အပိုင်း (၆၁)
လုဝမ်ဝမ် သူထံ နှေးကွေးစွာလျှောက်သွားပြီး မေးလိုက်သည်။
“ဘာဖြစ်လို့လဲ?”
ရှန်းရီက သူ(မ)လက်ကို လှမ်းဆွဲပြီး ဆိုလာ၏။
“ကိုယ်နဲ့လိုက်ခဲ့”
ညအိတ်ဝတ်စုံကိုဝတ်ထားဆဲဖြစ်သည့် လုဝမ်ဝမ်မှာ အောက်ထပ်သို့ဆင်းရန် ဆန္ဒမရှိသဖြင့် ရှက်အမ်းအမ်းဖြင့်သာ ဆိုလိုက်သည်။
“ငါ့အင်္ကျီသွားလဲဖို့ အရမ်းပျင်းတယ်”
ရှန်းရီက သူ(မ)ဝတ်ထားသည့်အဝတ်အစားကို တစ်ချက်ကြည့်ပြီး အင်္ကျီချိတ်တွင်ချိတ်ထားသည့် ဂျက်ကပ်တစ်ထည်ကိုယူကာ သူ(မ)ပုခုံးပေါ် လွှားတင်ပေးလိုက်သည်။
“သွားကြရအောင်”
လုဝမ်ဝမ်ခမျာ သူ၏ဆွဲခေါ်သွားခြင်းကို မလိုက်ချင်၊လိုက်ချင်နှင့် ပါသွားရသည်။ အပြင်ဘက်ရှိရာသီဥတုက အေးစိမ့်နေပြီး သူ(မ)သည် လည်ပင်းကို ကျုံ့ကာ ရှန်းရီနောက်သို့ ကလေးငယ်လေးတစ်ယောက်ကဲ့သို့ လိုက်သွားရတော့သည်။
ဧည့်ခန်းထဲတွင် လီရှင်းက လက်ထဲတွင် စီးကရက်တစ်လိပ်ကို ကိုင်ထားသော်လည်း မီးတော့ မညှိရဲချေ။ သူ၏ခြေတံရှည်ရှည်များကို ဆန့်ထုတ်ရင်း သက်ပြင်းချလေ၏။
“ရီကောက လုဝမ်ဝမ်နဲ့ နည်းနည်းလေးတောင်မခွဲနိုင်တာ...ကြည့်ရတာ သူတို့နှစ်ယောက်မကွာရှင်းဖြစ်ကြတော့ဘူးထင်တယ်”
ကျောင်းရှီကျုံးက လှောင်ရယ်လာ၏။
“လုဝမ်ဝမ်လိုစိတ်မျိုးနဲ့ကို ဘယ်သူက သည်းခံနိုင်မှာလဲ?”
“ရီကော သည်းခံနိုင်တယ်လေ သူကပျော်တောင်ပျော်နေသေးတယ်လို့ ငါတော့ထင်တာပဲ”
လွန်ခဲ့သည့်ရက်အနည်းငယ်က ကုမ္ပဏီထဲတွင် မိန်းမလှလေးတစ်ဦးက သူ(မ)ကိုယ်ကို ရှန်းရီရင်ခွင်ထဲ ပစ်ဝင်လာခဲ့သော်လည်း သူက မလှုပ်မရပ်နှင့် ထိုမိန်းကလေးကို အပြင်သို့ ချက်ချင်းမောင်းထုတ်လိုက်သည်။
အသက်နှစ်ဆယ်အရွယ် မိန်းမလှလေးတစ်ယောက် ရုံးခန်းအပြင်ဘက်တွင် ပုလဲမြေခလျက်ရှိသည်ကို မြင်လိုက်ရချိန်တွင် သူ့မှာ စိတ်မကောင်းဖြစ်ရလေသည်။
ရှန်းရီ၏ပုံစံက ပေါင်းသင်းဆက်ဆံရလွယ်သည့် ပုံပေါ်သော်လည်း တကယ့်လက်တွေ့တွင် သူ့နှလုံးသားက မည်သို့ပင်ဖြစ်နေပါစေ နွေးထွေးမလာနိုင်သကဲ့သို့ ကျောက်တုံးသမျှ အေးစက်မာကျောပြီး လှတပတရှိသော ဆန့်ကျင်ဘက်လိင်များကိုပင် သနားကြင်နာစိတ် မရှိချေ။
“ဒီရက်အတောအတွင်းတော့ လုဝမ်ဝမ်မှာလည်း ချစ်ဖို့ကောင်းတဲ့ပုံစံလေးရှိတာကို ငါ သိလိုက်ရတယ်”
လီရှင်းက အကြောင်းတစ်ခုခုကြောင့် ပင့်သက်ချလိုက်၏။
အကယ်၍ နောင်တွင်တော့ သူ(မ)ပါးစပ်ဖွင့်လိုက်သည်နှင့် ပိုက်ဆံမတောင်းရင်း ပို၍တောင် အဆင်ပြေအုံးမည်။
ကျောင်းရှီကျုံးသည် ပို၍ပင်နက်နက်နဲနဲ သရော်ပြုံးကာ သူ့ကို လှောင်လေ၏။
“မင်းဘယ်တုန်းကစပြီး ကန်းသွားရတာလဲ?”
လီရှင်းက ဖြောင့်ဖြောင့်မတ်မတ်ထိုင်လိုက်ပြီး အလေးအနက်ဖြင့် ပြောလာ၏။
“ပြီးခဲ့တဲ့တစ်ခေါက် သူ အဖိုးကြီးရဲ့ရှုပ်ယှက်ခတ်နေတဲ့ကစားပွဲကို ဖြေရှင်းပြပြီးကတည်းကပဲ ငါ သူ့ကိုအထင်ကြီးသွားတာ၊ သူက လုံးဝသုံးစားမရတာတော့မဟုတ်ဘူးဘဲဆိုပြီး ခံစားသွားရရော”
သူ(မ)က ပိုက်ဆံဖြုန်းဖို့တစ်ခုတည်းသာသိသည်ဟု အစက သူထင်ခဲ့သည်။
ကျောင်းရှီကျုံးသည် ထိုအချိန်က ထိုနေရာတွင်မရှိနေသော်လည်း ဖုချန်ဟိုက်ထံမှ ထိုအကြောင်းကို ကြားပြီးပြီဖြစ်သည်။ လုဝမ်ဝမ်တွင် ထိုကဲ့သို့ အရည်အချင်းကြီးရှိနိုင်လိမ့်မည်လို့တော့သူ မယုံချေ။ ဘယ်သူသိမှာလဲ သူ(မ)က ကစားပွဲကို ကြိုတင်မှတ်ထားပြီး သူတို့အရှေ့တွင် ကြွားလုံးထုတ်ခဲ့ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်မဟုတ်လား။
လုဝမ်ဝမ်လိုလူမျိုးက GO ကစားနည်းကို သိမည်သူတော့ မဟုတ်ချေ။
***
လုဝမ်ဝမ်သည် ရှန်းရီနှင့်အတူ စူပါမားကတ်တွင် တစ်ခါမှ မပေါ်လာခဲ့ဖူးပုံပါပေ။ ရှန်းရီကသာ အိမ်မှုကိစ္စအဝဝကို ဂရုစိုက်တာဝန်ယူရသူဖြစ်ပြီး သူ(မ)ကမူ ထိုအသေးအမွှားကိစ္စများကို ဝင်ပါရန် ဆန္ဒမရှိချေ။
ရပ်ကွက်ထိပ်ရှိ စူပါမားကတ်က အတော်လေးသေးသဖြင့်လည်း ဆိုင်ပိုင်ရှင်က ရှန်းရီကို ချက်ချင်း မျက်မှန်း တန်းမိလိုက်သည်။ များသောအားဖြင့် အနှီကောင်လေးသည် နေ့စဉ်အသုံးအဆောင်များကို ဝယ်ရန် တစ်ယောက်တည်းသာ လာလေ့ရှိသည်။ သို့သော် ယနေ့တွင် သူ့လက်ကိုဆွဲထားသည့် ကောင်မလေးတစ်ယောက်ပါလာပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ(မ)က အတော်လှကြောင်း ပြောဖို့ရာ လုံလောက်၏။
ရှန်းရီက သူ(မ)၏လက်ချောင်းများကို စပ်ယှက်ကိုင်ဆွဲထား၏။ သူတို့ ပထမဦးဆုံး လတ်ဆတ်သည့်နံရိုးအနည်းငယ်ကို ယူပြီးနောက် သန့်ရှင်းပြီးသားဖြစ်သည့်ကြက်သားကို ယူလိုက်သည်။
သရေစာမုန့်တန်းကိုဖြတ်သွားချိန်တွင် လုဝမ်ဝမ်တစ်ယောက် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူ(မ)က သခွာသီးအရသာအားလူးကြော်ငါးအိတ်ကို တစ်ပြိုင်နက်တည်းယူပြီး ဈေးတွန်းလှည်းထဲ ထိုးသိပ်ထည့်လိုက်သည်။
ရှန်းရီက မျက်မှောက်ကြုတ်ပြီး တိတ်ဆိတ်စွာဖြင့် အားလုံးကို စင်ပေါ်သို့ပြန်ထားလိုက်သည်။
“များလွန်းတယ်”
လုဝမ်ဝမ်သည် မပျော်မရွှင်ဖြစ်စွာ ခွန်းတုံ့ပြန်လိုက်သည်။
“အိမ်မှာက လူတွေအများကြီးလေ မုန့်တစ်ထုပ်တည်း ဝယ်လို့ ဘယ်ဖြစ်ပါ့မလဲ?”
သူ(မ)က လီရှင်းနှင့် အခြားသူများကို အကြောင်းပြချက်အဖြစ် သုံးလိုက်ခြင်းသာ။
ရှန်းရီက အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလာ၏။
“သူတို့က ဒီလိုမျိုးမုန့်တွေကို စားတောင်မစားဘူး”
နောက်ဆုံးတွင် လုဝမ်ဝမ်ခမျာ အားလူးကြော်တစ်အိတ်တည်းကိုသာ ယူလာရသည်။ သူတို့နှစ်ယောက် ပစ္စည်းများကို ဈေးတွက်နေချိန်တွင် ဆိုင်ရှင်အမျိုးသမီးက သူတို့နှစ်ဦးကိုကြည့်ပြီး ပြုံးကာ မေးလာ၏။
“ဒါက မစ္စရှန်းဟုတ်တယ်မလား? မင်းကို ဒါက ပထမဆုံးအကြိမ်တွေ့ဖူးတာပဲ အတော်လေး လှသား”
လုဝမ်ဝမ်သည် သူ(မ)ကို ပြုံးပြလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ သူဌေးလည်း အရမ်းလှပါတယ်”
ထိုကဲ့သို့ ချီးမွန်းခံလိုက်ရသဖြင့် ဆိုင်ရှင်၏အပြုံးက ပန်းတစ်ပွင့်ကဲ့သို့ ပွင့်လန်းလာပြီး ကိုယ်တစ်ကိုယ်လုံး လှုပ်ခါသည်အထိပင် သဘောတကျ ရယ်ကာ မျက်နှာမှာ နီရဲလာ၏။
“မစ္စရှန်းကတော့လေ မင်းက တကယ်ကို အပြောကောင်းတဲ့ကောင်မလေးပဲ၊ ပြီးတော့ တကယ်ကိုလည်း ကံကောင်းတာနော် အခုခေတ်ကြီးထဲမှာလေ မစ်စတာရှန်းလိုမျိုး ဂရုစိုက်တတ်တဲ့သူက အရမ်းရှားသွားပြီး”
လုဝမ်ဝမ်သည် ခြောက်ကက်ကပ် နှစ်ကြိမ်ရယ်လိုက်ပြီး ပြန်ဖြေမပေးခဲ့ပါချေ။
ရှန်းရီက ငြိမ်သက်စွာ ပိုက်ဆံရှင်းပြီးနောက်တွင် သူ(မ)ကို လက်တစ်ဖက်တွင် ကိုင်ပြီး အခြားတစ်ဖက်ဖြင့် ပလတ်စတစ်အိတ်ထုပ်များကိုကိုင်ကာ ကုန်တိုက်ထဲမှ ထွက်လာခဲ့ကြသည်။
အပေါ်ထပ်သို့မတက်ခင် ရှန်းရီက သူ(မ)ကို အသံတိုးတိုးဖြင့် ညွှန်ကြားလာသည်ကို လုဝမ်ဝမ်ကြားလိုက်ရသည်။
“အိမ်ပြန်ရောက်ရင် လီရှင်းနဲ့အခြားသူတွေနဲ့ ဝေးဝေးနေနော်”
လုဝမ်ဝမ်၏ခြေလှမ်းများသည် ရပ်တန့်သွားပြီး သူ(မ)၏နှာခေါင်းထိပ်ဖျားလေးက တိုက်လေအေးများကြောင့် နီရဲနေ၏။
“နင် ငါ့ကိုအပြင်ခေါ်ထုတ်လာတာ ခုနက သဝန်တိုနေလို့ပေါ့ ဟုတ်လား”
သူ(မ)မှာ လီရှင်းကို စကားအနည်းငယ်ပင် မပြောရသေးခင် ရှန်းရီက သူ(မ)ကို ဤကဲ့သို့ ဆွဲခေါ်ထုတ်လာ၏။
ရှန်းရီ၏နားရွက်များက လေအေးကြောင့်ပဲလား မသေချာသော်လည်း မိနစ်နှင့်အမျှ နီရဲလာ၏။
သူက တစ်ခဏရပ်တန့်သွားပြီးမှ ပြန်ဖြေလာ၏။
“မဟုတ်ဘူး”
သူက ဝန်ခံဖို့ရာ ဆန္ဒမရှိပြီး လုဝမ်ဝမ်လည်း သူ့ကိုဖိအားပေးဖို့ရာ ပျင်းလွန်းလှ၏။
ထိုပုဂ္ဂိုလ်က အပြင်ဘက်တွင် အတော်လေးအေးတိအေးစက်နိုင်သော်လည်း အမှန်တကယ်တွင် အတွင်းထဲ၌ အလိုရမ္မက်ကြီးသူဖြစ်သည်။
လီရှင်းက ဖယ်ရှားပစ်ဖို့ရာ လုံးဝမလွယ်ကူကာ စားပြီးသောက်ပြီးစီးသည့် အချိန်တွင်တောင် ထွက်သွားရန် အစီစဉ်မရှိသေးချေ။
ရှန်းရီ၏မျက်နှာထားက မည်းမှောင်လာသည်ကို လုဝမ်ဝမ်မြင်တွေ့နေရပြီး သူ၏အမူအရာကလည်း လီရှင်းအား ဘယ်အချိန်ထွက်သွားမလဲဆိုသည်ကို တိုက်ရိုက်မေးတော့မည့် ပုံစံနှင့် အလွန်ဒေါသထွက်နေပုံ။
သို့သော် လီရှင်းကိုယ်တိုင်က ရှန်းရီ၏အလိုမကျမှုကို သတိမထားမိပုံရပြီး သူ(မ)နှင့်အနေနီးရန် လုဝမ်ဝမ်နားသို့ တမင်တကာ တိုးကပ်လာခဲ့သည်။
“မရီးလေး မာကျောက်ဘယ်လိုကစားရလဲဆိုတာ သိလား?”
လုဝမ်ဝမ် ခေါင်းကို ညိတ်ပြလိုက်သည်။
“သိတယ်လေ”
“ဒါဆို မာကျောက်ကစားကြရအောင်လေ ကစားမယ်မလား? လူလည်း လောက်တယ်ဆိုတော့”