အပိုင်း (၄၄)
နံနက်ခင်းဆယ်နာရီတွင် နာရီနှိုးစက်သံက လုဝမ်ဝမ်ကို အချိန်မီ နှိုးလိုက်၏။ သူမသည် အိပ်ရာပေါ်မှ အိပ်ချင်မူးတူး ထထိုင်လိုက်ပြီး မျက်နှာသစ်၊ သွားတိုက်ပြီးသည့်နောက်တွင်မူ ခေါင်းက ပိုကြည်လင်လာ၏။
မိတ်ကပ်များ ပြင်ဆင်ခြယ်သမနေတော့ဘဲ မိတ်ကပ်ဆရာများ စီစဉ်ပေးထားပြီးဖြစ်သော ပြိုင်ပွဲကျင်းပရာနေရာဆီ တိုက်ရိုက် ထွက်လာလိုက်သည်။
ယခင်က အစီအစဉ်တင်ဆက်မှုများတွင် တစ်ခါမှ မပါဝင်ခဲ့ဖူးသည်ကြောင့် လုဝမ်ဝမ်မှာ သူမ၏ ပထမဆုံး အလုပ်အသစ်နှင့်ပတ်သက်၍ အလွန်စိတ်လှုပ်ရှားနေမိ၏။
သူမသည် မိတ်ကပ်မခြယ်သထားလျှင်တောင် လှပကြည့်ကောင်းနေဆဲဖြစ်ပြီး အခြားသူများ၏ထင်ရှားကျော်ကြားမှုကိုပင် ခိုးယူနိုင်စွမ်းရှိလေသည်။
အမှန်တကယ်တွင် ဒီနယ်ပယ်က အလွန်သေးငယ်ပြီး လုဝမ်ဝမ်သည် မူလခန္ဓာပိုင်ရှင်၏အတန်းဖော်ဟောင်းတစ်ယောက်ဖြစ်သူ ရှကျီနှင့် တွေ့ဆုံမှုကို မရှောင်လွှဲနိုင်ခဲ့ပေ။
“မစ္စလုက ဘာလို့ အလုပ်လုပ်နေရတာတုံး ငါမှတ်မိသလောက်ဆို နင် တစ်သက်လုံး အလုပ်လုပ်မှာမဟုတ်ဘူးဆိုပြီး တစ်ခါ ပြောဖူးတယ်မဟုတ်လား၊ အိမ်မှာပဲနေပြီး အခစားပဲ ခံမှာပါဆို”
လုဝမ်ဝမ်သည် ပြုံးလိုက်ပြီး :
“ငါက ဒီအတိုင်းပဲ ဘဝအတွေ့အကြုံလေးဘာလေးရအောင်လို့ပါ”
‘ကြွားလုံးထုတ်တာလေးများ၊ သူမက ဒီလိုနေရာတွေမှာဆို အတော်ဆုံးပဲ’
တစ်စုံတစ်ယောက်က ရှကျီကို တို့လိုက်ပြီး သူမ၏နားနားသို့ တီးတိုးကပ်ပြောလိုက်၏။
“သူ့ယောကျာ်းက ရှန်းမိသားစုရဲ့သခင်လေးတစ်ယောက်လို့ ငါကြားတယ် နင် သူ့ကိုသွားပြီး မစော်ကားမိတာ အကောင်းဆုံးပဲ”
မြို့တော်၏ရှန်းမိသားစုဆိုသည်မှာ လူတိုင်းက ကြောက်ရသည့် တည်ရှိမှုတစ်ခုဖြစ်သည်။ ထိုမိသားစုထဲတွင် တောင့်တင်းခိုင်မာသည့် ကျောထောက်နောက်ခံများဖြင့် ထူးချွန်ပြောင်မြောက်သော ပုဂ္ဂိုလ်ချည်းသာ။ သာမန်အဆင့်အတန်းက လူများပင်လျှင် ရှန်းမိသားစုကို စော်ကားမိကြမည်ကို အထူး သတိထားဂရုစိုက်ကြသည်။
ရှကျီ တစ်ခဏတိတ်ဆိတ်သွားပြီးနောက် သူမ၏ပုံရိပ်ကိုပင် မငဲ့ကွက်တော့ဘဲ အကျယ်ကြီး အော်ရယ်လေတော့သည်။
“သူ့ကို စော်ကားလို့မရဘူးဆိုတာ ဘာကိုဆိုလိုချင်တာလဲ? သူကလေ တောသူဌေးတစ်ယောက်ရဲ့သမီး...သူတို့မှာ ပိုက်ဆံနည်းနည်းပဲရှိတာ... ပြီးတော့ သူ့မိသားစုရဲ့သေးနုပ်နုပ်ကုမ္ပဏီလေးနှစ်ခုကလည်း နောက်နှစ်နှစ်လောက်နေရင် မွဲပြာကျပြီး ဒေဝါလီခံရတော့မှာ”
ရှကျီသည် အရယ်ဝသွားသည့်နှင့် ထပ်ဖြည့်ပြောလိုက်၏။
“ပြီးတော့ ရှန်းမိသားစုကလေ သူ့ရဲ့နောက်မှာမရှိနေဘူး..သူ့ကိုလေ ရှန်းမိသားစုရဲ့ သခင်လေးက စွန့်ပစ်သွားတာ ကြာလှပြီလေ၊ ဒါနဲ့ အဲ့ဒါကိုဘယ်လိုခေါ်ပါလိမ့်? ဪ အပယ်ခံမယားလို့ ခေါ်တာကိုး”
“သူ့ပုံစံကို ကြည့်ကြည့်လိုက်အုံး၊ သူက ရှန်းမိသားစုဝင်နဲ့လက်ထပ်ခဲ့ရတာတောင်မှ ဒီလိုအပယ်ခံဘဝရောက်နေရတာလေ၊ ဘာလို့အပယ်ခံရလဲဆိုတော့ သူတို့လိုမိသားစုကြီးထဲ သူ့ကို ပေးအဝင်ခံဖို့က မသင့်တော်တာမလို့လေ”
မကြာသေးခင်က လုဝမ်ဝမ်တစ်ယောက် ရှေ့နေတစ်ယောက်ကို အသည်းအသန်ရှာနေစဉ်အတွင်း အဖိုးရှန်းကလည်း အသက်နှစ်ဆယ်အရွယ်မိန်းကလေးများကို ရှာဖွေနေခဲ့သည်။ လူအများက ထိုအရာနှစ်ခုကို ချိတ်ဆက်တွေးကြည့်ပြီး အချို့တစ်ဝက်က လုဝမ်ဝမ်ကို ရှန်းရီက တကယ် ပစ်သွားပြီဟု အမှန်တစ်ကယ် ထင်လာကြသည်။
ထို့အပြင် အဖိုးရှန်းက လုဝမ်ဝမ်ကိုမုန်းသည်ဆိုသည့်ကောလဟာလမှာ မည်သည့်အချိန်းကတည်းကမှန်းမသိ အတော်လေး ပျံ့နှံ့နေပြီးဖြစ်သည်။
လူအများစုက လုဝမ်ဝမ် ကိုယ့်ကိုယ်ကိုယ် အရူးလုပ်မည်ကိုသာ စောင့်မျှော်နေကြခြင်းဖြစ်သည်။
ယခုအခါတွင် လောကကြီး၏အခက်အခဲများကို တစ်ခါမှ မတွေကြုံဖူးသည့် အကြီးဆုံးလုမမလေးက မိမိကိုယ်မိမိ အမှန်တကယ်နှိမ့်ချပြီး အလုပ်ထွက်လုပ်နေသည်မှာ သူမက အစွန့်ပစ်ခံရပါသည်ဆိုသော ထိုကောလဟာလများက အမှန်ဖြစ်ကြောင်း သက်သေပြနေသလိုပင်။
ရှကျီက သူမ၏အသစ်ဆတ်ဆတ်လုပ်ထားပြီးကာစ လက်သည်းများကို မှုတ်လိုက်ပြီး သူမကို လှောင်ပြောင်သည့်အကြည့်ဖြင့် ကြည့်လာ၏။
“သူ့ကိုယ်သူ တကယ်ပဲ အရေးကြီပုဂ္ဂိုလို့များ ထင်နေလားမသိဘူး”
လုဝမ်ဝမ် အလွန် တည်ငြိမ်နေ၏။ သူမ ထိုအရူးများနှင့် အဆက်အဆံမလုပ်ချင်ပေ။
အဝတ်လဲခန်းထဲတွင် မိတ်ကပ်ပြင်ဆရာမှာ တစ်ဦးတည်းသာရှိပြီး ရှကျီ မိတ်ကပ်ခြယ်သပြီးသွားချိန်တွင်မှ သူမအလှည့် ရောက်မည်ဖြစ်သည်။
ရှကျီက သူမ၏အတွေ့အကြုံနှင့်ကျော်ကြားမှုကို အခွင့်ကောင်းယူကာ လုဝမ်ဝမ်ကို တမင်တကာ ရန်ရှာနေခြင်းဖြစ်ပြီး မိတ်ကပ်ဆရာကိုလည်း လုဝမ်ဝမ်အား ပြင်ဆင်ခွင့်မပေးချေ။
အခြားသူများအနေဖြင့်လည်း မြင့်ရာကိုဦးညွှတ်ပြီး နှိမ့်ရာကို ချနင်းချင်ကြသူများသာဖြစ်ပြီး၊ လုဝမ်ဝမ်က ရှန်းမိသားစုမှ ပစ်ပယ်ခံထားရပုံပေါ်သဖြင့်လည်း ယခင်ကလောက် သူမအပေါ် ရိုကျိုးနေခြင်းမျိုးမရှိတော့ချေ။
ရှကျီက ဖယ်ကျဉ်းထားခံရသည့် လုဝမ်ဝမ်ကိုကြည့်ရင်း စိတ်ထဲတွင် ပျော်ရွှင်လာရသည်။ သူမက လက်ကောက်ဝတ်ထက်မှ နာရီအသစ်ကို ဆော့ကစားရင်း ဆိုလာ၏။
“မစ္စလု နင့်ကို အိမ်ပြန်တော့ဖို့ ငါအကြံပေးချင်တယ်၊ ကုမ္ပဏီကို လျော်ကြေးငွေနည်းနည်းလောက်ပေးလိုက်ပေါ့၊ နောက်ကျမှ မိတ်ကပ်မပါဘဲ ပရိသတ်ကို ခြောက်လန့်စရာမလိုတော့အောင်လေ”
“အခုက အရင်လိုမဟုတ်တော့ဘူး၊ နင်က အခု အပစ်ပယ်ခံရတဲ့ မိန်းမကလွဲပြီး ဘာမှမဟုတ်တော့ ဘယ်သူ့မှ နင့်ကိုကူညီမှာ မဟုတ်ဘူး”
ရှကျီက မိတ်ကပ်ဆရာကို လက်ဝါးကြီးအုပ်ထားပြီး၊ လုဝမ်ဝမ်ကို မိတ်ကပ်ခြယ်သခွင့်မပေးတော့မည်မှာ အသိအသာကြီးဖြစ်သည်။
စင်ပေါ်တက်ရမည့်အချိန်က နီးကပ်လာပြီကို ကြည့်ပြီး လုဝမ်ဝမ်မှာ ယခုလိုအချိန်မျိုးတွင် ရှကျီနှင့်ပြိုင်ပြီးစကားမများချင်တော့ပေ။ သူမ၏ပထမဆုံးအလုပ်ကို အပျက်စီးခံလို့မဖြစ်၊ ရှကျီကိုတော့ သူမ၏ကိစ္စများပြီးသွားသည်အထိ စောင့်ပြီးမှ စာရင်းရှင်းပေမည်။
လုဝမ်ဝမ်၏အသားအရည်က ကောင်းမွန်ပြီး မိတ်ကပ်အနည်းငယ်ခြယ်သလိုက်ရုံဖြင့် စင်ပေါ်တက်ရန် လုံလောက်လေသည်။ မှန်ထဲမှအမျိုးသမီးတွင် နူးညံပြီးလှပသည့်မျက်နှာတစ်ခုရှိပြီး လူထုအား ညှို့ယူဖမ်းစားနိုင်စွမ်း ရှိလေသည်။
ရှကျီသည် လုဝမ်ဝမ်အား မြင်နေရသည်ကိုပင် သည်းမခံနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ယောက်တွင် ကောလိပ်တက်ချိန်က သမိုင်းကြောင်းများရှိခဲ့ဖူးသည်။ အမျိုးသမီးများ၏မနာလိုဝန်တိုမှုက ကြောက်ဖို့ကောင်းလှ၏။ လုဝမ်ဝမ်သည် သူမထက်ပို၍ ချောမောလှပပြီး တင်ဆက်နိုင်မှုစွမ်းရည်ကလည်း သူမထက်သာရုံသာမက သူမ၏အိုင်ဒေါအပါအဝင် ဌာနထဲရှိ ကောင်လေးများကလည်း သူမအား ပိုးပန်းကြသေး၏။
*
ယခုပြိုင်ပွဲက အုပ်စုလိုက်ပြိုင်ပွဲမျိုးဖြစ်သည်။ ကစားပွဲများပြီးဆုံးသည်နှင့် ကစားသမားများက အင်တာဗျူး
တွင် ပါဝင်ဖြေကြားကြမည်ဖြစ်သည်။ လုဝမ်ဝမ်က ယခုနှစ်တွင် ရလဒ်များ အလွန်ဆိုးရွားနေသည့် ချန်ပီယံဟောင်းအသင်းအား တွေ့ဆုံမေးမြန်းရန် တာဝန်ယူရပြီး ရှကျီသည် ယခုနှစ်၏လူကြိုက်အများဆုံးသော အသင်းအား အင်တာဗျူးရန် တာဝန်ယူရမည်ဖြစ်သည်။
ရှကျီက ဖျော်ဖြေရေးကုမ္ပဏီတစ်ခု၏တရားဝင်အစီစဉ်တင်ဆက်သူဖြစ်သည်။ လွန်ခဲ့သောနှစ်များအတွင်း သူမက ပွဲကြီး၊ပွဲသေးများစွာကို အစီစဉ်တင်ဆက်ခဲ့ရသဖြင့် ဤနယ်ပယ်တွင် အတော်လေးနာမည်ကြီးပြီး ပရိတ်သတ်များစွာလည်း ရရှိထားသေးသည်။
အင်တာဗျူးအချက်အလက်များက သူမနှင့်အတော်လေးရင်းနှီးပြီးသားဖြစ်သောကြောင့် အင်တာဗျူးတစ်ခုလုံးကို အလွန်သဟဇာတဖြစ်အောင် စီစဉ်နိုင်ခဲ့သည်။
လုဝမ်ဝမ်မှာ ပထမဆုံးအကြိမ်အစီစဉ်တင်ဆက်ရခြင်းဖြစ်သဖြင့် စိတ်လှုပ်ရှားနေမည်မှာ ဧကန်သာ။ သူမ၏လက်ထဲတွင် ပြင်ဆင်ထားသည့်ဇာတ်ညွှန်းကို ကိုင်ထားသော်လည်း အချိန်နီးလာချိန်တွင်တော့ စာသားများကို မေ့လုမတတ်ဖြစ်နေသေး၏။