no

Font
Theme

အပိုင်း (၇)

နှစ်ယောက်သား ကော်ဖီဆိုင်တွင် နှစ်နာရီနီးပါး ထိုင်စကားပြောဖြစ်ကြပြီး လင်းရှုသည် ကျောင်းတုန်းကအကြောင်းအရာများကိုသာ မမောတမ်း ဆိုလာ၏။

လုဝမ်ဝမ်မှာ အလွန် စိတ်အနှော့င်အယှက်ဖြစ်လာရသော်ငြား မျက်နှာပေါ်တွင် အပြုံးလေးတစ်ပွင့်အား ဆင်မြန်းထားရင်း သူ၏ ရင်တွင်းဖြစ်ခံစားချက်တို့ဖြင့် စကားဆိုလာသည့်အခါတွင်လည်း မျက်လုံး‌နီနီကလေးဖြင့် နားထောင်ရင်း အလွန် ပူးပေါင်းဆောင်ရွက်ပေးလိုက်သည်။

မှောင်လုနီးနီး ဖြစ်လာသည့်အချိန်တွင် လုဝမ်ဝမ်သည် သူ့ကို ကြားဖြတ်ပြောလိုက်သည်။ 

"နောက်လည်းကျနေဆိုတော့ ငါ အိမ်ပြန်မှရတော့မယ်"

"အိုခေ အိုခေ"

"အမ် ဟိုလေ ငါ့မှာကားမပါလာလို့ နင်ငါ့ကိုလိုက်ပို့ပေးလို့ရမလား"

လင်းရှုသည် အလွန် စိတ်အားထက်သန်စွာဖြင့် အံ့သြဝမ်းသာစွာ ဆိုလာ၏။

"ရတာပေါ့ သေချာပေါက်ရတာပေါ့"

သူ၏အသစ်ဆက်ဆက်ဝယ်ထားသည့်ကားဆီသို့ ဂုဏ်ယူဝင့်ကြွားစွာဖြင့် လုဝမ်ဝမ်အား ခေါ်ဆောင်သွားပြီး လူကြီးလူကောင်းဆန်ဆန် သူ(မ)အတွက် တံခါးဖွင့်ပေးကာ ကားမောင်းသူနေရာတွင် ဝင်ထိုင်လိုက်သည်။

ကားကိုမကွေ့ခင် လင်းရှုသည် အဓိပ္ပါယ်ပါသောအမေးဖြင့် မေးလာ၏။

"ရှန်းရီက မင်းကို ကားမဝယ်ပေးဘူးလား"

လုဝမ်ဝမ်သည် မျက်စိမျက်နှာပျက်ကာ အားလျော့သည့် အသံလေးဖြင့် "နင်လည်း သိရက်သားနဲ့..သူ့မိသားစုနောက်ခံက သိပ်ပြီးအဆင်မပြေဘူးလေ အဲ့ဒါကြောင့် သူ့မှာ ပိုက်ဆံအများကြီးမရှိဘူး"

"ဘယ်လိုပဲဖြစ်ဖြစ်ပါကွာ သူ မင်းကို ဒီလိုတော့ မဆက်ဆံသင့်ဘူး"

လုဝမ်ဝမ်သည် ငိုချတော့မည် ဟန်လေးဖြင့် မျက်လုံးထောင့်ကို သုတ်လိုက်ပြီး : "ထပ်ပြီးမပြောပါနဲ့တော့ဟာ သူကအဲ့လိုလူစားမဟုတ်ပါဘူး"

"ရှန်းရီက မင်းကို ဂရုမစိုက်ပေမဲ့ ကိုယ်ကတော့ဂရုစိုက်တယ် ကိုယ့်မျက်လုံးထဲမှာ မင်းတစ်ယောက်ပဲ ရှိတာ"

ဘယ်လို အံ့ဩဖို့ကောင်းတဲ့ငတုံးအချစ်ဇာတ်လမ်းကြီးလဲ!

လုဝမ်ဝမ်သည် အန်ချင်စိတ်ဖြစ်လာသော်လည်း ကိုယ့်ကိုယ်ကိုယ်ပြန်ထိန်းချုပ်ရင်း သူ့ဘက်သို့ ခေါင်းလေးဆောင်းကာ ပြုံးရင်းဖြင့် : "နင်က ငါ့အပေါ်အရမ်းကောင်းတာပဲ"

*

ရှန်းရီသည် ရုံးခန်းထဲတွင် ထိုင်နေပြီး လက်ထဲမှ ဘောပင်အား စားပွဲပေါ်တွင် တတောက်တောက်ခေါက်နေလေ၏။ မိနစ်အနည်းငယ်ကြာပြီးနောက် လူတစ်ယောက်ကိုဖုန်းခေါ်ပြီး သူ၏အတွင်းရေးမှူးအား ညွှန်ကြားလိုက်သည်။ 

"လီရှင်းကို အထဲပို့လိုက်"

ထို့နောက် ရုံးခန်းတံခါးတွင် တံခါးခေါက်သံ ပေါ်လာ၏။

"ဝင်ခဲ့"

"ရှန်းကော ဒီ‌နေ့မနက်ရုံးလာတာ မနောက်ကျစဖူး‌နောက်ကျတယ်လို့ ကျွန်တော်ကြားတယ်နော်"

ကုမ္ပဏီစဖွင့်သည့် နေ့မှစ၍ ရှန်းရီသည် မပျက်မကွက် နေ့တိုင်း နာရီဝက်စောရောက်လာတတ်သူဖြစ်ပြီး ဘယ်သောအခါမှ နောက်ကျရိုးထုံးစံမရှိခဲ့ပေ။

ရှန်းရှီထံမှ ပေါ့ပါးစွာ ထွက်လာသည်မှာ : "ပန်းကန်တွေဆေးနေရလို့"

လီရှင်းသည် သူ့အား မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး : "လုဝမ်ဝမ်က ဘာအလုပ်မှမလုပ်ဘဲ အိမ်မှာရှိနေတယ်မဟုတ်ဘူးလား? ဒါတောင် သူက ရှန်းကောကို ပန်းကန်ဆေးခိုင်းတယ်?"

ဒါက နည်းနည်းတော့လွန်သွားပြီလေ ဟုတ်တယ်မလား?

ရှန်းရီသည် သူ့အား စိတ်မပါတပါကြည့်ကာ ဖြည်းညင်းစွာ ဆိုလိုက်သည်။

"ငါမင်းကို ကိစ္စရှိလို့ခေါ်လိုက်တာ"

"ဘာကိစ္စလဲ ရှန်းကော"

"ငါ့ကို ပတ္တမြားလည်ဆွဲတစ်စုံလောက် ဝယ်ပေးပါအုံး"

လီရှင်းသည် ဆိုဖာပေါ်တွင်ခြေချိတ်ထိုင်လိုက်ရင်း မေးလိုက်သည်။

"မရီးက ဝယ်ချင်တယ်တဲ့လား"

"သူက တစ်စုံလောက်လိုချင်တယ်ဆိုလို့"

"ရှန်းကော ကျွန်တော်ကြည့်ရသလောက် သူက လက်ဝတ်ရတနာတွေကို စိတ်မဝင်စားတဲ့ကြာဖြူလေးမဟုတ်ဘူး သူက…"

သူက မကောင်းတဲ့အကြံနဲ့ ဂုတ်သွေးစုတ်အမြတ်ထုတ်ချင်နေတာ!

သူ၏စကားတစ်ဝက်မှာတင် ရှန်းရီ၏အကြည့်သည် သူ့အား တုန်ယင်သွားစေသဖြင့် အမြန် ခေါင်းစဉ်ပြောင်းရတော့သည်။

"ပြီးခဲ့တဲ့အခေါက် လေလံပွဲက ပတ္တမြားလည်ဆွဲ ရှိတယ်မလား? အဲ့ဒါကို မရီးအတွက် ယူ‌သွားပေးလိုက်ပေါ့"

ရှန်းရီသည် မျက်မှောင်ကြုတ်လိုက်ကာ : "ဟင်အင်း အဲ့ဒါက ဈေးပေါလွန်းတယ်"

10 မီလီယန်တန်က ဈေးပေါတယ်! လုဝမ်ဝမ် နင် ငါတို့ ရှန်းကောဆီက ဓားပြများ တိုက်နေတာလား?!

လီရှင်း မတ်တပ် ထရပ်လိုက်ပြီး : "မရီးက အကို ကုမ္ပဏီကိုဦးဆောင်နေတာ မသိဘူးမဟုတ်လား?"

ရှန်းရီခေါင်းခါကာ "သူ မသိဘူး"

ရှန်းရီအရှေ့တွင် လီရှင်းဘာမှဆက်မပြောရဲသော်ငြား သူ၏စိတ်ထဲတွင်တော့၊ လုဝမ်ဝမ် သတိမထားမိဘူးဆိုမှတော့ ဒီလိုမျိုး လွန်လွန်ကျူးကျူး တောင်းဆိုတာက သက်သက်မဲ့ ရှန်းကောကို အခက်တွေ့အောင် လုပ်နေတာမဟုတ်ဘူးလား?

လီရှင်းမှာ ကူကယ်ရာမဲ့စွာဖြင့်သာ ဆိုလိုက်တော့သည်။ 

"ကျွန်တော် ရှန်းကောအတွက် သွားကြည့်လိုက်ပါ့မယ်"

"အင်း ရုံးမဆင်းခင် ငါ့စားပွဲပေါ်တင်ထားပေး"

........

လုဝမ်ဝမ်တစ်ယောက် လက်ထပ်မိတာ မှားပြီးဆိုသည့် ပန်ဖြူလေးတစ်ပွင့်လို ဟန်ဆောင်လိုက်သည်က ထင်သည့်အတိုင်းပင် လင်းရှုသည်သူ(မ)အား ကရုဏာသက်ကာ မိန်းမလှလေးအား ကယ်တင်ပေးတော့မည် သူရဲကောင်းတစ်ဖွယ် သူ့ကိုယ်သူ ကျေနပ်အားရနေတော့သည်။

လုဝမ်ဝမ် သူ(မ)၏အိမ်လိပ်စာကို ပေးလိုက်သည့်အချိန်တွင် လင်းရှု၏မျက်လုံးများထဲ အထင်သေးစက်ဆုပ်မှုများဖြင့် ဖွင့်ဟမေးလာတော့၏။

"မင်း လက်ထပ်ပြီးကတည်းက ဒီနေရာမှာပဲ နေ,နေတာလား?"

လုဝမ်ဝမ်သည် ခေါင်းကို ငုံ့ထားလိုက်ပြီး :  "အွန်း"

ထို့နောက် လုဝမ်ဝမ်သည် သူ(မ)၏ အဆင့်မြင့် ကြာပန်းဖြူအပြုံးလေးပြုံးကာ : "ရိုးရိုးတိုက်ခန်းလေး ဆိုပေမဲ့ လုံခြုံရေးကတော့အတော်လေး အဆင်ပြေတာ"

ယခင် ကူးပြောင်းခဲ့သည့် နှစ်ကြိမ်ကဆို ဤတိုက်ခန်းမှာပင်သူ(မ)အား ပိတ်ထားကာ တံခါးများနှင့် ပြတင်းပေါက်များကိုပင် အလုံပိတ်ထားလေသည်။ သော့ကိုခိုးလာနိုင်လို့အပြင်သို့ ထွက်ပါကလည်း အောက်သို့မရောက်ခင်ပင်  ပုန်းကွယ်နေသည့် ဘော်ဒီဂတ်များလက်ထဲသို့ ပြန်ရောက်သွားရသည်။

လင်းရှုသည် သူ၏နှလုံးသားကွဲကြေခံစားရသကဲ့သို့ သူမအားကြည့်ကာ : "မင်း ဒီလိုနေရာမျိုးမှာ မနေသင့်ဘူးကွာ ရှန်းရီက တကယ်အားကိုးလို့မရတဲ့သူပဲ ဘယ်လိုလုပ်ပြီးမင်းကို ဒီလိုမျိုးထားရက်ရတာလဲ တကယ်လို့ ကိုယ်သာဆိုရင်….."

လုဝမ်ဝမ်သည် သူ့ကို အချိန်မီကြားဝင်ဖြတ်လိုက်သည်။

"ရောက်ပြီ"

လင်းရှုသည် ကားကိုရပ်ပြီး တစ်ဖက်သို့ ပြေးသွားကာ သူ(မ)အတွက် တံခါးဖွင့်ပေးလိုက်သည်။ သူ(မ) ကားထဲမှ ထွက်ပြီးနောက်တွင် ချိုသာသော အပြုံးလေးဖြင့် ဆိုလိုက်သည်။

"ကျေးဇူးအများကြီးတင်ပါတယ်နော်"

"ကိစ္စမရှိပါဘူးကွာ ကိုယ် မင်းကိုအပေါ်ထိ လိုက်ပို့ပေးမယ်လေ"

"ရတယ်ရတယ် သူနင့်ကို မြင်သွားရင် ကောင်းမှာမဟုတ်ဘူး"

လင်းရှုသည် မူလကတည်းက ဆင်းရဲပြီး မှောင်ကုပ်နေသည့်ရှန်းရီအား အထင်သေးရုံသေးခဲ့သော်ငြား ယခုတွင်မူ သူ့ပုံစံက ကောင်းကောင်းနေရပုံပင်မပေါ်သဖြင့် အရှုံးသမားတစ်ယောက်ဟုပင် သတ်မှတ်လိုက်တော့သည်။

"ကောင်းပြီလေ"

လရောင်ခြည်သည် သူ(မ)၏မျက်နှာထက် အလင်းဖြာကျနေပြီး နူးညံ့လှသော ကောက်ကြောင်းများနှင့်အတူ သူ(မ)၏ လှပသော အသွင်အပြင်၊ နီရဲနေသော နှုတ်ခမ်းပါးလေးများ၊ ဖြူဖြူဖွေးဖွေး သွားဝင်းဝင်းကလေးနှင့် တောင်ပသော မျက်ဝန်းလေးများက လှစ်ဟထွက်နေ၏။ 

လင်းရှု၏ တပ်မက်နေသော အငမ်းမရအကြည့်များက သူ(မ)မျက်နှာထက် စွဲထင်ကျန်ရစ်နေပြီး မခွဲမခွာချင်စွာဖြင့်သာ နှုတ်ဆက်စကားဆိုလေ၏။

"ဒါဆို ကိုယ်အရင်သွားနှင့်တော့မယ်နော်"

"လမ်းကို ဂရုစိုက်ပြီးမောင်းအုံး"

"အိုခေပါကွာ..ဝမ်ဝမ် ကိုယ်တို့အခုချိန်ကစပြီး မကြာခဏဆက်သွယ်ရအောင်နော်"

"အင်း အင်း ဒါပေါ့"

လင်းရှု၏ကား အဝေးသို့ရောက်သွားသည်နှင့်

လုဝမ်ဝမ်မျက်နှာပေါ်မှ အပြုံးများပျောက်ကွယ်ကာ စိတ်မရှည်မှုများဖြင့် ပြည့်‌နေလေတော့သည်။ ကြာပန်းဖြူဟန်ဆောင်ရတာလည်း တကယ်ကို ခက်ခဲတဲ့ အလုပ်ပဲ။ လင်းရှုပြောခဲ့သည့်စကားလုံးများကို ပြန်ကြားယောင်ရင်း သူ(မ)မှာ အန်ထွက်ချင်စိတ်ပေါက်လာရသည်။

လုဝမ်ဝမ်တစ်ယောက် တစ်ဖက်သို့လှည့်ကာ အပေါ်သို့တက်ရန် ဟန်ပြင်လိုက်သည့်အချိန် ဓာတ်လှေကားအဝတွင် မိန့်မိန့်ကြီးရပ်နေသည့် အမျိုးသားတစ်ယောက်သည် သူ(မ)အား အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment