no

Font
Theme

အပိုင်း(၆၃)

လုဝမ်ဝမ် ချိတုံချတုံဖြင့် ကားပေါ်မှဆင်းပြီး ရှန်းရှီဆီ လျှောက်သွားလိုက်သည်။

“အကိုကြီး ဒီလိုမျိုးအကွက်တွေက အရမ်းကြီးလွန်းလွန်းတယ်လို့ မထင်ဘူးလား?”

ရှန်းရှီက သဲ့သဲ့ပြုံးကာ ဆိုလာ၏။

“လုပ်ဖို့လိုအပ်လို့ပါ”

သူ၏ထိုခယ်မလေးကလည်း သူ့အပေါ်ကောင်းမွန်သည့်အမြင်ရှိပုံမရမှန်း သူသတိထားမိပေသည်။

“ဒီနေ့ ခယ်မလေးကို ဒီလိုမျိုးပိတ်ထားရတာကလည်း ကိုယ့်မှာ မင်းကိုအကူအညီတောင်းစရာကိစ္စလေးရှိလို့ပါ”

လုဝမ်ဝမ်သည် သူ(မ)၏ဒေါသကို ထိန်းချုပ်ထားလိုက်သည်။

“ဘာကိစ္စလဲအကိုကြီး? အရင်ဆုံး ပြောကြည့်ပါ”

“ဒီစ‌နေနေ့က အဖိုးရဲ့မွေးနေ့ပါ ဒါပေမဲ့ ကိုယ့်ညီက အဖိုးရဲ့မွေးနေ့အတွက် အိမ်ကိုပြန်လာမဲ့ အစီအစဉ် ရှိပုံမပေါ်ဘူး သူက မင်းစကားကို နားအထောင်ဆုံးဆိုတော့ မင်းကို သူ့ကို တစ်ကြိမ်လောက်ကူပြောပေးစေချင်တာပါ”

သူ၏အနှီခယ်မက မငွေချစ်ခင်ဆိုသည်ကို အမှတ်ရသွားသဖြင့် ရှန်းရှီသည် သူ(မ)ကို အဓိပ္ပါယ်ပါပါ ပြုံးပြလိုက်ပြီး :

“တကယ်လို့ အားလုံးကအဆင်ပြေသွားမယ်ဆိုရင် ရှန်းမိသားစုရဲ့ပိုင်ဆိုင်မှုတွေနဲ့လုပ်ငန်းတွေအားလုံးက နောင်ကျရင် သူ့အပိုင်ဖြစ်လာမှာ ဒါက မင်းအတွက်ရော၊ သူ့အတွက်ရော ကောင်းတဲ့ကိစ္စပဲမလား”

ရှန်းရှီ၏ရည်မှန်းချက်က စီးပွားရေးကိုဦးဆောင်ခြင်းမဟုတ်သဖြင့် ရှန်းရီကသာ မိသားစုစီးပွားရေးအတွက် အသင့်လျော်ဆုံးသော ဆက်ခံသူဖြစ်သည်။ နောင်အနာဂတ်တွင် ရှန်းရီက ရှန်းမိသာစုပိုင်စီးပွားရေးလုပ်ငန်းများကို အမှန်တကယ် လွှဲပြောင်းယူပြီးသည့်အချိန်တွင် လုဝမ်ဝမ်တစ်ယောက် မစ္စရှန်းဆိုသည့်ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်လား၊ ဂုဏ်ပျောက်သွားမည်လားက အခြားကဏ္ဍတစ်ခုဖြစ်သည်။

ရှန်းရှီသည် တိကျသည့်အမြင်များနှင့် ရှေးရိုးဆန်သည့် ယောက်ျားတစ်ဦးဖြစ်သည်။ သူ့အနေနှင့် ဇနီးတစ်ယောက်ကို လက်ထပ်ယူရမည်ဆိုလျှင် သင့်လျော်သည့်မိသားစုမှရွေးချယ်ယူမည်ဖြစ်ပြီး၊ ထိုသူကသာ မိမိ၏အလုပ်အကိုင်ကို အကူညီပေးနိုင်မည်ဆိုပါက ပို၍ပင်ကောင်းသေး၏။

“သိပါပြီ”

ရှန်းရှီက မျက်မှောင်ကြုတ်ကာ : “အဲ့ဒီတော့ မင်းက သူ့ကိုကူပြောပေးမှာလား၊မပြောပေးဘူးလား?”

လုဝမ်ဝမ်သည် လက်ကိုပိုက်ကာ : “ဘာလို့ ကျွန်မက ကူပြောပေးရမှာလဲ? သူ မသွားချင်သလို၊ ကျွန်မလည်း မသွားချင်ဘူး”

ရှန်းရီ၏အံ့အားသင့်နေသည့်မျက်နှာကို မြင်ပြီးနောက်တွင် လုဝမ်ဝမ်သည် ပြုံးလိုက်သည်။

“သူနဲ့ကျွန်မ ရှန်းမိသားစုဆီ သွားခဲ့တုန်းက ကျွန်မတို့နှစ်ယောက်စလုံး အနိုင်ကျင့်ခံခဲ့ရတာလေ၊ အဲ့ဒါကို ဘာလို့ ကျွန်မတို့က အဲ့ဒီကိုသွားပြီး ကိုယ့်ပြဿနာကိုယ်ရှာ‌ရမှာလဲ ရူးနေတာမှမဟုတ်ဘဲ”

ရှန်းရှီက မျက်နှာထက်တွင် အပြုံးတစ်ခုဖြင့် နွေးထွေးစွာ ပြောလာ၏။

“ခယ်မလေး မင်း ဒီအကြောင်းကို သေချာစဉ်းစားတာ ပိုကောင်းမယ်နော်”

“အကိုကြီး ကျွန်မသေချာစဉ်းစားပြီးသွားပါပြီ”

လုဝမ်ဝမ်သည် တည်တည်ကြည်ကြည်ဖြင့် အလေးအနက်ဆိုလာ၏။

“သူ့ကိုလည်း ကူပြောပေးမှာမဟုတ်ဘူး၊ တကယ်လို့ သူသွားချင်ရင် သူ့ဘာသာသွားလိမ့်မယ် သူက မသွားချင်ဘူးဆိုရင်လည်း မသွားဘူးပေါ့”

ရှန်းရှီ၏မျက်နှာထားက မပြောင်းလဲသော်လည်း မျက်လုံးများက ပို၍စူးရှလာပြီး ဖြေးညင်းစွာ ရယ်လေ၏။

“ခယ်မလေးက သေချာပေါက် သေချာရှင်းရှင်းလင်းလင်း မစဉ်းစားရသေးပါဘူး”

လုဝမ်ဝမ်သည် သူ(မ)ကို ဝိုင်းရံထားသည့်လူအုပ်ကြီးကို တစ်ချက်ကြည့်ပြီး သူ ဘာကြောင့် သူ(မ)ကို ဤကဲ့သို့လမ်းအလယ်ကောင်တွင် ပိတ်ဆို့ထားမှန်း နားလည်နိုင်၏။

ဖြစ်တန်သည်က အကယ်၍ သူ(မ)သာ သဘောမတူလျှင် ရှန်းရှီက သူ(မ)ကို ပြန်သွားခွင့်ပြုမည်မဟုတ်ချေား။

လုဝမ်ဝမ်သည် ပြုံးကာ : “တကယ်လို့ ကျွန်မ သွားဖြစ်တယ်ဆိုရင်လည်း အကိုကြီး နောင်တမရဖို့ မျှော်လင့်တယ်နော်၊ အဲ့အချိန်မှာ ဘယ်သူသိမလဲ ကျွန်မက အများကြီးသောက်ပြီးတော့မှ အပျော်လွန်သွားပြီး မရီးကိုမပြောသင့်တဲ့စကားတွေကို ပြောမိသွားရင်း အဲ့ဒီအခါကျမှ အကိုကြီး ကျွန်မကို လုံးဝအပြစ်လာတင်လို့မရဘူးနော်”

“ကျွန်မ တကယ် သိချင်မိတာ မရီးက စုမိုဆိုတဲ့ကျောင်းသူလေးကို သိများသိပါ့မလားလို့လေ”

ရှန်းရှီ၏မျက်နှာထက်မှ အပြုံးသည် တဖြည်းဖြည်း အေးစက်သွားပြီး ရေခဲတမျှ အကြည့်များဖြင့် သူ(မ)မျက်နှာကို ရိုက်သွင်းနေသည့်အလား။

“ကောင်းပါပြီ ခယ်မလေးကို လျှော့တွက်ထားမိတာက ကိုယ့်အမှားပါ”

သူ့ဘေးရှိလက်ထောက်သည်လည်း အံ့အားသင့်သွားရသည်။ သူ၏သခင်လေး ဒေါသထွက်သည်ကို သူမြင်ခဲ၏။

ကြည့်ရတာ ဒုတိယသခင်လေး၏ဇနီးမှာလည်း အရည်အချင်းအချို့ရှိပုံပင်။

ရှန်းရှီက မထွက်သွားခင် အားလုံးကိုပြန်ဆုတ်ရန် ပြောလိုက်ပြီး နောက်ဆုံးစကားကို ချန်ထားခဲ့လေသည်။

“ခယ်မလေးက သူ့ပါးစပ်သူနိုင်အောင်ထိန်းမယ်လို့ မျှော်လင့်ပါတယ်”

လုဝမ်ဝမ်သည်လည်း သူ၏အတင်းအကျပ်ဖိအားပေးခြင်းကြောင့်သာမဟုတ်လျှင် မသိချင်ယောင်သာဆောင်နေမည်သာ ဖြစ်သည်။

“ချမ်းသာတဲ့သခင်လေးရဲ့ နူးညံ့သည့်ချစ်ခြင်း” က ရိုးရိုး ဇာတ်ဆန်းလှသည့်ဝတ္ထုတစ်ပုဒ်မဟုတ်ဘဲ ဇာတ်ကြောင်းများကလည်း ရက်စက်ခြင်း၌သာယာတတ်သည့်ချစ်ခြင်းလမ်းကြောင်းမျိုးဖြစ်သည်။

ရှန်းရှီက ထိုအငယ်မယားလေးကို သူ(မ)အသက်ဆယ်ခုနှစ်တည်းကပင် မြှောက်စားခေါ်ယူထားခြင်းဖြစ်သည်။ မိန်းကလေးခမျာ လွတ်လပ်မှုမရှိခြင်းနှင့်အတူ ဂုဏ်သိက္ခာမဲ့စွာ နေထိုင်ရ‌ခဲ့သည့်အပြင် အဆုံးတွင် ပြင်းထန်သည့်ရောဂါတစ်ခု ကူးစက်ခံခဲ့ရပြီး သေဆုံးသွားခဲ့သည်။

ရှန်းရှီ မည်မျှပင် အင်အားကြီးပါစေ ကောင်း‌ကင်ဘုံ၏အမိန့်ကိုတော့ သူလည်း မခုခံနိုင်ခဲ့ပြီး သူ(မ)အသက်ကို ကယ်တင်နိုင်စွမ်းမရှိခဲ့ပေ။

လုဝမ်ဝမ်မှာ သူ(မ)ကိုယ်သူ(မ) အတော်လေး ကံဆိုးကြောင်းခံစားလာရသည်။ သူ(မ) အချစ်ဝတ္ထုထဲ ဝင်စားလာရသည်က အဆင်ပြေသေးသော်လည်း ယုတ္တိမတန်သည့် ဇာတ်နာရသောဝတ္ထုထဲ ဝင်စားလာခဲ့ရပြီး အားလုံးထဲမှ အဆိုးဆုံးကတော့ အမြှောက်စားဇာတ်ကောင်ဖြစ်လာရခြင်း!။

လုဝမ်ဝမ်သည် အိမ်သို့ပြန်ရောက်ပြီးနောက်တွင် ရှန်းရီကို ထိုအကြောင်းမပြောပြခဲ့ပေ။

အနှီအမျိုးသားက ရေချိုးခန်းထဲမှ ထွက်လာကာစဖြစ်ပြီး သူ့မျက်နှာက ဖြူပြီး သန့်ရှင်းနေကာ ဆံပင်တစ်ဝက်လောက်က ရေစိုနေဆဲဖြစ်သည်။

လုဝမ်ဝမ်သည် ခေါင်းလေးစောင်းပြီး သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။

ရှန်းရီက သူ့ဆံပင်များကို သုတ်ရန် တဘက်တစ်ထည်ကို အသုံးပြုနေပြီး သူ့ခန္ဓာကိုယ်မှ ပေါ့ပါးလန်းဆန်းသည့်ကိုယ်သင်းနံ့လေးရှိနေ၏။ သူက မေးလာ၏။

“ဘာဖြစ်လို့လဲ?”

“ဘာမှမဟုတ်ပါဘူး”

ရှန်းရီက သူ(မ)မျက်နှာလေးကို ပွတ်သပ်ပြီး ဆိုလာ၏။

“မင်း မပျော်ဘူးလား? ပိုက်ဆံကုန်သွားပြန်လို့လား?”

လုဝမ်ဝမ်သည် သူ၏လက်ကိုရှောင်ပြီး ဆိုဖာပေါ် ထိုင်ချလိုက်သည်။ သူ(မ)၏ ဝတ္ထုထဲသို့ကူးပြောင်းလာခြင်းရဲ့ ယခင်-စိတ်မချမ်းမြေ့ဖွယ်ကောင်းလွန်းသည့်-ဘဝနှစ်ခု၏အတွေ့အကြုံကို ပြန်အမှတ်ရမိခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာအကျိုးသက်ရောက်မှုရှိသွား၍ပဲလားမသိ၊ ယခုတွင် သူ(မ)၏ခေါင်းမှာ ရုတ်တရက်ကြီး ကိုက်ခဲလာရသည်။

အရင်က သူ(မ)၏ထူးဆန်းသည့်ခေါင်းကိုက်မှုကြီးမှာ ရှန်းရီ ရှန်းမိသားစုဆီသို့ ပြန်သွားခဲ့ပြီး သူတို့မိသားစု၏ ရက်စက်သည့် ဦးဆောင်သူတစ်ဦးဖြစ်လာသည့်အချိန်တွင်မှ စတင်ခဲ့ခြင်းဖြစ်သည်။

သူ(မ) ဆေးရုံသို့ နှစ်ကြိမ်၊သုံးကြိမ်ခန့် သွားပြခဲ့သော်လည်း ရောဂါအရင်းမြစ်ကို ရှာမတွေ့ခဲ့သဖြင့် အချိန်ကြာလာသည်နှင့်အမျှ သူ(မ)သည်လည်း ၎င်းကို အလေးအနက် မှတ်ယူမနေတော့ချေ။

နောက်ပိုင်းတွင် သူ(မ) အကိုက်အခဲပျောက်ဆေးများ စတင်သောက်လာသည့်အခါမှ အနည်းငယ် သက်သာလာခဲ့သည်။

လုဝမ်ဝမ်သည် သူ(မ)လက်မောင်းများထဲ ခေါင်းအုံးကိုပိုက်ကာ မျက်လုံးများကို မှိတ်ထားပြီး မျက်နှာက အတော်လေး ဖြူဖျော့နေ၏။

‌သူ(မ)ဘေးနားတွင် ဆိုဖာက နိမ့်ဝင်သွား၏။ ရှန်းရီ၏ကိုယ်သင်းနံ့က အလွန်မွှေးပြီး အနည်းငယ် ချိုမြနေသယောင်။

“နေလို့မကောင်းဘူးလား?”

လုဝမ်ဝမ်သည် နှစ်ကြိမ်ညည်းလိုက်ပြီး :

“ငါ့ခေါင်းက တော်တော်လေး ကိုက်နေသလိုပဲ”

ရှန်းရီကသာ သူ(မ)ကို ကူးစက်စေခဲ့သူဖြစ်ကောင်းဖြစ်နိုင်သည်ဟု လုဝမ်ဝမ် သူ(မ)ကိုယ်သူမ တွေးမိလိုက်၏။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment