ဝမ်ဝမ်က ရိုးရိုးလူမဟုတ်ဘူးပဲ၊ သူက ရှန်းမိသားစုရဲ့ဒုတိယသားနဲ့ကွာရှင်းခဲ့ရင်တောင်မှ သူနဲ့အတူတူနေဖို့ဆန္ဒရှိနေတဲ့သူတွေ မပြတ်လပ်နေဘူး”
ရှကျီသည် သူမ,လုဝမ်ဝမ်က ရှန်းရီ၏စွန့်ပစ်ခြင်းကို ခံလိုက်ရပြီး လက်ထပ်ပြီးကာစတွင် ကြွယ်ဝသော မိသားစုမှ အသိမှတ်မပြုခံရသော အပယ်ခံမယားတစ်ယောက်ဖြစ်ကြောင်း တစ်လောကလုံးကို ကြေညာမောင်းကြေးထုတ်ရန် ပါးစပ်ယားနေပုံပင်။
သူ(မ) ပြောလို့ပြီးသည်နှင့် စားပွဲဝိုင်းထက်ရှိလူတိုင်းက လုဝမ်ဝမ်ကို အမျိုးမျိုးသော မျက်လုံးများဖြင့် ကြည့်လာကြသည်။ သူမက ကွာရှင်းပြီးသည့် မိန်းမလှလေးတစ်ယောက်ဖြစ်မှန်း မမျှော်လင့်ထားသည့် ပုံပါပေ။
လုဝမ်ဝမ်သည်လည်း စကားတစ်ခွန်းမဆိုဘဲ တူဖြင့် ဝက်ခြေထောက်ကို ယူလိုက်ပြီး ပန်းကန်လုံးထဲသို့ထည့်ကာ စပြီးစားနေ၏။
ရှကျီသည် သူမအား အနိုင်ကျင့်ရသည်ကို စွဲလမ်းနေသည် ထင်ပါရဲ့။ သူမသည် မဆုံးနိုင်မပြီးနိုင်စွာဖြင့် တက်ကြွစွာ ဆက်ပြောနေလေ၏။
“ဒါပေမဲ့ ဝမ်ဝမ်ကလေ ကွာရှင်းပြီးထားရင်တောင်မှ ကိစ္စမရှိပါဘူး ဘယ်လိုပဲဖြစ်ဖြစ် သူ့မိသားစုက ပိုက်ဆံရှိတယ်ဆိုတော့ သူ့ကိုတစ်သက်လုံးကျွေးမွေးထားဖို့က ပြဿနာတော့မဟုတ်ဘူးလေ”
သူမက ပါးစပ်ကို အုပ်ပြီး ထူးဆန်းစွာရယ်လိုက်၏။
“ဒါပေမဲ့ နောင်ဆို သူ့ကို ဒီနယ်ပယ်မှာ တွေ့ရဖို့က မသေချာဘူးလေ”
လုဝမ်ဝမ်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်သွင်းလိုက်ပြီး တူကိုချကာ ရှကျီကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။
“ငါ့မှာ တကယ်ပဲ ပိုက်ဆံကလွဲပြီး ဘာမှမရှိဘူး၊ ဒီအလုပ်ကိုလည်း ငါက ဝါသနာပါလွန်းလို့သာ လုပ်နေရတာ”
“ရှကျီ နင် ခုနကပြောတဲ့ ငါ့မိသားစုက ဒေဝါလီခံကာနီးနေပြီဆိုတာကလေ တော်တော်လေး အဓိပ္ပါယ်မရှိတာပဲ၊ နင် ငါ့မိသားစုနဲ့ ပတ်သက်ပြီးတော့ စိတ်ပူပေးနေစရာမလိုပါဘူး၊ နောင်အနှစ်ရှစ်ဆယ်ပဲဖြစ်ဖြစ် အနှစ်တစ်ရာပဲဖြစ်ဖြစ် ငါ့မိသားစုရဲ့ပိုက်ဆံတွေက ငါဖြုန်းဖို့အတွက် လုံလောက်အောင် ရှိပြီးသား”
“ငါဆိုတဲ့ လုဝမ်ဝမ်ကလေ ဘာမှတော့ ရေရေရာရာမရှိပါဘူး … ဒါပေမဲ့ ပိုက်ဆံကတော့ တော်တော်လေး ထောတယ်သိလား”
တစ်ခဏရပ်ပြီးမှ သူမက ဆက်ပြောလိုက်၏။
“ပြီးတော့ ငါတို့ကောလိပ်တက်တဲ့အချိန်ကတည်းက ငါက အရမ်းကြီးစိတ်ရှည်တတ်တဲ့သူ မဟုတ်ဘူးဆိုတာ နင်လည်း သိလောက်ရောပေါ့ ဒီတော့…” ဒီတော့ ရှကျီ နင့်ပါးစပ်ပေါက်ကို အမြန်လေးပိတ်ပြီး အေးဆေးထိုင်နေလိုက်တာ ကောင်းမယ်
အဝတ်လဲခန်းမှာတုန်းက လုဝမ်ဝမ်တစ်ယောက် သူမကိုယ်သူမ ဒေါသများ ထိန်းချုပ်ထားသည်ကို တွေ့လိုက်ရသဖြင့်လည်း ရှကျီသည် ယခုတွင် သူမ၏ကိစ္စများကို ဆက်ပြီး လှောင်ပြောင်ရဲခြင်းဖြစ်သည်။ လုဝမ်ဝမ်သည် စိတ်ရှည်တတ်သူမဟုတ်သည်မှာတော့ လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။ သူ(မ)သည် ဘယ်သောအခါမှ အရှုံးကို ကျေကျေနပ်နပ်ကြီး ခံယူတတ်သည့် လူစားမျိုးမဟုတ်ပေ။
ကောလိပ်တက်စဉ်က ရှကျီသည် သူမအား မကြာခဏ ကဲ့ရဲ့ရှုတ်ချခဲ့ဖူးသော်လည်း ထိုအချိန်က လုဝမ်ဝမ်၏ပါးစပ်သည် ယခုလောက်လျှာစောင်းမထက်ပေ။ အကယ်၍ သူမသည် စကားအရာနှင့် ပြိုင်မငြင်းနိုင်တော့လျှင် လက်ပါခြေပါနှင့် အကြမ်းဖက်လိမ့်မည်ဖြစ်ပြီး သူမထံသို့ ပြေးဝင်ကာ ဦးရေပြားအရင်းပင်ပါသည်အထိ ဆံပင်ကို ဆွဲဆောင့်တော့မည်ဖြစ်သည်။
ထိုရန်ပွဲများသည် နှစ်ယောက်စလုံး ပါမောက္ခများ၏ ဆူပူအပြစ်ပေးခြင်းကိုခံရပြီး အမှတ်များ အနှုတ်ခံရခြင်းဖြင့် အမြဲ အဆုံးသတ်သွားလေ့ရှိသည်။
ရှကျီသည် သီးသွားပြီး နောက်ဆုံးတွင်တော့ ပါးစပ်ကို ပိတ်သွားလေ၏။
သူ(မ)သည် အားနည်းသူကိုသာ အနိုင်ကျင့်တတ်ပြီး အားကြီးသူကို ကြောက်တတ်သည့် သူမျိုးဖြစ်သည်။
လုဝမ်ဝမ်သည် ညစာစားပြီးချိန် တစ်ဝက်၌ သန့်စင်ခန်းသို့ ထသွားရာ သူတို့ သူမအကြောင်းပြောနေကြသည်ကို မလွဲသာ၍ ကြားလိုက်ရသည်။