အပိုင်း (၆၈)
‘ဂျ’ ဆိုသည့်အသံတစ်သံနှင့်အတူ ရှန်းရီသည် ကွာရှင်းစာချုပ်နှင့် ဖောင်တိန်ကို စားပွဲပေါ်သို့ သာမန်ကာလျှံကာ ပစ်တင်လိုက်ပြီး သူ၏အပြုံးကို ဖယ်ရှားလိုက်သည်။
“မင်းမထိုးဘူးဆိုရင် ကွာရှင်းဖို့ကိစ္စကို မင်း စိတ်ပြောင်းသွားပြီလို့ ကိုယ် ယူဆလိုက်မယ်”
လုဝမ်ဝမ်သည် သူ့အရှေ့တွင် သူ(မ)၏အားနည်းလွန်းသည့်ပုံစံကို ချမပြလိုသဖြင့် အသက်အောင့်ကာ စားပွဲပေါ်ရှိ ဖောင်တိန်ကို ယူရန် လက်လှမ်းလိုက်သည်။
သို့သော် သူ(မ)လက်ကောက်ဝတ်သည် တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်ခံလိုက်ရပြီး လှုပ်လို့မရတော့ချေ။
လုဝမ်ဝမ်၏နှလုံးသားမှာ ဒရမ်တစ်လုံးကဲ့သို့ ခုန်နေပြီဖြစ်သော်လည်း မာကျောချင်ယောင်ဆောင်ချင်သေးသဖြင့်လည်း သူ့ကို မေးလိုက်သည်။
“ငါ့ကိုဘာလို့ လာတားနေတာလဲ၊ နင် လွှတ်ပေးရဲရင် ငါ အခုချက်ချင်း လက်မှတ်ထိုးပြမယ်”
ရှန်းရီသည် သူ၏သံကြိုးကဲ့သို့သော ဆုပ်ကိုင်မှုကို ရုတ်တရက် လွှတ်ပေးလိုက်သည်။
လုဝမ်ဝမ်သည် ဖောင်တိန်ကို ကိုင်ထားသော်လည်း မည်သည့်နေရာက စလို့စရမှန်းမသိ ဖြစ်နေ၏။ သူမ၏ လက်ချောင်းများမှာ မထိန်းချုပ်နိုင်အောင် တုန်လှုပ်နေကြပြီး လက်မှတ်ထိုးလိုက်ချင်ပါသော်လည်း လက်မှာ လှုပ်လို့မရချေ။
ရှန်းရီသည် သူ(မ)အတွက် စားပွဲပေါ်မှ ကွာရှင်းစာချုပ်ကိုပင် နေရာတချပြန်ချပေးသည်အထိ အလွန်ကြင်နာနေခဲ့သည်။ သူ(မ)၏တုန်ယင်နေဆဲဖြစ်သည့် လက်များကိုကြည့်ပြီး သူ့နှလုံးသားထဲမှ ရယ်ချင်စိတ်ကို ထိန်းချုပ်ကာ ဖြေးညင်းစွာ ဆိုလာသည်။
“မတုန်နေနဲ့တော့လေ၊ မဟုတ်ရင် မင်းရဲ့နာမည်ကို မှားပြီးရေးမိသွားပါအုံးမယ်”
လုဝမ်ဝမ်သည် အံကို ကြိတ်ကာ စာရွက်ပေါ်တွင် သူ(မ)နာမည်၏ ပထမဆုံး စုတ်ချက်ကို တုံချည့်စွာ ရေးလိုက်သော်လည်း ကျန်သည့်စာလုံးများကိုတော့ ဘယ်လိုပင်ကြိုးစား အပြီးမသတ်နိုင်ခဲ့ချေ။
ဤသည်မှာ ရှန်းရီဆင်ထားသည့် ထောင်ချောက်တစ်ခုပင်။ သူ(မ)သည် တစ်ကြိမ် ခုန်ဆင်းခဲ့ဖူးပြီးဖြစ်ကာ နောက်ပိုင်းတွင် မျက်ရည်များဖြင့် အဆုံးသတ်ခဲ့ရသူက သူ(မ)သာဖြစ်သည်။
နောက်ဆုံးတွင်မူ သူ(မ)သည် ကံကြမ္မာကို ပုံအပ်ပြီး လောင်းကြေးမထပ်ဝံ့ဘဲ ဒေါသထွက်စွာဖြင့် ဖောင်တိန်ကို ကောက်ပစ်ကာ အော်ဟစ်သောင်းကျန်းတော့သည်။
“ဘာလို့ နင် အရင် လက်မှတ်မထိုးလိုက်တာလဲ၊ ငါ နင့်ကို ဂရုမစိုက်ချင်ဘူး ငါ့ကို လာပြီး အနိုင်ကျင့်မနေနဲ့”
ရှန်းရီသည် ကြမ်းပြင်ပေါ်မှ ဖောင်တိန်ကို လျစ်လျူရှုလိုက်သော်လည်း ကွာရှင်းစာချုပ်ကိုမူ စကားတစ်ခွန်းမဆိုဘဲ အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်ပြီး သူ့မျက်လုံးများက ကွေးညွှတ်တက်သွား၏။
“မင်းသာ လိမ်လိမ်မာမာနေရင် ကိုယ်က မင်းကို အနိုင်ကျင့်ပါ့မလား”
ယခုလေးတင် သူလည်း လုဝမ်ဝမ်အား လှည့်စားခဲ့သည်ကို ဝန်ခံပေသည်။
သူ(မ)သာ အမှန်တကယ် လက်မှတ်ထိုးခဲ့ရင်…
တကယ်တမ်းတွင် ရှန်းရီသည် ၎င်းကို စောင့်မျှော်နေခဲ့ခြင်း၊ သို့မှသာ သူ့တွင် သူမအား အနိုင်ကျင့်ရန် တရားမျှတပြီး တရားဝင်သော အကြောင်းပြချက်ရှိသွားမည်ပင်။
နောက်ဆုံးတွင် လုဝမ်ဝမ်သည် ရှန်းရီ၏စရိုက်က မွေးရာပါဖြစ်ပြီး သူ(မ)မည်မျှပင် ကြိုးစားအားထုတ်နေပါစေ ပြောင်းလဲ၍မရနိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်လာခဲ့သည်။
ရှန်းရီဆယ်ကျော်သက်အရွယ်တုန်းကတည်းက သူ၏စိတ်မှာ သိပ်ပြီး ပုံမှန်မဟုတ်နေခဲ့သော်လည်း ဘဝဇာတ်ခုံ၊ ဆရာများနှင့် လေ့လာစရာများက သူ့အား နက်နက်ရှိုင်းရှိုင်း ချုပ်နှောင်ထားသောကြောင့် မည်သည့်လက္ခဏာမှ မပြခဲ့ခြင်း ဖြစ်တန်ရာ၏။
အတိုင်းအတာတစ်ခုအထိ ချုပ်နှောင်ထားခံခဲ့ပြီးနောက်တွင် သူ ဆက်ပြီး ထိန်းချုပ်မထားချင်တော့ပေ။
ရှန်းရီကို ရင်ဆိုင်ရန် သူ(မ)၏နောက်ဆုံးခွန်အားအနည်းငယ်ကို အသုံးပြုခဲ့ပြီးဖြစ်ရာ ယခုအခါတွင် သူ(မ)၏တစ်ကိုယ်လုံးမှာ အားနည်းလာပြီး ခေါင်းမှာ မူးဝေလာတော့သည်။ သူ(မ)ကိုယ်သူ(မ) မတ်တပ်ရပ်နိုင်ဖို့ပင် ဆိုဖာအစွန်းကို ထိန်းကိုင်ထားရပြီး မျက်လုံးထောင့်များက အနည်းငယ်နီရဲလာတော့သည်။
“ငါ နေလို့မကောင်းဘူး””
ရှန်းရီက သူ(မ)ကို ပွေ့ဖက်ကာ ဆိုလာ၏။
“အိပ်ရာထဲ သွားပြီး လှဲနေလိုက်နော်၊ ကောင်းကောင်းအိပ်ပြီးသွားရင် သက်သာလာမှာပါ”
သူ(မ) အိပ်ရာမှနိုးလာလျှင်တောင်မှ သက်သာလာမည် မဟုတ်သည်ကို လုဝမ်ဝမ် သိနေ၏။
သူ(မ)သည် ရှန်းရီရဲ့အင်္ကျီကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
“အဲ့ဒါ နင့်ကြောင့် နင် ငါ့ကို အခုလို ဒေါသထွက်အောင်လုပ်လို့”
သူသည် သူ(မ)ကို အမှန်တကယ် အတော်လေး ဒေါသထွက်အောင် လုပ်ခဲ့သည်ပင်။
ရှန်းရီသည် သူ(မ)ကို ခုတင်ပေါ် တင်ပေးပြီး မိသားစုဆရာဝန်ဆီ ဖုန်းထပ်ခေါ်ကာ သူ့ဆီလာပေးရန် တောင်းဆိုလိုက်သည်။ ရှန်းရီက ဖုန်းထဲတွင် ဆရာဝန်နှင့် ယဉ်ယဉ်ကျေးကျေး စကားပြောနေသော်လည်း သူ့သဘောထားမှာ အဖြေအတွက် ‘မရဘူး’ ဆိုတာကို လက်ခံမည်မဟုတ်ကြောင်း ပြသနေသည်။
မည်သို့ပင်ဆိုစေ အချိန်က မစောတော့သည့်အပြင် အပြင်တွင်လည်း မိုးက သည်းနေသဖြင့် ဆရာဝန်သာ လာဖို့ဆန္ဒမရှိပါက ဒါက နားလည်ပေးနိုင်စရာပင်။
လုဝမ်ဝမ်သည် မျက်ခုံးများကို တွန့်ချိုးထားပြီး မျက်တောင်များက တုန်ယင်နေသည်မှာ သနားစရာကြောင်ပေါက်လေးနှင့်မခြားပေ။
ရှန်းရီက ညင်သာစွာ မေးမြန်းလာ၏။
“တခြားဘယ်နေရာက မသက်သာသလို ခံစားနေရသေးလဲ”
လုဝမ်ဝမ်၏ မျက်ဝန်းများမှာ အရည်များလဲ့နေပြီး အိပ်ရာပေါ် လှဲချရင်း အားနည်းစွာ ပြန်ဖြေလာခဲ့သည်။
“ဝူး ဝူး ဝူး နေရာတိုင်းပဲ နေလို့မကောင်းနေဘူးလို့”
ဒါတွေအားလုံးက သူ သူ(မ)ကို ခြောက်လန့်လိုက်လို့ ဖြစ်ရခြင်းသာ။
လုဝမ်ဝမ် အဖျားမှ မသက်သာခင်အထိ ရှန်းရီသည် သူ(မ)ဘေးနားတွင် တစ်ချိန်လုံး ရှိနေခဲ့သည်။
မိသားစုဆရာဝန်ခမျာ မိုးသည်းနေသည့် ညတာထဲ အပြေးအလွှားရောက်လာခဲ့ရသည်။ ခဏတာစစ်ဆေးပြီးနောက်တွင် လုဝမ်ဝမ်၏လက်ဖမိုးကို အပ်တစ်ချောင်းထည့်ပြီး ဆေးချိတ်ကာ ညွှန်ကြားလိုက်သည်။
“ခေါင်းကိုက်နေရင် လူနာကို အပြင်ထွက်ပြီး လေအေးမခံခိုင်းပါနဲ့”
ရှန်းရီက အသံတိုးတိုးနှင့် ပြန်ဖြေပေးလိုက်ပြီး ဆရာဝန်ကို တံခါးဆီ လိုက်ပို့ကာ သူပြန်ရန်အတွက် ကားတစ်စီး ကြိုခေါ်ထားပေးခဲ့သည်။
လုဝမ်ဝမ်မှာ အိပ်ပျော်သွားသည့်တိုင် မငြိမ်မသက်ဖြစ်နေခဲ့၏။ ပူလွန်းပြီး အိုက်စပ်နေသလို ခံစားရသဖြင့်လည်း သူမကိုယ်ကို ခြုံထားပေးသည့် စောင်ကို ကန်ထုတ်ပြီး ဖြူဖွေးနူးညံ့သည့် ခြေဖဝါးများကို စောင်အပြင် ဆန့်ထုတ်ထားလိုက်သည်။
ရှန်းရီသည် ကိုယ်နေဟန်ထား မတ်မတ်ဖြင့် ခုတင်အစွန်းတွင် ရပ်ကာ သူမအား တိတ်တဆိတ် ငုံ့ကြည့်နေပြီး သူ(မ)၏ ထွက်နေသည့် ခြေ၊လက်များကို စောင်ထဲသို့ အသာအယာ ပြန်ထည့်ပေးလိုက်သည်။
လုဝမ်ဝမ်က တစ်ဖက်သို့ လှည့်လိုက်ပြီး စောင်ပါးပါးလေးက ခါးနားအထိ လျှောကျသွားခဲ့သည်။
ရှန်းရီသည် သက်ပြင်းဖွဖွချပြီး တယုတယဖြင့် စိတ်ရှည်စွာ သူ(မ)ကို စောင်ပြန်ခြုံပေးလိုက်သည်။
လုဝမ်ဝမ်တစ်ယောက် သန်းခေါင်ယံတွင် တစ်ကြိမ်နိုးလာခဲ့၏။ သူ(မ) ခေါင်းမော့ကြည့်လိုက်ချိန်တွင် ပြတင်းပေါက်နားတွင် ရပ်နေသည့် ရှန်းရီကို တွေ့လိုက်ရသည်။ သူက တစ်ညလုံး အိပ်ထားသည့်ပုံမပေါ်ကာ သူ့နောက်ကျောမြင်ကွင်းက အနည်းငယ် အထီးကျန်ဆန်နေသလိုပေ။
သူ(မ)ခေါင်းက မနာကျင်တော့သော်လည်း ခြေ၊လက်များတွင်မူ အားလုံးဝမရှိတော့ချေ။ ရှန်းရီ၏နောက်ကျောကို ငေးကြည့်ရင်း လုဝမ်ဝမ်သည် ရုတ်တရက် ကိစ္စတော်တော်များများကို ပြန်အမှတ်ရမိသည်။