အပိုင်း (၅)
သူတို့နှစ်ယောက် တိုက်ခန်းသို့ ပြန်ရောက်သည့်အချိန်သည် ညကိုးနာရီနီးပါးဖြစ်နေပြီဖြစ်သည်။ လုဝမ်ဝမ်သည် အနည်းငယ်ပင်ပန်းနေပြီဖြစ်ကာ ဒေါက်မြင့်ဖိနပ်ကိုချွတ်ပြီး ရေနွေးနွေးဖြင့် ရေချိုးရန် ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။ ထို့နောက် တဘက်လေးပတ်ကာဖြင့် ရေချိုးခန်းထဲမှ ထွက်လာလိုက်သည်။
သူသည် သူမအားကျောပေးကာ ရပ်နေလေပြီး အပေါ်မှ ဂျက်ကပ်ကို ချွတ်ထားကာ အဖြူရှပ်အင်္ကျီတစ်ထည်သာ ကိုယ်ပေါ်တွင် ကျန်လေ၏။ သူသည် အနောက်မှသူမ၏လှုပ်ရှားမှုသံကိုကြားသည့်အချိန် လှည့်ကြည့်လာ၏။ သူ၏အနက်ရောင်မျက်ဝန်းများသည် သူမကိုသာ လှုပ်ရှားမှုမရှိဘဲ စိုက်ကြည့်နေလေသည်။
ရှန်းရီတစ်ယောက် ဆောက်တည်ရာမရ ဖြစ်သွားခဲ့ခြင်းပေ။ သူ၏မျက်လုံးထောင့်စွန်းလေးများသည် ပြူးကျယ်သွားရပြီး မျက်လုံးများကို ဘေးသို့စောင်းကာ လည်စလုပ်သည်လည်း လှုပ်ရှားသွားရင်းနှင့်အတူ လုဝမ်ဝမ်အား ဆိုလိုက်သည်။
“ညအိပ်ဝတ်စုံ ဝတ်အုံးလေ”
ဟမ်
အားးးး!!?
သူမတို့နှစ်ယောက် လက်ထပ်ခဲ့ပြီးနောက်တွင် အိပ်ခန်းတစ်ခုတည်း အတူသုံးခဲ့ကြသည်ကို သူမ မေ့လျော့သွားခဲ့သည်။
လုဝမ်ဝမ်၏နားရွက်များသည် အပန်းရောင်ပြောင်းသွားပြီ သူမစိတ်ကို တည်ငြိမ်အောင်ထားကာ အဝတ်ဗီရိုထဲမှ သူမ၏ညအိပ်ဝတ်စုံအား ထုတ်ယူလိုက်သည်။ ၎င်းမှာ ရှန်းရီအကြိုက်ဆုံးအဖြူရောင်ဝတ်စုံဖြစ်နေသည်ကြောင့် သူမစိတ်ပျက်သွားခဲ့ရသည်။
ရှန်းရီတစ်ဦးတည်းကသာ ဒီလိုဝတ်စုံမျိုးအား ဝယ်ခဲ့သည်ကို သူမ သိသည်။
ယခင်ဘဝက အကျဉ်းချထားခံရသည့်နှစ်များစွာအတွင်း ရှန်းရီ သူမနားသို့တိုးတိုးလေးကပ်ညည်းကာ ပြောခဲ့သည်မှာ ‘သူမ အဖြူဝတ်စုံလေးဝတ်ထားသည်က သူ့အကြိုက်ဆုံးဖြစ်ပြီး သူ့တစ်ဦးတည်းကိုသာ အားကိုးနိုင်သည့် သူမ၏အားနည်းသည့်ပုံစံလေးကို သဘောကျသည်’ ဟူ၍ဖြစ်သည်။
သူမ ထွက်ပြေးဖို့ကြိုးစားပြီး သူမအားပြန်ဖမ်းမိလာသည့်အချိန်တိုင်း ရှန်းရီသည်နူးညံ့စွာပြုံးရင်း :
“အစကတည်းက မင်းကကိုယ့်ကို ရန်လာစတဲ့သူနော်...မင်းကပဲ ကိုယ့်ကိုသဘောကျတယ်လို့ပြောခဲ့တာ...ဝမ်ဝမ် မင်းကိုယ့်ကိုသဘောကျတယ်ဆိုရင် ဒီလို ထားသွားလို့မရဘူးလေ”
“ဝမ်ဝမ်...ထွက်မသွားနဲ့နော် အပြင်လောက,ကလူတွေက မင်းကိုလှည့်စားကြလိမ့်မယ် ကိုယ်တစ်ယောက်တည်းကသာ မင်းအတွက်အကောင်းဆုံးပဲ....အဲ့ဒါကြောင့် မင်းကိုယ်မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ပြရမယ် သိလား”
ထိုအဖြူရောင်ဝတ်စုံများသည် လုဝမ်ဝမ်၏စိတ်ထဲတွင် အရိပ်တစ်ခုလို ထင်ကျန်နေခဲ့သည်။ သူမ၏ရှည်လျားသည့် ပိတုန်းရောင်ဆံနွယ်များကို လည်တိုင်ဖြူဖြူလေးကို ဖုံးအုပ်ကာ ကျောနောက်တွင် ဖြန့်ချထားလေသည်။
ရေငွေ့များကြောင့် စိုစွတ်နေသည့် မျက်နှာလေးသည် တောက်ပပြီး ပန်းနုရောင်လေး သန်းနေပြီး မှိန်ပျပျ မီးရောင်လေးသည် သူမ၏မျက်နှာ သူမ၏ဆွဲဆောင်မှုရှိသည့်အသွင်အပြင်နှင့် သူမ၏ရှက်ကြောက်နေသည့်ပုံစံလေးကို ထင်ဟပ်လာစေသည်။ သူမ၏ပုံစံမှာ ကျက်သရေရှိလောက်အောင် ညှို့ယူဖမ်းစားနေလေ၏။
ရှန်းရီသည် တိတ်တဆိတ် အဝေးသို့ကြည့်လိုက်ပြီး မျက်လွှာချထားလိုက်သည်။ သူ၏မျက်ဝန်းထဲမှ အကြည့်များသည် မှောင်သည်ထက်မှောင်လာခဲ့သည်။
လုဝမ်ဝမ်သည် ညအိပ်ဝတ်စုံကိုလဲကာ အနောက်ဘက်သို့ လှည့်လာလိုက်သည်။ ထို့နောက် စောင်များထဲသို့ တစ်ဖြည်းဖြည်းတိုးဝင်ပြီး ရှန်းရီဘက်သို့ လှည့်ကာ မျက်တောင်လေးခပ်ပြပြီး :
“နင် ရေသွားချိုးတော့လေ”
ရှန်းရီမျက်ခုံးများကြားမှ နေရာလေးသည် အေးစက်စက်အရောင်ဝါများ ထုတ်လွှတ်နေသည့်အလား။ သူသည် သူ၏မည်သည့်အရာကိုမှ ကြည့်မနေသည့် မလှုပ်မယှက်အသွင်အတိုင်းပင်။ ထို့နောက် တီရှပ်အားချွတ်ကာ ရေချိုးခန်းသို့ ဝင်သွား၏။
လုဝမ်ဝမ်သည် အိပ်ရာပေါ်တွင်လှဲကာ အိပ်မပျော်နိုင်သဖြင့် ရေချိုးခန်းမှ ရေကျသံကိုသာ နားစွင့်နေခဲ့မိသည်။ ဆယ်မိနစ်ကြာပြီးနောက် ရှန်းရီသည် အပေါ်ပိုင်းဗလာဖြင့် ရေစက်လေးများတွဲလဲခိုနေသည့်ဆံပင်နှင့် လန်းဆန်းသွားသည့် အငွေ့အသက်များနှင့်အတူ ထွက်လာသည်။
ရှန်းရီသည် အေးဆေးစွာဖြင့် ဆံပင်ကိုခြောက်အောင် ထိုင်မှုတ်နေလေ၏။ ထို့နောက် သူမ၏ဘေးတွင် ဝင်လှဲကာ မီးကိုလှမ်းပိတ်လိုက်သည်။ လရောင်မှိန်မှိန်လေးသည် ပြတင်းပေါက်မှန်ချပ်များမှတစ်ဆင့် တောက်ပဖြာထွက်နေလေ၏။
လုဝမ်ဝမ်၏ခန္ဓာကိုယ်မှာ တောင့်တင်းသွားရသည်။ သူမ၏ကိုယ်ကို ဘေးသို့စောင်းလိုက်ပြီး ရှန်းရီအား ငြိမ်သက်စွာဖြင့် ငေးကြည့်လိုက်သည်။
သူ၏မျက်နှာဖြူဖြူလေးပေါ်သို့ ကျရောက်နေသည့် လရောင်ခြည်သည် သူ့အား လှပသည့်ကျောက်စိမ်းပမာ သဏ္ဍာန်တူပေသည်။
သူမသည် သူမ၏လက်မောင်းများကို သူ၏ခါးတစ်ဝိုက်တွင် ဖက်လိုက်ပြီး သူ၏ခန္ဓာကိုယ်ကိုလည်း သူမ၏ခြေထောက်များဖြင့် ပတ်ကာ သူမ၏ကိုယ်တစ်ခုလုံးဖြင့် သူ့အား တွယ်ကပ်လိုက်သည်။
သူမ မှတ်မိပါသေး၏။ ရှန်းရီသည် လူများက သူ့အားတွယ်ကပ်သည်ကို မုန်းသည်ဆိုတာ။
လုဝမ်ဝမ်သည် သူမတွယ်ကပ်ထားသည့်ရှန်းရီ၏ခန္ဓာကိုယ် တောင့်တင်းသွားပြီ အသက်ရှူသံများလေးလံလာသည်ကို သတိပြုမိလိုက်သည်။
သူမသည် ချိုသာစွာဖြင့် သူမ၏ပါးစပ်ကို ဖွင့်လိုက်လေသည်။
“ရီရီ...ငါအရမ်းကောင်းတဲ့လက်ဝတ်ရတနာတစ်စုံကို တစ်ကယ်လိုချင်တာ...တကယ်လို့ နင် 30မီလီယန်တန်ကိုမတတ်နိုင်လည်း ငါ့ကို 3မီလီယန်တန်လောက်တော့ ဝယ်ပေးရမယ်နော်”
လုဝမ်ဝမ်သည် ရှန်းရီအား ထိုအကြောင်းအရာကို ထပ်ခါထပ်ခါပြောနေခြင်းမှာ သူမအား ထိုကဲ့သို့ ဘဝင်မြင့်ပြီးမာနကြီးသည့် ဇနီးတစ်ယောက်အဖြစ် ထင်သာအောင် မြင်စေရန်ဖြစ်သည်။
သူမ၏မျက်လုံးထဲတွင် ပိုက်ဆံနှင့် လက်ဝတ်ရတနာများသာ ရှိပေသည်။
ရှန်းရီသည် သူမ၏ နူးညံ့လှသည့်လက်များကိုဖယ်ထုတ်ကာ အသံခပ်နိမ့်နိမ့်ဖြင့် : “ကိုယ်သိပြီ မင်းစောစောအိပ်တော့လေ”
“အင်း နင်လုံးဝမေ့သွားလို့မဖြစ်ဘူးနော်”
“အင်းပါ”
လုဝမ်ဝမ်သည် တစ်ချက်သမ်းဝေလိုက်ပြီး : “ဂွတ်နိုက် ရီရီ”
“ဂွတ်နိုက်”
နောက်တစ်နေ့မနက်၌ လုဝမ်ဝမ်တစ်ယောက် အစားသောက်ရနံ့များကြောင့် နိုးလာတော့သည်။ သူမသည် အိပ်ရာပေါ်မှထကာ ဖိနပ်ပါးကိုစီးပြီး အခန်းအတွင်းသို့ နေရောင်လေးများကျရောက်လာစေရန် လိုက်ကာကို ဖွင့်လိုက်၏။
မြောက်အရပ်လေများက အလွန်အမင်း အေးလှပြီး ပြတင်းပေါက်မှ အပင်များသည်လည်း အဖြူရောင်နှင်းလွှာများဖြင့် ဖုံးလွှမ်းနေတော့သည်။
လုဝမ်ဝမ် ဧည့်ခန်းထဲသို့သွားသည့်အချိန် မနက်စာသည် ထမင်းစားပွဲပေါ်တွင် အဆင်သင့်ရှိနေပြီဖြစ်သည်။
ရှန်းရီသည် သူမအား တစ်ချက်ကြည့်လိုက်ပြီးနောက် ဆန်ပြုတ်ပန်းကန်လုံးကို သူမရှေ့သို့ချပေးလာသည်။
“ဒီမှာ မနက်စာ”
လုဝမ်ဝမ်တစ်ယောက် သူနှင့်မျက်နှာချင်းဆိုင် ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ဆန်ပြုတ်ကို။သောက်လိုက်သည်။ ရှန်းရီ၏လက်ရာသည် အတော်ပင်ကောင်းလှသည်။ သူသည် သူမ၏အကြိုက်နှင့်လိုက်ဖက်အောင် ချက်ပြုတ်နိုင်သည်။
ဆန်ပြုတ်သောက်ပြီးသွားသည့်နောက်တွင် လုဝမ်ဝမ်သည် သူမ၏ပါးစပ်ကို သုတ်ကာ :
“နင် ရုံးကို 9နာရီသွားရမှာမလား?”
ရှန်းရီသည် ခေါင်းကိုညိတ်ကာ : “အင်း”
လုဝမ်ဝမ်သည် နံရံပေါ်မှနာရီကို တစ်ချက်ကြည့်လိုက်ပြီး အချိန်သည် ရှစ်နာရီလေးဆယ်ရှိနေပြီဖြစ်သည်။
သူမ ဇွန်းအား လက်ထဲမှချလိုက်ပြီး တစ်ရှူးဖြင့် ပါးစပ်ကိုသုတ်ကာ အေးဆေးတည်ငြိမ်နေသည့်လေသံဖြင့် ဆိုလိုက်သည်။
“ပန်းကန်ဆေးဖို့မမေ့နဲ့အုံးနော် ဒီလိုအသေးဖွဲအိမ်မှုကိစ္စလေးတွေကို ငါမလုပ်တတ်ဘူး”
ရှန်းရီသည် သူ၏မျက်တောင်များကိုပင် ပင့်မတက်လာခဲ့ချေ။ သူမ မည်သည့်အရာကိုပင်ဆိုစေကာမူ သူ၏အမူရာသည် အေးစက်တည်ငြိမ်နေမြဲ။
“ကောင်းပြီ”
ထိုသို့ပြောပြီးသည်နှင့် ရှန်းရီသည် စားပွဲပေါ်မှပန်းကန်များအားလုံးကိုယူကာ မီးဖိုချောင်းထဲသို့ဝင်သွားလေသည်။ ခဏအကြာတွင် လုဝမ်ဝမ် ရေဆေးသည့်အသံများကို ကြားလိုက်ရ၏။
ရှန်းရီ၏ကျွမ်းကျင်သည့်လှုပ်ရှားမှုများကို ကြည့်ရုံဖြင့် အချိန်အတော်ကြာအောင် ထိုအလုပ်များအား လုပ်ခဲ့သည်ကို သိနိုင်ပေသည်။
လုဝမ်ဝမ်သည် သူမမေးစေ့အား လက်နှစ်ဖက်ဖြင့်ထောက်ကာ မီးဖိုချောင်းထဲရှိ ပန်းကန်များဆေးနေသည့်လူဆီသို့ အကြည့်များရောက်သွားခဲ့သည်။ သူ အိမ်မှုကိစ္စများ၌ ကျွမ်းကျင်နေသည်မှာ အထူးအဆန်းတော့မဟုတ်ပေ။ နှစ်များစွာ အဖေမရှိ အမေမရှိဘဲနှင့် တစ်ယာက်တည်းနေခဲ့ရသည်မဟုတ်ပါလား။ သူမ ထိုအကြောင်းအားတွေးမိကာ သူ့အား အနည်းငယ် သနားမိလာသည်။
ပန်းကန်များ ဆေးကြောပြီးစီးသည့်အချိန်တွင် အေပရွန်ကို ချွတ်ကာ လက်မှရေများအား လက်ကိုင်ပုဝါဖြင့်သုတ်ပြီး အချိန်အားတစ်ချက်ကြည့်လိုက်သည်။ 9:10 ရှိပြီဖြစ်သည်။
လုဝမ်ဝမ်သည် ထိုင်ခုံပေါ်တွင်ထိုင်နေဆဲဖြစ်ပြီး အလိုလိုက်ခံထားရသည့် မမလေးတစ်ဦးကဲ့သို့ :
“အောက်ဆင်းရင် အမှိုက်တွေ တစ်ခါတည်းယူသွားပြီး ပစ်ဖို့ မမေ့နဲ့နော်”
ရှန်းရီသည် သူ၏လည်သာဖိနပ်ကိုစီးရင်း ‘အင်း’ ဟုသာ ဆိုလိုက်သည်။
ထို့နောက် ချက်ချင်းပင် တံခါးအားပိတ်သွားသည့် အသံသာကြားလိုက်ရတော့သည်။